“မွေးရာပါ အခွင့်အရေးအရ ပညာသင်ကြားခွင့်ဆိုတာ ရကိုရသင့်တာ”

သဇင်လှိုင်
မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့(MILI)  မှ MILI  Counsellor ဦးနေလင်းစိုး

မြန်မာနိုင်ငံတွင် မသန်စွမ်းကလေးငယ်များ၏ ပညာသင်ကြားခွင့်ရရှိမှု အခြေအနေမှာ အနိမ့်ဆုံး အခြေအနေ ရောက်ရှိ နေပြီး အဆင့်မြင့်ပညာမဆိုထားနှင့် အခြေခံပညာများကိုပင် လက်လှမ်းမီခွင့် မရရှိကြပေ။ သာမန် အခြေခံ ပညာ ကျောင်းများတွင် အများနည်းတူ ပညာသင်ကြားခွင့်မရခြင်း၊ သီးသန့်ကျောင်းများသို့ သွားရောက် ပညာသင်ကြားရန် အခြေအနေမပေးခြင်းများ ကြုံတွေ့နေရပြီး အဆင့်မြင့်ပညာများဖြစ်သည့် တက္ကသိုလ်များ၊ ကောလိပ်များကလည်း အများနည်းတူ တက်ရောက်ခွင့် မပြုပေ။ ပြီးခဲ့သည့်ရက်ပိုင်းတွင် ယူနီဆက်က ထုတ်ပြန်သည့် အချက်အလက်များအရ မြန်မာနိုင်ငံမှ ကလေးငယ် ထက်ဝက်ခန့်မှာ ပညာသင်ကြားမှု မပြီးဆုံးဘဲ အရွယ်ရောက်ကြရပြီး မသန်စွမ်းကလေးငယ် ၃ ဦးတွင် ၂ ဦးမှာ ကျောင်းမတက်ရသည့် အခြေအနေဖြစ်နေကြောင်း သိရသည်။အဆိုပါ အခြေအနေများ နှင့် ပတ်သက်ပြီး  မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့(MILI)  မှ MILI  Counsellor ဦးနေလင်းစိုးနှင့် တွေ့ဆုံ မေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။
မေး ။ ။မြန်မာနိုင်ငံက မသန်စွမ်း ကလေးတွေအတွက် ပညာသင်ကြားခွင့်မှာ အဓိက အဟန့်အတားက ဘာတွေလဲ။

ဖြေ ။ ။ ပထမဆုံးတချက်ကတော့ ပညာရေးဆိုင်ရာမူဝါဒ ရှိမနေခြင်း၊ ဒုတိယက စာသင်ကျောင်းတွေရဲ့ ဖွဲ့စည်း တည်ဆောက်ပုံက ကလေးအားလုံးအတွက် Friendly မဖြစ်ဘူး။ ဝီးချဲလ်နဲ့ သွားနိုင်သုံးနိုင်တဲ့ အခြေအနေကို ဖန်တီး မထားဘူးလေ။ နောက်တချက်က မသန်စွမ်းကလေးတွေကို ထိရောက်အောင် ဘယ်လိုသင်ကြားရ မလဲဆိုတာကို ကောင်းစွာ မသိတာပေါ့။ မသန်စွမ်း တချို့ရဲ့ မိသားစုဝင်တွေ နဲ့ ပတ်ဝန်းကျင်က ဒီကလေးတွေ အပေါ်မှာ မျှော်လင့်ချက် မထားတာ၊ အားမပေးတာ။ ပညာတတ်ဘွဲ့ရတော့ကော အလုပ်အကိုင် ကောင်းကောင်း ရတာမဟုတ်ဘူး။ ဒုက္ခသုက္ခ များ တယ် အိမ်မှာပဲ နေတာကောင်းတယ်ဆိုတဲ့ အတွေးအခေါ် အဟောင်းတွေပေါ့။ ဉာဏ်ပညာက ဘယ်လောက် ထိ လူရာဝင်နိုင်သလဲ ဆိုတာကို သဘောမပေါက်သေးတာပေါ့။

