၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွင်း မန္တလေး အိုးဘိုထောင်မှာ တက္ကသိုလ်ဝင်တန်း စာစစ်ဌာနကို ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့ပါတယ်။ အဲ့ဒီ စာစစ်ဌာနမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အိုးဘိုထောင်အတွင်းက ကျောင်းသူ၊ ကျောင်း သား ၁၁ ဦး ဖြေဆိုခဲ့ရာမှာ ၇ ဦး အောင်မြင်ခဲ့ပါတယ်။ ဒီအထဲကမှ ကျောင်းသူတယောက်က ၃ ဘာသာ ဂုဏ်ထူး၊ ကျောင်းသား ၄ ယောက်က ၁ ဘာသာ ဂုဏ်ထူးတွေနဲ့ အောင်မြင်ခဲ့ပါတယ်။
အကျဉ်းထောင်ထဲကနေ တက္ကသိုလ် ဝင်တန်းဖြေခဲ့ရပေမယ့် ထူးထူးချွန်ချွန် အောင်မြင်ခဲ့တဲ့ ၃ဘာသာ ဂုဏ်ထူးရှင်၊ ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ ခိုလိပ်ကျေးရွာက မရွှန်းလဲ့ဝေကျော်ကို ဧရာဝတီအကြီးတန်းသတင်းထောက် ဇာနည်မာန်က အိုးဘိုထောင်ကို သွားရောက်ပြီး တွေ့ဆုံခဲ့ပါတယ်။
မေး ။ ။ စာမေးပွဲအောင်စာရင်းတွေ ထွက်တဲ့နေ့က အတွေ့အကြုံလေး ပြောပြပါဦး။
ဖြေ ။ ။ အောင်စာရင်းထွက်မယ်ဆိုတဲ့နေ့က စိတ်တွေ လှုပ်ရှားနေတာ။ အဆောင်မှူးတို့၊ ထောင်ပိုင်ကြီးတို့က သမီးအောင်တယ်၊ ပထဝီရယ်၊ သမိုင်းရယ်၊ ဘောဂဗေဒရယ် ဂုဏ်ထူးပါတယ်ပြောတော့ တအားပျော်သွားတယ်။ ၂ ဘာသာပဲ မှန်းထားတာ။ ၃ ဘာသာဆိုတော့ တအားပျော်တာပေါ့။ ဝမ်းလည်း နည်းတယ်။ သမီးက ထောင်ကျနေ တော့ သမီးတက်ချင်တဲ့တက္ကသိုလ်ကို တက်ခွင့်ရလည်း တက်ချင်မှ တက်ရမှာ ဆိုတော့လေ။ ထောင်ကနေတဆင့် အိမ်ကိုဖုန်းဆက်ပေးတယ်။ အမေတို့လည်း ပျော်ကြတယ်။ မိဘတွေကို ကျေးဇူးဆပ်ခွင့်ရတယ်လို့ မှတ်ယူပါတယ်။ သူတို့လည်း သမီးအတွက် ပင်ပန်းကြပါတယ်။
မေး ။ ။ မိဘတွေက လာတွေ့မယ် ပြောလား။ သမီးရဲ့ အောင်မြင်မှုအတွက် ဘာပြောကြလဲ။
ဖြေ ။ ။ ထောင်က ဘဘထောင်ပိုင်ကြီးတို့က အောင်တဲ့သူတွေကို ဆုပေးပွဲ လုပ်ပေးမယ်။ အဲ့ဒီအခါကျရင် အဖေတို့ အမေတို့ လာမှာ။ ပုံမှန်ကတော့ သမီးတို့ ရွာက ဝေးတာရယ်၊ အိမ်ကလည်း ဆင်းရဲတော့ ၂ လတခါ၊ ၃ လတခါပဲ ထောင်ဝင်စာ လာတွေ့နိုင်တာ။ သမီးက အရင် ၂၀၁၂ – ၂၀၁၃ တုန်းက ဆယ်တန်းဖြေတာ မအောင်ခဲ့ဘူး။ ပြီးတော့ ထောင်ကျသွားတာပေါ့နော်။ အခု ထပ်ပြန်ဖြေတော့ ဒီလိုဂုဏ်ထူးတွေနဲ့ အောင်တယ်ဆိုတော့ အမေတို့ ကလည်း သမီးအတွက် ဂုဏ်ယူကြတယ်။
