ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်ထဲက “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၊ တောင်ပိုင်းဒေသ၊ ၁၇၁ စစ်ဒေသ ဖြစ်တဲ့ ပုံပါကျင်မြို့နယ်မှာ ဇွန်လ ၂၆ ရက်က မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားကို သတင်းမီဒီယာတွေကို ပထမဆုံးအကြိမ်အဖြစ် ဖိတ်ကြားခဲ့ပါတယ်။ UWSA အနေနဲ့ နှစ်ပေါင်း ၃၀ နီးပါးလောက် မူးယစ်ဂိုဏ်းရာဇာလို စွပ်စွဲခံရတဲ့ အခြေအနေကို ပြောင်းလဲဖို့ ကြိုးစားနေပါတယ်။ ၎င်းတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲမှာ ဘိန်းစိုက်ပျိုးမှု လုံးဝမရှိ တော့တာကို အာမခံကြောင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ် ထုတ်လုပ် တာတွေကို တားမြစ်ထားတာ ကင်းစင်လုနီးနီး ဖြစ်နေပြီလို့လည်း ၁၇၁ စစ်ဒေသ၊ စစ်ဒေသအမှတ် ၂ နယ်မြေစစ်ဦးစီးမှူး ဦးရန်ကော်ကျုံးက ဆိုပါတယ်။ လက်ရှိမှာရော အခြေအနေတွေ ဘယ်လို ရှိနေသလဲ ၊ ၁၇၁ စစ်ဒေသအတွင်းက နိုင်ငံရေးသဘောထားတွေက ဘယ်လို ရှိလဲ ဆိုတာကို UWSA ၁၇၁ စစ်ဒေသ ဒုနိုင်ငံရေးမှူး ဦးညီကပ်ကို ဧရာဝတီသတင်းဌာန သတင်းထောက် နန်းလွင်နှင်းပွင့်က တွေ့ဆုံမေးမြန်း ထားပါတယ်။
မေး ။ ။ UWSA အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဆင့်ကနေ ပြည်နယ်ရဖို့အတွက် ဆွေးနွေးဖို့ ကြိုးစားနေတယ်လို့ နားလည်ထားပါတယ်။ UWSA အနေနဲ့ တောင်းဆိုမယ့် ပြည်နယ် ရဖို့ အတွက် အစိုးရနဲ့ ဘာတွေ အပေးအယူလုပ် ညှိနှိုင်းဖို့ လိုမယ်ထင်ပါသလဲ ။
ဖြေ ။ ။ ကျနော်တို့ဘက်မှာ အပေးအယူလုပ် ပြင်ဆင်တာတို့တော့ မရှိဘူး။ ဒါပေမယ့် ကျနော်တို့က ပြည်နယ်ကို လိုချင်တယ်။ လိုအပ်တယ်။ ကျနော်တို့ တောင်းတာတော့ တောင်းနေမယ်။ မပေးရင်လည်း မတတ်နိုင်ဘူး။ အပေးအယူ လုပ်ဖို့ ပြင်ဆင်တာတော့ ကျနော်တို့ ဘက်မှာ မရှိပါဘူး။
