နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးအပြီး ဆုံးဖြတ်ခဲ့တဲ့ ရလာဒ်တွေဟာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ စိုးရိမ် ရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ သဘောထားတင်းမာသူများလို့ ဆိုကြတဲ့ ခေါင်းဆောင်ဟောင်းတွေက ဇွန်လ ၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
သူတို့ထောက်ပြတာကတော့ လက်မှတ်ရေးထိုးရာမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းအားလုံး ပါဝင်နိုင်မှုမရှိခြင်း၊ တိုင်းရင်းသား နိုင်ငံရေးပါတီတွေရဲ့ သဘောတူညီမှုကို သေချာမရယူခြင်း၊ ညီလာခံအတွင်း အပြန်အလှန်ညှိနှိုင်းပြီး သဘောတူ ညီတာမျိုး မဟုတ်ဘဲ အပေါ်စီးက ဖိအားပေးပြီး ဆုံးဖြတ်ခြင်း စတာကို တွေ့ရတယ်လို့ဆိုပါတယ်။
သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ တချို့အချက်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်အတွင်းမှာသာ ဖြစ်နေပြီး ကျန် အချက်တွေမှာလည်း ယျေဘူယျ ဆန်ဆန်သာ ဖြစ်နေတဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရှေ့ဆက် လုပ်ဆောင်ဖို့ အခက်အခဲတွေရှိနေတယ်လို့ သူုတိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ထုတ်ပြန်ချက်ပါ သဘောထားအချက်အလက်တွေနဲ့ပတ်သက်ပြီး KNU ဒုဥက္ကဋ္ဌဟောင် ပဒိုနော်စီဖိုးရာစိန် ကို ဧရာဝတီသတင်းထောက် ကျော်ခ က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ ၂၁ ပင်လုံသဘောတူညီချက် ရလာဒ်တွေနဲ့ပတ်သက်လို့ စိုးရိမ်တယ်ဆိုပြီး KNU Concerned Group ကနေ ဇွန်လ ၈ ရက် နေ့မှာ စာတစောင်ထုတ်ပြန်တာတွေ့ရပါတယ်။ အဲဒီစာထုတ်ပြန်တဲ့ အဖွဲ့ဟာ ၁၆ ကြိမ် မြောက် KNU ညီလာခံမှာ အရွေးချယ်မခံခဲ့ရတဲ့ ခေါင်းဆောင်တွေ တနည်းပြောရရင် တချို့ပြောနေကြသလို KNU အမာလိုင်း အဖွဲ့ကနေ ထုတ်တယ်လို့ ပြောလို့ရမလား။
ဖြေ ။ ။ အဲဒါကတော့ အခုသွားနေတဲ့လမ်းကြောင်းအပေါ်မှာ စိုးရိမ်မှုရှိနေတဲ့ KNU တွေကပဲ ပြောနေကြတာပေါ့လေ။ ၃-၄ ယောက်တည်းက စိုးရိမ်နေကြတာမဟုတ်ဘူး။ တခုလုံးအတိုင်းအတာပုံစံမျိုးရှိတာပေါ့လေ။ အခုသွားနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုပါ။
မေး ။ ။ ၂၁ ပင်လုံမှာတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ မြေယာ ဆိုပြီး ကဏ္ဍ ၄ ခုကို ဆွေးနွေးခဲ့တာပါ။ အဲဒီအထဲကမှ အချက် ၃၇ ချက်ကို သဘောတူညီခဲ့တာ ဆိုတော့ အဲဒီအချက်တွေအပေါ်မှာ စိုးရိမ်တာကိုပြောတာလား။
