ပို့ကုန်နှင့် သွင်းကုန် မျှတမှုမရှိသဖြင့် ကုန်သွယ်ရေးလိုငွေများ ပြနေသော မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးကို ပိုမိုမြှင့်တင်ရန်နှင့် တရားမဝင် ကုန်ပစ္စည်းများကို ဈေးကွက်အတွင်းသို့ ဝင်မလာစေရန် မည်ကဲ့သို့ တားဆီးနေသည် ဆိုသည်ကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က နေပြည်တော်တွင် ယခုတပတ် အတွင်း ဧရာဝတီကို ထုတ်ဖော် ပြောကြားခဲ့ပါသည်။
မေး – မိုဘိုင်း စစ်ဆေးရေးအဖွဲ့တွေကို ၂၀၁၅ခုနှစ်အကုန်မှာ ဖျက်သိမ်းခဲ့တာဆိုတော့ အခုလက်ရှိမှာ ဘယ်လိုပုံစံမျိုးနဲ့ ကိုင်တွယ် ဆောင်ရွက်နေတယ်ဆိုတာကို သိချင်ပါတယ်။
ဖြေ – အခု တရားမဝင် ကုန်စည်တားဆီးရေးကို စီမံရေးနဲ့ ဘဏ္ဍရေးဝန်ကြီးဌာနက ဦးဆောင်ပြီး တာဝန်ယူ ဆောင်ရွက် နေပါတယ်။ ရေပူနဲ့ မရမ်းချောင်ဂိတ်နှစ်ခုမှာ ဖွင့်ပြီးတော့ ဆောင်ရွက်ပါတယ်။ ကျန်တဲ့ဒေသတွေမှာလည်း ဖွင့်ဖို့ အစီအစဉ် ရှိပါတယ်။ အဲဒီဂိတ်တွေမှာတော့ စီးပွားကူးသန်းက ဝန်ထမ်းတွေကိုလည်း လွှဲပေးထားပါတယ်။
မေး – အရင်က ဌာနတွေစုပြီး လုပ်ခဲ့တဲ့ မိုဘိုင်းစစ်ဆေးရေး အဖွဲ့တွေနဲ့ အခု မရှိတော့တဲ့နောက် ထပ်စစ်ဆေးတဲ့ အဖွဲ့တွေက ဘာတွေ ကွာခြားသွားမလဲ။
ဖြေ – မိုဘိုင်းအဖွဲ့တွေကတော့ နေရာအတည်အကျ မဟုတ်ပါဘူး။ လိုအပ်ရင် လိုအပ်သလို ရွှေ့ပြောင်းပြီးတော့ လုပ်သွား တယ်။ ဒါကို ကိုင်တွယ်တုန်းကတော့ စီးပွားကူးသန်းဝန်ကြီးဌာနက အရေးပေါ်ထားပြီး လုပ်ရတာ။ ဒါက ဝင်လာတဲ့ ပစ္စည်း တွေ တရားမဝင်တာနဲ့ ပတ်သက်ပြီးတော့ စိစစ်တယ်။ စိစစ်ဖို့ကတော့ အကောက်ခွန်ဝန်ကြီးဌာနရဲ့ တာဝန်ဖြစ်ပါတယ်။ သူတို့ကတော့ အခု နေရာအတည်တကျ သတ်မှတ်ပြီး စိစစ်နေပါတယ်။ မိုဘိုင်းဆိုတာကတော့ နေရာအတည်တကျ မထားခဲ့ဘဲနဲ့ ရွှေ့ပြောင်းပြီး စစ်ဆေးခဲ့တာပါ။ ယာယီအစီအစဉ်နဲ့ လုပ်ခဲ့တာပါ။ (မိုဘိုင်းစစ်ဆေးရေးအဖွဲ့များကို ၂၀၁၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ဒီဇင်ဘာတွင် အပြီး ဖျက်သိမ်းခဲ့သည်)
မေး – အခု အဲဒီအဖွဲ့တွေကို ဖျက်သိမ်းလိုက်တာက ၁ နှစ်ခွဲကျော်လာပြီဆိုတော့ သူတို့ ရှိခဲ့တုန်းက ၃နှစ်အတွင်းမှာ ကန် ဒေါ်လာ ၅၀ ဘီလီယံဖိုးလောက် တရားမဝင်တာတွေ ဖမ်းခဲ့တယ်။ အခု ၁ နှစ်ခွဲအတွင်းမှာကော ဘယ်လောက်ပမာဏ ဖမ်းဆီးခဲ့တာ ရှိပါသလဲ။
ဖြေ – အဲဒါတွေကတော့ စီမံနဲ့ ဘဏ္ဍာဌာနကပဲ ပိုသိပါမယ်။
မေး – စီးပွားကူးသန်းဝန်ကြီးက ပြောခဲ့တယ်။ ပို့ကုန်သုံးဆ မြှင့်တင်ကြမယ်လို့၊ အဲဒါကကော အခု ဘယ်အဆင့်ထိ ရောက်နေပါသလဲ။
