ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နယ်မြေအတွင်း သတင်းသွားရောက်ရယူခဲ့ကြသည့် DVB သတင်းဌာနမှ အကြီးတန်းသတင်းထောက် ဦးအေးနိုင်နှင့် ဦးပြည့်ဘုန်းနိုင်၊ ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးသိန်းဇော်(ခ) လဝီဝမ် အပါအဝင် အမျိုးသား ၇ ဦးတို့ကို အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်သွယ်သည်ဟုဆိုကာ ဇွန်လ ၂၆ ရက်နေ့ညနေ ပိုင်းတွင် တပ်မတော်က ဖမ်းဆီးထားလျက်ရှိပြီး လက်ရှိအချိန်ထိ မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပေ။ သတင်းမီဒီယာများ၏ လွတ်လပ်စွာသတင်းရယူမှု ရှိသော်လည်း တပ်မတော်မှ ဖမ်းဆီးခဲ့ခြင်းအပေါ် မီဒီယာများနှင့် အဖွဲ့အစည်းအသီးသီးမှ သုံးသပ်ချက်အမြင်များကို ဧရာဝတီသတင်းဌာနက စုစည်းဖော်ပြလိုက်ပါတယ်။
ကိုအောင်ဇော် (အယ်ဒီတာချုပ် / ဧရာဝတီသတင်းဌာန)
ကိုလဝီဝမ်ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့စုံစမ်းနေပါတယ်။ ကိုလဝီဝမ်လိုပဲ မြန်မာပြည်ထဲက ပဋိပက္ခဖြစ်နေတဲ့နေရာတွေကို ပြည်တွင်းသတင်းထောက်တွေ၊ နိုင်ငံတကာသတင်းထောက်တွေက လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် လောက်ကစပြီး သတင်းသွားယူခဲ့ကြတာဖြစ်တယ်။ ဒီတခေါက်မှ ကိုလဝီဝမ်တို့ကိုဖမ်းဆီးတာက ဘာကြောင့်လဲ ဆိုတာကို ကျနော်တို့သိဖို့လိုပါတယ်။ သူဟာ ဂျာနယ်လစ်တယောက်အနေနဲ့ သူ့အလုပ်ကိုသူလုပ်တာ ဖြစ်တယ်။ ပြစ်မှုကျူးလွန် ထားသူလည်း မဟုတ်ပါဘူး။ သူ့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ လိုလားပါတယ်။ ကိုလဝီဝမ်အပြင် DVB သတင်းဌာနက သတင်းသမား ၂ ဦးကိုလည်း အမြန်ဆုံးပြန်လွတ်ပေးဖို့ လိုလားပါတယ်။ သူတို့ ပြန်လွှတ်ဖို့ကိစ္စကိုလည်း အာဏာပိုင်တွေ၊ မည်သူနဲ့မဆို ကျနော်တို့နည်းမှန်လမ်းမှန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိပါတယ်။ အစိုးရအနေနဲ့ကော လုံုခြုံရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့ပါ အခုလို ဖမ်းဆီးရမည့်အစား ကာကွယ်စောင့်ရှောက်မှုတောင် ပေးသင့်တယ်လို့ ထင်ပါတယ်။
ကိုသန်းဝင်းထွဋ် (Planning Editor / DVB)
ကျနော်တို့အနေနဲ့ မနေ့ကရတဲ့အခြေအနေအရ ဖမ်းခံရတဲ့သူတွေကို လားရှိုးရဲစခန်းကိုလွဲွှထားပြီးပြီလို့ အဓိပ္ပာယ်ရတဲ့ ထုတ်ပြန်ချက်အပေါ်မှာ စုံစမ်းကြည့်တော့ လားရှိုးရဲစခန်းကို မရောက်ဘူးလို့သိရတယ်။ ကျနော်တို့က ကိုယ့်သတင်းထောက်ကို အဆက်အသွယ်ရချင်တယ်။ သူတို့အနေနဲ့ ရှေ့နေနဲ့ တွေ့ခွင့်ရှိသင့်တယ်။ ဌာနရှေ့နေဖြစ်ဖြစ်၊ နယ်ခံကူညီပေးတဲ့ရှေ့နေနဲ့ဖြစ်ဖြစ် တွေ့ပြီး ဥပဒေအကာအကွယ် ရသင့်တယ်။ အခုလို အဆက်အသွယ်မရတော့ သူတို့မိသားစုတွေလည်း စိတ်ပူသလို၊ လုပ်ဖော်ကိုင်ဖက်တွေကလည်း စိတ်ပူနေကြတယ်။ ကျနော်တို့တတ်နိုင်သမျှ ရဲနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးဘက်ကို ထုတ်ပြန်ထားပေးတဲ့ ဖုန်းနံပါတ်တွေအရ ဆက်သွယ်ပေမယ့် ရေရေရာရာ အဖြေမရဘူး။ အဲဒီလို သတင်းအချက်တွေသိခွင့်မရတော့ အခြေအနေက စိုးရိမ်မယ်ဆို စိုးရိမ်စရာ ကောင်းပါတယ်။
