အမေရိကန် နိုင်ငံရောက် မြန်မာများ ဖွဲ့စည်းတည်ထောင်ထားတဲ့ ပြည်သူ့ဂုဏ်ရည် အသင်းက နှစ်စဉ်ချီးမြှင့်တဲ့ ပြည်သူ့ ဂုဏ်ရည်ဆုကို ယခုနှစ်အတွက် မန္တလေးမြို့က ဖောင်တော်ဦးကျောင်း ဆရာတော် “ ဦးနာယက” က ရရှိခဲ့ပါတယ်။
ဆရာတော်က ဒီကျောင်းကို ၁၉၉၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး အခုချိန်မှာတော့ ဖောင်တော်ဦး တက္ကသိုလ် အဆင့် အထိ တိုးမြှင့်ဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဖောင်တော်ဦးကျောင်းက အတန်းပညာများ သင်ကြားပေးရုံမက စာသင်သားကိုရင်တွေနဲ့ ခိုကိုးရာမဲ့ ကလေးငယ်တွေ ကို ကျောင်းအိပ်ကျောင်းစား လက်ခံပေးထားတဲ့ ဘုန်းတော်ကြီးပညာသင် ကျောင်းတကျောင်းလည်း ဖြစ်ပါတယ်။
ပြည်သူ့ဂုဏ်ရည်ဆု ရရှိတဲ့ ဖောင်တော်ဦးကျောင်း ဆရာတော် ဦးနာယကကို ကျောင်းအခြေအနေ၊ လက်ရှိပညာရေး စနစ်နဲ့ အခြေအနေ စတာတွေကို ဧရာဝတီ သတင်းထောက် မြတ်ပြည့်ဖြိုးက မေးမြန်းထားခြင်း ဖြစ်ပါတယ်။
မေး။ ။ ဖောင်တော်ဦး ဘုန်းတော်ကြီးကျောင်းကို ဘယ်လိုရည်ရွယ်ချက်နဲ့ တည်ထောင်ဖြစ်ခဲ့တာပါလဲ။
ဖြေ။ ။ ဒီကျောင်းကို ဘုန်းဘုန်းက ၁၉၉၃ ခုနှစ်မှာ စတည်ထောင်ခဲ့တယ်။ နယ်ဘက်က ဘုန်းကြီးကျောင်းတိုက် တခု မှာ စာသင်သားအဖြစ် သီတင်းသုံးခဲ့တုန်းက ဆွမ်းခံထွက်ရင်း လမ်းတနေရာမှာ အထပ် ၃ ထပ်လောက်ရှိတဲ့ ကရင် အထက်တန်းကျောင်း တကျောင်းကိုတွေ့ခဲ့တယ်။ အဲဒီကျောင်းကို မေးကြည့်တဲ့အခါမှာ ကရင်ခရစ်ယာန် ဘုန်းတော် ကြီးတွေက လုပ်ခဲ့တာလို့ သိရတယ်။
အဲဒါနဲ့ ဒီလိုကျောင်းမျိုး ငါတို့ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ဘာလို့မလုပ်နိုင်ရတာလဲဆိုတဲ့ အတွေးမျိုးပေါ်လာတယ်။
ဒါမျိုးလုပ်ချင်တယ် ဆိုရင်တော့ ခေတ်ပညာကိုပြန်သင်မှ ဖြစ်မယ်ဆိုတဲ့အတွေး ဝင်လာခဲ့တယ်။ အဲဒါနဲ့ လောကုတ္တရာ စာပေသင်ကြားတာရပ်ပြီး ၁၉၇၁ ခုနှစ်မှာ မန္တလေးကို ရောက်လာခဲ့တယ်။ မန္တလေးက မတ္တရာကျောင်းတိုက်မှာ
ခေတ္တ နေထိုင်ပြီး ခေတ်ပညာတွေ၊ လောကီစာပေတွေကို ပဉ္စမတန်းကနေစပြီး သင်ယူခဲ့တယ်။
