“ နိုင်ငံရေးဆိုတာ အကုန်မရနိုင်ဘူး ”

ထက်နိုင်ဇော်
မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင် / မျိုးမင်းစိုး / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

မေလ ၂၄ ရက်ကစတင်ပြီး နေပြည်တော်မှာကျင်းပနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံကို လေ့လာသူတဦးအဖြစ် တက်ရောက်လာတဲ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ဖက်ဒရယ်စနစ်နဲ့ NCA စာချုပ်ရဲ့ အလားအလာကို ဧရာဝတီသတင်းဌာနမှ နေပြည်တော် သတင်းထောက် ထက်နိုင်ဇော်က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ အခုငြိမ်းချမ်းရေး ညီလာခံကတဆင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်နိုင်မလားဆိုတဲ့ မျှော်လင့်တာတွေ ရှိနေတယ်။ သမ္မတရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဒီလမ်းကြောင်းကနေ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်နိုင်ရေးကို သွားလို့ရတယ်လို့ ပြောထားတယ်ဆိုတော့ ဒီလမ်းကြောင်းက လွှတ်တော်ထဲကမဟုတ်ဘဲ NCA လမ်းကြောင်းကနေ ဖွဲ့စည်းပုံ ပြင်နိုင်မယ်လို့ ထင်ပါလား။

ဖြေ။ ။ သူ့ရည်မှန်းချက်က အဲဒါပဲလေ။ သူက ဒီမှာပါတဲ့အခြေခံမူကို တဖြည်းဖြည်း ငြိမ်းချမ်းရေး ပြည်ထောင်စုစာချုပ်ထဲမှာ ထည့်သွားနိုင်ပြီး၊ အဲဒီအပေါ်မှာအခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ရာမှာ သုံးမှာဆိုတော့ ဒါဟာအထူးအဆန်း သိပ်မဟုတ်လှဘူး။

သူ့ရဲ့နိုင်ငံရေး လမ်းပြမြေပုံမှာကိုက ဒီလိုမျိုးညီလာခံတွေ မကြာခဏလုပ်ပြီးလို့ရှိရင် အဲဒီကသဘောတူညီချက်တွေကို ပြည်ထောင်စု စာချုပ်မှာထည့်၊ အဲဒီစာချုပ်အပေါ်မှာ အခြေခံပြီး အခြေခံဥပဒေပြင်ဆိုတော့ ဒါကတော့ ဘာပြီးရင်ဘာဆိုတာ ဒါဟာ လက်တွေဖြစ်နိုင်သလား ဆိုတာတော့ နောက်ထပ်မေးခွန်းတခုပေါ့။

မေး။ ။ ဒီလမ်းကြောင်းက ဘယ်လောက်နီးစပ်ပြီလဲ။ ဒီလိုဖြစ်လာဖို့ ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းတွေက သဘောထားကြီးကြီးနဲ့ ညှိဖို့လိုမလဲ။

ဖြေ။ ။ အဓိက ကတော့ ၂ ဆင့်ပေါ့။ ပဋိပက္ခပြေလည်ဖို့က Key Player လို့ခေါ်တဲ့ အရေးပါတဲ့ Institution တွေပေါ့။ တပ်မတော်လို ဟာမျိုးပေါ့။ နောက်တခါ EAOs (တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့) လိုဟာမျိုးတွေ အရေးကြီးတယ်။ ကျန်တဲ့သူတွေက အဲဒီနေရာမှာ နှိုင်းယှဉ်ချက်အရ ပဋိပက္ခပြေလည်ဖို့အတွက် ဝိုင်းတိုက်တွန်းကြတာ။ တိုင်းပြည်အတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက် ချတဲ့နေရာမှာတော့ အင်အားစုအားလုံး ပါဝင်သင့်တာပေါ့။

ဘယ်အင်အားစုက အရေးကြီးတယ်ဆိုရင် အဲဒီအင်အားစုကို ကိုယ်တွေက မသိမသာမရည်ရွယ်ဘဲနဲ့ ဗီတိုအာဏာပေးသလို ဖြစ်နေဦးမယ်။ အခုတောင် တပ်မတော်က ၂၅ ရာခိုင်နှုန်းတို့၊ နိုင်ငံရေးအရဦးဆောင်မှုတို့ လုပ်ထားတဲ့အခါ တပ်မတော်မှာ ဗီတိုအာဏာ ရှိတယ်ဆိုပြီး မကြိုက်ကြလို့ အခြေခံဥပဒေကို ပြင်ချင်တာကိုး။