နောက်ပြီး ကျနော်တို့ကို ပြည်နယ်မပေးရင် ပစ်မယ် ဆိုတာမျိုး အဲဒီလိုစိတ်ဓာတ်မျိုး ကျနော်တို့မှာ မရှိပါဘူး။ ကျနော်တို့ ပြည်နယ်ဆိုတာက တောင်းတောင်း၊ မတောင်းတောင်း တကယ်လို့ ငြိမ်းချမ်းမှု ရှိပြီး ဖွံ့ဖြိုး တိုးတက်မှု ရှိမယ်ဆိုရင် တနေ့တချိန်မှာ အချိန်တန်ရင်တော့ ဖြစ်လာမှာပါ။ ဒါပေမယ့် ကျနော်တို့ရဲ့ စိတ်ဆန္ဒအရဆိုရင်တော့ အစိုးရက သဘောထားကြီးကြီးနဲ့ ကျနော်တို့ တိုင်းရင်းသားတွေ အပေါ်ကို ဆက်ဆံပေးစေချင်တယ်။ ဟိုတိုင်းရင်းသားတွေကို ပစ်လိုက် ဒီတိုင်းရင်းသားတွေကို ပစ်လိုက်နဲ့ မဖြစ်စေချင်ပါဘူး။
မေး ။ ။ UWSA အနေနဲ့ နိုင်ငံရေးဆွေးနွေးဖို့နဲ့ ပြည်နယ်တောင်းဆိုဖို့ ပြင်ဆင်ထားတဲ့ အသေးစိတ်မူ တွေကို ပင်လုံမှာ ချပြတာ တွေ့ပါတယ်။ UWSA အနေနဲ့ အစိုးရနဲ့ နိုင်ငံရေးစကားပြောဖို့ ဆွေးနွေးဖို့ ယုံကြည်မှု ဘယ်လောက်ရှိလဲ ။
ဖြေ ။ ။ ကျနော်တို့က အစိုးရအပေါ်မှာ ယုံကြည်မှုတော့ ရှိပါတယ်။ ယုံကြည်မှု ရှိလို့ပဲ ဒီဒေသမှာ ကာလ ကြာရှည်စွာ နေထိုင်လာခဲ့တာပါ။ သူတို့အပေါ်မှာ ယုံကြည်မှု ရှိပါတယ်။
မေး ။ ။ ၁၇၁ စစ်ဒေသက အခြားတိုင်းရင်းသား လက်နက်ကိုင်နယ်မြေတွေလို မဟုတ်ဘဲ တပ်မတော် တပ်စခန်းတွေ ရှိတဲ့ နယ်မြေတွေနဲ့လည်း ရောယှက်နေတာတွေ့ရတယ်နော်။ နှစ်ဖက် ဆက်ဆံရေးက ဘယ်လိုအခြေအနေ ရှိပါသလဲ ။
ဖြေ ။ ။ ဒီလိုမျိုး နယ်မြေ ရောယှက်ပြီးနေရတဲ့ အတွက်ကြောင့် ခက်ခဲတဲ့အပိုင်းတွေ များပါတယ်။ ဒါပေမယ့် ကျနော်တု့ိက မတတ်နိုင်ဘူးလေ။ လတ်တလောအခြေအနေမှာ ဘာမှ မတတ်နိုင်ဘူး။ ပြီးခဲ့တဲ့ ခွန်ဆာ ရှိကတည်းက ဒီဒေသ အုပ်စိုးကတည်းက ကျနော်တို့ ဝိုင်းတိုက်ခဲ့တယ်။ နိုင်လို့ပဲ ခွန်ဆာကို ရှင်းနိုင် လို့ပဲ အစိုးရက ကျနော်တို့ကို ဒီမှာ နေဖို့ နေရာချပေးခဲ့တယ်။ အခုတော့ အစိုးရတွေက ဝင်ပြီး နေတယ်။ ရောယှက်နေတာတွေ ရှိတယ်။ မတတ်နိုင်ဘူး။ အရင်တုန်းက ခွန်ဆာတို့၊ ယွတ်စစ်တို့ အုပ်စိုးချိန်တုန်းက ကျနော်တို့ ဝ တွေက တိုက်ပေးခဲ့ပါတယ်။
မေး ။ ။နိုင်ငံတကာအပါအဝင် ဝ နဲ့ နယ်မြေကပ်လျက်ဖြစ်တဲ့ ထိုင်းနိုင်ငံကဆိုရင် သူတို့ဆီကို ဝင်လာတဲ့ မူးယစ်ဆေးဝါးတွေက UWSA ကလို့ အမြဲပြောနေတယ်။ အဲဒီအပေါ် ဘာများပြောချင်ပါသလဲ ။
ဖြေ ။ ။ မူးယစ်နဲ့ ပတ်သက်တာ ကျနော်တခုပြောချင်တယ်။ ကျနော်တို့ အထူးဒေသ အတွင်းမှာ မူးယစ်နဲ့ ပတ်သက်လို့ အရမ်းပဲ တိုက်ဖျက်တယ်။ ကျေးရွာထိဆင်းပြီးတော့ အိမ်တိုင်းကို စစ်ပြီး တိုက်ဖျက်တယ်။ ဒါပေမယ့် ထိုင်းဘက်မှာ ဖမ်းမိရသမျှ မှန်သမျှကို ဝဘက်က ထွက်လာတယ်။ ဝ က ထွက်လာတယ်ဆိုပြီးပြောတာက သူတို့ ကျနော်တို့နာမည်ကို ရောင်းစားတာပဲ ။ ဝ နာမည် ရောင်းစားတယ်။ အမြဲ သူတို့ပဲ အမြတ်ရဖို့။ နယ်စပ်သဘောအရ လုပ်နေတာ။ ထိုင်းက ကျနော်တို့ စခန်းတွေကိုလည်း အမြဲနောက်ဆုတ်ဖို့ ပြောတယ်။ သူက ကျနော်တို့ အစိုးရ မဟုတ်ဘူး။ ကျနော်တို့ကို ကျနော်တို့ အစိုးရ ပေးထိုင်ထားတဲ့ စခန်း ကျနော်တို့ ဘယ်တော့မှ မဆုတ်ဘူး။
မေး ။ ။ ထိုင်းနိုင်ငံဘက်က လက်နက်မှောင်ခိုဂိုဏ်းတွေနဲ့ ဆက်သွယ်ပြီး သူတို့နိုင်ငံတွင်းမှာ လက်နက် တရားမဝင်ကူးသန်းတာတွေကလည်း ဝနဲ့ ဆက်စပ်မှုတွေလို့ ပြောဆိုတာတွေ အပေါ်မှာရော ဘာများ ပြောချင်ပါသလဲ ။
ဖြေ ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောနေကြတာ ဟုတ်တယ်။ သိပါတယ်။ ဒီနယ်မြေဘက်မှာ တိုင်းရင်းသား လက်နက်ကိုင်က ကျနော်တို့က တဖွဲ့တည်း မဟုတ်ဘူး။ လားဟူတွေလည်း ရှိတယ်။ အခြားတိုင်းရင်းသားအဖွဲ့ တွေလည်း ရှိတယ်။ ကျနော့်အနေနဲ့ ဒီလက်နက်ကိစ္စမှာ နာမည်ထုတ်ပြောတာ မကောင်းလို့ မပြောချင်ပါဘူး။ အရင်ကလည်း ထိုင်းက သူတို့မိတယ်လို့ ပြောတယ်။ အဲဒီဟာ ဘယ်သူတွေ ဆိုတာလည်း ကျနော်တို့ သိတယ်။ ဒါပေမယ့် ကျနော်တို့ မဟုတ်ပါဘူး။ ကျနော်တို့ဘက်က ထိုင်းကို လာတယ် ဆိုတာလည်း မဟုတ်ဘူး။ ကျနော်တို့ဆီကို လာပို့ဖို့ ဆိုတာလည်း မဟုတ်ပါဘူး။
ဒီကိစ္စတွေကြောင့် ကျနော်တို့လည်း လိုက်ဖမ်းတယ်။ လက်နက်မှောင်ခို ကိစ္စနဲ့ ပတ်သက်ပြီး တချို့ လက်နက်ကိုင်တဲ့ သူတွေကိုလည်း ကျနော်တို့ မိပါတယ်။
မေး ။ ။ UWSA အနေနဲ့ ထိုင်းအာဏာပိုင်တွေနဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ရော ရှိပါသလား။
ဖြေ ။ ။ မရှိဘူး။ မရှိပါဘူး။ အရင်တုန်းကတော့ ရှိတယ်။ ဒါပေမယ့် ထိုင်းက မောင်းထုတ်တယ်။ ကျနော် တို့ကို ပေးမနေဘူး။ သူတို့က လူလည်တွေပဲ ။ ကျနော်တို့ နာမည်ကို ဟိုရောင်းစား ဒီရောင်းစားပဲ လုပ်တယ်။