၁၉၈၁- ၁၉၈၂ ခုနှစ်မှာ မန္တလေး တက္ကသိုလ်ကနေ ဓာတုဗေဒမေဂျာနဲ့ ဘွဲ့ရခဲ့တယ်။ ဖောင်တော်ဦးကျောင်းကို ဘုန်းဘုန်း လေး ဦးဇောတိကနဲ့အတူ ၁၉၈၂ ခုနှစ်မှာ စတည်ထောင်ခဲ့တယ်။ ဒီပတ်ဝန်းကျင်မှာ ဆင်းရဲတဲ့ မိသားစုတွေ က ကလေးတွေ ပညာသင်ကြားနိုင်ဖို့အတွက် အဓိကဦးတည်ပြီး ဖွင့်လှစ်ခဲ့တယ်။ စတည်ထောင်တဲ့ အချိန်ကနေ ၁၉၉၃ ခုနှစ် လောက်အထိ အလယ်တန်း၊ အထက်တန်း ကျောင်းသားကျောင်းသူတွေအတွက် အခမဲ့ကျုရှင်အနေနဲ့ ဖွင့်လှစ်ပြီး ပညာသင်ကြားပေးခဲ့တယ်။
၁၉၉၃ ခုနှစ်မှာတော့ ဖောင်တော်ဦးကျောင်းဟာ ဘုန်းတော်ကြီးသင် မူလတန်းကျောင်းတကျောင်းအဖြစ် ပြောင်းလဲ ဖွင့်လှစ် နိုင်ခဲ့တယ်။ အဲဒီလိုကနေ ၁၉၉၄ ခုနှစ်ကျတော့ အလယ်တန်းအဆင့်အထိ တိုးဖွင့်နိုင်ခဲ့သလို ၂၀၀၀ ခုနှစ်မှာ တော့ တွဲဖက် အထက်တန်းကျောင်း အဆင့်ထိ ဖွင့်နိုင်ခဲ့တယ်။
မေး။ ။ ဖောင်တော်ဦးကျောင်းမှာ သင်ကြားပို့ချပေးနေတဲ့ သင်ရိုးညွှန်းတန်းနဲ့ သင်ကြားတဲ့နည်းစနစ်က ပညာရေး ဝန်ကြီး ဌာန ပုံစံ အတိုင်းပါပဲလား။
ဖြေ။ ။ ပညာရေးဝန်ကြီးဌာနရဲ့ သင်ရိုးညွှန်းတမ်းအတိုင်း သင်တာပါ။ သင်ကြားတဲ့ နည်းစနစ်ကိုပဲ ပြောင်းပြီး သင် တယ်။ ၂၀၀၂ ခုနှစ်မှာ နိုင်ငံတကာ အဆက်အသွယ် အများကြီး ရှိလာခဲ့တယ်။ အဲဒီထဲမှာ ဗြိတိသျှသံရုံးက ကလေး ပညာရေး တတ်သိနားလည်တဲ့ ဆရာဆရာမတွေရဲ့ အကူအညီနဲ့ Fast Track Class ဆိုပြီး ကလေးသူငယ် ဗဟိုပြု သင်ကြားနည်း (Child Centered Approach) နဲ့ စတင်သင်ကြားခဲ့တယ်။ မူလတန်းမှာတင် မြန်မာစာကလွဲပြီး ဘာသာ ရပ် တိုင်းကို အင်္ဂလိပ်ဘာသာစကားနဲ့ သင်စေခဲ့တယ်။ အလယ်တန်းနဲ့ အထက်တန်းကျတော့ (Reading and Writing Critical Thinking, RWCT) နည်းနဲ့ သင်ကြားပေးနေတယ်။
မေး။ ။ ဘုန်းဘုန်းခုနက မိန့်သွားတဲ့အထဲမှာ သင်ကြားရေးစနစ်ကို ပြောင်းလဲခဲ့တယ်လို့ ပါပါတယ်။ ဘယ်အချိန်က စပြီး လုပ်ဖြစ်ခဲ့တာလဲဆိုတာ သိပါရစေ။