ဖြေ ။ ။ ဒီ ၃၇ ချက်က တကယ်တမ်းတော့ အခြေခံမူသိပ်မပါဘူးပေါ့။ အများအားဖြင့်ကတော့ ယျေဘူယျ ပဲဖြစ်တယ်။ တချို့ စကားလုံးတွေ၊ အပိုဒ်တွေကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာဘဲ ပြန်ထည့်လိုက်တဲ့ဟာမျိုးဖြစ်တယ်။ ပြီးတော့ ဒီ ၃၇ ချက်ထဲမှာလည်း တိုင်းရင်းသားကိစ္စနဲ့ ပတ်သက်ပြီးတော့ ရှင်းရှင်းလင်းလင်းဖော်ပြတာမရှိဘူး။ မရှိတဲ့အပေါ်မှာ ကျမတို့ စိုးရိမ်တာကို ဖော်ပြတာဖြစ်တယ်။
နောက်တချက်ကတော့ ဒီလိုဆုံးဖြတ်တဲ့အပေါ်မှာ ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်းတခုဖြစ်ပြီး၊ ဒါပေမယ့် ဒါကို ဆက်လက်ပြီးတော့ ဆွေးနွေးနိုင်မယ့် အလားအလာရှိသေးလား။ မပါသေးတဲ့ အဖွဲ့အစည်းတွေ၊ မပြည့်စုံသေးတာကို နောက်ဆို ဆက်လက် ဆွေးနွေးလို့ရသေးလား၊ မရသေးလား ရှင်းရှင်းလင်းလင်း မရှိသေးတဲ့ အပေါ်မှာ ကျမတို့ အများကြီး စိုးရိမ်တာ ရှိတယ်။
မေး ။ ။ အဲဒီ ၃၇ ချက်ကို လက်မှတ်ထိုးတယ်ဆိုပေမယ့် အပစ်ရပ် ၈ ဖွဲ့ထဲမှာပါတဲ့ RCSS နဲ့ ALP တို့က သဘောတူညီမှု မရှိဘဲ အစုအဖွဲ့အနေနဲ့ သဘောတူညီခဲ့ရတယ်ဆိုပြီး ကာယကံရှင်အဖွဲ့အစည်းတွေက ပြောတာလည်း ရှိပါတယ်။ ဒီအပေါ်မှာ ဆရာမအနေနဲ့ ဘယ်လိုမြင်လဲ။
ဖြေ ။ ။ ကျမနားလည်တာကတော့ အစုအဖွဲ့အနေနဲ့ သဘောတူညီတယ်ဆိုတာက အဲဒီ ၆ ဖွဲ့ပါတဲ့ အစုအဖွဲ့ပဲဖြစ်တယ်။ အပစ်ရပ်ထားတဲ့ ၈ ဖွဲ့မှာ နှစ်ဖွဲ့ မပါဘူးဆိုတော့ ၆ ဖွဲ့ပဲဖြစ်တယ်လေ။ ဥပမာ ရခိုင်တို့ ဘာတို့ အသံမပါဘူးဆိုရင် ဒါကတော့ အားလုံး သဘော မဖြစ်သေးဘူးပေါ့။
မေး ။ ။ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို တချို့ကတော့ ဒီအစည်းအဝေးဟာ ဘာမှ မထူးခြားဘူးဆိုပြီး ဝေဖန် နေကြတယ်၊ အစိုးရဘက်က မျက်နှာချင်းဆိုင် စာပွဲဝိုင်းပေါ်မှာ ဆွေးနွေး ငြင်းခုန်ခွင့်ရတာ၊ ဒီအထဲကမှ ရလာဒ် တချို့ ရရှိလာတာဟာ အစကောင်းသလို ကောင်းမွန်တဲ့ ရလာဒ်လို့ ဆိုပါတယ်။ ဆရာမ အနေနဲ့ ကရောဘယ်လိုမြင်လဲ။
ဖြေ ။ ။ တခုကတော့ စောစောက ကျမပြောခဲ့သလိုပါပဲ။ ဆွေးနွေးရရှိတဲ့ဟာတွေက အပစ်ရပ် ၆ ဖွဲ့အနေနဲ့ကပဲဆွေးနွေးတာပဲ ဖြစ်နေတယ်ပေါ့လေ။ ၆ ဖွဲ့ကဆွေးနွေးတဲ့ အပေါ်မှာလဲ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်တုန်းက အချက်အလက်တွေ ဥပမာ ကရင်တမျိုးသားလုံးက သဘောထားတင်ပြထားတဲ့ဟာတွေ ဒါတွေကိုလည်း စုံစုံလင်လင် မပါသေးတာကိုတွေ့ရတယ်။ အဲဒီတော့ တခြားတိုင်းရင်းသားတွေလည်း ပြည့်ပြည့်စုံစုံမပါသေးတဲ့အတွက်ကြောင့်ပေါ့လေ ဒီဆုံးဖြတ်ချက်က ၆ ဖွဲ့ပဲလို့ ပြောလို့ရတယ်။
တကယ်လို့ အစိုးရက ဒီမပြည့်စုံသေးတဲ့အချက်အလက်တွေကို အစိုးရက နောက်ညီလာခံတွေမှာ ဆက်လက်ပြီးတော့ ဆွေးနွေးလို့ ရတယ်၊ ဒီမှာမပါသေးတဲ့ တိုင်းရင်းသားတွေလည်း ဆက်လက်ပြီးတော့ ဖြည့်စွက်လို့ရတယ်၊ အဲသလိုမျိုး အခွင့်အရေးမျိုးရှိတယ်ဆိုလို့ရှိရင်တော့ တမျိုးပေါ့။
ဒါပေမယ့် ဒါကို အသေကိုင်ထားပြီးတော့ ဒါဟာတိုင်းရင်းလက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အစုအဖွဲ့တွေရဲ့ သဘောထား ပဲဖြစ်တယ်။ ဒါကို ပြည်ထောင်စုစာချုပ်ဖြစ်သွားပြီ ဘာမှ ပြင်လို့မရတော့ဘူး ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ကျမတို့ တိုင်းရင်းသား တွေဘက်က နစ်နာသွားမှာပါ။
မေး ။ ။ လက်ရှိအနေအထားမှာ အစိုးရ အထူးသဖြင့် တပ်မတော်နဲ့ အပစ်မရပ်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာ ယုံကြည်မှုတည်ဆောက်မှုဟာ အများကြီးလိုနေသေးတယ်လို့ ပြောလို့ရပါတယ်။ ဒီအခြေအနေ တွေတိုးတက်ဖို့ ဘာတွေလိုတယ်လို့ပြောလို့ရမလဲ။
ဖြေ ။ ။ ကျမသုံးသပ်ချက်ကတော့ မြန်မာပြည်တခုလုံးငြိမ်းချမ်းစေချင်တယ်။ မြန်မာပြည်တခုလုံး ပြုပြင်ပြောင်းလဲတာတွေ မြင်ချင်တယ်။ ဒါတွေနဲ့ပတ်သက်ပြီး ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် အစိုးရမှာတာဝန်ရှိတယ်။ နောက်ပြီးတော့ တပ်မတော်မှာ လည်း တာဝန်ရှိတယ်။ အထူးသဖြင့် စစ်တပ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်နိုင်ဖို့အတွက် လမ်းဖွင့်ပြီးတော့ ဖြစ်သင့်တဲ့ ဟာကို လုပ်ဆောင်မယ်ဆိုရင် ဆက်လက်ပြီးတော့ သွားနိုင်မယ့် အလားအလာရှိတာပေါ့။
ဒီလိုမှမဟုတ်ဘဲ တဘက်သတ် လက်နက်နဲ့ ဖိအားပေးပြီး အနိုင်ကျင့်တဲ့ ပုံစံမျိုးလုပ်မယ်ဆိုရင်တော့ ယုံကြည်မှုက ပိုပြီးတော့ ကျဆင်းလာမယ်။ အားလုံးမျှော်မှန်းထားတဲ့ ပြုပြင်ပြောင်းလဲမှုဟာလည်း မဖြစ်နိုင်ဘူးလို့ ကျမဒီလိုပဲ သုံးသပ်ချင်တယ်။
အဲဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် အားလုံးမပါဝင်ဘဲ အစုတစုပဲပါပြီး ဆက်လက်သွားမယ်ဆိုရင်လည်း အများကြီး စိုးရိမ်မှုရှိတယ်။ အားလုံးနဲ့ ငြိမ်းချမ်းမှု မရဘူးဆိုရင် ပြဿနာတွေဆက်လက်ဖြစ်လာနိုင်တယ်။ အဲဒါကြောင့် အစိုးရဘက်က နည်းလမ်းရှာပြီးတော့ လုပ်ဆောင်ဖို့ လိုတယ်။
မေး ။ ။ မကြာခင်ရက်ပိုင်း လော်ခီးလာမှာ ပြုလုပ်မယ့် KNU ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်မှု ပြုလုပ်မယ့် ပွဲမှာ ၁၆ ကြိမ်မြောက် ညီလာခံမှာ ရွေးချယ်ခြင်းမခံရတဲ့ ဆရာမ အပါအဝင် ခေါင်းဆောင်ဟောင်း တချို့ကို ဖိတ်ကြားတယ် ဒါပေမယ့် ဆရာမတို့ အနေနဲ့ မတက်ဖို့ ဆုံးဖြတ်ထားတယ်လို့ ကြားပါတယ်။ ဘာကြောင့် မတက်ဖြစ်တာ လဲခင်ဗျ။
ဖြေ ။ ။ ဖိတ်တဲ့အပေါ်မှာ တက်ဖြစ်လား၊ မတက်ဖြစ်လား မသေချာသေးပါဘူး။ ကျမအနေနဲ့ အကြံပြုတာကတော့ ရှိနေတဲ့ အနေအထားအပေါ်မှာ ဘယ်လိုအချိန်အခါပဲဖြစ်ဖြစ် ဆက်ပြီး ဘယ်လိုသွားနိုင်မလဲ။ ဘယ်လိုဖြစ်သင့်သလဲ ဆိုတာကို အကြံပြု ချက်တွေ ပေးရမှာဘဲ။
မေး ။ ။ ပြီးခဲ့တဲ့ ၁၆ ကြိမ်မြောက် KNU ညီလာခံမှာ ဆရာမ အပါအဝင် ရွေးချယ်ခြင်းမခံရတဲ့ ခေါင်းဆောင်ဟောင်းတချို့ အနေနဲ့ ရှေ့ဆက်မယ့် ကရင့်နိုင်ငံရေးမှာ ဘယ်လို အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ကြဖို့ရှိလဲ။ ဘယ်လိုပြင်ဆင်မှုတွေ ရှိထားပြီလဲခင်ဗျ။
ဖြေ ။ ။ ကျမတို့အနေနဲ့ကတော့ ရွေးချယ်သည်ဖြစ်စေ၊ မရွေးချယ်သည်ဖြစ်စေ အမျိုးသားရေး အတွက်ကတော့ ဆက်လက် ပြီးတော့ လုပ်ဆောင်ရပါမယ်။ ကျမတို့လည်း အရင်ကတည်းက KNU ကချထားတဲ့ မူဝါဒတွေ အပေါ်မှာ ဆက်လက် ကိုင်ဆွဲပြီးတော့ သွားရမှာပဲဖြစ်တယ်။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ဆရာမ အမြင် သဘောထား ကို သိချင်ပါတယ်။
ဖြေ ။ ။ ကျမအမြင်ကတော့ တိုင်းရင်းသားတွေကလည်း အရင်တုန်းကလည်း သူ့ရဲ့ NLD ကချထားတဲ့ မူဘောင်တွေ ကို ထောက်ခံတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုတွေကိုလည်း ထောက်ခံတယ်။ သူတို့ပါတီ နိုင်တော့လည်း ပြောင်းလဲမှုကို ကျမတို့ အများကြီး မျှော်လင့်ခဲ့ကြတယ်။
ဒါပေမယ့် ကျမအမြင်ကတော့ ခုလိုဖြစ်နေတာကတော့ သူအနေနဲ့ ဘယ်လိုပဲ ပြောင်းလဲချင်နေပါစေ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အောက်မှာ ဝင်နေတဲ့ အတွက်ကြောင့် ဘယ်လိုပဲ သူ့အနေနဲ့ ကြိုးစား၊ ကြိုးစား တပ်မတော်က လွှမ်းမိုးမှုရှိနေသေးတော့ အခက်အခဲ အများကြီး ရှိတာပေါ့လေ။
ဒါကြောင့် သူလုပ်ချင်တဲ့ဟာတွေကို ကောင်းကောင်းမလုပ်နိုင်ဘူးလို့ ကျမကမြင်တယ်။ သူမှာ ပြောင်းလဲချင်တဲ့ စိတ်ဆန္ဒ ရှိပေမယ့်လဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ဟန့်တားထားတယ် အထူးသဖြင့် တပ်မတော်က အာဏာလွှမ်းမိုးမှု ရှိနေတဲ့ အပေါ်မှာ သူ့အတွက်အခက်အခဲတွေရှိနေတယ်။ အဲဒီအခက်အခဲ ဘယ်လိုကျော်လွှားမလဲဆိုတာကတော့ ကျမတို့ ဝိုင်းပြီး လှုံ့ဆော်ရမယ်။ ပြည်သူလူထုတွေကလည်းဝိုင်းပြီး တော့လုပ်ဆောင်ဖို့လိုတာပေါ့။