“ကျနော်တို့ မကြာခဏ အလိမ်အညာခံရပါတယ်”

ကျော်ခ
ဦးကျောက်ကော်အန်း
Want create site? Find Free WordPress Themes and plugins.

အစိုးရက နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေး ဖွင့်ပွဲကို “ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) ဦးဆောင်တဲ့ တရုတ် – မြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့ တက်ရောက်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း အဲဒီ ၇ ဖွဲ့ဟာ နေပြည်တော်ကို ရောက်တဲ့အခါမှာ မူလက ကြိုတင်ညှိနှိုင်းထားချက်တွေ အဆင်မေပြေ ဖြစ်ခဲ့တာကြောင့် အဖုအထစ်တွေ ဖြစ်ပွားခဲ့ပြီး တရုတ်ရဲ့ ကြားဝင် ညှိနှိုင်းမှုသာ မရှိခဲ့ရင် နေပြည်တော်ကနေ လှည့်ပြန် သွားတော့မယ့် အခြေအနေတွေ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

နေပြည်တော်ကို ရောက်ရှိလာဖို့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဆွေးနွေးမှု၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းအပေါ် သဘောထား၊ အပစ်ရပ် လက်မှတ်ရေးထိုးရေး အပေါ် ရပ်တည်ချက် အပါအဝင် တရုတ် အစိုးရရဲ့ ပါဝင်ပတ်သက်မှု တွေနဲ့ ပတ်သက်ပြီး UWSA ပြည်ပဆက်ဆံရေး ဌာန အကြီးအမှူးလည်း ဖြစ်၊ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) အမှုဆောင် အတွင်းရေးမှူးချုပ်လည်း ဖြစ်တဲ့ ဦးကျောက်ကော်အန်းကို ဧရာဝတီသတင်းထောက် ကျော်ခက သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံတဲ့အခါမှာ ဘာတွေ ဆွေးနွေးဖြစ်ခဲ့လဲ။ တိုးတက်မှု ရှိတယ် ပြောလို့ ရမလား။

ဖြေ။ ။ တွေ့ဆုံမှုကတော့ နက်ရှိုင်းတဲ့ ဟာတွေ ဆွေးနွေးမှု မရှိခဲ့ဘူး။ ပုံမှန် အချင်းချင်း ဆက်ဆံရေး တည်ဆောက် တာမျိုးပဲ ဖြစ်ပါတယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုုကြည် ကိုု မြောက်ပိုင်းအဖွဲ့ရဲ့ သဘောထား ရပ်တည်ချက် ဖြစ်တဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အကြံပြု စာတမ်း ပေးဖြစ်ခဲ့လား။ သူကရော အဲ့ဒီစာတမ်း အပေါ်မှာ ဘယ်လိုု သဘောထား ရှိပါသလဲ။

ဖြေ။ ။ မနေ့ (မေလ ၂၅) က ဒေါက်တာ တင်မျိုးဝင်းကနေ တဆင့် ပေးခိုင်းလိုက်ပါတယ်။ ချက်ချင်းကြီး အဖြေပေး နိုင်ဖို့ ဆိုတာ ကတော့ သူ ကြည့်ဖို့တောင် အချိန်မရတဲ့ ဥစ္စာ၊ သူမဟာ လာမယ့်လ ၂ ရက်နေ့မှာ ဆိုရင်လည်း ကနေဒါကို ချစ်ကြည်ရေး ခရီးစဉ်တခု သွားရဦးမယ်။ သူမ အလုပ်များတယ် ဆိုတာကို ကျနော်တို့ နားလည်ပါတယ်။ ဒီတော့ အဲဒါကို အကုန်လံုးကြည့်နိုင်မယ့် အနေအထား ရှိမယ်လို့ မထင်ပါဘူး။ ခင်ဗျားတို့သိတဲ့ အတိုင်းပဲ သူမက အလုပ်တွေ အရမ်းများနေတာ ဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရပ်တည်ချက်ကတော့ သူ သက်ရှိထင်ရှား ရှိနေစဉ် ကာလအတွင်း ငြိမ်းချမ်းရေး ရစေချင် တယ်။ သူမက ပြောတယ်။ ကျနော်တို့ အသက်တွေ ကြီးကုန်ကြပြီ၊ ၇၀ ကျော်တွေ ဖြစ်ကုန်ပြီ၊ ဘဝ သက်တမ်း ဘယ်လောက် ကျန်ဦးမယ် ဆိုတာ မသိနိုင်ပါဘူး။ ဒါကြောင့်မို့ သူမ သက်ရှိထင်ရှား ရှိနေစဉ် ကာလအတွင်း ငြိမ်းချမ်းရေး ရရှိဖို့ မဖြစ်မနေ လုပ်ဆောင်မယ် လို့ ပြောတယ်။

မေး။ ။ ဒီတခေါက် နေပြည်တော် လာတဲ့ အခါမှာ အရင်တခေါက်နဲ့ ဘာတွေကွာလဲ၊ ဘာတွေ တိုးတက်လာတယ် လို့ ပြောလို့ရလဲ။

ဖြေ။ ။ သိပ်ကွာခြားမှုတော့ မရှိပါဘူး။ ပထမ တခေါက်တော့ လေ့လာသူ ဆိုတဲ့ ကတ်ကြောင့်မို့လို့ ပြောထားတဲ့ အတိုင်း ဆောင်ရွက်ခြင်း မရှိလို့ ပြန်သွားခဲ့တယ် ပေါ့လေ။ ဒီတခေါက်ကတော့ အမျိုးမျိုးသော ကြိုးစားမှုကြောင့် ကိုယ်စားလှယ်ကတ် ရရှိခဲ့ပေမယ့် အရင်တခေါက်လိုပဲ စကားပြောခွင့် မရပါဘူး။

ဖွင့်ပွဲနေ့ရဲ့ ဝင်ခွင့်ကတ်က ပြဿနာ မရှိပါဘူး။ ကတ် ကတော့ ကိုယ်စားလှယ်ကတ် ပါပဲ။ ဒါပေမယ့် ထိုင်ခုံနေရာ ချထားမှုမှာတော့ ပြဿနာ ရှိပါတယ်။ သူတို့ ချထားပေးတဲ့ ထိုင်ခုံမှာ အထူးဖိတ်ကြားသူ လို့ပဲ ကပ်ထားတယ်။ ဒါကြောင့် ကျနော်တို့ ခန်းမက ပြန်ထွက်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါကြောင့်မလို့ စီစဉ်သူကနေပြီးတော့ အဲဒါတွေအားလုံးကို ဖယ်ရှားလိုက်ပါတယ်။ အခမ်းအနား စီစဉ်တဲ့ ဘက်က ဖြေရှင်းတာကတော့ တခြားလူတွေ လာထိုင်မှာ စိုးလို့ ကပ်ထားတာလို့ ပြောတယ်။

မေး။ ။ ၂၁ ရာစု ပင်လုံကို တက်ဖို့ အတွက် မြောက်ပိုင်းအဖွဲ့တွေရဲ့ တောင်းဆိုထားချက်တွေက ဘာတွေ ဖြစ်မလဲ။

ဖြေ။ ။ ကျနော်တို့ ဒီမလာခင် တရုတ်နဲ့ ဆွေးနွေးတုန်းက ကျနော်တို့ရဲ့ သဘောထားတွေကို ရှင်းလင်း ပြောဆိုခဲ့ တယ်။ ကျနော်တို့ရဲ့ တောင်းဆိုချက်တွေ ဖြစ်ပါတယ်။ တရုတ်ဘက်က ကျနော်တို့ကို အဆင်ပြေစေပါ့မယ် လို့ ကတိ ပေးခဲ့တယ်။ ကျနော်တို့ရဲ့ တောင်းဆိုချက်ကတော့ တရားဝင် ဖိတ်ကြားခံရသူ မဟုတ်ရင် ကျနော်တို့ မသွားဘူး။ အခမ်းအနား စတက်တဲ့ အချိန် DOC (ကတိကဝတ် စာချုပ်) ကိုလည်း ကျနော်တို့ ထိုးမှာ မဟုတ်ဘူး။ အခမ်းအနားမှာ စကားပြောခွင့် မရှိရင် ကျနော်တို့ မတက်ဘူး။ ကျနော်တို့ ဒီတောင်းဆိုချက်တွေ ရှိခဲ့တယ်။

မေး။ ။ ဒီအစည်းဝေး မလာခင် ရက်ပိုင်းမှာ ဒီပွဲကို တက်ဖို့ အတွက် အကြပ်အတည်းတွေ ရှိခဲ့တယ်။ အထူးသဖြင့် TNLA၊ AA နဲ့ MNDAA ကိစ္စတွေ အပါအဝင်ပေါ့လေ။ နောက်ဆုံးမှာတော့ တရုတ်အစိုးရအနေနဲ့ ကြားဝင်ဖြေရှင်း ပြီးတော့မှ လုပ်ပေးခဲ့တယ်လို့ ဆိုတယ်။ အဲ့ဒါက ဘယ်လိုပုံစံမျိုးလဲ ရှင်းပြပေးပါလား။

ဖြေ။ ။ တရုတ်ဘက်က ဒီကိစ္စတွေကို ဘယ်လို ညှိနှိုင်း ဖြေရှင်းခဲ့သလဲ ဆိုတာတော့ ကျနော်တို့လည်း မသိဘူး။ ဒီကိစ္စတွေ ဆောင်ရွက်တဲ့ နေရာမှာ ကျနော်တို့ မကြာခန အလိမ်အညာခံရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ ကူမင်းမှာ မြန်မာကောင်စစ်ဝန်ဘက်ရုံးမှာ VISA ကိစ္စ စီစဉ်တုန်းက ကျနော်တို့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (PFNCC) အနေနဲ့ မဖိတ်ဘူးဆို ကျနော်တို့ မတက်ဘူး ဆိုပြီးပြောခဲ့တယ်။

တရုတ်ဘက်က အဲဒီအချိန်မှာ ကတိပေးတာက ကျနော်တို့ တဖွဲ့လုံးပါမှ တက်မယ် ဆိုတာကို တရုတ်ဘက်က ကြိုးစား ပေးမယ်လို့ ပြောတယ်။ ကျနော်တို့ အားလုံးကို တင်းပြည့်၊ ကျပ်ပြည့် ကိုယ်စားလှယ် ဖြစ်ရမယ်လို့ တရုတ်က ကတိပေးတယ်။ သာမန် လေ့လာသူတို့ ဖိတ်ကြားခံရသူတို့ ဆိုတာမျိုး မဟုတ်ဘူး။

၂၁ ပင်လုံ အစည်းအဝေး ဖွင့်ပွဲမှာ ကျနော်တို့ကို စကားပြောခွင့် ပေးမယ်။ နောက်ပြီးတော့ အတားအဆီးတွေ မထားရှိ ဘူး။ ခန်းမ ဝင်ပေါက်ဝမှာ ကျနော်တို့ DOC ကို မထိုးဘူး။ ၂၁ ရက်နေ့မှာမှ စပြီး တရုတ်ဘက်က ကျနော်တို့နဲ့ လာညှိနှိုင်း တယ်။ နေပြည်တော်မှာက၂၄ ရက်နေ့ဆို အစည်းအဝေးက စပြီ။ ကျနော်တို့လည်း ကျနော်တို့ ပြင်ဆင် ရမယ့် အပိုင်းတွေ ရှိတာပေါ့ဗျာ။ ပြီးတော့ ပုံမှန်လည်း သူတို့ ဒီလို ကစားကွက်လေးတွေ ကစားလေ့ရှိတယ်။

အဓိကကတော့ ကျနော်တို့ လာရောက်တဲ့ အခါမှာ နီးကပ်မှ စီစဉ်တဲ့ အနေအထားတွေ တွေ့ရတဲ့အခါမှာ ကျနော်တို့ တက်ရောက်ဖို့ အခက်ခဲ ဖြစ်တယ်။ ကျနော်တို့ မတက်ရောက် နိုင်ခဲ့ဘူး ဆိုရင် စီစဉ်တဲ့ ဘက်က အနေနဲ့ ဒါဟာ ကျနော်တို့ ဖိတ်ရဲ့သားနဲ့ သူတို့ မလာဘူး ဆိုတဲ့ ရလဒ်မျိုးကို လိုချင်တဲ့ သဘောမျိုးလို့ ကျနော်တို့ သုံးသပ်မိတယ်။