ဖြေ။ ။ ကျောင်းစတည်ထောင်တဲ့ အချိန်ကနေ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ဝန်းကျင်အထိ မပြောင်းလဲဘဲ သမာရိုးကျ နည်း အတိုင်း သင်ခဲ့တယ်။ ဒါပေမယ့် ပညာသင်ကြားတာနဲ့ ပတ်သက်လို့ ဘုန်းဘုန်းက နိုင်ငံတကာလည်း ရောက်ခဲ့ လေ့လာတယ်။ ပြောင်းလဲအောင်လည်း လုပ်ချင်တဲ့စိတ်ရှိတယ်။ လက်ရှိဘုန်းဘုန်းတို့ဆီက ကလေးတွေဟာ အလွတ် ကျက် အလွတ်ဖြေစနစ်နဲ့ သွားကြတယ်။ Critical Thinking မပါကြဘူး။ အဲဒီလိုတွေးခေါ်တဲ့ အပိုင်းမှာ ကလေးတွေက အားနည်းလာတယ်။ အလွတ်ကျက် အလွတ်ရေးနည်းနဲ့ မဟုတ်သေးဘူးဆိုတာ သွားတွေ့တယ်။
အလွတ်ကျက် အလွတ်ရလို့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု ထိပ်ဆုံးရောက်ရမယ်ဆိုရင် ကမ္ဘာမှာမြန်မာဟာ နံပါတ်တစ် ဖြစ်နေပြီ။ ဘာလို့လဲဆိုရင် ၆ ဘာသာ ဂုဏ်ထူးတွေ မြန်မာနိုင်ငံမှာပဲ ရှိတယ်။ အခြားနိုင်ငံတွေမှာ မရှိဘူး။ ဒီနိုင်ငံမှာက အလွတ်ကျက်ပြီး စာရွက်ပေါ်မှာ အကုန်ချရေးနိုင်ရင် စာမေးပွဲမှာ အမှတ်ကောင်းကောင်း ရတဲ့အတွက် တော်တယ်လို့ သတ်မှတ်ခံရတယ်။ အဲဒါကြောင့် လူတော်လို့ သတ်မှတ်ခံရလေ ပုံတူကူးချလေလေ ဖြစ်နေတယ်။
အခြားနိုင်ငံတွေမှာက အဲဒီလိုမှ မဟုတ်ဘဲ။ တိုင်းတဲ့ပေတံတွေ လွဲနေတယ်။ အဲဒါကြောင့် လူတော်ကို သတ်မှတ်တဲ့ ပုံစံ ချင်း လုံးဝကွာသွားတယ်။ အဲဒီလိုကနေစပြီး တဖြည်းဖြည်းချင်းနဲ့ သင်ကြားနည်းစနစ်ကို ပြောင်းလဲဖြစ်ခဲ့တယ်။ သူငယ်တန်းကနေ ၈ တန်းအထိတော့ ပြည့်ပြည့်ဝဝ အဲဒီစနစ်အတိုင်း သွားနေပါတယ်။
မေး။ ။ ဖောင်တော်ဦးကျောင်းမှာ သင်ကြားပို့ချပေးတဲ့ ဆရာ၊ ဆရာမတွေရဲ့ စွမ်းရည်မြှင့်တင်ရေးကိုရော ဘယ်လို ဆောင်ရွက်ထားပါလဲ။
ဖြေ။ ။ ကျောင်းမှာ စာသင်ပြတာ နှစ်အရမ်းကြာတဲ့ ဆရာဆရာမတွေ ရှိကြတယ်။ အဲဒီဆရာတွေကနေ တဆင့် နှစ်နည်း အတွေ့အကြုံနုသေးတဲ့ ဆရာတွေကို ပြန်သင်ပေးတာမျိုး ရှိတယ်။ ဝါရင့်ဆရာတွေ စာသင်ကြားတဲ့အခါ Back up အနေနဲ့ လိုက်ပြီး သင်ယူခိုင်းတာ၊ နားထောင်ခိုင်းထားတာတွေ ရှိတယ်။ ပြီးတော့ အင်္ဂလန်က ဆရာ တစ်ယောက် ရှိတယ်။ အဲဒီဆရာက Teacher training နဲ့ အင်္ဂလိပ်စာကို သင်တန်းပေးတယ်။ အမေရိကန် တက္ကသိုလ်ကနေ တနှစ် ကို ဆရာတယောက်စီ ပို့ပေးတယ်။
ကျောင်း ဘတ်ဂျက်ထဲကနေလည်း နိုင်ငံခြားသားဆရာနှစ်ဦး ထပ်ငှားတယ်။ ပြီးတော့ စေတနာ့ဝန်ထမ်း အဖြစ် လာကူ ပေးတဲ့ နိုင်ငံခြားသား ဆရာ ၁၀ ယောက်ကျော် ရှိတယ်။ သူတို့ဆီကလည်း လိုအပ်တဲ့ Training မျိုးတွေ ပြန်ယူရတာ ရှိတယ်။ ၂၀၁၃ ခုနှစ်မှာ အလယ်တန်းအဆင့်ကစတဲ့ New Teacher Training Center ကို ထူထောင်ခဲ့တယ်။ အဲဒီ စင်တာမှာ ၅ တန်းကနေ ၈တန်းအထိ ကလေးတွေကို ခုနက Training ပေးထားတဲ့ ဆရာဆရာမတွေက စာသင်ပေး ကြတယ်။
မေး။ ။ အသစ်ဖွင့်လိုက်တဲ့ ဖောင်တော်ဦး တက္ကသိုလ်အကြောင်း ပြောပြပေးပါ။
ဖြေ။ ။ ဖောင်တော်ဦး တက္ကသိုလ်အတွက် ၂၀၁၅ ခုနှစ်မှာ သြစတြေးလျက ACU တက္ကသိုလ်နဲ့ ချိတ်ဆက် ဖြစ်ခဲ့ တယ်။ ACU တက္ကသိုလ်က သင်ရိုးညွှန်းတန်းနဲ့ အောင်လက်မှတ်ပေးမယ်။ စာသင်နှစ်တနှစ်ဆိုရင် ဖောင်တော်ဦးမှာ ၆ လ၊ ACU မှာ ၆ လ သင်ကြားဖို့ လုပ်နေတယ်။ အဲဒီအတွက် အရည်အချင်းပြည့်စုံတဲ့ ကျောင်းသားတိုင်းကို လက်ခံ တယ်။ သတ်မှတ်ထားတဲ့ အင်္ဂလိပ်စာအမှတ်ရဖို့ လိုအပ်မယ်။ တက္ကသိုလ်ကလည်း အခမဲ့ သင်ကြားပေးတာပါ။ နောင် ကျရင်တော့ မရှိတဲ့သူကို အခမဲ့ဖြစ်မယ်။ တတ်နိုင်တဲ့သူကိုတော့ ထိုက်သင့်တဲ့ ပညာသင်ကြားစရိတ်နဲ့ လက်ခံမယ်။ Non Profit ဆိုပေမယ့် ရှိတဲ့သူက မရှိတဲ့သူအတွက် စရိတ်ပေးတဲ့ပုံစံ ဖြစ်သွားမယ်။
မေး။ ။ အခုအချိန်မှာ ကျောင်းသားကျောင်းသူ၊ ဆရာ အရေအတွက် ဘယ်လောက်ရှိနေပါပြီလဲ။
ဖြေ။ ။ ကျောင်းစဖွင့်တုန်းက ဆရာ၊ ဆရာမ ၁၀ ယောက်လောက်နဲ့ ကျောင်းသား ၄၀၀ ကျော် ရှိတယ်။ မနှစ်က ကျောင်းသားအရေအတွက် စာရင်းဆိုရင် ၈ ထောင်ကျော် ရှိပြီ။ ဆရာ၊ ဆရာမကတော့ အယောက် ၄၀၀ ကျော် ရှိပါ တယ်။
မေး။ ။ ကျောင်းသားဦးရေ ၈၀၀၀ ကျော်မှာ မန္တလေးမြို့က လာတက်တဲ့ ကျောင်းသားတွေရော ပါဝင်ပါလား။
ဖြေ။ ။ နယ်ကလာတက်တဲ့ ကျောင်းသားတွေကိုတော့ ကျောင်းအိပ်ကျောင်းစား အဖြစ် လက်ခံပေးတယ်။ မန္တလေးမြို့ က ကျောင်းသားတွေလည်း ရှိတယ်။ ပုသိမ်ကြီး၊ မြို့သစ်တို့က လာတက်တဲ့ ကျောင်းသားတွေလည်း ရှိတယ်။ အချိုး ကျ မယ်ဆိုရင်တော့ တဝက်စီလောက် ရှိကြပါတယ်။