ကိုအေးချမ်းနိုင် (အယ်ဒီတာချုပ်/ DVB)
သတင်းထောက်တွေအနေနဲ့ သူ့တို့ရဲ့သတင်းမီဒီယာအလုပ်ကိုပဲ လုပ်တာပါ။ မတရားအသင်းတွေဆီသွားပြီး ခိုးကြောင်ခိုးဝှက်နဲ့ဆက်သွယ်တာ မဟုတ်ပါဘူး။ တရားဝင်သွားတယ်။ ပြီးတဲ့အခါမှာလည်း သွားရောက်ရယူခဲ့တဲ့ သတင်းတွေကို ပြန်လွှင့်ပေးနေတာပါ။ အဲဒီအပေါ်မှာအရေးယူမယ်ဆိုရင် ဒါဟာမတရားတဲ့ကိစ္စပေါ့။ နိုင်ငံတကာမှာလည်း ဒီလိုပဋိပက္ခဖြစ်တဲ့ နေရာဒေသတွေကို သွားရောက်သတင်းရယူပြီး ပြန်ထုတ်လွှင့်ကြတာပါပဲ။ အခုလိုလုပ်တာတော့ မဖြစ်သင့်ပါဘူး။ ကျနော်တို့အခုထိတော့ သူတို့နဲ့ပတ်သက်ပြီး အတိအကျ မသိရသေးဘူး။ တပ်မတာ်ဘက်က ထုတ်ပြန်ချက်အရ လားရှိုးရဲစခန်းကိုလွှဲထားပြီ ဆိုပေမယ့် ကျနော်တို့စုံစမ်းကြည့်တဲ့အခါမှာ ကျနော်တို့ သတင်းထောက်တွေရော ဧရာဝတီကသတင်းထောက်ပါ ရဲစခန်းမှာမရှိဘူး သိရတယ်။ တဖက်က ကြားရတဲ့သတင်းတွေအရ နမ့်ဆန်မှာပဲရှိသေးတယ်လို့ ကြားရတယ်။ ကျနော်တို့တောက်လျှောက်လိုက်ပြီး စုံစမ်းနေပါတယ်။
ဦးမြင့်ကျော် (သတင်းမီဒီယာကောင်စီအဖွဲ့ဝင်)
သတင်းသမားတွေ အခုလိုသတင်းရယူခွင့် နောက် ဒီလိုမျိုးလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်ရင် လက်ရှောင်တဲ့ဟာမျိုး ဖြစ်လာမယ့်အရာက အားလုံးအတွက်မကောင်းဘူး။ အစိုးရအတွက်လည်းမကောင်းဘူး။ တပ်ကတော့ သတင်းသမားတွေရေးတဲ့ဟာ သူတို့ကို အသားမပေးဘူးလို့ သူတို့မြင်တာ ဒါသူတို့အမြင်ပါ။ သူတို့က သတင်းသမားတွေကို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ထိတွေဆက်သွယ်တာမျိုးကို မလိုလားဘူး။ သတင်းသမားက သတင်းအလုပ်လုပ်တယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်ဖို့ သတင်းမီဒီယာက ကြားထဲက ပေါင်းကူးပေးတဲ့ကဏ္ဍကနေပါဝင်နေတယ်။ ဒါမျိုးကို သူတို့ နားလည်ပေးစေချင်တယ်။ သတင်းတွေက ဘက်တဖက်ကို လိုက်ရေးပေးနေတာလည်း မဟုတ်ဘူး။ အစိုးရကလည်း အဲဒါကို နားလည်ဖို့ မျှော်လင့်တယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မီဒီယာကဏ္ဍဆိုတာကို သူတို့ပဲ အမြဲတမ်းပြောတယ်။ အခုက အဲဒီကိစ္စပဲ အဲဒီမှာ မီဒီယာရဲ့ အခန်းကဏ္ဍကို သူတို့ မှေးမှိန်အောင်လုပ်တယ်။ မီဒီယာအလုပ်မလုပ်နိုင်ရင် ငြိမ်းချမ်းရေးဖြစ်စဉ်က တဖက်နဲ့တဖက် သူတို့ဆက်သွယ်ရေးတွေ သူတို့ကြားက ဆက်သွယ်ရေးတွေ ပိုပြီးတော့ ပြတ်တောက်လာနိုင်တယ်။ သတင်းမီဒီယာသမားတွေအနေနဲ့ ကိုယ့်ရဲ့ လုံခြုံရေးပတ်သက်တာမျိုးတွေကို ပိုပြီးတော့ သတိထားကြဖို့ လိုအပ်တယ်။ ကျနော်တို့က ဒီလိုမျိုးမဖြစ်သင့်ဘူးလို့ ပြောတာလည်းမှန်ပါတယ်။ ဒါပေမယ့်လည်း သတင်းသမားတွေ ဒါမျိုးဖြစ်လာရင် ဘယ်လိုမျိုး ဖြေရှင်းကိုင်တွယ်ရမလဲ သတင်းဌာနကသတင်းဌာန၊ သတင်းသမားကလည်း သတင်းသမားအလျောက် ထည့်သွင်းစဉ်းစားပြီး ပြင်ဆင်ထားဖို့ အဲဒါလည်း လုံခြုံရေးအတွက် လုပ်ထုံးလုပ်နည်းတွေ လိုအပ်ပါတယ်။
