မကြာသေးခင် ဧပြီလအတွင်းက အမျိုးသားစာပေဆုမှာ ခေတ်ပေါ်ကဗျာနဲ့လေးလုံးစပ် မခွဲခြားဘဲ တဆုတည်း ပေးတော့မယ် ဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်ရာမှ ဆုရွေးချယ်ရေးအဖွဲ့တွင်းမှ နှုတ်ထွက်သူထွက် စသဖြင့် အသံများ ဝေစည်ခဲ့ပါတယ်။ အမျိုးသားစာပေကဗျာဆုနဲ့ ပတ်သက်ပြီးလည်း သဘောထားများ၊ ရပ်တည်ချက်များ အမြင်အမျိုးမျိုးကိုလည်း ကြားခဲ့ရပါတယ်။
အခုလည်း ရွှေအမြုတေကဗျာဆုရှင်ရဲ့ကဗျာနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်ရော စာပေဝန်းကျင်များမှာပါ လှုပ်ခတ်သွားခဲ့ ပါတယ်။ အသက် ၂၄ နှစ်အရွယ် ရွှေအမြုတေ ကဗျာဆုရှင် ဆရာမ မိကုဋေနဲ့ ဧရာဝတီမှ ကော်ပီအယ်ဒီတာ K ငြိမ်းချမ်း က တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ ဆရာမ မိကုဋေဆိုတဲ့ကလောင်အမည်နဲ့ပတ်သက်ပြီး အခြားအနက်ရှိလား ပြောပါဦး။ ဇာတိ၊ လူမျိုးနဲ့ အသက်ရော ပရိသတ်တွေသိအောင် ပြောပေးပါ။
ဖြေ။ ။ မိကုဋေဆိုတာ ညီမရဲ့ ငယ်နာမည်ပါ။ အမေပေးထားတဲ့ နာမည်ဖြစ်တဲ့ ကုဋေစီဆိုတာကို ယူထားတဲ့ မိကုဋေဆိုတဲ့ ကလောင်နာမည်ပါ။ မွေးဖွားရာဇာတိက မြင်းခြံခရိုင် နွားထိုးကြီးနယ်က ထန်းခွရွာမှာပါ၊ လသားအရွယ်ကတည်းက ခုချိန် ထိတော့ မန်းလေးမှာပဲ နေထိုင်ကြီးပြင်းခဲ့တာပါ။ အသက်က ၂၄ နှစ်ပါ။
မေး။ ။ ဘယ်အချိန်က ကဗျာစတင်ရေးပြီး ပထမဆုံး ပုံနှိပ်ကဗျာနဲ့ဂျာနယ်၊ မဂ္ဂဇင်းကို ပြောပြပေးလို့ရမလား။
ဖြေ။ ။ ကဗျာစရေးတာကတော့ ၂၀၁၆ မှ စရေးခဲ့ပါတယ် .. ပထမဆုံး ပုံနှိပ်စာမူက အခု ရွှေအမြုတေကဗျာဆုရတဲ့ “ပုန်းခို စရာ အခွံပါမလာတဲ့ ဒဏ်ရာ”ပါ ။ နှင်းဆီဖြူ ဂျာနယ် ၂၀၁၇ ဇန်နဝါရီလထုတ်မှာ ပါတာပါ ။
မေး။ ။ မြန်မာကဗျာလောကမှာ အားကျလေးစားခဲ့ရတဲ့ ကဗျာဆရာ/မ ဘယ်သူတွေဖြစ်မလဲ။ ဘာကြောင့် နှစ်သက်ရတယ် ဆိုတာရော ပြောပြပေးပါ။
ဖြေ။ ။ မြန်မာ့ကဗျာလောကမှာ အားကျလေးစားခဲ့ရတဲ့ကဗျာဆရာက ဆရာကြီး မင်းသုဝဏ်ပါ.. ငယ်တည်းက ဆရာကြီးရဲ့ ကဗျာတွေနဲ့ ထိခတ်ခဲ့ရတာပါ။ ဆရာကြီးရဲ့ကဗျာတွေက နူးညံ့သိမ်မွေ့တယ်။ တွေးစရာ အများကြီးပေးတယ် ။ ချစ်စရာ ကောင်းတယ်။
မေး။ ။ အနှစ်သက်ဆုံး ကဗျာစာအုပ်နဲ့ရေးသားသူ ကလောင် ပြောပြပေးပါ။