၂၂ ရက်နေ့ ညမှာ ကျနော်တို့ ကူမင်းမှာ ရှိတဲ့ မြန်မာ ကောင်စစ်ဝန်ရုံးကို ကျနော်တို့ ရောက်ခဲ့တယ်။ အဓိက ကတော့ VISA ကိစ္စတွေ လုပ်တဲ့အခါမှာ ဘာသွားတွေ့လဲ ဆိုုတော့ ကောင်စစ်ဝန်ရုံးက အရာရှိ ပြောတာက ကျန်တဲ့ ဟို ၃ ဖွဲ့ (TNLA၊ MNDAA၊ AA) ရဲ့ ဖိတ်စာတော့ ရောက်နေပါပြီ ဆိုပြီး ပြောတယ်။ အဲဒီမှာ သွားကြည့်တဲ့ အခါမှာ ဖိတ်ကြားတဲ့ နေရာမှာ “လေ့လာသူ” ဆိုတဲ့ ဖိတ်စာပဲ ဖြစ်နေတယ်။ ဒါကြောင့်မို ဒီ ၃ ဖွဲ့က မလာတော့ဘူး လို့ ပြောတယ်။

အဲနောက်တော့ ကျနော်တို့ဘက် ကလည်း အစည်းအဝေး ထိုင်တယ်။ တရုတ်ဘက် ကလည်း ကြိုးစားပေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ခင်ဗျားတို့ ဟိုရောက်ရင် တရားဝင် ကတ်ပြား ရစေရမယ်။ ခင်ဗျားတို့ စကားပြောခွင့် ရစေရမယ်။ မြန်မာဘက်က နေပြီးတော့ အတားအဆီးတွေ မထားဖို့ ဆောင်ရွက်ပေးမယ်။

ထိုု့အတူပဲ ကျနော်တို့က တဖက်မှာလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့ ပူးပေါင်းဆောင်ရွက်နေတဲ့ One Belt One Road စီမံကိန်းအတွက် ပူးပေါင်းဆောင်ရွက်ရေး သဘော တူညီချက်တွေ အားပေး ထောက်ခံတဲ့ အပေါ်မှာ မူတည်ပြီးတော့ တရုတ်ရဲ့ ကြားဝင် ဆောင်ရွက်မှုတွေကို ကျနော်တို့အသိမှတ်ပြုပြီး ထောက်ထားတာရယ်၊ NLD အစိုးရရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကြိုးစားမှုကို ပူးပေါင်းဆောင်ရွက် တဲ့ အနေနဲ့ သဘောထား ရပ်တည် ချက်တွေ မတူညီသော်လည်းပဲ နေပြည်တော်ရောက်ပြီးမှ ဆက်ပြောကြတာပေါ့။

ဒါပေမယ့် ၂၃ ရက်နေ့ည ဒီကို ရောက်တော့လည်း ပထမ ပင်လုံတုန်းကလိုပဲ သူတို့ ကစားကွက်လေးတွေ ဆက်ပြီး လုပ်နေကြတယ်။ သူတို့ကျနော်တို့ကို ပို့လာပေးတဲ့ ဖိတ်စာအားလံုးက လေ့လာသူ ဧည့်သည် ဆိုတဲ့ ဖိတ်စာမျိုးတွေပဲ ဖြစ်နေတယ်။ ဒါကြောင့်မို့ သူတို့ဘက်က ဆက်ပြီး ကစားနေတယ် ဆိုတာကို ကျနော်တို့ သိလိုက်ရတယ်။ ပထမ တခေါက်နဲ့ အတူတူပါပဲ။