ဘာကြောင့် ထပ်ပြီး ဘယ် Institution က ဆုံးဖြတ်ခွင့်ရှိလည်းဆိုပြီး ပြောလို့ရှိရင် အဲဒီ Institution ကို မရည်ရွယ်ဘဲနဲ့ ဗီတိုအာဏာ ပေးလိုက်သလို မရည်ရွယ်ဘဲနဲ့ ဖြစ်သွားနိုင်တယ်။ ကျနော်အမြင်ကတော့ KNU ဥက္ကဌ ပြောသွားတာကို လုံးဝ သဘောတူတယ်။ အချိန်အများကြီး ယူသင့်တယ်။ အကျေအလည် ဆွေးနွေးသင့်တယ်။ အဲဒီလိုမှမဟုတ်ဘဲ တက်သုတ်ရိုက်ပြီး လုပ်လို့ရှိရင်တော့ ခက်မယ်။ အခုဟာက အပစ်အခတ်ရပ်စဲရေး စဉ်းစားပုံနဲ့ ပြည်ထောင်စုစာချုပ်ပေါ့နော်။ ပြည်ထောင်စုအခြေခံမူတွေ စဉ်းစားပုံက ရောနေတယ်။ တက်သုတ်ရိုက်ချင်တဲ့ဇော၊ ဈေးဦးပေါက်ချင်ဇောတွေ သိပ်များနေတယ်။ အဲဒါဆိုရင်တော့ ခက်မယ်။

မေး။ ။ လက်ရှိညီလာခံကနေ ဖက်ဒရယ်စနစ်ကို သွားနိုင်ဖို့မြင်ပါလား။ ဖက်ဒရယ် အငွေ့အသက်တွေရော ခံစားရပြီလား။

ဖြေ။ ။ ဒါတွေက တချို့အခြေခံမူတွေမှာပါတဲ့ လက္ခဏာတွေက ကောင်းမွန်ပါတယ်။ ပြောရမယ်ဆိုရင် တိုင်းရင်းသား ရပိုင်ခွင့်တွေ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို အာမခံတာတို့ ဒီအချက်တွေက အရင်တုန်းက တိတိပပ မထောက်ခံထားဘူး။ ပြည်နယ် အခြေခံ ဥပဒေကတော့ ကောင်းတဲ့သဘောတွေပါ။ ဒီထက်ပြောရင်မယ်ဆိုရင် ဟိုတုန်းက နဝတ၊ နအဖခေတ်က လုပ်တဲ့ အခြေခံမူတွေမှာကြည့်ရင် အခြေခံမူ ၆ ချက်၊ နောက်ဆုံး ၆ မှာဆိုရင် အမျိုးသားနိုင်ငံရေးကို တပ်မတော်က ဦးဆောင်မယ် ဆိုတာမျိုးတွေ အခုမတွေ့ရတော့ဘူး။

နိုင်ငံရေးဆိုတာ အကုန်တော့ မရနိုင်ဘူး။ ဒါပေမယ့် ဒီမိုကရေစီရှု့ထောင့်က ကြည့်မယ်ဆိုရင် ဒါတွေက ကောင်းတဲ့လက္ခဏာ ဖြစ်တယ်။ ဖက်ဒရယ်ရှု့ထောင်က ကြည့်မယ်ဆိုရင် ခုနကပြောတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်ခံမှသာ တိုးတက်လာမယ့် သဘောရှိတယ်။ ဒါပေမယ့် အသေးစိတ်တွေတော့ ဆွေးနွေးရမယ်။ ဘယ်လိုပုံစံမျိုး ကျင့်သုံးသင့်တာလည်းဆိုတာ အငြင်းပွားစရာ ရှိနိုင်တယ်လို့ ကျနော်ထင်တယ်။