မေး။ ။ ကျောင်းမှာ စစ်ဘေးရှောင်ကလေးငယ်တွေ ရောက်လာတဲ့အကြောင်းလည်း သိပါရစေ။
ဖြေ။ ။ စစ်ဘေးရှောင် ကလေးတွေရောက်လာတာ အခုဆို အယောက် ၄၀ ကျော် ရှိပြီ။ အဲဒီကလေးတွေကို ဒီမှာ ကျွေးမွေး ထောက်ပံ့ပြီး ကျောင်းထားပေးတာတွေ လုပ်တယ်။ အဲဒါနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် နာဂစ်ဖြစ်တုန်းက ကျောင်းခေါ်လာတဲ့ ကလေးမလေးတယောက် ပြောသလိုပြောရမှာပဲ။ နာဂစ်ဖြစ်တုန်းက ကျောင်းကို ကလေး အယောက် ၁၀၀ ကျော် ခေါ်လာတယ်။
အဲဒီထဲက ကလေးမလေးတယောက်က ကျောင်းရောက်တာလည်း ၃၊ ၄ နှစ် လောက်ရှိပြီ၊ အတန်းပညာလဲသင်ရပြီး အတော်လေးလည်း လူလားမြောက်လာတော့ သူက အခုလိုပြောတယ်။ နာဂစ်ဖြစ်လိုက်တဲ့အတွက် သူဒီကိုရောက်လာ ပြီး ပညာသင်ရတယ်။ နာဂစ်ကြောင့် အမေသေသွားတဲ့အတွက်တော့ မကောင်းပေမယ့် နာဂစ်မဖြစ်ရင် သူလည်း ဒီရောက်မှာ မဟုတ်ဘူးလို့ ပြောရှာတယ်။ အခုလည်း စစ်ဘေးရှောင်ကလေးတွေကို အဲဒီလိုပြောရမလား မသိဘူး။ စစ်ဘေးရှောင်ကလေးတွေက အခုတော့ ဒီမှာပျော်နေကြတယ်။
မေး။ ။ ကျောင်းတည်ထောင်ခဲ့တဲ့ နှစ် ၂၀ ကျော်အတွင်း ဘုန်းဘုန်း ကျေနပ်အားရမှုအရှိဆုံး လုပ်ရပ်က ဘာများ ဖြစ်မလဲ။
ဖြေ။ ။ တပည့်တွေက နိုင်ငံခြား တက္ကသိုလ်တွေမှာ ကျောင်းတက်နိုင်တဲ့အထိ ရောက်သွားတာကို ကျေနပ်တယ်။ အခု ဆို ၂၄ ယောက် ရှိပြီ။ ကျောင်းသွားတက်ကြတာ။ အချို့ကျလည်း ကျောင်းပြီးလို့ ဒီမှာဆရာအဖြစ် ပြန်သင်နေကြပြီ။ အဒီဲလို မွေးထုတ်ပေးရတဲ့အတွက် ပင်ပန်းတယ်။ အားစိုက်ရတယ်။ ဒါပေမယ့် တဘက်မှာလည်း ကျေနပ်ပြီး ပျော်နေ တယ်။
မေး။ ။ မြန်မာနိုင်ငံရဲ့ လက်ရှိပညာရေးစနစ်ကို ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ ခြားနိုင်ငံတွေမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေမှာ ကျတာ၊ အောင်တာတွေ မရှိဘူး။ အားလုံးပြီးစီး သွား တယ် ဆိုတာမျိုးပဲရှိတယ်။ အဲဒီကျောင်းသားရဲ့ စာသင်နှစ်အလိုက် မှတ်တမ်းတွေအားလုံးယူထားပြီး အဲဒီမှတ်တမ်း တွေကြောင့် သူကြိုက်တဲ့ တက္ကသိုလ်ကို လျှောက်ခွင့်၊ တက်ခွင့်ရနိုင်တယ်။ အဲဒီလိုပဲ တက္ကသိုလ်တွေကလည်း သူတု့ိနဲ့ ကိုက်ညီတဲ့ ကျောင်းသားကို ရွေးချယ်လက်ခံကြတယ်။