မေး ။ ။ အစိုးရရဲ့အခန်းကဏ္ဍက အဓိက ကျနေတဲ့ သဘောလား။

ဖြေ ။ ။ရာခိုင်နှုန်း တော်တော်များများက အစိုးရပိုင်းက အစပြုပေးရင် အများကြီး ပြောင်းလဲတိုးတက်မယ့် အခွင့်အလမ်းတွေ နီးစပ်တာပေါ့။

မေး ။ ။ခန္ဓာကိုယ် မသန်စွမ်းသူတွေအပြင် ဉာဏ်ရည် မသန်စွမ်းသူတွေပါ ပညာသင်ကြားနိုင်ဖို့ ဘယ်လို အခက်အခဲ တွေများ ရှိပါသလဲ။

ဖြေ ။ ။မသန်စွမ်းလို့ပြောရင် သာမန်ကျောင်းကို သွားလို့မရဘူး သီးသန့်ကျောင်းကိုပဲသွား ဆိုတဲ့ အတွေးတွေက လွဲနေတယ်။ မသန်စွမ်းတွေ တက်လို့ရတဲ့ ကျောင်းတွေ ကလည်း ရန်ကုန်၊ မန္တလေးတို့မှာပဲရှိတယ်။ သွားရေး လာရေးခက်တယ်။ အထူးကျောင်း အနေနဲ့ စဉ်းစားရင်တော့ အလှမ်းဝေးစေတယ်ပေါ့။ ဒါကြောင့် သာမန်စာသင်ကျောင်းတွေမှာပဲ မသန်စွမ်း ကလေးတွေ တက်နိုင်အောင် စဉ်းစား ဆောင်ရွက်ပေးစေချင်တယ်။ ဉာဏ်ရည်မသန်စွမ်းတွေမှာLevel မျိုးစုံရှိတယ်။ သူတို့ရဲ့ Level နဲ့ ကိုက်ညီအောင် လေ့ကျင့် သင်ကြားပေးနိုင်တဲ့ ဆရာက အနည်းဆုံး တကျောင်းမှာ တယောက်ပေါ့။ တချို့နိုင်ငံတွေဆို ကျွမ်းကျင်တဲ့သူ တယောက်လောက်ကို လေ့ကျင့်ပြီး ထားပေးတာ။ အဲဒါတွေကတော့ ပညာရေးပိုင်းက အစပြုမှရတာလေ။

မေး။ ။ လက်ရှိအခြေအနေမှာ မသန်စွမ်းတွေက ကျောင်းတွေမှာ လုံးဝတက်ခွင့်မရတာလား။

ဖြေ။ ။ မွေးရာပါအခွင့်အရေးအရ ပညာသင်ကြားခွင့်ဆိုတာ ရကိုရသင့်တာ။ မသန်စွမ်းတွေရဲ့ ပညာသင်ကြားခွင့်ကျတော့ သက်ဆိုင်ရာ ကျောင်းအုပ်တွေ၊ ဆရာ၊ ဆရာမတွေရဲ့ စိတ်နေစိတ်ထားအပေါ် မူတည်ပြီး သဘောကောင်းတဲ့ ဆရာမနဲ့ တွေ့ရင် အခွင့်အရေးရမယ်။ သဘောမကောင်းတဲ့ ဆရာမနဲ့တွေ့ရင် အငြင်းပယ်ခံရမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပညာသင်ကြားခွင့် ဆုံးရှုံးသွားတယ်။ ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ရေး ဆိုတဲ့ အထဲမှာ မသန်စွမ်းတွေက အလိုအလျောက်ပါပြီးသား။ လက်တွေ့မှာတော့ မရကြဘူး။ ဟိုတလောကပဲ ပညာရေးဝန်ကြီးက မသန်စွမ်း တသောင်းကျော်ကျော် တက်နေပါတယ်လို့ ပြောတယ်လေ။ ဒါက နိုင်ငံတော်က လုပ်ပေးလို့ တက်ခွင့်ရတာမျိုး မဟုတ်ဘူး။ သူ့ဟာသူ အဆင်ပြေလို့ တက်ခွင့် ရနေတဲ့ ကိန်းဂဏန်းမျှသာ ဖြစ်တယ်။ လူကယ်ပြန်ဝန်ကြီးဌာန က ထုတ်တဲ့စစ်တမ်းကဆို မသန်စွမ်းကလေး ၅၃ ရာခိုင်နှုန်းဟာ မူလတန်း တက်ခွင့်မရဘူး။ သူငယ်တန်းတောင် မသွားဖူးသေးဘူး။ ယူနီဆက်က မနှစ်က ကောက်တဲ့ တစ်နိုင်ငံလုံး စစ်တမ်းမှာဆိုရင် အယောက် ၁၀၀ မှာ ၆၇ ဦးဟာ မူလတန်းပညာကိုတောင် သင်ကြား ခွင့်မရဘူး။ ၁၀၀ မှာ ၂ ဦးလောက်ပဲ ဘွဲ့ရနေတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ကျောင်းတက်ခွင့်ရတဲ့ ပမာဏက လက်တစ်ဆုပ်စာပဲ ရှိတယ်။

မေး။ ။ မသန်စွမ်းတွေ ပညာသင်ကြားရေးအတွက် ကျောင်းတွေမှာရော ပတ်ဝန်းကျင်မှာပါ ဘယ်လို အခက်အခဲတွေ ရှိသလဲ။

ဖြေ။ ။ ပညာရေးဌာနမှာကို မူတခုထားပြီးတော့ မြန်မာနိုင်ငံမှာ ဆောက်တဲ့ စာသင်ကျောင်းတွေမှာ ဘာတွေ ပါရမယ်ဆိုပြီး စံချိန်စံနှုန်း သတ်မှတ်ထားရင် ဘယ်အလှူရှင်ကပဲ လာဆောက်ဆောက် အဲဒီ အစီအစဉ်တွေ ပါမယ်။ မြန်မာနိုင်ငံက ကျောင်းတွေဆို တထပ်တွေများတယ်။ သန့်စင်ခန်း ၁၀ လုံး ရှိတယ်ဆို တလုံးမှာ ဝှီးချဲလ်သုံးတဲ့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေသုံးလို့ရရင် အဆင်ပြေသွားမယ်။ ကျောင်းအခန်းတွေ အားလုံးကို ကလေးအားလုံးသွားနိုင်တဲ့ ပရဝဏ်ဖြစ်အောင် လုပ်လို့ရတယ်လေ။ အများပြည်သူသုံး အဆောက်အအုံတွေ ဆောက်ရင် ဘယ်လိုအင်္ဂါရပ်တွေ ပါရမယ်ဆိုတာ ကိုယ်တို့မှာတော့ ရှိတယ်။ အဲဒီမူတွေ သူတို့မှာ မရှိဘူး။

မေး။ ။ အစိုးရအနေနဲ့ မသန်စွမ်းတွေရဲ့ ပညာသင်ကြားခွင့်နဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ မူဝါဒတွေ မရှိတာလား။ ရှိတဲ့ မူဝါဒကို ပီပြင်အောင် မကျင့်သုံးနိုင်တာလား။

ဖြေ။ ။ ဒါက မတင်မကျပဲ။ မသန်စွမ်းဥပဒေက ၂၀၁၅ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့တာ။ အဲဒီဥပဒေမှာ မသန်စွမ်းသူတိုင်း ပညာသင်ကြားခွင့် ရှိတယ်ဆိုတာ ပါပြီးသား။ ကျောင်းဝင်ခွင့်ကို ငြင်းပယ်ရင် ထောင်ဒဏ်၊ ငွေဒဏ်၊ တရားစွဲလို့ရတဲ့ ပြစ်ဒဏ်တွေရှိတယ်။ နည်းဥပဒေ မထွက်သေးဘူး။ အဲဒါကြောင့် ပညာသင်ကြားခွင့်က ဥပဒေအရ ရှိနေပေမယ့် အသုံးချလို့ မရသေးတာ တွေ့ရတယ်။

မေး။ ။ ဒါဆိုရင် ၂နှစ်ကျော်လောက် ကြာတဲ့အထိ နည်းဥပဒေ မထွက်သေးဘူးဆိုတော့ နည်းဥပဒေ ထွက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ရတာ ရှိခဲ့ပါသလား။

ဖြေ။ ။ ရှိတယ်။ လူမှုဖူလုံရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း အမြန် ထွက်ချင်နေပြီ။ တစ်ဖက်ကျတော့ ဘာပြန်လုပ်ရသလဲ ဆိုတော့ ရှေ့နေချုပ်ရုံးက ပြန်ချပေးတဲ့အခါ ပြင်စရာတွေ တော်တော်များများ ကျန် တာတွေ့ရတယ်။ အဲဒီတုန်းကလည်း မသန်စွမ်းအဖွဲ့တွေကြားထဲမှာ ဝိဝါဒတွေကွဲ၊ ငြင်းခုံကြတာ။ မူလမူရင်း ထက် ပြင်တဲ့ဟာတွေ များသွားတယ်။ အဲဒီတော့ သမ္မတရုံးကို ပေးပို့ပြီး အမြန် အတည်ပြုမယ် ဆိုတဲ့ဟာ နှေး သွားတယ်။ အမှန်က ပြီးခဲ့တဲ့ နှစ်ပါတ်ကတည်းက အတည်ပြုမယ်လို့ သူတို့လျာထားခဲ့ပြီးသား။ တစ်ဖက်က ပြင်တာများတော့ သမ္မတရုံးကို တန်းပို့လို့မရဘူး။ ရှေ့နေချုပ်ရုံးကို ပြန်ပို့ရတယ်။ အဲဒီတော့ ပြန်ကြာသွားတယ်။ ဆိုလိုတာက ကြာတာက သူတို့ အပြစ်တင်မဟုတ်ဘူးလို့ ပြောတာ။

မေး။ ။ နိုင်ငံတကာ မသန်စွမ်းတွေရဲ့ ပညာသင်ကြားခွင့်နဲ့ မြန်မာနိုင်ငံနဲ့ ဘာတွေ ကွာဟမှုတွေ ရှိပါသလဲ။

ဖြေ။ ။ သူများနိုင်ငံက မသန်စွမ်းတွေ တော်တော်များများက ဘွဲ့တွေနဲ့ချည်းပဲ။ ကိုယ်တို့ နိုင်ငံက မသန်စွမ်း အများစုက ပညာတတ်တဲ့ ဦးရေတောင် မနည်းရှာရတယ်။ ပညာရေးနဲ့ ပတ်သက်ရင် အစိုးရရဲ့ ပံ့ပိုးမှု အားကောင်းတယ်။ ကိုယ်တို့ လေ့လာတဲ့အထဲမှာ အိမ်နီးချင်းနိုင်ငံတွေလည်း ပါတယ်။ မသန်စွမ်း အခွင့်အရေး ကို အရမ်းလေးစားတဲ့ ဂျပန်တို့၊ ကိုရီးယားတို့လည်းပါတယ်။ သူတို့ဆိုရင် အရမ်းကို ပြည့်စုံတယ်။ ကျောင်းတိုင်း က Wheel Chair Access ဖြစ်တယ်။ လမ်းတွေရော၊ သန့်စင်ခန်းတွေ ရော၊ သက်ဆိုင်တဲ့ ဆရာတွေကို ဗဟုသုတ တွေ ပေးထားပြီးသား။ မသန်စွမ်းကို မခွဲခြားအောင် ပညာပေးတဲ့ အပိုင်း အားကောင်းတယ်။ တခြားသူနဲ့ မကင်းကွာဘူး ဆိုတဲ့ စိတ်ခံစားချက်မျိုး ဖြစ်အောင် နည်းလမ်းရှာပြီး လုပ်ပေးတယ်။ မသန်စွမ်းတွေရဲ့ အခွင့်အရေး တောင်းဆိုနိုင်မှု ကလည်း အားကောင်းတယ်။