မေး။ ။ အစိုးရက လက်ရှိ NCA လမ်းကြောင်းကိုပဲ ပြောနေတယ်။ ဒီ NCA လမ်းကြောင်းကနေ ငြိမ်းချမ်းရေးရဖို့အတွက် လှေကားထစ် ဖြစ်နိုင်လား။ တခြားနည်းလမ်းတခု ရွေးချယ်ဖို့ မစဉ်းစားသင့်ဘူးလား။

ဖြေ။ ။ အဲဒါက စိတ်ဝင်စားဖို့ ကောင်းတယ်။ အခုဆိုရင် မြောက်ပိုင်းအဖွဲ့တွေက NCA လမ်းကြောင်းကို လက်မခံဘူးလို့ ပြောထားတယ်။ သူတို့ ဒီကိုလာတယ်ဆိုတာလည်း တရုတ်ကတော်တော်တိုက်တွန်းလို့ လာတယ်ဆိုတာလည်း ပြောထားတယ်။ တကယ်တန်း NCA လမ်းကြောင်းကို သွားချင်တာက တောင်ပိုင်းကအဖွဲ့တွေ၊ ဒီညီလာခံမှာ စိတ်ဝင်စားဖို့ ကောင်းတာက တောင်ပိုင်းက အဖွဲ့တွေလာမယ်ဆိုရင် သူတို့က အနည်းဆုံးတော့ (Deed of Commitment) လို့ခေါ်တဲ့ ကတိကဝတ်ပြုမယ်လို့ ဆိုထားတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း နှစ်ပတ်လည်မိန့်ခွန်းမှာ အဖွဲ့ ၅ ဖွဲ့ ထိုးမယ်လို့ ပြောထားတယ်။ ပြောစရာဖြစ်နေတာက လောကမှာ မမျှော်လင့်တဲ့ဟာက အဲဒီ ၅ ဖွဲ့က မလာဘဲနဲ့ မြောက်ပိုင်းက အဖွဲ့တွေက ရောက်လာတယ်။ ပြီးတော့ ဒီညီလာခံ ၅ ရက်တာ ကာလအတွက် မြောက်ပိုင်းအဖွဲ့တွေ လာတာဟာ မြောက်ပိုင်းအဖွဲ့တွေလည်း NCA မလိုလားဘူးဆိုတာ အရမ်းကြီး မဆိုးပါဘူးဆိုတဲ့ အမြင်မျိုး ပရိတ်သတ်ကို ပေးကောင်းပေးနိုင်မယ်။

ရေရှည်မှာတော့ အဲဒီအဖွဲ့တွေက NCA ကို လက်ခံထားတာ မဟုတ်ဘူး။ တပ်မတော်ဘက်ကလည်း NCA ကို အထိုင်ရပ်ထားတယ်။ အစိုးရကလည်း NCA ပဲ ပြောနေတော့ ဒီအဖွဲ့တွေနဲ့ ပြေလည်ဖို့က မလွယ်ဘူး။ ပြေလည်နိုင်တာက တောင်ပိုင်းအဖွဲ့တွေ။ ခက်တာက အခုလိုဖြစ်သွားတဲ့ အတွက်ကြောင့် တောင်ပိုင်းအဖွဲ့တွေနဲ့ နားလည်မှုတွေ နာကျင်မှုတွေ ဘယ်လောက်ဖြစ်သွားမလဲဆိုတာ ကျနော်တို့ မသိနိုင်ဘူး။

ပြောရမယ်ဆိုရင် NCA ဟာ ထီးရိပ်လိုဖြစ်တယ်။ NCA ဟာ တံခါးပေါက်လို ဖြစ်တယ်ဆိုတာက အခုချိန်ထိတော့ ပြောလို့ရသေးတယ်။ ဒီညီလာခံပြီးလို့ရှိရင် NCA ဟာ ထီးရိပ်လို ဆက်ဖြစ်နေဦးမလား။ တခါးပေါက်လို ဆက်ဖြစ်နေဦးမလား။ ဒါမှမဟုတ် NCA ဟာ Deadlock လို့ခေါ်တဲ့ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်သွားနိုင်တဲ့ ဆုံချက်လား။ ဒါဆိုရင် NCA မဟုတ်တဲ့ အခြားဆုံချက်တခု ပေါ်လာနိုင်မလားဆိုတာ စဉ်းစားစရာဖြစ်တယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading