ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုမှာ သေဒဏ်ပေးခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးအပေါ် အထောက် အကူ ဖြစ်စေမယ့် မျိုးဗီဇ လို့ခေါ်တဲ့ DNA နဲ့ ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့က တရားရုံးတွေမှာ တင်ပြ ထားတာနဲ့ ကွဲလွဲနေတဲ့ အချက်တွေကို မြန်မာ လူငယ် နှစ်ဦး ဘက်က လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေအဖွဲ့က တွေ့ရှိထားတာလို့ သိရပါတယ်။
တွေ့ရှိထားတဲ့ DNA ကွဲလွဲချက်တွေကို ရှေ့နေတွေအဖွဲ့က နောက်ဆုံး အယူခံတင်ရမယ့် ထိုင်းနိုင်ငံ ဗဟိုတရားရုံးကို တင်တော့မှာဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး နောက်ဆုံး အခြေအနေတွေကို လိပ်ကျွန်းအမှု အထူးစုံစမ်းရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေဦးအောင်မျိုးသန့် ကို ဧရာဝတီ သတင်းထောက် ကျော်ခ ကဆက်သွယ် မေးမြန်းထားပါတယ်။
မေး ။ ။ လိပ်ကျွန်းအမှုနဲ့ ပတ်သက်ပြီး အယူခံထပ်တိုးပေးလိုက်တယ်လို့ သိရတယ်။ ဘယ်လို တိုးပေးလိုက်တာလဲ။ အရင်ဒီလ ၂၃ ရက်နေ့မတိုင်ခင် အယူခံတင်မယ်ဆိုတော့ အဲဒီအခြေအနေက အပြောင်းအလဲ ဖြစ်သွားပြီလား။
ဖြေ ။ ။ အယူခံတင်တာက ဒီလ ၁၅ ရက်နေ့မနက်က တရားရုံးကိုတင်တယ်။ အဲဒီနေ့ ညနေမှာဘဲ ခွင့်ပြုမိန့်ချပေးလိုက်တာပါ။ နောက်လ ဇူလိုင်လ ၂၁ ရက်နေ့အထိ တိုးပေးလိုက်ပါတယ်။ အခုဟာ ဥပဒေအရ တရားခံကလေးနှစ်ယောက်က အပြစ်မရှိဘူး ဆိုတဲ့ အကြောင်းကို ရင်ဆိုင်ဖြေရှင်းရမယ့် နောက်ဆုံးထိုင်းနိုင်ငံ တရားရုံးပါ။ အဲတော့ ဒီလိုတရားရုံးမှာ တင်တဲ့အခါမှာ အချက်အလက် ပြည့်စုံပြီးတော့ လေးနက်စေချင်ပါတယ်။
နောက်တချက်က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက အရင်ပုဂ္ဂိုလ် မဟုတ်တော့ဘဲ သံအမတ် အသစ်ဆိုတော့၊သူ့အနေနဲ့ ဒီအပေါ်မှာ စိတ်ဝင်တစားနဲ့ လေ့လာနေတယ်၊ လေ့လာချက်အပေါ်မှာ မူတည်ပြီး ထိုင်းရှေ့နေများ ကောင်စီနဲ့ ညှိနှိုင်းဆွေးနွေးမှု တွေ လုပ်ချင်သေးသလို လိုအပ်တဲ့ အကြံဉာဏ်တွေ ပေးချင်ပါသေးတယ်။ အဲဒီအခါမှာလည်း ပိုပြီးပြည့်စုံမယ်လို့ ထင်ပါတယ်။
နောက်တချက်က မြန်မာပြည်ကိုယ်စားလှယ်အဖွဲ့ကပေးထားတဲ့ စာမျက်နှာ ၇ မျက်နှာရှိတဲ့ အင်္ဂလိပ်လို အကြံပြုစာရွက်ကလည်း ထိုင်းရှေ့နေများ ကောင်စီကို ရောက်နေပြီဆိုတော့ ပြီးခဲ့တဲ့ ရက်ချိန်း မတိုင်ခင်ကတည်းက အကြမ်းဖျင်း အနေနဲ့တော့ ပြည့်စုံ အောင် ရေးထားပြီးသားပါ။ ဒါပေမယ့် ဒီထက်ကောင်းမွန်တဲ့ အချက်တွေကို ထပ်ဆောင်းပြီးတော့ ရေးနိုင်မယ်ဆိုရင် အယူခံ အတွက် ပိုပြီးတော့ကောင်းမယ်ဆိုပြီးတော့ အယူခံရက်တောင်းဆိုတဲ့သဘောပါပဲ။