မေး။ ။ မျက်မမြင်ကျောင်းတွေအပြင် အစိုးရက မသန်စွမ်းတွေအတွက် စီစဉ်ပေးတဲ့ကျောင်း ဘယ်နှကျောင်း ရှိပါသလဲ။

ဖြေ။ ။ official သတ်မှတ်ထားတာ မရှိဘူး။ ကိုယ်နဲ့နီးတဲ့ ကျောင်းသွားအပ်၊ လက်ခံရင် တက်ခွင့်ရပါတယ်။ NGO တွေနဲ့ ပူးပေါင်းပြီး လုပ်တဲ့ ကျောင်းတွေရှိတယ်။ Wheel Chair သွားလို့ရအောင် လုပ်ပေးတာတို့ ဘာတို့ပေါ့။ ကုန်ကျစရိတ် တွေကို NGO က လုပ်ပေးတယ်။ အဲဒီကျောင်းတွေကတော့ အဆင်ပြေတာ ရှိတယ်။ နောက် သန့်စင်ခန်းဆိုရင် ရွှေပြည် သာ၊ လှိုင်သာယာက ကျောင်းအချို့မှာ Wheel Chair ပါ အသုံးပြုလို့ရတဲ့ကျောင်း အချို့ ရှိလာပြီ။ အဲဒါက ဒေသက မသန်စွမ်းသူတွေ၊ ကျောင်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ပေါင်းလုပ်တာပေါ့နော်။ အစိုးရက လုပ်ပေးတာကတော့ မရှိသေးဘူး။

မေး။ ။ သီးသန့် လုပ်ပေးထားတာကော မရှိဘူးလား။

ဖြေ။ သီးသန့်ကတော့ ထူးခြားဆိုတာ ရှိတယ်လေ။ မျက်မမြင်ကျောင်းဆိုရင် မျက်မမြင်တွေ ချည်းပဲလေ။ ကျန်တဲ့သူ ဘယ်သူမှ လာလို့ မရဘူး။ ကြည့်မြင်တိုင်မှာ ရှိတယ်။ စစ်ကိုင်းတိုင်း မုံရွာမှာ၊ စစ်ကိုင်းမှာ ရှိတယ်။ မန္တလေးမှာ ရှိတယ်။ နောက် နားမကြား ကျောင်းဆိုရင် ရန်ကုန်တိုင်း တာမွေမှာ ရှိတယ်။ နောက် ဉာဏ်ရည် မသန်စွမ်းဆိုသလဲ ကျိုက်ဝိုင်းမှာ ရှိတယ်။ သူတို့ ဘဝတူတွေပဲ တက်လို့ရတဲ့ အထူးကျောင်းလေးတွေပဲ ရှိတယ်။ အဲဒီတော့ နည်းတာပေါ့။

