မြန်မာ့နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာတွင် သြဇာညောင်းသည့် ခေါင်းဆောင်တဦးဖြစ်သူ ဘယ်လ်ဂျီယန် နိုင်ငံ ဘရပ်ဆဲလ် အခြေစိုက် ဥရောပ – မြန်မာရုံး (Euro-Burma Office – EBO) ၏ အမှုဆောင် ဒါရိုက်တာ ဦးဟန်ညောင်ဝေ သည် မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် သူ၏ ပါဝင်ပတ်သက်မှုများကြောင့် ယခုလအတွင်း ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ်ခံ ခဲ့ရ သည် ဟု ပြောဆိုမှုများ ရှိနေသည်။ မြန်မာ့နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာတွင် သြဇာညောင်းသည့် ခေါင်းဆောင်တဦးဖြစ်သူ ဘယ်လ်ဂျီယန် နိုင်ငံ ဘရပ်ဆဲလ် အခြေစိုက် ဥရောပ – မြန်မာရုံး (Euro-Burma Office – EBO) ၏ အမှုဆောင် ဒါရိုက်တာ ဦးဟန်ညောင်ဝေ သည် မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် သူ၏ ပါဝင်ပတ်သက်မှုများကြောင့် ယခုလအတွင်း ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ်ခံ ခဲ့ရ သည် ဟု ပြောဆိုမှုများ ရှိနေသည်။
အစိုးရ၏ နာမည်ပျက်စာရင်းသို့ မကြာသေးခင်က ထည့်သွင်းခံရခြင်းနှင့် ပတ်သက်၍ ဦးဟန်ညောင်ဝေကို ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် စောရန်နိုင်က မေးမြန်းထားသည်။
မေး။ ။ မြန်မာနိုင်ငံမှာ လုပ်ကိုင်ဆောင်ရွက်ဖို့ အစိုးရက ဗီဇာ ထုတ်မပေးတာနဲ့ ပတ်သက်လို့ ဘာများပြောလိုပါသလဲ။
ဖြေ။ ။ နေပြည်တော်က ဘာကြောင့် ကျနော့်ကို ဗီဇာထုတ်ပေးခွင့် သူတို့ကို မပေးတာလဲ မသိဘူးလို့ အော့တဝါက မြန်မာ သံရုံးက ကျနော့်ကို ပြောတယ်။ သူတို့ မသိရင် ကျနော်လည်း မသိနိုင်ပါဘူး။ အစိုးရက ကျနော့် ဆောင်ရွက်ချက် တွေရဲ့ တန်ဖိုးကို မမြင်တော့လို့ ဖြစ်ရင် ဖြစ်မှာပေါ့။ ဒါပေမယ့် ဒါဟာ ဗီဇာပိတ်ပင်တာ မဟုတ်ဘူး၊ သူတို့လည်း နေပြည်တော် က အကြောင်းကြားတာကို စောင့်နေတယ် လို့တော့ သံရုံးက ပြောတယ်။ သူတို့ မကြာခင် သိရမယ် လို့ ကျနော် မျှော်လင့်ပါ တယ်။ ကျနော်တို့က ဗီဇာကိစ္စ အတွက် မြန်မာသံရုံးနဲ့ ဧပြီ ၂ ရက်နေ့မှာ စတင် ဆောင်ရွက်ခဲ့ပြီး ဧပြီ ၂၄ ရက်နေ့ မှာ တရားဝင် လျှောက်လွှာ တင်သွင်းပါတယ်။ အခုတော့ ၂ လ ရှိပြီပေါ့။ ဗီဇာလုပ်ငန်း အဆင့်ဆင့် ဆောင်ရွက် တာ ၂ လ ကြာမယ် လို့တော့ ကျနော် မထင်ပါဘူး။ မနှစ်က အော့တဝါက မြန်မာသံရုံးကနေပဲ ကျနော် ဗီဇာ လျှောက်ခဲ့ပြီး တနှစ် သက်တမ်း ရှိတဲ့ဗီဇာ ရခဲ့တာပဲ။
ဒီမိုကရေစီနည်းကျ ရွေးချယ်ခံရတယ် ဆိုတဲ့ အစိုးရက ဘယ်သူ့ကို မဆို ဗီဇာငြင်းလိုက်တာ တော်တော် ထူးဆန်းနေတယ်။ ခင်ဗျားတို့သိတဲ့ အတိုင်းပဲ ဗိုလ်ချုပ်နေဝင်းက ဦးနု ဒီမိုကရေစီအစိုးရဆီက အာဏာသိမ်းပြီးနောက် ကျနော် မြန်မာနိုင်ငံ ကနေ ၁၉၆၃ ခုနှစ်က ထွက်လာခဲ့တယ်။ ကျနော် ဒေါက်တာစိန်ဝင်း ရဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရတို့ ဒီမိုကရက်တစ် မြန်မာ့အသံတို့နဲ့ လက်တွဲပြီး နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည် ထွန်းကားရေးတွေကို နှစ် ၃၀ လောက် လုပ်ခဲ့တယ်။
၄၈ နှစ်ကြာ ပြင်ပရောက် အပြီး ၂၀၁၁ ခုနှစ်ကို ရောက်တော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ချောမွေ့အောင် လုပ်ပြီး ဒီမိုကရေစီ အပြောင်းအလဲကို ကူညီဖို့ သမ္မတဦးသိန်းစိန်က ကျနော့်ကို မြန်မာနိုင်ငံ ပြန်လာခွင့် ပေးခဲ့တယ်။ ၂၀၁၅ ခုနှစ်မှာ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးပြီး နှစ် ၇၀ ကြာ ပြည် တွင်းစစ်ကို နိုင်ငံရေးဆွေးနွေးပွဲက တဆင့်ဖြေရှင်းရေး ကတိကဝတ်ပြုအောင် ကျနော်တို့ လုပ်နိုင်ခဲ့ တယ်။ သူက ဖက်ဒရယ် ပြည်ထောင်စု တခု ထူထောင်ဖို့လည်း ကတိကဝတ်ပြုတယ်။ ၁၉၆၂ ခုနှစ်တုန်းက ဖက်ဒရယ် စနစ်ဟာ တိုင်းပြည် ပြိုကွဲစေ လိမ့်မယ် ဆိုပြီး အာဏာသိမ်းခဲ့တော့ ဒါဟာ ကြီးမားတဲ့ အောင်မြင်မှုပါပဲ။ အစိုးရသစ် တက်လာ တော့ ကျနော်တို့က ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံမှာ လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ လူထု အခြေပြု အဖွဲ့အစည်းတွေ ပါဝင်နိုင်ဖို့ ကျနော်တို့ ဆက်လုပ်ခဲ့တယ်။
မေး။ ။ ဒီလိုလုပ်တာ နိုင်ငံရေးပယောဂ ပါတယ် ထင်လား။
ဖြေ။ ။ နိုင်ငံရေး ပယောဂပါတယ် လို့ ထင်ဖို့လည်း အရမ်းကို ခက်ခဲနေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီလို ဆိုရင် အစိုးရဟာ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး မလိုချင်ဘူး ဆိုတဲ့သဘော ဖြစ်သွားမှာပေါ့။ အခု ငြိမ်းချမ်းရေးနဲ့ ပြန်လည် သင့်မြတ် ရေး အတွက် လုပ်ဆောင်ချက်တွေဟာ ဒေါ်အောင်ဆန်းစုကြည် တကယ် လုပ်ဆောင်နေတဲ့ အရာတွေ ဖြစ်တယ်။
မေး။ ။ ဒီလုပ်ရပ်ရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိမယ် ထင်လဲ။
ဖြေ။ ။ ကျနော် မသိပါဘူး။ အော့တဝါက မြန်မာသံရုံးက မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနကို သတင်းပို့တယ်။ ကျိုးကြောင်း ဆီလျော်စွာ စဉ်းစားကြည့်ရင် ဗီဇာ ထုတ်မပေးဖို့ သံရုံးကို ညွှန်ကြားချက်က နိုင်ငံခြားရေး ဝန်ကြီးဌာနက လာတာ ဖြစ်ရမယ်။ ကာကွယ်ရေး ဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာန အပေါ် သြဇာ မသက်ရောက်ပါဘူး။မေး။ ။ ဦးဟန်ညောင်ဝေက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အနောက်ကနေ ကပျက်ကချော် ဖြစ်အောင် လုပ်တယ်လို့ တချို့ စွပ်စွဲပြောဆိုတာတွေ ရှိတယ်။
ဖြေ။ ။ မနှစ်ကကျင်းပတဲ့ ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံကို သပိတ်မှောက်ဖို့ ကျနော်က ၂၀၁၅ မှာ NCA လက် မှတ် ထိုးခဲ့တဲ့ လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေကို တိုက်တွန်းနေတယ် လို့ လက်ရှိအစိုးရက ပြည်ပ သံတမန်တွေကို ပြော တယ်။ ကျနော်အဲဒီလို မတိုက်တွန်းသလို လက်မှတ်ထိုးတဲ့ အဖွဲ့အားလုံးလည်း ညီလာခံတက်ခဲ့ပါတယ်။
NCA မထိုးရသေးတဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေကိုလည်း ကျနော်က လက်မှတ် မထိုးဖို့ တိုက်တွန်းတယ် လို့လည်း အစိုးရက သံတမန်တွေကို ပြောသေးတယ်။ ဒါလည်း မမှန်ဘူး။ တိုင်းပြည်ရဲ့ အနာဂတ်ကို အဆုံးအဖြတ် ပေးမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ အဖွဲ့အားလုံးကို ကျနော်က ပါဝင်စေချင်တယ်။
အစိုးရက လက်မှတ်ထိုးစေချင်တဲ့ သဘောတူစာချုပ်ကို လက်မှတ် မထိုးဖို့ ကျနော်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေ အပေါ် သြဇာလွှမ်းမိုးခဲ့လား ဆိုတာကို မေလက ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံမှာ အစိုးရက သူတို့တွေကို မေးမြန်းခဲ့ တယ်။ ဒါဟာ မှန်ကန်တဲ့တွေးခေါ်မှု မဟုတ်ဘူး။ လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ သူတို့ဘာသာ သူတို့ ဆုံးဖြတ်ကြတာ။ သူတို့တွေက တိုက်ရည်ဝနေတဲ့ စစ်သား ထောင်ချီကို အုပ်ချုပ်တဲ့သူတွေ ဖြစ်ပြီး သူတို့ ရည်ရွယ်ချက်နဲ့ မကိုက်ညီရင် အလွယ် တကူ သြဇာလွှမ်းမိုးလို့ မရဘူး။ နိုင်ငံမပြိုကွဲရေးကို တောင်းဆိုတဲ့ အမျိုးသားရေး ၃ ခုကို ကတိ ကဝတ်ပြုထားပြီးသား ဖြစ်လို့ မလိုအပ်ဘူး ထင်လို့ ခွဲ မထွက်ရဆိုတဲ့ ပြဌာန်းချက်ကို သူတို့ လက်မှတ်မထိုးချင် ကြဘူး။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တာဝန်ရှိတဲ့ သူနဲ့ တွေ့ဆုံခွင့် ပေးဖို့ ကျနော်က အစိုးရကို တောင်းဆိုထားတယ်။ ဒီနေ့အထိ ငြင်းတဲ့ အခါငြင်းတယ်၊ အကြောင်း မပြန်ဘဲ နေရင်နေတယ်။ နားလည်မှု လွဲနိုင်ခြေတွေကို ရှင်းပြဖို့ ဘာကြောင့် ကျနော့်ကို ခွင့်မပြုသလဲ ဆိုတာ ကျနော် နားမလည်ဘူး။
ဗီဇာပိတ်ပင်ရခြင်း အကြောင်းရင်းကို ရှင်းပြဖို့ လျှောက်ထားသူက တောင်းဆိုရင် ဝန်ကြီးဌာနက ဖြေရှင်းပေးမယ် လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင် က ပြောတယ်။ ရှင်းလင်းချက် တောင်းခံမှာလား။
ဦးမြင့်ကြိုင်က ယေဘုယျသဘော ပြောတာ ဖြစ်မယ်လို့ ကျနော် ထင်တယ်။ ကျနော့်ကို ရည်ရွယ်ပြောတာ မဟုတ်လောက် ဘူး။ ကျနော် လောလောဆယ်တော့ သံရုံးကနေ အဖြေတောင်းခံထား ပါတယ်။ ကျနော့်ကို ပြည်ဝင်ခွင့် ပိတ်ပင်တာ မဟုတ်ဘူးလို့ သူတို့ ပြောပါတယ်။ ဒါပေမယ့် သူတို့က နေပြည်တော်က အဖြေကို စောင့်နေကြတယ်။ ဘယ်သူမဆို ပုံမှန် လမ်းကြောင်းကနေ ဗီဇာ လျှောက်လို့ ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြောထားပါတယ်။ သံရုံးကနေ အဖြေ မရရင်တော့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကို ဆက်သွယ်ပြီး ကျနော့်ကို ဗီဇာပိတ်ထား လား၊ ပိတ်ရင် ဘာကြောင့်လဲ ဆိုတာတွေ အပါအဝင် ရှေ့ဆက်လုပ်ရမှာ ပေါ့။ ဒီမိုကရေစီနိုင်ငံတခုမှာ ပွင့်လင်းမြင်သာမှု ရှိရမယ်။ အစိုးရက သူတို့ကို ဘာကြောင့် ဗီဇာငြင်းလဲ ဆိုတာ လူတိုင်းမှာ သိခွင့်ရှိသင့်တယ်။
မေး။ ။ EBO ရုံးက တခြား ၂ ယောက်လည်း နာမည်ပျက်စာရင်း အသွင်းခံရတယ် လို့ကြားတယ်။ တရုံးလုံးကို ပစ်မှတ် ထားတယ် လို့ထင်ပါသလား။
ဖြေ။ ။ EBO ဟာ နိုင်ငံတကာ အဖွဲ့အစည်းဖြစ်သလို ပြည်တွင်း အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ပြည်တွင်း ဝန်ထမ်းတွေကတော့ ပြည်တွင်း လုပ်ဖော်ကိုင်ဖက်တွေ၊ အာဏာပိုင်တွေနဲ့ အလုပ်လုပ်ရတာ အခုအစိုးရ လက်ထက်မှာ ရော ဦးသိန်းစိန်အစိုးရ လက်ထက်မှာပါ အခက်အခဲ မရှိပါဘူး။ တခြား နိုင်ငံတကာ ဝန်ထမ်း တယောက် လည်း ဗီဇာ ငြင်းပယ်ခံရ တယ်။ ဒါက ကျနော်တို့ ၂ ယောက် အတူတူ လျှောက်လိုက်လို့ ဖြစ်ရင်ဖြစ်မယ်။ တခြားဘယ် EBO ဝန်ထမ်းမှ ဗီဇာငြင်းပယ် မခံရပါဘူး။ ။