ကိုဆွေဝင်း (အယ်ဒီတာချုပ်/ Myanmar Now)
သတင်းမီဒီယာသမားဆိုတာ သတင်းရင်းမြစ်ရှိတဲ့နေရာကို သွားကြရမှာပဲ။ ဒါမှ ခိုင်မာတဲ့၊ မျှတတဲ့သတင်းတွေ ရေးသားနိုင်မှာ ဖြစ်တယ်။ အခုဖြစ်တဲ့ကိစ္စမှာလည်း သတင်းသမားတွေက သတင်းသွားယူတာသာ ဖြစ်တယ်။ ဒါကိုမတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးတာတော့ မီဒီယာကိုနှိပ်ကွပ်တယ်၊ ဒီမိုကရေစီမှာပါလာတဲ့ လွတ်လပ်ခွင့်တွေကို အလေးမထားတာလို့ မြင်တယ်။
နိုင်ကဆုမွန် (အလုပ်အမှုဆောင်ဒါရိုက်တာ)
Burma News International
ကျနော်တို့ ဒီသတင်းထောက်တွေရဲ့ တာဝန်ဝတ္တရားက သတင်းဖြစ်တဲ့နေရာမှာ သွားရောက်သတင်းယူတာကတော့ အားလုံးရဲ့ တာဝန်ဖြစ်တယ်။ ခုလိုမျိုး အဖမ်းခံရတဲ့သတင်းထောက်တွေကလည်း ပလောင်ဒေသမှာ မူးယစ်ဆေးဝါးကိစ္စနဲ့ ပတ်သက်ပြီးတော့ သတင်းသွားယူတာဖြစ်တယ်။ TLNA နဲ့တော့ ဘာမှမဆိုင်ပါဘူး။ သတင်းကိစ္စ။ ဒီဖြစ်ပေါ်လာတဲ့ ဒီသတင်းတခုကိုသွားယူပြီး အပြန်မှာ ဖမ်းဆီးခံရတာအပေါ်မှာ ကျနော်အမြင်ကတော့ ကျနော်တို့သတင်းသမားများရဲ့ လွတ်လွတ်လပ်လပ် ရယူပိုင်ခွင့်ကို အဲဒါကို ပိတ်တာလို့ ယူဆတယ်။ နောက်ပြီး ဒီကိစ္စမျိုးက သတင်းထောက်တွေက TLNA ကိုသွားထောက်ခံတာတို့၊ သွားပြီး ဆက်ဆံပြီးတော့ သွားပံ့ပိုးတာမဟုတ်ဘူး။ ဒီကိစ္စကသတင်းသွားယူတာ။
အခုလိုမျိုး နိုင်ငံတော်မှာ ငြိမ်းချမ်းရေးကာလထဲမှာ လျောက်လှမ်းနေကြတဲ့ကာလဖြစ်တယ်။ တချိန်ထဲမှာပဲ ပဋိပက္ခတွေက ရှိနေဆဲဖြစ်တယ်။ ဒီအခြေအနေတွေအားလုံးကို မီးမောင်းထိုးပြဖို့က စတုတ္ထမဏ္ဍိုင်တွေရဲ့ တာဝန်ဖြစ်တယ်။ သတင်းဋ္ဌာနတွေ သတင်းသမားတွေရဲ့ တာဝန်ဖြစ်တယ်။ ဒီအပေါ်မှာ စစ်တပ်က ဒီလိုလုပ်တာကတော့ ပြည်သူတွေကို သတင်းပိတ်တာလည်းဖြစ်တယ်။ သတင်းထောက်တွေရဲ့ သတင်းလိုက်ရယူမှုကို ပိတ်ပင်တာလည်း ဖြစ်တယ်။ ကျနော်တို့ တိုင်းရင်းသား မီဒီယာတွေက များသောအားဖြင့် NCA ထိုးထားတဲ့ အဖွဲ့အစည်းရော၊ NCA မထိုးထားတဲ့အဖွဲ့အစည်းရော နိစ္စဓူဝဆက်ဆံနေရတဲ့ အခြေအနေမှာရှိတယ်။ ဒီလိုမျိုး အင်တာဗျူးသွားမေးလိုက်လို့ သတင်းအချက် အလက်သွားယူ လိုက်လို့မှ NCA မထိုးရသေးတဲ့အဖွဲ့တွေနဲ့ စကားပြောလိုက်လို့မှ ၁၇ (၁) နဲ့ ဆွဲမယ်ဆို ဘယ်သူမှ လွတ်လွတ်လပ်လပ် သတင်းလုပ်လို့မရတော့ဘူး။ သတင်းလုပ်လို့ရတဲ့အခြေအနေမရှိဘူး။ ဒီကာလမှာတော့ သတင်းထောက်ရဲ့ တာဝန်ဝတ္တရား ကို နားလည်ပေးဖို့ကောင်းတယ်။
ငြိမ်းချမ်းရေးမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေအားလုံး NCA ထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ ပင်လုံညီလာခံကို လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ ကျနော်တို့ရဲ့ တာဝန်ကတော့ ပြည်သူလူထုတရပ်လုံး တင်ပြရမယ့် တာဝန်ဖြစ်တယ်။ အခြေအနေမှန်၊ သတင်းမှန်၊ အချက်အလက်မှန် ဒါတွေကို ကျနော်တို့ တင်ပြပိုင်ခွင့်မရှိဘူးဆိုရင် ငြိမ်းချမ်းရေးအလား အလာတွေရော တွေ့ဆုံဆွေးနွေးပွဲရော တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ အားလုံးကိုလည်း အစိုးရပိုင်းကမသိဘူး။ ပြည်သူတွေလည်းမသိဘူးဆို ငြိမ်းချမ်းရေးတိုးတက်မှုမှာလည်း အဟန့်အတားဖြစ်စေပါတယ်။
ဦးဘရန်မိုင် (မြစ်ကြီးနားဂျာနယ် CEO )
ပြောချင်တာကတော့ ဒါဟာ နောက်ကြောင်းပြန်တဲ့အပိုင်းကို ရောက်လာပြီ။ ဒီမိုကရေစီဆိုတဲ့အခန်းကဏ္ဍက ထိုးကျလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁၇(၁) ဆိုတာလည်း သတင်းသမားတွေကြားမှာ တော်တော်လေး ဂယက်ရိုက်နေတဲ့ဟာ တချို့ဆိုရင် ဒါကိုဖြုတ်ကိုဖြုတ်သင့်တယ်ဆိုပြီးမှ လော်ဘီလုပ်နေတဲ့လူတွေလည်း ရှိသေးတယ်။ ဒိုင်ယာလော့လုပ်ဖို့ ကြိုးစားနေတဲ့လူတွေလည်း ရှိသေးတယ်။ ကျနော်တို့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်သွားတယ်ဆိုတာမျိုးတွေ ဖြစ်လာတော့ ကျနော်တို့ တိုင်းရင်းသား မီဒီယာတွေအတွက်က ပိုပြီးတော့မှ စိုးရိမ်ရတယ်။ လုံခြုံရေး ပိုင်းဆိုင်ရာ ပိုပြီးတော့မှ ဂရုစိုက်ရတော့မယ်။ ကျနော်တို့က ထိတွေ့မှုတွေက အမြဲတမ်းရှိနေတာ တိုက်ပွဲသတင်းဆို ကျနော်တို့က ယူနေရတာပဲ။ အခုရှမ်းပြည်မှာဖြစ်သွားတာက သူတို့က တရားမဝင်အသင်းနဲ့ ဆက်သွယ်တယ်ဆိုတဲ့ ၁၇(၁)နဲ့ စပြီး စွဲပြလိုက်တာ ကျနော်တို့ တော်တော်တုန်လှုပ်ပါတယ်။ ကျနော်တို့လွတ်လပ်မှု သတင်းဆိုင်ရာရယူမှု အခွင့်တွေ အားလုံးပါတယ်။ ရုတ်တရက်ကြီး အပိတ်ပင်ခံလိုက်ရတယ်လို့ ကျနော်တို့ ခံစားရတယ်။ ကျနော်တို့က တိုင်းရင်းသားဒေသတွေမှာ ရှိနေပြီးသားဖြစ်နေတဲ့အခါကျတော့ ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပိုပြီးတော့ နီးစပ်မှုရှိနေတယ်ဆိုတာကို ကျနော်တို့က ၁၇(၁) ဆွဲမယ်ဆို ကျနော်တို့က ပိုပြီးတော့မှ ဆွဲလို့ရနိုင်တဲ့ အနေအထားဖြစ်နေတယ်။ ဆိုတော့ စိုးရိမ်မှုကတော့ ဒီမီဒီယာကြီးတွေထက် ပိုပြီးတော့မှ မြင့်ပါတယ်။
ဦးဇေယျာလှိုင် (မော်ကွန်း မဂ္ဂဇင်း အယ်ဒီတာ)
သတင်းသမားတယောက်အနေနဲ့ကတော့ ရိုးရိုးပဲမြင်တယ်။ သတင်းသမားကတော့ သတင်းရင်းမြစ်ရှိတဲ့နေရာကို သွားယူတယ်။ ဒါကို ဖမ်းတယ် ဆီးတယ်ဆိုတာ လုံးဝမဖြစ်သင့်ဘူး။ အခုလိုမျိုး နိုင်ငံတော်ကလည်း ငြိမ်းချမ်းရေးဆိုပြီး အပစ်အခတ်ရပ်စဲရေး လုပ်နေတဲ့အချိန်မှာ တိုင်းရင်းသားဒေသမှာ ဘာတွေဖြစ်နေသလဲဆိုတဲ့ အချက်အလက်တွေ ကိုလည်း ပြည်သူတွေသိဖို့လိုတယ်။ ဒါမှလည်း ပြည်သူတွေက စဉ်းစားဆုံးဖြတ်ပြီးတော့ ရွေးချယ်ခွင့်ရှိတာကိုး။ ဆိုတဲ့အခါကျတော့ အဲဒီတာဝန်ကို သတင်းသမားက သွားပြီး ထမ်းဆောင်တယ်။ ဒါကို ဖမ်းဆီးတယ်ဆိုတာ သတင်းလွတ်လပ်ခွင်၊့ သတင်းသိပိုင်ခွင့်ကို နှောင့်ယှက်ရာကြတယ်။ အခုတပ်မတော်က သုံးတဲ့အသုံးအနှုန်းက အကြမ်းဖက်သောင်းကျန်းသူ ဘာညာဆိုတာက အခု အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိုသွားနေတဲ့ အချိန်မှာ ဒီလိုမျိုးအသုံးအနှုန်းတွေကလည်း အချင်းချင်းကြားမှာ မသင့်မမြတ်ဖြစ်စေတဲ့ စကားလုံးတွေဖြစ်စေတယ်။ နောက်တခုရှိတာက ငါ့ရန်သူနဲ့ ဆက်သွယ်သူ ငါ့ရန်သူဆိုတဲ့ ဉာဏ်မျိုးကလည်း အဲဒီ Ideology ကလည်း နည်းနည်းတော့အောက်ပြီ။ ဒါတပိုင်းပေါ့ အခုတပ်မတော်ရဲ့ လုပ်ရပ်တွေကိုကြည့်ရင် လက်ရှိမှာ မီဒီယာကို အရမ်းနှိပ်ကွက်လာတာကိုတွေ့ရတယ်။ ရှေ့မှာလည်း ၆၆ ဃ နဲ့ တရားစွဲတဲ့ အမှုတွေရှိတယ်။ ကျန်တဲ့အမှုတွေလည်း အများကြီးရှိပါတယ်။ ဘာဖြစ်လို့များ တပ်မတော်က မီဒီယာကို ရန်သူလို သဘောထားဆက်ဆံနေတာလည်း အမှန်မှန် နိုင်ငံတော်မှာရှိတဲ့ Institution တွေအချင်းချင်း အပြန်အလှန် စေ့စပ်ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ သွားရမယ့်အချိန်မှာ အခုလို အခုလိုမျိုးဖမ်းဆီးတယ်ဆိုတာ မှားယွင်းတဲ့ လုပ်ရပ်ပဲ။ သတင်းရှိတဲ့နေရာကို သတင်းသမားက သတင်းသွားယူတယ် ရိုးရိုးလေးပဲ။ တပ်မတော်က စွပ်စွဲသလို အကြမ်းဖက်သူနဲ့ ဆက်သွယ်ပြီးတော့ နိုင်ငံတော် ဖျက်ဆီးဖို့လည်းမဟုတ်ဘူး။ မနေ့က တနိုင်ငံလုံးမှာ မူးယစ်ဆေးဝါးတိုက်ဖျက်တာလုပ်ကြတယ်။ အဖွဲ့အစည်းအသီးသီး မတူညီတဲ့ အဖွဲ့အစည်းအသီးသီး မတူညီတဲ့ ဒေသတွေမှာ လုပ်ကြတယ်။ ဒါကိုသတင်းသွားယူတယ် ရိုးရှင်းတယ်။ ဒါကို အဲဒီလိုမျိုး ခေါင်းစဉ်တပ်တာ တပ်မတော်က ပြောတဲ့ ငြိမ်းချမ်းရေးကိုရော တကယ်လိုချင်ရဲ့လားဆိုတဲ့ စကားလုံးက သူတို့ကို ပြန်မေးရမှာဖြစ်တယ်။ အဓိကတော့ Democratic Transition မှာ အားလုံးပါဝင်လာနိုင်ဖို့လိုတယ်။ အားလုံးကို ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ သဘောထားတွေက ခေတ်ဟောင်းမှာ ထားခဲ့ဖို့လိုပြီ။
မိုင်းနိုင်နိုင်ဦး (မားနဂါး သတင်းဂျာနယ်တာဝန်ခံ)
ရှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့အခြေဆိုက်
အရင်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ ဟာ မြို့ကြီးပြကြီး ရန်ကုန်၊ မန္တလေးတွေလောက်ပဲဖြစ်တယ်။ အခုက တောင်ပေါ်ဒေသအထိပါ ဖြစ်လာပြီ။ DVB ဆိုတာက တနိုင်ငံလုံး အတိုင်းအတာ တမ္ဘာလုံးသွားနေတဲ့အတိုင်းအတာ ဧရာဝတီဆိုရင်လည်း စာဖတ်ပရိတ်သတ်တွေရဲ့ National Wise သွားနေတဲ့ သတင်းသမားတွေတောင် အဖမ်းခံနေရပြီဆိုတဲ့ဟာသည်။ Local Media ကိုလည်း ခြိမ်းခြောက်တာပဲ တော်တော်လေးကို ထိခိုက်တယ်လို့ ကျနော်မြင်တယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့သတင်းတွေ သွားရောက်ယူနေတဲ့ သတင်းသမားတွေကလည်း မသွားရဲတဲ့ အခြေအနေမျိုးတွေဖြစ်လာမယ်။ မီဒီယာသမားကတော့ သွားမှာပဲ။ သူပုန်မို့လို့မဟုတ်ဘူး လက်နက်ကိုင်မို့လို့မဟုတ်ဘူး သူ့ရဲ့ သတင်းရင်းမြစ်ကိုတော့ လိုက်ရမှာပဲ။ နေရာအစုံတော့သွားရမှာပဲ ဒီလိုမျိုးဖြစ်တဲ့အခါကျတော့ အခုသွားနေတဲ့ ဒီမိုကရေစီပဲပြောပြော ငြိမ်းချမ်းရေးပဲပြောပြော ဒါက ထိခိုက်တယ်လို့မြင်တယ်။ ဖမ်းဆီးပြီးပြီဆိုရင် ဒီလူတွေက ဘယ်မှာရှိလဲဆိုတာက ပေးတွေ့ခွင့်ရှိရမယ်။ နောက်တချက်က သူတို့ကို ဘယ်ပုဒ်မနဲ့ အရေးယူပြီးတော့ ဘာလုပ်တယ်ဆိုတာ တခါတည်း လူတွေသိအောင် တွေ့လို့ရအောင် သူတို့စီစဉ်ပေးရမှာပေါ့။ အခုကျတော့ ဘယ်ရောက်နေမှန်းလည်းမသိ၊ ဘယ်သွားနေမှန်းလည်းမသိ။ ဘယ်မှာရှိမှန်းလည်းမသိ ဆိုဒါမျိုးကျတော့ တော်တော်ဆိုးတယ်လို့ မြင်တယ်။ ဘယ်လောက်ထိဖြစ်သလဲဆိုရင် ဒါကိုကြည့်ခြင်းအားဖြင့် တပ်က အကုန်ကိုင်လို့ရတယ်ဆိုတာမျိုး ကျန်တဲ့ မီဒီယာဒေါက်တိုင်တွေက တအားကြီးယိုင်တယ်ဆိုတာထက် လှုပ်ရှားလို့ မရအောင် ဒါမျိုးတွေ သတိပေးတယ်လို့ မြင်တယ်။ ဒီလိုမျိုးဖြစ်တာ ကျနော်တို့မလိုလားဘူး ဖြစ်သွားတဲ့အခါကျတော့ ဒါက ဥပဒေအတိုင်း အရေးယူပါ။ ဥပဒေအတိုင်း အလုပ်လုပ်ပါ။ တကယ်တိုက်ပွဲဖြစ်တဲ့နေရာမျိုးမှာ သတင်းယူတယ်ဆိုတာမျိုးကတော့ သတင်းသမားက သတင်းယူရမယ့်တာဝန်က သူတို့တာဝန်ပဲ တယောက်မဟုတ်ရင် တယောက်သွားရမှာဖြစ်တဲ့အခါကျတော့ တိတိကျကျ ပွင့်လင်းမြင်သာမှုရှိတဲ့ ဟာမျိုးနဲ့ အရေးယူတာဖြစ်စေချင်တယ်။ လူမသိဘဲနဲ့ ရိုက်နှက်နှိပ်စက်တာမျိုးတွေ မဖြစ်စေချင်ဘူး။
ဦးထွန်းကြည် (နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ဗဟိုကော်မတီဝင်)
ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ဘာကြောင့်လဲဆိုရင် စတုတ္တမဏ္ဍိုင် က တိုင်းပြည်အတွက် အင်မတန်မှ အရေးကြီးတယ်။ ပြည်သူတွေရဲ့ နားမျက်စိတွေ ဖြစ်တယ်။ သူတို့ပြောတာက သတင်းထောက်တွေက TNLA နဲ့ ဆက်သွယ်တဲ့ အထောက်အထားတွေ ရှိတယ်ပေါ့။ ကောင်းပြီ အဲဒါဆိုရင် သတင်းလောကကို ပြန်ကြည့်မယ်ဆိုရင် သတင်းသမားကို ဖိနှိပ်မှုတွေ များလာတယ်။ သတင်းသမားတွေကို ခြိမ်းခြောက်တာတွေ များလာတယ်။ သတင်းသမားတွေကို ဖမ်းတာဆီးတာတွေက အတိုင်းထက်အလွန် ဖြစ်လာတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး တည်ဆောက်နေတဲ့ ကာလမှာ ဒီလိုမျိုးသတင်းသမားတွေကို အကြောင်းအမျိုးမျိုး ပြပြီးတော့ အကြောင်းအမျိုးမျိုး ပြတယ်ဆိုတဲ့ နေရာမှာ ဖမ်းလို့ဆီးလို့ကောင်းတဲ့ ပုဒ်မ တပ်လို့ကောင်းတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းတဲ့ အပေါ်မှာတော့ လုံးဝကို လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက်ကို လျှောက်လှမ်းနေတဲ့ ခရီးလမ်းမှာ ဒါတွေက ခလုတ်တံသင်းတွေလို့ သုံးသပ်တယ်။ ဧရာဝတီက သတင်းထောက်၊ DVB အပါအဝင် မြန်မာနိုင်ငံ တဝှမ်းမှာ ဖမ်းဆီး ထိန်းသိမ်း ထောင်ကျခံနေရတဲ့ သတင်းသမား အရေးတွေနဲ့ ပတ်သက်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့အနေနဲ့ တသားတည်း ရှိတယ်ဆိုတဲ့ အကြောင်းကိုလည်း ပြောချင်တယ်။ အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ လုံး၀ လက်ခံနိုင်စရာ အကြောင်း မရှိဘူး။ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ရှေးရှုပါတယ်ဆိုရင် သင့်မြတ်လိုတဲ့ စိတ်နဲ့ တွေ့ဆုံညှိနှိုင်း ပြီးတော့ အမှန်တကယ် ကျူးလွန်တဲ့ သူကိုသာလျှင် ဖမ်းဆီးထိန်းသိမ်း အရေးယူသင့်ပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ လက်လွတ်စပယ် ဖမ်းမယ်ဆီးမယ်၊ ထိန်းသိမ်းမယ် ထောင်သွင်းအကျဉ်းချတဲ့ လုပ်ရပ်တွေ တို့တိုင်းပြည်မှာ ခပ်စိပ်စိပ် ဖြစ်လာခြင်းအားဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို တိုက်ရိုက် ထိခိုက်စေတယ်လို့ ရှုမြင်သုံးသပ်တယ်။ တိုင်းပြည်အတွက် မဖြစ်သင့် မဖြစ်ထိုက်တဲ့ အင်မတန်မှ ရုပ်ဆိုးအကျည်းတန်တဲ့ လုပ်ရပ်အဖြစ်လည်း မှတ်ချက်ပြုချင်ပါတယ်။
ဦးစိုင်းလိတ် (SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ)
အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မူးယစ်ဆေးဝါး ဖျက်ဆီးရေးကိစ္စကို သတင်းယူတယ်လို့ ကျနော်တို့ ကြားသိ ရတာပေါ့။ မူးယစ်ဆေးဝါးဖျက်ဆီး တယ်ဆိုတာဟာ နိုင်ငံတော်အစိုးရရော သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းတွေကပါ လုပ်နေတာ အားလုံးအသိပါ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဖမ်းတယ်ဆီးတယ် ဆိုရင် သိပ်ပြီး သဘာဝမကျဘူးပေါ့။ ဒါပေမယ့် ဖြစ်ရတဲ့ အကြောင်းအရင်း ကိစ္စအမှန်ကို ကျနော်တို့က မသိရသေးဘူး။ အရင်ကတည်းက ဒီအဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်မရှိရဘူးလို့လည်း ကြိုတင်ကန့်သတ် ထားတာကို မကြားသိရဘူးပေါ့။ ဥပမာ TNLA ကပြောရေးဆိုခွင့်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း တခြားသတင်းဌာနေတွေလည်း အစဉ်မပြတ်ဘဲ ဆက်သွယ်နေတာ ကျနော်တို့ ကြားသိရတာပဲ။ နောက်ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာလည်းပဲ TNLA က လာပြီးတက်သွားတာပဲဗျာ။ အဲဒီတော့ လိုတမျိုး မလိုတမျိုး မီဒီယာတွေကို ဆက်ဆံနေတဲ့ အနေအထားမျိုး ဥပဒေကိုလည်းပဲ သားရေကွင်းလို ချုံ့လိုက် ချဲ့လိုက် ဆက်ပြီးတော့ ကျင့်သုံးနေမယ်ဆိုရင်တော့ နိုင်ငံသူ နိုင်ငံသားတွေ အတွက်က တရားဥပဒေစိုးမိုးမှုရဲ့ အကာအကွယ်ကို မရသလောက် ဖြစ်နေပြီ။ အဲဒါကလည်း အစိုးအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ပြန်လည်ပြုပြင် ဆင်ခြင်သင့်တယ်။
ကိုမြအေး (၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
အခုလက်ရှိအခြေအနေမှာ NCA လက်မှတ်မထိုးထားတဲ့ အဖွဲ့အစည်းတွေလည်း ရန်ကုန်လာပြီးတော့ အစည်းအဝေး တက်တာတွေလည်း အားလုံးမြင်နေကြတာပဲလေ။ နောက်တခုက အရင်တုန်းက MPC အနေအထားရှိခဲ့တယ်။ MPC အနေအထားရှိခဲ့တဲ့အခါမှာ သတင်းထောက်တွေရော၊ တခြားနိုင်ငံရေး လုပ်တဲ့သူတွေရော လတ်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းတွေ တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒေသတွေကို သတင်းသွားယူတဲ့ ကိစ္စရပ်တွေ အပါအဝင် မြန်မာပြည်ငြိမ်ချမ်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက်ကို အထောက်အပံ့ ဖြစ်စေတဲ့ အချက်အလက်တွေ ကြားကနေ ဝင်ဆွေးနွေး ပေးခဲ့တာတွေက အထင်အရှားရှိခဲ့တယ်။ အဲဒီ အချိန်ကာလတုန်းက MPC အနေနဲ့က တခုခုဖြစ်ခဲ့မယ်ဆိုရင် အကာအကွယ်ပေးခဲ့တာမျိုးတွေ ရှိခဲ့ဖူးတယ်။ အခုချိန်မှာ ကျနော်မြင်တာက သတင်းထောက်တွေက သွားတယ် သတင်းယူမှာပဲ ဘာဖြစ်လို့လဲဆိုရင် သတင်းထောက်တွေရဲ့ အလုပ်က သတင်းယူရတဲ့ ကိစ္စဖြစ်တယ်။ အဲဒါကြီးကို ပုဒ်မ ၁၇/၁ တပ်ပြီးတော့ ဖမ်းတယ်ဆိုတာက လုံး၀ နည်းလမ်းမကျဘူး။ ကျနော်အနေနဲ့ တိုက်ရိုက်ပြောချင်တာက NRPC အနေနဲ့ ဒီကိစ္စကို ဝင်ဖြေရှင်းသင့်တယ်လို့ ထင်တယ်။ ပုဒ်မ ၁၇/၁ ဆိုတာက မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုပြီး ရန်ကုန်မှာတောင်မှ အစည်းအဝေးလာတက်တယ်။ ငြိမ်းချမ်းရေးအတွက် အကုန်လုံးကို ဖိတ်ခေါ်ရမှာလေ။ အခုအတိုင်းက ဘယ်မှသွားလို့ လာလို့မရ လုပ်လို့ကိုင်လို့မရဘူးဆိုတာ မြန်မာပြည် ငြိမ်းချမ်းရေး ကဏ္ဍမှာ အရမ်းတစ်ဆို့သွားမယ်လို့ ကျနော်မြင်တယ်။ သတင်းထောက်တွေကို ဖမ်းတာကို လက်မခံဘူး။ ၁၇/၁ ကပ်တာကိုလည်း လက်မခံဘူး။ သတင်းထောက်တွေ လွတ်လွတ်လပ်လပ် သတင်းယူပါစေ သတင်းထောက်တွေက သူလျှိုတွေ မဟုတ်ဘူး။
အမေရိကန်သံရုံး (ရန်ကုန်) မှ သတင်းထုတ်ပြန်ချက်
ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးသိန်းဇော်နှင့် ဒီဗွီဘီသတင်းဌာနမှ သတင်းထောက် ဦးအေးနိုင်နှင့်ဦးပြည့်ဘုန်းနိုင်တို့ကို တမ်မတော်ကဖမ်းဆီးခြင်းနှင့်ပတ်သက်၍ အထူးသဖြင့် အခြားသောသတင်းထောက်များ မကြာသေးမီက ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ မိမိတို့စိုးရိမ်မကင်းဖြစ်မိပါသည်။ မြန်မာနိုင်ငံ၏အောင်မြင်မှုအတွက် သတင်းလွတ်လပ်ခွင့်က မုချလိုအပ်သောအရာတစ်ခုဖြစ်သည့်အတွက် သတင်းထောက်များကလည်း၎င်းတို့၏တာဝန်များကိုထမ်းရွက်နိုင်ရန်လိုအပ်ပါသည်။