ဖြေ – အခု အများဆုံး ဒီကပို့နေတာက စိုက်ပျိုးရေး ကဏ္ဍကရယ်၊ နောက် အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေကရယ်၊ ဒီလုပ်ငန်းမှာဆိုရင်တော့ အထည်ချုပ်လုပ်ငန်းတွေပေါ့။ အထည်ချုပ် လုပ်ငန်းတွေကတော့ အခုနှစ်အတွင်းမှာ ဒေါ်လာ ၁ဘီလီယံကျော်လောက် တက်လာပါတယ်။ ဒါပေမယ့်လည်း သဘာဝဓာတ်ငွေ့တွေက ပမာဏရော ဈေးနှုန်းရော ကျသွားတဲ့အတွက် လျော့သွားပါတယ်။
ဒါကြောင့်မို့ ဒီနှစ်ထဲမှာ ကုန်သွယ်ရေးအနေနဲ့ ပြီးခဲ့တဲ့နှစ်မှာ အသေးစားနဲ့ အလတ်စားရယ်၊ စိုက်ပျိုးရေးလုပ်ငန်းတွေက တက်လာတယ်။ ဒါကို မြှင့်တင်ဖို့ National Export Strategy နဲ့ လုပ်ဆောင်နေသလို တဖက်ကလည်း ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ပြီးတော့ SEZ ပေါ့နော်။ အထူးစီးပွားရေး ဇုန်တွေပေါ့။ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပြည်တွင်းအတွက် လိုအပ်တာ ထုတ်ဖို့ရှိသလို အဓိက Export ထုတ်ဖို့ နာမည်ရှိပြီးသား ကုမ္ပဏီကြီးတွေ လာရင်းနှီးဖို့။ ဒါကိုဆက်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့အတွက် မကြာခင်မှာ စပါတော့မယ်။
သီလဝါကတော့ ဇုန်ဘီ ဆိုတာ စနေပါပြီ။ သူကတော့ အအောင်မြင်ဆုံး ဖြစ်ပါတယ်။ ဂျပန်အပြင် တခြား ၁၇နိုင်ငံကလည်း လာရင်းနှီးနေကြပါတယ်။ ဒီလိုပဲ ထားဝယ်နဲ့ ကျောက်ဖြူကိုလည်း ဆက်ပြီးတော့ အကောင်အထည် ဖော်နေပါတယ်။ ဒါတွေ အကောင်အထည်ဖော်ပြီးရင်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတဲ့ အခါမှာ ပို့ကုန်တွေက ပိုတိုးလာမှာပါ။ ဒီဇုန်တွေကို လာရင်းနှီးတာဟာ ပို့ကုန်အတွက်ပါ အရမ်းကို အကျိုးထူးပါတယ်။
မေး – တရုတ်နယ်စပ်ဒေသမှာ မြန်မာနိုင်ငံက ဆန်တင်ပို့တာတွေ တရားဝင်ဖြစ်အောင် ဆောင်ရွက်ဖို့ အစိုးရချင်း ဆောင်ရွက်နေတဲ့ အခြေအနေက လက်ရှိမှာ ဘယ်လိုအခြေအနေ ရှိနေပါပြီလဲ။
ဖြေ – ဒီဘက်ကနေ ဆန်တရားဝင်ပို့တာ တန်ချိန် ၁ သိန်း ရှိပါတယ်။ ဒါကတော့ ပင်လယ် ရေကြောင်းကရော ပို့တာ ဖြစ်ပါတယ်။ အဲဒီဘက်မှာ တရားဝင်ဖြစ်ဖို့ကို ဘာတွေလိုလဲဆိုတော့ သူတို့ဘက်မှာ ရှိတဲ့ အရည်အသွေး စစ်ဆေးတဲ့ ဌာနရဲ့ ထောက်ခံချက်ရဖို့ လိုပါတယ်။ အခု ဒီဌာနရဲ့ ထောက်ခံချက်နဲ့ တရားဝင်လမ်းကနေ တင်နေတာက ဆန်စက် ၁၂ စက် မပြည့်သေးပါဘူး။ အဲဒီလောက်ပဲ အရည်အသွေး မီပါသေးတယ်။ ဒါကြောင့် နယ်စပ်ကနေ ပို့မယ့်ဆန်တွေအတွက် အရည်အသွေး ပိုမီအောင် ဆက်လုပ်ဖို့ကတော့ လိုပါလိမ့်မယ်။
မေး – အခု စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ နယ်စပ်က ပို့တာတွေကလည်း များနေတော့ Normal Trade ပမာဏကို တိုးတက်အောင် ဘယ်လို လုပ်ဆောင်ဖို့ ရှိပါသလဲ။
