“ငုတ်တုတ်ကြီး ထိုင်မနေဘူး” ဆိုတဲ့ လူကယ်ပြန် ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး

ဧရာဝတီ
လူကယ်ပြန် ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းမှာ ဇွန်လ ပထမပတ်က စပြီး တပ်မတော်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA )တို့ရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေနဲ့ ပယင်း၊ ရွှေမှော်တွေကနေ ထွက်ပြေးနေရတဲ့ စစ်ရှောင်ဦးရေဟာ ၃၀၀၀ ဝန်းကျင် ရှိနေပါတယ်။

တပ်မတော်က KIA ရဲ့တရားမဝင် ပယင်း၊ ရွှေမှော်တွေကို ရှင်းလင်းမယ်ဆိုတဲ့ စာတွေကို ရဟတ်ယာဉ် ပေါ်ကနေ ကြဲချပြီး နှင်တာက တကြောင်း၊ တိုက်ပွဲဖြစ်တာက တကြောင်းကြောင့် ရွာတွေကနေ တနိုင်းမြို့ ပေါ်ကို ထွက်ပြေးနေရတာပါ။

တပ်မတော်နဲ့ KIA တို့ဟာ ဇွန်လ ၃ ရက်က စပြီး ကောင်ရာ၊ နမ်ဗျူနဲ့ အင်ဂါးဂါး ရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားပြီး လက်ရှိမှာ စစ်ရေး တင်းမာနေဆဲပါ။ တနိုင်းမြို့ပေါ်ကို ပြေးလာတဲ့ ဒေသခံ ဦးရေဟာ ၅၀၀ အထက်မှာ ရှိနေပြီး ကချင်နှစ်ခြင်း အသင်းတော်နဲ့ ဒေသခံ အရပ်ဘက် အဖွဲ့အစည်းတွေက ကူညီ ပေးထား ပါတယ်။ ပြေးမရဘဲ လမ်းမှာ ပိတ်မိနေတဲ့ ဒေသခံတွေလည်း ရှိသလို တနိုင်းမြို့ကနေ တဆင့် နေရပ် အသီးသီးကို ပြန်သွားတဲ့ ရွှေ့ပြောင်းလုပ်သားတွေလည်း အများအပြား ရှိပါတယ်။

ဇွန်လ ၁၀ရက်က ကနေဒါမှာ ကချင်လူမျိုးတွေက တနိုင်းကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဒေသခံများ ပြေးနေရသည်ကို မသိရှိကြောင်း၊ စုံစမ်းမည်ဖြစ်ကြောင်း၊ ထွက်ပြေးနေရသူများကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက ကူညီရမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မတ်လကလည်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့တို့သို့ သွား ရောက်ပြီး စစ်ဘေးရှောင်ကလေးငယ်များ ပညာသင်ကြားနိုင်ရေး၊ အရွယ်ရောက်ပြီး စစ်ဘေးရှောင်များ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးတို့အတွက် လူကယ်ပြန်ဝန်ကြီးဌာနက တာဝန်ယူ ကူညီပေးရမယ်လို့ ပြောထားပါတယ်။

အဆိုပါ ကိစ္စရပ်များနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် စစ်ဘေးရှောင်စခန်းများရှိ ပြည်သူများကို လူကယ်ပြန်ဝန်ကြီးဌာနက လက်ရှိမှာ ဘာတွေ ကူညီဆောင်ရွက်နေသလဲ ဆိုတာကို ဧရာဝတီ သတင်း ဌာနက အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ ဝန်ကြီးတို့ လူကယ်ပြန်ဌာနက ကချင်ပြည်နယ်က စစ်ဘေးရှောင်တွေ၊ တနိုင်းတိုက်ပွဲကြောင့် ပြေးနေရတဲ့ ဒေသခံနဲ့ ရွှေ့ပြောင်း လုပ်သားတွေအတွက် ဘာတွေ ကူညီဆောင်ရွက်နေပါသလဲ။