မေး ။ ။ ဘယ်လိုအကြောင်းတွေကြောင့် အဖမ်းခံရတာလဲ။ ဘာအမှုနဲ့ ထောင်ကျခံရတာလဲ။
ဖြေ ။ ။ သမီးက ကျောင်းတက်ဖို့ ငွေလိုတော့ ဆိုင်တခုမှာ ဈေးအကူ ရောင်းတယ်။ အဖမ်းခံရတုန်းက ဆိုင်မှာ အလုပ်ဝင်ပြီး ၅ ရက်ပဲ ရှိသေးတာ။ အဲဒီဆိုင်မှာဆေးပြားတွေ ရောင်းတာ သိတဲ့နေ့မှာပဲ အလုပ်ထွက်မယ်ဆိုတော့ ဆိုင်ရှင်က ဒီနေ့ မထွက်နဲ့ဦးလို့ ပြောပြီး အပြင်ထွက်သွားတယ်။ အဲဒီမှာ ကောင်လေးတယောက်က ဆေးပြား လာဝယ်တာ၊ သမီးကမသိဘူးပြောလိုက်တယ်။ သူပြန်သွားပြီး နောက်ပြန်လာတော့ ရဲပါလာတယ်။ ဆိုင်ရှင်ရှိလား မေးတော့ မရှိဘူးပြောပေမယ့် အဲဒီကောင်လေးက ဆေးပြားရောင်းတာ သူရောင်းတာဆိုပြီးပြောတော့ ရဲက သမီးကို ဖမ်းသွားတာပေါ့။ ဆိုင်ထဲကဆေးပြား ၁၅ ပြားမိတယ်။ မူးယစ်ဆေးဝါး လက်ဝယ်တွေ့မှုနဲ့ ထောင် ၁၀ နှစ်ကျပြီး အိုးဘို ထောင်ကို ရောက်တယ်။ အခုက ထောင်ကျနေတာ ၂ နှစ်နီးပါးရှိပြီ။
မေး ။ ။ အဲဒီတုန်းက ဘယ်လိုခံစားခဲ့ရလဲ။
ဖြေ ။ ။ ကိုယ်က မသိဘူးဆိုပေမယ့် ဒီလိုခံရတော့ ဥပဒေနားမလည်တာလည်း ပါတာပေါ့နော်။ တရားရုံး သွားရ တုန်းကဆို ကြောက်တယ် ရှက်တယ်။ ထောင်ရောက်လာတော့လည်း ဝမ်းနည်းတာပေါ့။ ဘဝရှေ့ရေးအတွက် စိတ်ပူ တာပေါ့။ ထောင်ထဲနေသား ၁နှစ်လောက်ရှိတော့ ဆရာမဒေါ်တင်တင်မော်တို့ (အမျိုးသမီးဆောင် အဆောင်မှူး) ဘဘထောင်ပိုင်ကြီးတို့က သမီးတို့ ၁၀ တန်းဖြေလို့ရတယ်၊ ဆယ်တန်းအောင်ပြီး ဘွဲ့တွေ ဘာတွေလည်း ယူလို့ ရတယ်ဆိုတော့ ဆယ်တန်းပြန်ဖြေမယ်လို့ ဆုံးဖြတ်ပြီး စာပြန်သင်တယ်။
မေး ။ ။ ထောင်ထဲ စာသင်ရတာက ဘယ်လိုလဲ။ အပြင်နဲ့မတူတော့ ဘာတွေ အခက်အခဲရှိလဲ။
ဖြေ ။ ။ စာသင်ဆောင်က အခန်းကျယ်ကြီးပေါ့။ ထောင်ထဲရောက်နေတဲ့ ကျောင်းဆရာတွေက သင်ပေးတာ။ ၆ တန်းကနေ ၁၀ တန်းအထိ ရှိတယ်။ သမီးတို့ ၁၀ တန်းသမားတွေ အတွက်ကတော့ သီးသန့်ထားပေးတယ်။ အပြင် ကျောင်းက ဆရာတွေလည်း လာသင်ပေးတယ်။ စာမေးပွဲနီးတော့ သမီးတို့ကို သီးသန့်တိုက်ခန်းတွေ ထား ပေးပြီး စာကျက်လို့ရအောင် လုပ်ပေးထားတယ်။ ဆရာတွေရော၊ အဆောင်မှူးတွေရော အရာရှိတွေရော အားလုံးက သမီး တို့ကို ဂရုစိုက်ပါတယ်။ စာအုပ်တွေလည်း လိုလေသေးမရှိ ထားပေးပါတယ်။ ဆရာတွေကလည်း သေချာသင်ပေး ပါတယ်။ စာကျက်ချိန်ကို သတ်သတ်မှတ်မှတ် ထားပေးတယ်။ သမီးတို့ ကျန်းမာရေးအတွက်လည်း သေချာလုပ်ပေး ပါတယ်။
မေး ။ ။ အခု သမီးကဂုဏ်ထူးတွေနဲ့ စာမေးပွဲ အောင်ခဲ့ပြီဆိုတော့ ရှေ့ဆက်ပညာသင်ဖို့ ဘယ်လို မျှော်မှန်းထားလဲ။
ဖြေ ။ ။ သမီးက စီးပွားရေးတက္ကသိုလ် တက်ချင်ပါတယ်။ စီးပွားရေးတက္ကသိုလ်မှာ ကျူတာ ပြန်လုပ်ချင်တာ။ သမီး အမှတ်မီမယ်လို့လည်း ယုံကြည်ပါတယ်။ သူများတွေလိုပဲ တက္ကသိုလ်ကျောင်းသားဘဝ လိုချင်တာပေါ့နော်။ ဒါပေမယ့် အခု သမီးက ထောင်ကျနေရတာ၊ လွတ်ဖို့ကလည်း နှစ်တွေ အများကြီး ကျန်သေးတာဆိုတော့လေ။ အဲ့ဒါကတော့ နိုင်ငံတော် အကြီးအကဲတွေပေါ်မှာလည်း မူတည်တာပေါ့နော်။ ပုံမှန်ကတော့ သူများတွေ အခု သမီးနဲ့အတူ အောင်ခဲ့ တဲ့သူတွေ့ရှေ့က အောင်ပြီးသွားတဲ့ သူတွေလိုပဲ ထောင်ထဲကနေ အဝေးသင်ပဲ တက်ရမယ် ထင်ပါတယ်။
သမီးကတော့ နေ့တိုင်း ဆုတောင်းပါတယ်။ သမီးတယောက်တည်းအတွက်သာ မဟုတ်ဘဲ သမီးလို ထောင်ထဲက ကျောင်းသူ၊ ကျောင်းသားတွေအတွက်ရောပေါ့။ သူများတွေလိုပဲ တက္ကသိုလ်တွေမှာ ကျောင်းတက်ခွင့်ကို နိုင်ငံတော် က ပေးပါစေလို့ ဆုတောင်းပါတယ်။
မေး ။ ။ အခု သမီးအပါအဝင်၊ စာမေးပွဲဖြေဆိုကြတဲ့ လူငယ်လေးတွေမှာ အများစုက မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ်ကျခံကြရတယ်လို့ သိရတယ်။ အဲဒီတော့ အခြားသော အပြင်လောကက လူငယ်လေးတွေကို သမီး ကြုံတွေ့ရတာနဲ့ နှိုင်းယှဉ်ပြီး ဘာများပြောချင်လဲ။
ဖြေ ။ ။ သမီးပြောချင်တာက မူးယစ်ဆေးဝါးကိုရှောင်ကြပါ။ မသုံးကြပါနဲ့။ ရောင်းတာတွေလည်း မလုပ်ကြပါနဲ့လို့။ တကယ်လို့ သမီးတို့လို ကြုံရပြီဆိုရင် ဒုက္ခရောက်ကြရတယ်၊ ကိုယ့်ဘဝ ရည်မှန်းချက်တွေ အိပ်မက်တွေလည်း ပျက်ကုန်လို့ သမီးတို့အဖြစ်ကို နမူနာယူကြပါလို့ ပြောချင်ပါတယ်။