မေး ။ ။ လိပ်ကျွန်းအမှုအတွက် အယူခံတောင်းဆိုဖို့ ပြင်ဆင်နေမှုက ဘယ်လို အခြေအနေကို ရောက်နေပြီလဲဆိုတာ သိပါရစေ။
ဖြေ ။ ။ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ဖြစ်တဲ့ ဥပဒေပြုအဖွဲ့တွေကနေပြီးတော့ စာမျက်နှာ ၇ မျက်နှာ ပါတဲ့ အကြံပေး စာရွက်တွေ ကိုတော့ အင်္ဂလိပ်လိုရေးပြီးတော့ ထိုင်းရှေ့နေများကောင်စီကို ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက သွားပို့ပြီးတဲ့ အခြေအနေရှိသွားပါပြီ။ ဒီအပေါ်မှာဘဲ ထိုင်းရှေ့နေများကောင်စီ က အခုအယူခံတင်ဖို့အတွက် ရေးနေပြီလို့ သိရပါတယ်။
မေး ။ ။ စောစောက ပြောတဲ့ မြန်မာနိုင်ငံက ဥပဒေပြုအဖွဲ့ဆိုတာက ဘယ်လိုအဖွဲ့မျိုးလဲခင်ဗျ။
ဖြေ ။ ။ မြန်မာနိုင်ငံ ရှေ့နေချုပ်ရုံးကပါ။ ရှေ့နေချုပ်ရုံးဆိုတာက အရင်တုန်းက မြန်မာကိုယ်စားလှယ် အနေနဲ့ ထိုင်းနိုင်ငံကို ဒီအမှုနဲ့ ပတ်သက်ပြီးရောက်လာတဲ့ အဖွဲ့ပါ။ ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်းတို့အဖွဲ့ပါ။ အားလုံးကတော့ နိုင်ငံတော်အစိုးရကနေပြီးတော့ ပံ့ပိုးပြီးတော့ ဝိုင်းလုပ်ပေးနေတာပါ။ နိုင်ငံတော်အတိုင်ပင်ခံရုံးကလည်း အကြံဉာဏ်ပေးတာတွေ ပါပါ တယ်။
မေး ။ ။ အမှုတွဲတွေကို ပြန်စိစစ်တဲ့အခါ DNA နဲ့ပတ်သက်ပြီး မတူညီတဲ့ အချက်အလက်တွေ ကို ရှာတွေ့တယ်လို့ ဆိုပါတယ်။ ဘယ်လိုအချက်မျိုးတွေလည်းဆိုတာသိပါရစေ။
ဖြေ ။ ။ ပထမဆုံး ကော့စမွီတရားရုံး၊ ဒုတိယ အယူခံတရားရုံးဆိုတဲ့ အချက်အလက်တွေ မူလ တရားရုံးက စာမျက်နှာ ၄၀၀၀ ကျော်၊ အယူခံတရားရုံးက အယူခံလျှောက်လဲချက်၊ ပြီးတော့ အယူခံ တရားရုံးရဲ့ ဆုံးဖြတ်ချက် ဒီအချက်တွေကို အားလုံးပေါင်းပြီး တော့ သုံးသပ်တဲ့ အခါမှာ ရတဲ့ အချက် တွေပါ။
ပထမဆုံးတော့ ဒီအချက်တွေကို ဂဃနဏ သိအောင်လို့ဆိုပြီးတော့ မြန်မာနိုင်ငံကနေ ကိုယ်စားလှယ် လွှတ်တဲ့ ဥပဒေ အကြံပေး အဖွဲ့ကလည်း ထိုင်းရှေ့နေများ ကောင်စီကို တွေ့ပါတယ်။ အဲဒီကရတဲ့ အချက်အလက်တွေကို ပြန်စုပြီးတော့ ဒီအမှုတွဲကြီးကို သံရုံးထဲမှာ ၅ ရက်လောက် လေ့လာပါတယ်။ လေ့လာပြီး ရတဲ့ အချက်တွေအပေါ်မူတည်ပြီးတော့ မြန်မာနိုင်ငံက ဥပဒေဆိုင်ရာ အကြံပေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ဒီကို ၇ မျက်နှာရှိတဲ့ အကြံပေး အချက်အလက်တွေကို ပို့လာတာပါ။
မေး ။ ။ အဲဒီအချက်တွေက ဘယ်လိုအချက်မျိုးတွေလဲဆိုတာ ပြောပြလို့ရမလား။
ဖြေ ။ ။ ပထမ အချက်ကတော့ မှုခင်းမှာ အဓိကကျပါတယ်ဆိုတဲ့ အမှုစဖြစ်တဲ့အချိန် အခင်းစဖြစ်တဲ့ နေရာမှာ သက်သေခံပစ္စည်းတွေ ပြည့်စုံစွာ သိမ်းဆည်းခဲ့ရမှာ ဖြစ်ပါလျှက်နဲ့ ဒီလို သိမ်းဆည်းခဲ့ခြင်း မရှိဘဲနဲ့ အစကတည်းက အမှုကို ခနော်ခနဲ့ တည်ဆောက်တယ်ဆိုတဲ့ အချက်ကို တွေ့ရပါတယ်။
ဒီမှာ ဥပမာပြောရမယ်ဆိုရင်တော့ အမှုစဖြစ်တဲ့နေရာ အခင်းဖြစ်တဲ့နေရာမှာ သိမ်းတဲ့အခါမှာ တကယ် တမ်း ပြုလုပ်ရမှာက လွတ်လပ်တဲ့ သက်သေ၊ လွတ်လပ်တဲ့ မှုခင်း ဆရာဝန်၊ ပြီးတော့ ရဲတပ်ဖွဲ့ဖြစ်ရမှာ ကို အဲလိုမဟုတ်ဘဲနဲ့ ရဲတပ်ဖွဲ့ကပဲ အားလုံးဆောင်ရွက်ထားတဲ့ဆိုတဲ့ အချက်ကို ပြောရမှာပါ။ ဒါနံပတ် တစ် အကြမ်းဖျင်း တွေ့ရတဲ့ အချက်ပါ။
နံပတ်နှစ်အချက်ကို ပြောရမယ်ဆိုရင် ရဲတပ်ဖွဲ့တခုလုံးကနေပြီးတော့ တရားစွဲတဲ့ အချိန်အထိ သေတဲ့ လူတွေကို သတ်တဲ့ လူသတ်လက်နက်က ပေါက်တူးပါလို့ ပြောတယ်။ ဒါပေမယ့် ပေါက်တူးပေါ်မှာ တွေ့တဲ့ DNA နှစ်ခုက ယောက်ကျား DNA မှန်ပေမယ့် အခု တရားခံလေးတွေရဲ့ DNA မဟုတ်ဘူးဆို တဲ့ အချက်ကလည်း ဒေါက်တာ ဖွန်ထစ် ထွက်ဆိုချက်မှာ ပေါ်ပြီး သားပါ။ ဒါပေမယ့် ဒါကိုလည်း ရဲတပ်ဖွဲ့က ပေါက်တူးပေါ်မှာရှိတဲ့ ယောက်ကျားနှစ်ယောက် DNA ဟာ ဘယ်သူပါဆိုတာ ဆက်လက် စုံစမ်းခြင်း ရှိဘဲနဲ့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ အချက်ပါ။ ဒါဒုတိယ အချက်ပါ။
တတိယ အချက်ကိုပြောရမယ်ဆိုရင်တော့ ဟန်နာရဲ့ လိင်အင်္ဂါထဲမှာတွေ့တဲ့ ရောထွေး DNA ပါ။ DNA အရပြောရမယ်ဆိုရင်တော့ သုံးယောက်လို့ ပြောပါတယ်။ အဲလိုပြောတဲ့အခါမှာ ဒီလိုရှုပ်ထွေး၊ ရော ထွေးနေတဲ့ DNA ကို ခွဲခြားစိတ်ဖြာတဲ့ အခါမှာ ရာနှုန်းပြည့် အမှန်မရနိုင်ဘူးဆိုတာ ဒေါက်တာ ဖွန်ထစ်ကိုယ်တိုင် တရားခွင်မှာ ထွက်ဆိုခဲ့ပြီးပါပြီ။
အဲတော့ ဒီအမှုမှာ ကလေးတွေ နှစ်ယောက်နဲ့ DNA တူတယ်လို့ ပြောချင်ခဲ့ရင် ကျန်တဲ့တယောက်က ဘယ်သူလဲဆိုတဲ့ တရားခံကို ဖော်ထုတ်ပေးရမှာ တရားလိုရဲ့ တာဝန်ပါ။ ဒီတာဝန်ပျက်ကွက်ပြီးတော့ တရားခံလေး နှစ်ယောက်ကိုသာ ပြစ်ဒဏ်ပေးခံခဲ့ရတယ်ဆိုတဲ့ အချက်ကလည်း သိသာထင်ရှားတဲ့ အချက်ပါ ဆိုတာကို အန်ကယ်တို့ဘက်က တင်ပြတဲ့ ဥပမာပေးတဲ့ အချက်တွေပါ။
မေး ။ ။ အရင်အောက်ရုံးတွေမှာလည်း အခုဒီ DNA ကွဲလွဲချက်တွေကို တင်ပြခဲ့တာပဲမို့လား။ အဲတုန်းကလည်း ပယ်ချခဲ့တယ်ဆိုတော့ အခုရော အဲလို ထပ်မကြုံနိုင်ဘူးလား။
ဖြေ ။ ။ ဒါပေမယ့် ဒီမှာပြောရမယ်ဆိုရင် အန်ကယ်တို့ အနေနဲ့ အခြေအနေနဲ့ အချိန်အခါကိုကြည့် ရပါတယ်။ မူလတရားရုံး သည်ပင် မူလ တရားစွဲတဲ့ အဖွဲ့ရှိတဲ့ နေရာမှာ ရှိခဲ့သလိုပဲ လွတ်လပ်စွာ တရားမျှတတယ်ဆိုတာကို အန်ကယ်တို့ အပြည့်အဝ မရခဲ့ပါဘူး။ နောက်တခါ ဒါကို ဆက်ပြီးတော့ အယူခံတရားရုံးကလည်း ဒီအနှောင်အဖွဲ့မလွတ်ဘူးလို့ အန်ကယ်တို့ အနေနဲ့ သိပ်ပြီးလည်း ယုံကြည်လို့ မရပါဘူး။
နောက်တချက် ထိုင်းနိုင်ငံမှာ အခုလို အဆင့်မြင့်ဆုံးတရားရုံးသည် လွတ်လပ်ပြီးတော့ မျှမျှ တတ တရားစီစဉ်မယ်ဆိုတာ အန်ကယ် ထိုင်းနိုင်ငံအတွင်း သွားလိုက်ပြန်လိုက် နေလာခဲ့တဲ့ နှစ် ၂၀ အတွင်း မှာတော့ အဆင့်မြင့်ဆုံးတရားရုံးဆိုတာ လုံးဝ ယုံကြည်ပါတယ်။ မျှတ မှန်ကန်စွာ ဆောင်ရွက်ပေး မယ်ဆိုတာ ယုံကြည်လို့ ဒီမှန်ကန်တဲ့ အချက်တွေကို မှန်ကန်စွာ တင်ပြ နိုင်မယ်ဆိုရင်တော့ မျှတတဲ့ တရားစီရင်မှုနဲ့ ဆုံးဖြတ်ပေးခြင်းကို ဒီကလေးတွေက ရရှိမယ်လို့ အန်ကယ် လုံးဝ ယုံကြည်ပါတယ်။
မေး ။ ။ အခု ပြောတဲ့ စိစစ်တွေ့ရှိချက်တွေကတော့ DNA နဲ့ပတ်သက်တဲ့ ကွဲလွဲအချက်တွေ လို့ပြောလို့ရတာပေါ့။
ဖြေ ။ ။ ဟုတ်ပါတယ်။ ရှင်းရှင်းလေးပါပဲ။ အခုပြောတဲ့ အချက်တွေက သာမန် လူပြိန်းတယောက် အနေနဲ့ကို ဒီတရားခံ ကောင်လေးနှစ်ယောက်မှာ အပြစ်ရှိတယ်၊ မရှိတယ်ဆိုတာကို ဆုံးဖြတ်နိုင်တဲ့ အနေအထားပါ။ ဒါတွေကို လေးလေးနက်နက် မသုံးသပ်ခဲ့တဲ့ အတွက်ကြောင့် အန်ကယ်တို့က ဒီဟာ ကို ဥပဒေအရ အပြစ်မရှိကြောင်း တောင်းဆိုပိုင်ခွင့် ရှိတဲ့ အဆင့်အမြင့်ဆုံး တရားရုံးကို ဆက်လက် အယူခံတင်ရခြင်းဖြစ်ပါတယ်။
မေး ။ ။ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ ရဲ့ ကျန်းမာရေးအခြေအနေကရော ဘယ်လိုရှိလဲခင်ဗျ။
ဖြေ ။ ။ အန်ကယ်တို့ သွားတွေ့တဲ့အခါမှာတော့ ကျန်းမာရေး အားလုံးကောင်းကြပါတယ်။ နောက်ပိုင်းမှာလည်း သံအမတ်ကြီးနဲ့ သံရုံးအဖွဲ့တွေ တွေ့ဖို့အစီအစဉ်လည်းရှိပါသေးတယ်။ ဒီကြားထဲမှာလည်း ကလေးတွေရဲ့ ဆွေမျိုးတွေ သွားတွေ့တာလဲ ကျန်းမာရေးကောင်းတယ်။ အားတက်သရောရှိတယ်။ နိုင်ငံတော်အနေနဲ့သော်လည်းကောင်း ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးနဲ့သော်လည်းကောင်း ပူးပေါင်းဆောင်ရွက် ပေးတဲ့ဟာတွေကိုလည်း သူတို့ ဝမ်းပန်းတသာနဲ့ စောင့်ပြီးတော့ ကောင်းတဲ့ ရလာဒ်ရမယ်ဆိုတဲ့ အဖြေကို မျှော်လင့်နေပါတယ်လို့ ပြောလာပါတယ်။