မေး။ ။ ဟိုတလောကတော့ ဆရာအတတ်သင်ကျောင်းမှာ လက်မခံတဲ့ကိစ္စ ဖြစ်သွားခဲ့တယ်နော်။ ဆိုတော့ အဆင့်မြင့်ပညာရပ်ပိုင်းမှာ ဘယ်လိုအခြေအနေ ရှိနေလဲ။
ဖြေ။ ။ ဆရာအတတ်သင်ကောလိပ်ကို တက်ခွင့်မရှိတဲ့သူတွေဟာ ဘယ်လိုလူမျိုးတွေလို့ မူဝါဒတွေ ထုတ်လိုက်တယ်။ ခြေပူးလက်ပူးတဲ့သူတွေ၊ မသန်စွမ်းတွေ၊ ကျောက်မျက်လုံး တပ်ထားတဲ့သူတွေ စသဖြင့်ပေါ့။ အချက်အတော်များများ ရှိတယ်။ အဲဒီသူတွေကို ပညာရေး တက္ကသိုလ် တက်ခွင့် မပေးဘူးဆိုပြီး မူဝါဒ ထုတ်လိုက်တယ်။ အဲဒါကို မသန်စွမ်းအဖွဲ့အစည်းတော်တော်များများက ဝန်ကြီးနဲ့တွေ့ပြီး ဆွေးနွေးတယ်။ အဲဒီတော့ အရင်အစိုးရ လက်ထက်က လက်ကျန်မူတွေ။ ဒီအတိုင်း မူတွေရှိနေတယ်။ လျော့သထက် လျော့ပြီးတော့ လက်ခံပေးမယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောတယ်။ ဒါပေမယ့် မူလအရှေ့ပိုင်းဖြစ်စဉ်တွေမှာ လက်ချောင်းလေး၊ ခြေချောင်းလေး နည်းနည်းပူးနေရင်တောင် လက်မခံဘူး။ စာတွေ့မှာအောင်တယ်။ ပညာရေးမှူးရှေ့ လူတွေ့ကျရင် ကျတယ်။ ဘယ်လို လုပ်ခိုင်းလဲဆိုတော့ ပြေးကြည့်စမ်းပေါ့။ သာမန်လူတွေလို မြန်မြန်ဆန်ဆန် မပြေးနိုင်ဘူး။ PT ချိန် ကာယချိန်ကျရင် သင်ပေးလို့ မရဘူးတဲ့။ ဆရာတိုင်းက PT ကာယ သင်ဖို့လိုသလား။ မြန်မာစာ ဆရာမက မြန်မာစာပဲ သင်တယ်။ လိုအပ်ရင် ကျန်တာသင်တယ်။ အလုံးစုံတော့ မသင်နိုင် ဘူးလေ။ သူအားသာတဲ့အတိုင်း နေရာချပေးရင် ရတယ်လေ။ ဆရာ ဖြစ်ချင်တဲ့ နှလုံးသားရှိတယ်။ ဝါသနာ၊ စေတနာ၊ အနစ်နာလည်း ရှိတယ်။ Generation သစ်တွေ မွေးထုတ်ပေးနိုင်ရင် ရပြီလေ။ လူတစ်ယောက်ရဲ့ အခွင့် အရေးကို ပိတ်ပင်တာ မဖြစ်သင့်ဘူး။ ပညာရေးက ဒေါက်တာခိုင်မြဲကတော့ ဖြေလျှော့မှုတွေ လုပ်မယ်လို့ ပြောထားပါတယ်။

မေး။ ။ ပတ်ဝန်းကျင်ကြောင့် သင်ယူချင်စိတ်မရှိတာမျိုးကော ရှိလား။

ဖြေ။ ။ ရှိတယ်။ မိဘတွေကိုယ်တိုင်က မထားချင်တာ။ ဒီကလေး ကျောင်းသွားရင် နှိပ်စက်ခံရမယ်။ ဒုက္ခများမယ်။ ကလေးပေါ်မှာလည်း မျှော်လင့်ချက်မထားဘူး။ ငါတို့ မသေခင် လုပ်ကျွေးမယ်ဆိုတဲ့ စိတ်နဲ့ ပေါ့။ အဲဒီတော့ သူတို့က ဘယ်အချိန်အထိ အာမခံမှာလဲဆိုတဲ့ ပြန်မေးခွန်းလည်းထုတ်ကော သူတို့မှာ အဖြေမရှိဘူး။ တချို့က အသက် ကွာဟနေတော့ ကလေးတွေကိုယ်တိုင်က မသွားချင်တာ။ သာမန်ကလေးတောင် ကျောင်းစတက်တက်ချင်းမှာ တရက်၊ နှစ်ရက်လိုက်ထိုင်ပေးရတယ်။ မသန်စွမ်း ကလေးတွေလည်း အဲဒီလိုပဲ။ ဒါကို မိဘတွေက မလိုက်ပေးနိုင်ဘူး။

Loading