ဒါကြောင့်မို ကျနော်တို့ မတက်တော့ဘူး လို့ တရုတ်ဘက်ကို တင်ပြလိုက်တယ် ပေါ့လေ။ တရုတ်ဘက်ကတော့ သံရုံးကနေ တဆင့် မြန်မာဘက်နဲ့ ၂၄ ရက်နေ့ မနက် ၁ နာရီအထိ ညှိနှိုင်းခဲ့ရပြီးမှ တရားဝင်ကတ်ကို ကျနော်တို့ ရရှိပါတယ်။ ဘာပဲပြောပြော အခုလို ပထမဆုံး အကြိမ် အဖွဲ့စုံစုံလင်လင်နဲ့ အခက်အခဲကြားကနေ ရောက်ရှိလာတာ ဟာ အောင်မြင်မှုတခုလို့ မြင်တယ်။ ဒီနောက် အနာဂတ်မှာ ဆက်လက်ပြီး ဆွေးနွေးနိုင်ဖို့ အတွက် ထိုးဖောက်မှု တခုလို့ မြင်ပါတယ်။

ကျနော်တို့လည်း သိပါတယ်။ မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ ၁ နှစ်၊ ၂ နှစ်အတွင်း ဖြေရှင်းနိုင်မယ် ဆိုတာမျိုး မဟုတ်ပါဘူး။ NCA ကို ထိုးမယ်၊ မထိုးမယ် ဆိုတာက အခင်းအကျင်း ၂ မျိုး ဖြစ်နေပါတယ်။ တခုကတော့ ဦးသိန်းစိန် အစိုးရ လက်ထက်တုန်းက ချမှတ်လိုက်တဲ့ NCA ဖြစ်တယ်။ မနှစ်က ၈ ဖွဲ့ ထိုးတဲ့ NCA ပေါ့။

နောက်တမျိုးကတော့ ကျနော်တို့ဘက်က မူလ NCA ကို အခြေခံပြီး အကြောင်းအရာ အချို့ကို ပြင်လိုက်တဲ့ NCA ဖြစ်ပါတယ်။ အကယ်၍များ ကျနော်တို့ တင်ပြတဲ့ NCA ကို ညှိနှိုင်း သဘောတူနိုင်ခဲ့ရင် ကျနော်တို့လည်း NCA ကို ထိုးဖို့ စဉ်းစားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် NCA က ၂ ခုကွဲနေတယ်နော်။ မူလ NCA ကို ပြောတာ မဟုတ်ဘူးနော်။ ကျနော်တို့က ပြင်ဆင်ပြီးမှသာ ထိုးမှာ ဖြစ်တယ်။

အခု သူတို့ထိုးလိုက်တဲ့ NCA က ငြိမ်းချမ်းရေး အတွက် ဘာမှ အာမခံချက်မှ မရှိပါဘူး။ ခင်ဗျားတို့ RCSS (ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ) ကို ကြည့်လိုက်ပါ။ သူတို့ လက်မှတ်ထိုးခဲ့တယ်။ ဒါပေမယ့် ဗိုလ်ချုပ် ယွက်ဆစ်ရဲ့ ပြောစကားအရ ဆိုုရင် တိုက်ပွဲကြီးငယ် ပေါင်း ၂၀၀ ကျော်တောင် ဆက်ဖြစ်နေတယ်။

ကျနော်တို့က NCA ကို မထိုးထား ပေမယ့်လည်း ကျနော်တို့က အစိုးရနဲ့ ငြိမ်းချမ်းရေး ရနေတာ နှစ်ပေါင်း ၂၈ နှစ်တောင် ရှိပါပြီ။ ဒါကြောင့်မို့ NCA ထိုးတာ မထိုးတာက တကယ်တော့ ပြယုဂ် တခုသာ ဖြစ်တယ်လို့ ကျနော်တို့ ယူဆတယ်။ တကယ့် အနှစ်သာရမှာ ကတော့ NCA ရဲ့ သတ်မှတ်ချက်နဲ့ မကိုက်ညီဘူး။

ဒါကြောင့်မလို့ ကာလကြာရှည် တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လုပ်ရမယ်။ ငြင်းခုန်မှုတွေ ရှိမယ်။ နိုင်ငံရေး တိုက်ပွဲတွေ ဆက်လက် လုပ်ဆောင်ရဦးမယ်။ မြန်မာနိုင်ငံရဲ့ ပြည်သူအားလုံးဟာ တည်ငြိမ်ပြီး ငြိမ်းချမ်းတဲ့ ဘဝကို ပိုင်ဆိုင်ချင်ကြ တယ် ဆိုတာကို ကျနော် ယုံကြည်ပါတယ်။