ဖြေ ။ ။ တနိုင်းကိစ္စကို အရင်ပြောမယ်။ အဲ့ဒီက အလုပ်သမားတွေက သူတို့ကို ရွှေ့ပြောင်းရတာ၊ ပြန်ခိုင်းတာက ကိုယ့်နေရာကိုယ် ပြန်ရမယ့်သဘောဖြစ်နေတော့ အဆင်ပြေတယ်။ သူတို့နေရာ သူတို့ ပြန်ကြတယ်။ တချို့လည်း မပြန်ဘဲနဲ့ မိုးကောင်းမြို့နယ်မှာ ခိုနေကြတာ ရှိတယ်။ ကျနော်တို့ ဒုညွှန်ချုပ်ဆီက သတင်းရတာဆိုရင် တအိမ်မှာ ၁၂ ယောက်၊ ၁၆ ယောက် မိသားစုတွေ နီးစပ်ရာမှာ ခိုကြတာတွေ ရှိတယ်။ နောက် မိုးကောင်းကို ဆင်းမလာကြဘဲနဲ့ လမ်းမှာ ထိတွေ့မှုတွေ ရှိလို့ ပိတ်မိနေတဲ့ လူတွေလည်း ရှိတယ်။

မိုးကောင်းကို ဆင်းလာတဲ့လူတွေ အိမ်ကို ပြန်လို့ ရအောင် ပို့ဆောင်ရေးနဲ့ ညှိထားတယ်။ ရထားတွေကို တွဲပိုတွေ တတွဲ၊ နှစ်တွဲ ချိတ်ပေးဖို့ လုပ်ထားပါတယ်။ ရိက္ခာအတွက်ကိုလည်း ဒုညွှန်ချုပ်ကိုယ်တိုင် ဆောင်ရွက်နေတယ်။ ပြည်နယ်ဝန်ကြီးချုပ်ကလည်း ကျနော်တို့ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ပူးပေါင်းပြီး ကူညီ ဆောင်ရွက်ဖို့ လုပ်ထားပါတယ်။

အရင်တုန်းက တိုက်ပွဲရှောင်တွေ ရှိတယ်။ ကယ်ဆယ်ရေးတို့ ဘာတို့က ကျနော်တို့ ဗန်းမော်တို့ ဘာတို့မှာ ပစ္စည်းတွေ ပုံထားရတာ ရှိတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေ ပို့လို့ မရလို့ပါ။

မေး ။ ။ ဇွန်လ ၁၀ ရက်က နိုင်ငံတော် အတိုင်ပင်ခံက ကနေဒါမှာ တနိုင်းကိစ္စကို မသိသေးဘူးလို့ ပြောပြီး လူကယ်ပြန်မှာ တာဝန်ရှိတယ် ကူညီရမယ်လို့ ဆိုထားတာကြောင့် ကူညီတာလား။ ဒီမတိုင် ခင်ကော ကူညီနေတာ ရှိပါသလား။

ဖြေ ။ ။ ဒီမတိုင်ခင်က အဲဒီက တိုက်ပွဲရှောင်တွေကို ကူညီထောက်ပံ့ဖို့ဆိုပြီး နယ်စပ်ရေးရာ ဝန်ကြီး ဌာနရော ကျနော်တို့ရော ကယ်ဆယ်ဖို့ ပစ္စည်းတွေကို အရောက်ပို့ဖို့ ခက်ခဲတဲ့အတွက်ကြောင့် အခြေအနေ စောင့်နေရတယ်။ ပစ္စည်းတွေကို ပုံထားရတာ ရှိနေပါတယ်။ ကူညီဖို့ အဆင်သင့်ပါ။ တနိုင်းကိစ္စက အခုထပ်ဖြစ်လာတဲ့ ကိစ္စဆိုတော့ လိုက်ကူညီနေပါတယ်။ သူတို့ ပြန်မယ်ဆို ပြန်ဖို့ လုပ်ပေးမယ်။ သွားလာ တဲ့စရိတ်တွေ၊ စားစရိတ်တွေ လတ်တလော ထောက်ပံ့မယ်။ ဒါတွေ ဆောင်ရွက်နေပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံက လူကယ်ပြန်ဝန်ကြီးဌာနက ဆောင်ရွက်ပါလိမ့်မယ်လို့ ပြောတာ မှန်ပါတယ်။

မေး ။ ။ တနိုင်းမှာ ဒုက္ခရောက်လို့ ကယ်ဆယ်ရမယ့်စာရင်းက ဘယ်လောက်ရှိပါသလဲ။

ဖြေ ။ ။ စာရင်းဇယား ကောက်ရလောက်အောင် လူတွေက လက်ရှိ အခြေအနေမှာ မတွေ့ရဘူး။ မိုးကောင်းမှာပဲ ရှိပါသေးတယ်။ အသိအိမ်တွေမှာ ဝင်နေတဲ့သူတွေ လောလောဆယ် သူ (ဒုညွှန်ချုပ်) တွေ့နေတာတော့ လူ ၁၆ ယောက် တအိမ်၊ နောက်တအိမ်မှာ ၁၂ ယောက် တွေ့တယ်။ နောက်ထပ် စာရင်းတွေ လုပ်နေတယ်။ ဘယ်နေရာတွေမှာ ရှိသေးလဲပေါ့။ တချို့လည်း ပြန်သွားကြတယ်။ သူတို့ အစီအစဉ်နဲ့ သူတို့လေ။ အဲ့လိုမျိုးဆိုတော့ လူဦးရေ အတိအကျ ပြောရခက်ပါတယ်။

မေး ။ ။ ရွှေ့ပြောင်းလုပ်သားတွေ မဟုတ်ဘဲ တိုက်ပွဲကြောင့် ပြောင်းရွှေ့လာတဲ့ ဒေသခံတွေကိုကော ဘယ်လို ကူညီပေးနေပါသလဲ ။

ဖြေ ။ ။ မူရင်းဒေသခံကို ကျနော်တို့ ကူညီလို့ ရတဲ့ နေရာကို ရောက်လာရင် ကူညီတယ်။ ဒါပေမယ့် ရောက်တဲ့သူတွေ မရှိဘူး။ မရှိတော့ ကူညီလို့ မရဘူး။ စောင့်နေတာပဲ ရှိပါတယ်။

မေး ။ ။ ကချင်စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် လူကယ်ပြန်ဝန်ကြီးဌာနက ဘယ်လောက် ကူညီမယ်ဆိုတာမျိုး ဘတ်ဂျက် သတ်မှတ်ထားတာ ရှိပါသလား ။

ဖြေ ။ ။ ဘတ်ဂျက်တွေကတော့ သတ်မှတ်ထားတာ မရှိပါဘူး။ ဖြစ်ရင် ကူညီပါတယ်။ ဥပမာ ရုတ်တရက်ကြီး ထွက်ပြေးလာရတဲ့ လူဆိုရင် အနည်းဆုံး တပတ်စာ နှစ်ပတ်စာ ရိက္ခာကို တခါတည်း ပေးလိုက်တယ်။ နောက် ကယ်ဆယ်ရေး ပစ္စည်းတွေ ပေးနေတယ်။ ဒုက္ခရောက်သမျှ ကူညီရမှာလေ။ ဒါပေမယ့် ကျနော်တို့ ဝန်ကြီးဌာနကို ဘတ်ဂျက် ချမှတ်ပေးထားတာတော့ ရှိတာပေါ့။ အဲဒါကိုပဲ သုံးသွားရ တာပေါ့ ။ သုံးရင်းနဲ့ မလောက်ရင် ဖြည့်စွက် ရန်ပုံငွေဆိုတာကနေ ထပ်တောင်းရပါတယ်။ နောက် အမျိုး သား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီလည်း ရှိတယ်။ လုံလုံလောက်လောက် ပေးလို့ ရပါတယ်။

မေး ။ ။ ကချင်စစ်ရှောင်တွေကိုပဲ ကူညီနေတဲ့ အရပ်ဘက်အဖွဲ့တွေရဲ့စာရင်းအရဆိုရင် Government Control Area ထဲမှာ လူဦးရေ တသိန်းနီးပါးရှိတဲ့ စစ်ဘေးရှောင်စခန်း ၁၃၀ ကျော်ရှိပါတယ်။ လူကယ်ပြန်က ကော ဘယ်လို ကူညီနေတာတွေ ရှိပါသလဲ ။

ဖြေ ။ ။ Control Area ဆိုပေမယ့် ကျနော်တို့ ရောက်အောင် သွားလို့ ၊ ပစ္စည်းပို့လို့ ရတဲ့နေရာဆို ပို့ပါ တယ်။ ပို့လို့ မရတဲ့ နေရာဆိုရင်တော့ ပုံထားတာပေါ့။ ဘယ်လောက်ဖြစ်ဖြစ် လူ ၅၀၀၊ ၁၀၀၀ ရှိလည်း ကူညီလို့ ရပါတယ်။

မေး ။ ။ ကူညီဖို့ အခက်အခဲကြုံနေရတာ ရှိပါသလား။

ဖြေ ။ ။ ပို့ဆောင်ရေးက ထိတွေ့မှုတွေ ရှိနေတော့ ဖြတ်သန်းသွားလာဖို့က ခက်ခဲတယ်။ အဓိကကတော့ လုံခြုံရေးပါ။

မေး ။ ။ အရွယ်ရောက်ပြီးသား စစ်ဘေးရှောင်တွေကို အလုပ်ကိုင် အခွင့်အလမ်းတွေ ကူညီပေးဖို့ နိုင်ငံ တော် အတိုင်ပင်ခံက မြစ်ကြီးနားကို ရောက်တုန်း မတ်လမှာ ပြောထားခဲ့တာကြောင့် အဲဒီ အခြေအနေ ဘယ်လို ရှိပါသလဲ။

ဖြေ ။ ။ တနိုင်ငံလုံးမှာရှိတဲ့ ယာယီတည်းခိုနေတဲ့ စစ်ဘေးရှောင် စခန်းတိုင်းမှာ ကျနော်တု့ိ စီမံချက်နဲ့ လုပ်နေတယ်။ အသက်မွေးဝမ်းကျောင်းပေါ့။ အချုပ်အလုပ် သင်တန်းတွေ။ ယောကျ်ားလေးတွေဆိုရင် ကားမောင်း သင်ပေးတယ်။ မွေးမြူရေး သင်တန်းတွေ လုပ်ပေးတယ်။ တိုက်ပွဲရှောင်စခန်းတိုင်းမှာ အဲဒီပုံစံနဲ့ အခု သွားနေပါတယ်။

မေး ။ ။ ကချင်စစ်ဘေးရှောင် စခန်းတာဝန်ခံက အစိုးရက ကူညီတာ မရှိဘူးလို့ ပြောပါတယ်။ ဝန်ကြီးတို့ ကလည်း ကူညီဖို့ ဆောင်ရွက်နေတယ်ဆိုတော့ ကြားမှာ ဘာတွေများ ချိတ်ဆက်မှုတွေ လိုအပ်နေပါသလဲ။

ဖြေ ။ ။ တိုက်ပွဲရှောင်တွေက ပုံမှန် တိုက်ပွဲရှောင် စခန်းရှိတယ်။ ယာယီ တည်းခိုတဲ့ စခန်းရှိတယ်။ အဲဒီ စခန်းကို ပစ္စည်းပို့လို့၊ ကယ်လို့ ရတယ်ဆိုရင် ကယ်ဆယ်ရေးတွေ ဆောင်ရွက်နေပါတယ်။ သွားလို့ မရဘူး ပို့လို့ မရဘူးဆိုရင်တော့ ကယ်လို့ မရဘူး။ အခြေအနေတခုထိ စောင့်ကြည့်ရတာ ရှိတယ်။ ရတဲ့ နည်းလမ်းနဲ့ ပို့ဆောင်ရတာတွေ တခါတရံရှိတယ်။ တိုက်ပွဲရှောင် စခန်းတွေမှာ ကျနော်တို့က လူမှု စီးပွား ဖွံ့ဖြိုးတိုးတက် ရေးတို့ အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ရေးတို့ကနေ တဖက်နဲ့တဖက် စကားပြောတဲ့အခါမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အသိတွေ စကားတွေ ပြောဖို့လည်း ဆောင်ရွက်နေပါတယ်။ ငြိမ်းချမ်းရေးက အလွန်အရေးကြီးပါတယ်။ ဒါတွေ အကုန်အဆင်ပြေသွားဖို့က ငြိမ်းချမ်းရေးပါပဲ ။

မေး ။ ။ လူကယ်ပြန်က ကူညီနိုင်ဖို့ ကြိုးစားနေတယ်ဆိုတော့ ကချင်ပြည်နယ်က စစ်ရှောင်တွေနဲ့ လူကယ်ပြန်ဝန်ကြီးဌာနနဲ့ ဘယ်အချိန်လောက် ထိထိတွေ့တွေ့ ဖြစ်နိုင်မလဲ။

ဖြေ ။ ။ အဲဒါကတော့ ဘယ်လိုမှ မပြောနိုင်ဘူး ဖြစ်နေပါတယ်။ မှန်းလို့ မရဘူး။ ကျနော်တို့က ဆက် သွယ်နေတယ်။ ငုတ်တုတ်ကြီး ထိုင်မနေဘူး။ ညှိနှိုင်းနေတယ်။ ရသလောက်ကို လက်လှမ်းမီရင် ထောက်ပံ့ မယ်။ ဒါပါပဲ။

 

Did you find apk for android? You can find new Free Android Games and apps.
Loading