ရန်ကုန်တိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုသည် ၈နှစ်တာအတွင်း အမြင့်မားဆုံးသို့ ရောက်ရှိနေပြီး သေဆုံးမှုနှုန်းလည်း မြင့်မားလျက်ရှိသည်။ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လဆန်းအထိ ရန်ကုန်တိုင်း ဒေသကြီးတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် ၁၅ နှစ်အောက် ကလေးငယ် ၉ ဦး သေဆုံးခဲ့သည်။ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် သွေးလွန်တုပ်ကွေးရောဂါ တိုက်ဖျက်ရေး အတွက် ညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၁၄ ရက်နေ့ နံနက်က ပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးအပြီးတွင် ဧရာဝတီ သတင်းထောက် သဇင်လှိုင်က ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အေးမွန်မွန်ကျော်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ ဒီနှစ်ထဲမှာသွေးလွန်တုပ်ကွေး အဖြစ်များနေတယ်လို့ သိရပါတယ်။ အခုအစည်းအဝေးကလည်း သွေးလွန်တုပ်ကွေး ပြဿနာအတွက်ဆိုတော့ ဘာတွေများ စီစဉ် ဆောင်ရွက်နေပါသလဲ။
ဖြေ။ ။ ၂၀၁၇ မှာ ရန်ကုန်တိုင်းဒေသကြီးက သွေးလွန်တုပ်ကွေး အဖြစ်များတယ်ပေါ့။ မနှစ်ကထက် စာရင် အဖြစ်များတာ တွေ့ရတဲ့ အတွက်ကြောင့် မိုးတွင်းမှာလည်း ပိုပြီးတော့ ဖြစ်တတ်တဲ့ အတွက် သွေးလွန် တုပ်ကွေးရောဂါ ကာကွယ် နှိမ်နင်းရေး လုပ်ငန်းတွေကို ထပ်ပြီးတော့ အရှိန်အဟုန်မြှင့် ဆောင်ရွက်ဖို့ ဆရာဝန် ကြီးတွေကို မြို့နယ် ကျန်းမာရေး ဦးစီးဌာနက ဖိတ်ပြီးတော့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆောင်ရွက်တာ ဖြစ်ပါတယ်။
မေး။ ။ ဘယ်လိုတွေများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပါမလဲ။
ဖြေ ။ ။ နှိမ်နင်းရမှာကတော့ အဓိကက သွေးလွန်တုပ်ကွေး ခြင်ပေါက်ဖွားနိုင်တဲ့ ရေကြည်၊ ရေသန့်တွေပေါ့။ အဲဒီမှာရှိတဲ့ ပိုးလောက်လမ်းတွေကို အရှိန်အဟုန်ပြင်းပြင်းနဲ့ နှိမ်နင်းဖို့ လိုတာပေါ့။ သွေးလွန်တုပ်ကွေး ခြင်ဖြစ်မယ့် ပိုးလောက်လမ်း တွေက ရေတွေ သိုလှောင်ထားတဲ့ အုတ်ကန်တွေ၊ အိုးတွေ၊ ခွက်တွေ ဒါမျိုးတွေမှာရှိတယ်။ အဲဒါကြောင့် ဒီအိုးတွေ၊ ခွက်တွေမှာ ခြင်ဥ မဥအောင် ဖုံးတာတို့၊ သွန်တာတို့ နောက် ပိုးလောက်လမ်းတွေ ရှိနေတဲ့ ရေဆိုရင် အတွင်းနံရံတွေကို တိုက်ချွတ် ဆေးကြောပြီး သွန်ပစ်ရတာတို့။ ဒါမျိုးတွေကို ပြည်သူလူထုကိုယ်တိုင် လုပ်ဆောင်ဖို့ လိုတာပေါ့။ အဲဒီအတွက် ကျန်းမာရေး ဦးစီးဌာန တခုတည်း တင်မကပါဘူး။ မီဒီယာတွေကတဆင့် ပြည်သူလူထုကိုယ်တိုင် ကိုယ့်အိမ်မှာကိုယ် ပိုးလောက်လမ်း မရှိအောင် လုပ်ဖို့ ဆောင်ရွက်သွားမှာပါ။
မေး။ ။ ပြည်သူလူထုကိုယ်တိုင် ပါဝင်လာဖို့ ဘယ်လိုအစီအစဉ်တွေ ရှိပါသလဲရှင့်။
ဖြေ ။ ။ ကျန်းမာရေး ဦးစီးဌာနအနေနဲ့ကတော့ ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကာကွယ် နှိမ်နင်း ရေး လုပ်ငန်းတွေကို လုပ်ပါတယ်။ အခြေခံပညာကျောင်းတွေတင် မကဘူး။ တက္ကသိုလ်တွေပါ သွားပြီးတော့ ကျောင်းသား၊ ကျောင်းသူတွေကို အသိပညာတွေ ပေးတယ်။ အဲဒီကနေတဆင့် အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားတွေတင် မကဘူး၊ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေပါ ပိုးလောက်လမ်း နှိမ်နင်းရေးကို ပူးပေါင်း ဆောင်ရွက်အောင်လုပ်ဖို့ အစီအစဉ်တွေ ရှိတယ်။ သွေးလွန်တုပ်ကွေး အဖြစ်များတဲ့ ရပ်ကွက်တွေ၊ ကျေးရွာတွေကို ပိုးလောက်လမ်းသေတဲ့ ဆေးခတ်တဲ့ လုပ်ငန်းကိုလည်း လုပ်ပါတယ်။ အရှိန်အဟုန်မြှင့်ပြီးတော့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး ။ ။ ရန်ကုန်တိုင်းဒေသကြီးက အခြားဒေသတွေထက် ဘာကြောင့် ရောဂါအဖြစ်များရတာလဲ။
ဖြေ ။ ။ တနှစ်ပတ်လုံးတော့ မသိသေးဘူးပေါ့။ ဒါပေမဲ့ မေလကုန် ဇွန်လဆန်းထိ ဆိုရင်တော့ အဖြစ်အများဆုံး တွေ့ရတယ်။ ရန်ကုန်တိုင်းက ဖြစ်ပွားမှုများတယ်။ တတိုင်းလုံးမှာ လူဦးရေ သန်း၅၀ကျော် ရှိတဲ့ အထဲမှာ ရန်ကုန်တိုင်းက ၈ သန်းကျော် ၁၀ သန်းလောက် နီးနီးပဲ ။ လူဦးရေသိပ်သည်းမှုများပါတယ်။ အဲဒီအတွက် ဖြစ်ပွားမှုနှုန်း များတာပေါ့နော်။ နောက် ရာသီဥတုပေါ့။ နေပူမယ်၊ မိုးရွာမယ်၊ ခြင်ပေါက်ဖွားမှု ပိုမိုများပြားနိုင်တဲ့ ရာသီဥတုမျိုး ပြောင်းလဲတာတွေ ရှိလာတယ်။ နောက် ကူးသန်းဆက်သွယ်ရေး လွယ်ကူလာတယ်။ ပိုးရှိတဲ့ ခြင်တွေက ကားနဲ့ပဲဖြစ်ဖြစ် ဘယ်နေရာကနေပဲ ဖြစ်ဖြစ် ကူးသန်းဆက်သွယ်မှုလည်း ပိုမိုမြန်ဆန်လာတဲ့ အတွက် ဖြစ်ပွားမှုတွေ များတယ် ။ လူဦးရေထူထပ်သလို ရေသိုလှောင်မှု ကလည်း များတယ်။ စနစ်တကျ ရေသို လှောင်မှု မရှိဘူး။ အဲဒီအထဲမှာ ပိုလောက်လမ်းတွေ ပေါက်ဖွားမှုများတယ်။ အဲဒီအတွက် ဖြစ်ပွားမှုနှုန်း များတယ်။
မေး။ ။ ရန်ကုန်က မြို့ပြဖြစ်ပေမယ့် ဘာကြောင့် ခြင်ပေါက်ဖွားမှုနှုန်း မြင့်မားရတာလဲ။
ဖြေ။ ။ ခြင်ပေါက်ဖွားမှုနှုန်းက မိုးရေချိန်တွေ ၊ ရာသီဥတုတွေကြောင့်လည်း ဖြစ်တယ်။ ပထမဆုံးကတော့ ရေသိုလှောင်ထားတဲ့ ပစ္စည်းတွေ။ အိမ်သုံးပစ္စည်းတွေ၊တိုင်ကီတွေ ကိုယ်သုံးမယ့် ကွန်တိန်နာတွေ အကုန် လုံးမှာ ပေါက်ဖွားနိုင်ပါတယ်။ နောက် လွယ်လွယ်ကူကူနဲ့ စွန့်ပစ်လိုက်တဲ့ ပစ္စည်းတွေမှာ မိုးရေတွေ တင်ကျန်ပြီး တော့ ခြင်တွေ ပေါက်ဖွားတတ်တယ်။ ဖော့ဘူးတွေကို စားပြီးရင် လွှင့်ပစ်လိုက်တယ်။ လွှင့်ပစ်လိုက်တဲ့ အခါမှာ ခြင်ဥနေတယ်။ မိုးနဲ့ ထိတဲ့အခါကျရင် ခြင်ဥကနေ တပတ်၊ ၁၀ရက် အတွင်းမှာ ခြင်တွေ ပေါက်ဖွားတယ်။ အခု ရာသီဥတုက ခြင်တွေဥတယ်။ မိုးတွေက ရွာလိုက်တော့ ဒီအပေါ်မှာမိုးရေတွေ တင်ကျန်တာပေါ့ ။ မိုးရေတင်ကျန်နိုင်တဲ့ ပစ္စည်းတွေ များပြားမှုကလည်း ခြင်ပေါက်ဖွားမှုကို များနိုင်တာပေါ့။
ပိုးလောက်လမ်း ရှိနေသရွေ့ကတော့ ခြင်ပေါက်မယ်။ ဒီဗိုင်းရပ်စ်ပိုးကို သယ်ဆောင်နိုင်တဲ့ ခြင်ရှိသမျှ ဒီခြင်က ကိုက်တော့ တဆင့်တဆင့် ကူးပြီး အမြစ်မဖြတ်နိုင်ဘူးပေါ့။ အဓိကက မြို့ပြလည်း ဆန်လာတယ်ပေါ့နော်။ ရန်ကုန်တိုင်းဆို ပိုဆိုးတာပေါ့။ အဖြစ်များတဲ့ မြို့နယ်တွေဆိုရင် လှိုင်သာယာတို့၊ တောင်ဒဂုံတို့ ဆိုရင် လူနေထိုင်မှု အရမ်းများပြားတယ်။ စနစ်တကျ မြို့ပြတည်ဆောက်မှု မရှိဘူး။ ရေသိုလှောင်တာတွေ ရှိနေရတယ်။ Pipe Water System မရှိဘူးပေါ့။ ရေသိုလှောင်မှုများလေလေ ရေကြည် ၊ ရေသန့်မှာ ပေါက်တဲ့ ခြင်ဖြစ်တာကြောင့် ပေါက်ဖွားမှုနှုန်း ပိုများနေတာပေါ့။
မေး။ ။ ဘယ်လိုဆောင်ရွက်ရင် ခြင်ပေါက်ဖွားနှုန်းတွေ လျော့ကျလာနိုင်မလဲရှင့်။
ဖြေ။ ။ စနစ်တကျ မြို့ပြတည်ဆောက်မှုတွေ ရှိလာတာနဲ့အမျှ ဒီရောဂါက တဖြည်းဖြည်းတော့ ကျဆင်းသွား မှာပေါ့။
မေး ။ ။ ခြင်ပေါက်ဖွားမှုတွေက စနစ်တကျအမှိုက် မစွန့်ပစ်တဲ့ အမှိုက်ပုံတွေနဲ့ကော သက်ဆိုင်ပါသလား။
ဖြေ ။ ။ အမှိုက်ပုံတိုင်းနဲ့တော့ မဆိုင်ဘူး။ ရေကြည် ရေသန့် တင်နိုင်တဲ့ စွန့်ပစ်ပစ္စည်းတွေမှာ အဓိက ရှိပါတယ်။ ရေကြည် ရေသန့်တွေ တင်နိုင်တဲ့ စွန့်ပစ်ပစ္စည်းတွေ၊ ကိုယ်သုံးလိုက်တဲ့ အသုံးမလိုတဲ့ ပစ္စည်းတွေ ဒါတွေကို စနစ်တကျ စွန့်ပစ်ဖို့တော့ လိုပါတယ်။ ခုနကပြောတဲ့ ဖော့ဘူးတွေ၊ အအေးခွန်ဘူးတွေ ဒါတွေကို ဒီအတိုင်း စွန့်ပစ်မယ့်အစား ကြွပ်ကြွပ်အိတ်နဲ့ သေချာထုပ်၊ စည်ပင်ကိုသေချာအပ်တာတို့။ နောက် မလိုအပ်တဲ့ စီးပွားရေးလုပ်ငန်းကပစ္စည်းတွေ တာယာတွေပေါ့။ တာယာဆိုင်တွေဆိုရင် မိုးရေတွေ မဝင်အောင် အဖုံးဖုံးထားဖို့ လိုတာပေါ့။ ဒါမျိုးတွေကိုလည်း ဝိုင်းဝန်း ကူညီပေးရမှာပေါ့။
မေး။ ။ တခြား ဘာများ ဖြည့်စွက် ပြောကြားချင်ပါသလဲ။
ဖြေ ။ ။ မြို့နယ်အလိုက် စည်ပင်သာယာရေး ကော်မတီတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိပါတယ်။ အဓိက ပြောချင် တာက သွေးလွန်တုပ်ကွေးရောဂါသည် အခုအချိန်မှာဆိုရင် အသက်အရွယ်မရွေး ဖြစ်ပွားနေတဲ့ ၊ သေဆုံးမှုလည်း ရှိနေတဲ့ ရောဂါဖြစ်ပါတယ်။ ဒီရောဂါကို နှိမ်နင်းဖို့က ကာကွယ်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ အိမ်မှုကိစ္စတွေ ဆောင်ရွက်နေ ရင်းနဲ့ တနိုင်တပိုင် ပိုးလောက်လမ်း နှိမ်နင်းရေးကို ဆောင်ရွက်ဖို့ လိုတာပေါ့။ ကိုယ့်အိမ်မှာ ပိုးလောက်လမ်း မရှိဘူးဆိုရင် ဒီသွေးလွန်တုပ်ကွေးရောဂါက လုံးဝဖြစ်မှာ မဟုတ်တော့ဘူး။ ဖြစ်ပွားမှုတွေ ကျဆင်းသွားမှာ ဖြစ်တဲ့အတွက် ပိုးလောက်လမ်း နှိမ်နင်းရေးကို မိမိအိမ်ကနေ စပြီးတော့ ပိုးလောက်လမ်း ကင်းစင်တဲ့အိမ်၊ ပြီးရင် မိမိပတ်ဝန်းကျင်၊ ပြီးရင် လမ်းတလျှောက်လုံးကို ပိုးလောက်လမ်း မရှိအောင် အမြဲတမ်း ဆောင်ရွက်နေမယ်ဆိုရင် သွေးလွန်တုပ်ကွေးရောဂါကြီးက ဖြစ်ပွားမှုနှုန်း၊ သေဆုံးမှုနှုန်းက အမှန်တကယ် ကျဆင်းသွားနိုင်ပါတယ်။