ဖြေ – ဆန်ဆိုရင် ပြီးခဲ့တဲ့ ၂၀၁၅-၁၆ ခုနှစ်မှာ နယ်စပ်ကိုပဲ အားကိုးနေရတယ်။ ပြောရမယ်ဆိုရင် နယ်စပ်က ၈၀ ရာခိုင် နှုန်းလောက်နဲ့ ပင်လယ်ရေကြောင်းက ပို့တာက ၂၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ အခု ၂၀၁၆-၁၇ ခုနှစ်မှာတော့ ပင်လယ် ရေကြောင်းကနေ ပို့တဲ့ဈေးကွက်ကို ပိုတိုးချဲ့ပြီး ဆောင်ရွက်ပါတယ်။ ဒါကြောင့် ပင်လယ်ရေကြောင်းက ၄၀ ရာခိုင်နှုန်း အထိ တိုးတက်လာပါပြီ။ ဆိုတော့ ပင်လယ်ရေကြောင်းပိုင်းကို ပိုတိုးတက်ပြီးတော့ ရလာပါတယ်။ အလားတူ သစ်သီး တင်ပို့မှုကိုလည်း ပင်လယ်ရေကြောင်းကနေ ပိုတင်ပို့နိုင်ဖို့ ဆောင်ရွက်နေပါတယ်။
မေး – နယ်စပ်ကုန်သွယ်ရေး စခန်းတွေကိုကော ပိုတိုးချဲ့ဖို့ ရှိပါသလား။ လက်ရှိမှာကော ဘယ်လောက်ရှိနေပါသလဲ။
ဖြေ – နယ်စပ်ကုန်သွယ်ရေးစခန်းက လက်ရှိမှာ ၁၄ခု ရှိနေပါတယ်။ လတ်တလောကတော့ တိုးဖို့ မရှိပါဘူး။ နောက်ပိုင်း မှာတော့ တိုးလာမှာပါ။ အကြီးဆုံးကတော့ တရုတ်နယ်စပ်နဲ့ ဖြစ်နေတုန်းပါပဲ။
မေး – တရုတ်နဲ့ မြန်မာကုန်သွယ်မှု ပမာဏကကော လတ်တလောမှာ ရာခိုင်နှုန်းဘယ်လောက် ရှိနေပါသလဲ။
ဖြေ – တရုတ်က စုစုပေါင်း ဒေါ်လာ ၁၀ ဘီလီယံ ဝန်းကျင်လောက်ရှိပါတယ်။ စုစုပေါင်းပမာဏကတော့ ဘီလီယံ ၃၀ နီးပါးပေါ့။
မေး – လာမယ့် ၄ နှစ်အတွင်းမှာ အစိုးရက ဆက်လက်လုပ်ဆောင်မယ့် အဓိက လုပ်ငန်းတွေက ဘာတွေဖြစ်မလဲ။ ပို့ကုန် တိုးမြှင့်ဖို့ပဲလား။
ဖြေ – ပို့ကုန်မြှင့်ဖို့ Productivity (ကုန်ထုတ်စွမ်းအား)ကို အရင် မြှင့်ရပါမယ်။ နောက် ဈေးကွက်ရှာရပါမယ်။ ပုဂ္ဂလိက ပိုင်းရဲ့ ပါဝင်မှု၊ ပြည်တွင်းလုပ်ငန်းရှင်တွေက ထုတ်လုပ်နိုင်အောင်၊ ပါဝင်နိုင်အောင် လုပ်ရပါမယ်။ ကုန်ပစ္စည်း မရှိဘဲနဲ့ ဘာမှရောင်းလို့ မရပါဘူး။ သူတို့အတွက် လိုအပ်မယ့် အစီအစဉ်တွေ လုပ်ပေးရပါမယ်။ အထူးသဖြင့် SEZ တွေကို ပို တိုးမြှင့်အောင်လုပ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပိုလာအောင် လုပ်ရပါမယ်။
မေး – စီးပွားကူးသန်းနဲ့ စီမံဘဏ္ဍာဝန်ကြီးဌာနတွေ ပူးပေါင်း ဆောင်ရွက်ရာမှာ ဘာအားနည်းချက်တွေ ရှိနေပါသလဲ။
ဖြေ – အခု အနည်းဆုံး တလကို တကြိမ် ဌာနတွေ အတူတူတွေ့ပါတယ်။ Trade and Development အဖွဲ့ဆိုပြီး Private Sector Development အဖွဲ့ အောက်မှာ ဖွဲ့ထားပါတယ်။ အဲဒီကနေ ကုန်သည်တွေနဲ့ လုပ်ငန်းရှင်တွေကို တွေ့ပါတယ်။ ဘာတွေ အခက်အခဲရှိတယ်ဆိုတာ နားထောင်ပြီး ကျန်တဲ့ ဆက်စပ်နေတဲ့ ဌာနတွေက လိုအပ်ချက်တွေကို ဆောင်ရွက်ဖို့ စီစဉ် ထားရှိပါတယ်။
မေး- ရှေ့နှစ်အတွက် စုစုပေါင်းကုန်သွယ်မှုပမာဏ ဘယ်လောက်ဝင်မယ်လို့ မှန်းထားပါသလဲ။
ဖြေ – Plan အရဆိုရင်တော့ ဒေါ်လာ ၃၀ ဘီလီယံဆိုပေမယ့် ဒီထက် ပိုများအောင် ဆောင်ရွက်နေပါတယ်။