မြန်မာပြည်က တက္ကသိုလ်တွေလို ကျောင်းသားကို အမှတ်နဲ့ရွေးပြီး အစိုးရပေးတဲ့လူကို လက်ခံရတာမျိုး မဟုတ်ဘူး ပေါ့။ အဲလိုနေရာတွေမှာ အများကြီး ကွာဟနေတယ်။ ဒါကြောင့် ကိုယ့်ဆီက တက္ကသိုလ်တွေဟာ လွတ်လပ်ခွင့်ရဖို့ လိုအပ်တယ်။
မေး။ ။ အဲဒီအတွက် ဘာတွေပြုပြင်ပြောင်းလဲဖို့ အဓိကလိုအပ်ပါသလဲ။
ဖြေ။ ။ ပညာရေးဌာနကို အကြံပြုထားတာတွေ ရှိတယ်။ သူတို့လည်း ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ ပြင်နေတယ်။ စာမေး ပွဲ စနစ်ကို ပြောင်းမယ်ဆိုရင် သင်ကြားရေးစနစ်ကိုလည်း ပြောင်းမှဖြစ်မယ်။ အခုစာမေးပွဲစနစ်က Memory Test ပုံစံ ဖြစ်နေတယ်။ ကလေးတွေဟာ စာမဖတ်ဘူးလို့ ပြောတယ်။ သင်ကြားတဲ့နည်းစနစ်က စာဖတ်စေတဲ့ စနစ်မှမဟုတ်ဘဲ အလွတ်ကျက်၊ အလွတ်ကူးနိုင်ရင် ရနေတာလေ။ ဥပမာတခုအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ရေးပါဆိုရင် သူ အလွတ်ကျက်ထားတဲ့ အတိုင်းပဲ စာရွက်မှာ ချရေးမှာပဲလေ။
အဲဒီလို မဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်လိုမြင်လဲဆိုတဲ့ မေးခွန်းဆိုရင်တော့ ကျောင်းသားဟာ သူ့အမြင်တွေနဲ့ သူလေ့လာထားတာတွေကို ပေါင်းစပ်ပြီး ရေးမယ်လေ။ အဲဒီလို လေ့လာဖို့အတွက် ကျောင်းသားဟာ စာကြည့်တိုက် ကနေ ဒါမှမဟုတ် အင်တာနက်ကနေ သူရှာဖွေစူးစမ်းမှုတွေ လုပ်ရတော့မယ်။ အဲဒါ သူ့အလိုလို စာကြည့်တိုက်ကို ရောက်လာမှာပဲလေ။ သင်တဲ့နည်းကိုက စာဖတ်တဲ့နည်း မဟုတ်ဘဲ စာကျက်တဲ့နည်း ဖြစ်နေတဲ့အတွက် ဒီစနစ်ကို မိဘတွေလည်း သိကိုသိရမယ်။ ပြင်ကိုပြင်ဖို့ လိုအပ်တယ်။
မေး။ ။ အဲဒီလို ပြုပြင်ပြောင်းလဲနိုင်ဖို့ ဘာက အတားအဆီး ဖြစ်နေပါလဲ။
ဖြေ။ ။ ဒီအကြောင်းအရာတွေကို ဝန်ကြီးနဲ့တွေ့တဲ့အချိန်မှာ ပြောဖြစ်တယ်။ သူကတော့ လူကြီးဖြစ်နေတဲ့အတွက် ချိန်ဆ နေတဲ့ သဘောမှာ ရှိတယ်။ အဓိကကတော့ ပြည်သူလူထု လက်ခံနိုင်ပါ့မလားဆိုတဲ့ အချက်ကိုပေါ့။ ပြီးတော့ တပြိုင်နက် ပြောင်းမယ်ဆိုရင်လည်း အတော်လေး အားစိုက်ထည့်ရမယ့် အနေအထားမျိုးလည်း ဖြစ်သလို မပြောင်းလဲ ချင်တဲ့ ထုကြီးတွေကလည်း ရှိနေသေးတယ်။ တချို့ကျူရှင်တွေ၊ ဘော်ဒါတွေပေါ့။ အဲဒီထုကို ဘယ်လိုကျော်လွှားမလဲ။
မေး။ ။ ကျောင်းက မွေးထုတ်လိုက်တဲ့အထဲက ထွန်းထွန်းပေါက်ပေါက် ဖြစ်သွားတဲ့တပည့်တွေရော ရှိပါလား။
ဖြေ။ ။ ပြောရရင် အများကြီးပါပဲ။ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ်တွေ အများကြီးပဲ။ မှတ်တောင် မမှတ်မိဘူး။ တချို့ ကျတော့လည်း ကျောင်းမှာပြန်ပြီး ဆရာဆရာမအဖြစ် အလုပ်ပြန်ဝင်ပေးကြတယ်။
မေး။ ။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတကျောင်း ဖြစ်တဲ့အတွက် ဘယ်လိုအခက်အခဲတွေကို အဓိက ရင်ဆိုင် ရပါလဲ။
ဖြေ။ ။ အဓိက အခက်အခဲကို ပြောရမယ်ဆိုရင် ဘတ်ဂျက်ပေါ့။ အဲဒါက တော်တော်ခက်ခဲတယ်။ ကျောင်းအဆောက် အအုံ ဆောက်တာတွေ၊ ဆရာဆရာမနဲ့ ဝန်ထမ်းတွေအတွက် လခ၊ ကလေးတွေ ကျွေးတဲ့မွေးတဲ့ စရိတ်တွေကြောင့် တလတလ စရိတ်မနည်းဘူး။
အကြမ်းဖျင်းအားဖြင့် ကုန်ကျစ.ရိတ်က တလကို သိန်း ၅၀၀ နဲ့ ၆၀၀ ကြားမှာ ရှိတယ်။ ပြီးခဲ့တဲ့လကဆိုရင် လျှပ်စစ် မီတာခ ကိုက ၂၈ သိန်းကျတယ်။ နိုင်ငံခြားက အထောက်အပံ့တချို့ရပါတယ်။ ဒါပေမယ့် လုံလောက်တဲ့ အနေအထား တခုတော့ မဟုတ်ဘူးလေ။ လတိုင်း လိုငွေပြနေတယ်။ အဲဒါကြောင့် တဘက်ကနေ ဝင်ငွေဘယ်လိုရေ အာင်ရှာမလဲ ဆိုတာတော့ စိတ်ကူးနေတယ်။ ဟိုတယ် ဖွင့်ရင် ကောင်းမလား။ ဟိုတယ် ဖွင့်မယ်ဆိုတော့လည်း ဘယ်မလဲ အရင်း အနှီး။ အဲဒီလိုတွေတွေးမိရင် တခါတလေ ညအိပ်တောင်မပျော်ဘူး။
မေး။ ။ ဘတ်ဂျက် အခက်အခဲကြောင့် ကျောင်းကြီး ပိတ်လိုက်ရမယ့် အခြေအနေမျိုး ရှိလာနိုင်မလား။
ဖြေ။ ။ လတိုင်း လိုငွေပြနေတဲ့အတွက် ရေရှည်ဆိုရင် ခက်မယ်။ စိုးတော့စိုးရိမ်တယ်။ ဒါပေမယ့် အဲဒီလို မဖြစ်အောင် တော့ လုပ်ရမှာပေါ့။ ကံ၊ ကံ၏အကျိုးဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားပေးပြီး ယုံကြည်ထားတယ်။ ကိုယ်က ကောင်းတဲ့ ကိစ္စ လုပ်တဲ့အတွက် ကံအကျိုးပေးမယ် ဆိုပြီးပေါ့။ ကျောင်းစထောင်တဲ့ အချိန်တုန်းကတောင် လမ်းဘေးထွက် အလှူ ခံရတာတွေ ရှိခဲ့သေးတာလေ။
မေး။ ။ ပြည်သူ့ဂုဏ်ရည်ဆုကို ဘယ်လိုအချက်တွေကြောင့် ရွေးချယ်ခံရတယ်ဆိုတာ ပြောပြပေးပါဦး။
ဖြေ။ ။ ဘုန်းဘုန်းရဲ့ ကျောင်းမှာ လက်ရှိပညာရေးစနစ်ရဲ့ အလွတ်ကျက်၊ ကူးချတဲ့စနစ်မျိုးမလုပ်ဘဲ သင်ကြားရေး နည်း စနစ်ကို ပြောင်းလဲလိုက်တယ်။ ကလေးတွေကို လွတ်လပ်စွာ တွေးခေါ်တဲ့နည်းလမ်းမျိုးနဲ့ ဘုန်းဘုန်းက သင်ကြား မှုကို ပြုလုပ်စေတယ်။ အဲဒါက အချက်တချက်ပေါ့။ ပြီးတော့ ပရဟိတအနေနဲ့ ကျောင်းမှာ ကိုရင်၊ ဦးပဉ္ဖင်း တွေ အပါအဝင် ကျောင်းအိပ်ကျောင်းစား ကလေးငယ် ၁၂၀၀ ကျော် ရှိတယ်။ နောက်တခုကတော့ အတန်းပညာ သင်ကြားရေးတင် မဟုတ်ဘဲ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေဖြစ်တဲ့ စက်ချုပ်၊ ကွန်ပျုတာတို့စတဲ့ ပညာတွေကို ပါ သင်ကြားပေးတဲ့အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို ရွေးချယ်ခံရတာဖြစ်တယ်။
မေး။ ။ ကျောင်းအတွက် ငွေလှူဒါန်းချင်တဲ့ အလှူရှင်တွေအတွက် ဘယ်လိုလှူရမလဲဆိုတာ ပြောပြပေးပါဦး။
ဖြေ။ ။ ကျောင်းကို တိုက်ရိုက်လာပြီး လှူလည်းရသလို မိုဘိုင်းဖုန်းတွေကတဆင့် လှူလို့ရပါတယ်။ MPT ဖုန်းဆိုရင် “2801” နံပါတ်ကို 1000 လို့ မက်ဆေ့ပို့ပြီး လှူနိုင်ပါတယ်။ အဲဒီနံပါတ်ကတော့ တကြိမ်ကို ၁ ထောင်ကျပ်စီ လှူနိုင် တယ်။ တလ ၁ ထောင်နှုန်းနဲ့ လူတသိန်းလှူနိုင်ရင် ဒီကျောင်းကြီးမတ်ပါပြီ။ Telenor ဖုန်းဆိုရင်တော့ Wave Money ဖုန်း application ကနေ အကောင့်သစ်တခုဖွင့်ပြီး ဖောင်တော်ဦး အကောင့်နံပါတ်ဖြစ်တဲ့ (PDO Account – 09771315038) ကိုရိုက်ပြီး ဆန္ဒရှိသလောက် လှူဒါန်းနိုင်ပါတယ်။ www.pdoeducation.org website မှာ credit card က တဆင့်လည်း လှူလို့လည်းရပါတယ်။ ။