ဖြေ။ ။ အနှစ်သက်ဆုံးကဗျာစာအုပ်ရယ်တော့ မရှိပါဘူး။ ဒါပေမယ့် နှစ်သက်တဲ့ကဗျာစာအုပ်တွေဆိုရင်တော့ ဆရာကြီး မင်းသုဝဏ်ရဲ့ ကလေးကဗျာပေါင်းချုပ်ရယ်။ သုခမိန်လှိုင်ရဲ့ အငြိမ့်ဆိုတဲ့ ကဗျာစာအုပ်ရယ်ပါ။
မေး။ ။ ရွှေအမြုတေ ကဗျာဆုရတဲ့ကဗျာနဲ့ ပုံနှိပ်ဖော်ပြခဲ့တဲ့ မဂ္ဂဇင်း
ဖြေ။ ။ ခုနက ပြောပြီးပါပြီ .. ကဗျာက ပုန်းခိုစရာ အခွံပါမလာတဲ့ ဒဏ်ရာပါ။ နှင်းဆီဖြူဂျာနယ် ၂၀၁၇ ဇန်နဝါရီလထုတ်ပါ။
မေး။ ။ ဆုရတဲ့ ခံစားချက်ပီတိ
ဖြေ။ ။ ဆုရတော့ ပျော်တာပေါ့ ။
မေး။ ။ ကဗျာကို ရေးသားမိတဲ့ တွန်းအား(သို့) စေ့ဆော်မှုတခုခု
ဖြေ။ ။ အဲဒီကဗျာကိုရေးမိတာက တခြားတော့ မရှိပါဘူး ။ နှစ်ပေါင်းများစွာ စိတ်ထဲ နစ်ဝင်နေတဲ့အရာတခုကို ဆွဲထုတ် လိုက်ခြင်းသပ်သပ်ပါပဲ။
မေး။ ။ ဆုရတဲ့ ကဗျာအပေါ် လူမှုကွန်ရက်ပေါ်က ဝေဖန်မှုတွေအပေါ် ဆရာမ ပြောချင်တာရှိရင်ပြောပေးပါဦး။
ဖြေ။ ။ ဝေဖန်တာတွေကတော့ အစုံပဲပေါ့နော် .. နစ်နစ်နာနာပြောကြတာတွေရှိတယ်။ ရိုင်းရိုင်းစိုင်းစိုင်းပြောကြတာတွေ လည်း တွေ့ပါတယ်။ ဒါပေမယ့် အဲဒါတွေက ကျနော့်ဆီ ဘာမှ မရောက်ရှိပါဘူး။ ပြုံးပြီးကြည့်နေလိုက်တာပါပဲ။
မေး။ ။ တချို့ဝေဖန်ချက်တွေမှာ မြန်မာအမျိုးသမီးတယောက်အနေနဲ့ SEX ဆန်တယ်၊ ရည်ရွယ်ချက်က မကောင်းဘူး ပြောဆိုနေမှုတွေနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါလဲ။
ဖြေ။ ။ အင်း ဟုတ်တယ် .. အဲဒီလို ပြောကြတာတွေ တွေ့တယ်။ ဒါတွေက တဦးတယောက်ချင်းစီရဲ့အမြင်တွေဖြစ်တဲ့အတွက် ကျနော်က တလေးတစား ရှိပါတယ်။ သူတို့ မြင်တဲ့အတိုင်း ရှိပါစေပေါ့။ ကျနော်တို့မှာ လွတ်လပ်သော အမြင်တွေ ရှိကြပါ တယ်။ ကိုယ့်စိတ်လိုရာအတိုင်းမြင်လို့ရပါတယ်။ ဒါပေမယ့် စည်းလွတ်ဝါးလွတ်တော့ မကောင်းဘူးပေါ့ ။ ရည်ရွယ်ချက် ကောင်းခြင်းမကောင်းခြင်းဆိုတာကကျ ပြောရရင် ညီမက ကဗျာရေးတာပါ။ ဘယ်သူကိုတော့ဖြင့် ဘာရစေဆိုတာမျိုး မရှိပါဘူး။ ကဗျာဖတ်သူတွေကသာ ကဗျာတပုဒ်ဆီကနေ ရချင်တာ ယူသွားကြမှာပါပဲ။
မေး။ ကဗျာနဲ့ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်ဖြစ်မယ့် အနုပညာလမ်းကြောင်းကို ပြောပြပေးပါ။
ဖြေ။ ။ ကဗျာပဲ ဆက်ရေးပါမယ်။
မေး။ ဆုရကဗျာနဲ့ဝေဖန်မှုတွေ အပေါ် ဆရာမ ဖြည့်စွက်ပြောချင်တာများရှိရင်
ဖြေ။ ။ မရှိပါဘူးရှင့်။