မေး။ ။ ဒီခရီးစဉ် လာဖို့ အတွက် တရုတ်ဘက်က ဖိအားပေးတာတွေ ရှိတယ်၊ တချို့ ခေါင်းဆောင်တွေအနေနဲ့ မလာချင်ပဲနဲ့ တရုတ်ရဲ့ ဖိအားပေးမှုကြောင့် လာရတယ်ဆိုပြီး ကြားသိရတယ်။ အဲဒီအပေါ်မှာ ဘာများပြောချင်လဲ။

ဖြေ။ ။ တရုတ်ဘက်က ဖိအားပေးတာ မရှိပါဘူး။ ဒေသအတွင်း ငြိမ်းချမ်း တည်ငြိမ်မှ One Belt One Road စီမံကိန်းကို ဆောင်ရွက် နိုင်မှုကြောင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု အကျိုးခံစားရမယ်။ ဒီသဘောတရားကို အားလုံး နားလည်မယ် ဆိုရင်၊ ဥပမာအားဖြင့် အမြန်လမ်းမကြီးတွေ၊ ရေအားလျှပ်စစ် စီမံကိန်းတွေ ဆောင်ရွက်နိုင်မယ် ဆိုရင် နှစ်ဖက်စလုံး အကျိုးရှိတယ် မဟုတ်ဘူးလား။ ဒါကြောင့်မလို့ One Belt One Road စီမံကိန်းကို မြန်မာပြည် အတွင်းမှာ အဆင်ပြေစွာ ဆောင်ရွက်နိုင်မယ် ဆိုရင် နိုင်ငံတော် အတွက်ပဲ ဖြစ်ပါစေ၊ ကျနော်တို့ ဒေသတွင်း အတွက်ပဲ ဖြစ်ပါစေ ကြီးမားတဲ့ အကျိုးရရှိမှာပါ။

မေး။ ။ ပင်လုံညီလာခံဖွင့်ပွဲမှာ ဗိုလ်ချုပ်မှူကြီး မင်းအောင်လှိုင် ပြောခဲ့တဲ့ မိန့်ခွန်းမှာ NCA ပြင်ပ လမ်းကြောင်း ကနေ လက်မခံဘူး ဆိုတဲ့ သဘောမျိုးပြောသွားတာ ဆိုတော့ အဲဒီအပေါ် ဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ အဲဒါ တွေက ပြဿနာ မရှိပါဘူး။ သူက သူ့ရပ်တည်ချက်နဲ့ ကျနော်တို့က ကျနော်တို့ရဲ့ ရပ်တည်ချက်နဲ့ပေါ့။ အကယ်၍ ကျနော်တို့ရဲ့ သဘောထားသာ တထပ်တည်း ကျနေမယ် ဆိုရင် ပဋိပက္ခဖြစ်စရာ အကြောင်း မရှိဘူး။ ဒါ မထူးဆန်းပါဘူး။ အနာဂတ်မှာ ကျနော်တို့ များများ တွေ့ဆုံမယ်၊ ဆွေးနွေးညှိနှိုင်းမယ်။ အပြန်အလှန် ညှိနှိုင်း အဖြေရှာကြတာ ပေါ့။

ပြည်တွင်း ငြိမ်းချမ်းရေး ရရှိဖို့ အတွက်၊ ပြည်သူတို့ တည်ငြိမ်အေးချမ်းတဲ့ ဘဝ ဖြတ်သန်းနိုင်ဖို့ အတွက် ရှေ့ဆက် လုပ်ဆောင်ရမယ့် ဆွေးနွေးမှုတွေဟာ ပိုပြီးခက်ခဲမယ်။ အကယ်၍ အားလုံးက သူတလှမ်းဆုတ်၊ ကိုယ်လှမ်းဆုတ်ပြီး ညှိနှိုင်းပြီး သဘောတူညီမှု ရအောင် ကြိုးစားကြမယ် ဆိုရင် ကျနော်တို့ ပြန်ပေါင်းထုတ် သွားနိုင်မှာပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading