ကယားပြည်နယ်အတွင်း နိုင်ငံခြားသား ခရီးသွားများ လွတ်လွတ်လပ်လပ် သွားလာခွင့် ရခဲ့သည့် ၂၀၁၃ ခုနှစ်မှ စတင်ပြီး ၃ နှစ်ကျော်အတွင်း ဒေသတွင်းခရီးသွား ဝင်ရောက်မှုနှုန်း အတော်လေး မြင့်မားလာခဲ့သည်။ နိုင်ငံတကာမှ ခရီးသွား ဝင်ရောက်မှုသည် ၂၀၁၅-၁၆ ခုနှစ်အတွင်း ၇၀၀၀ ခန့် ရှိခဲ့ပြီး ယခင်နှစ်ကထက် ထက်ဝက်တိုးလာကြောင်း ကယားပြည်နယ် ဧည့်လမ်းညွှန် အသင်းမှ သိရှိရသည်။
ကယားပြည်နယ် မြို့တော် လွိုင်ကော်သည်လည်း လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး ရန်ကုန်၊ နေပြည်တော်၊ တောင်ငူနှင့် အင်းလေးဒေသတို့ကို တဆက်တည်း သွားလာလိုသူများအတွက် ခရီးတထောက်နားရင်း ဝင်လည်နိုင်သည့် ဒေသ ဖြစ်လာသည်။
ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းနှင့် ပတ်သက်ပြီး၁၉၉၆ ခုနှစ် မြန်မာ့ခရီးသွားနှစ် စတင်ချိန်မှ စ၍ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေသူ ကယားပြည်နယ် ဧည့်လမ်းညွှန်အသင်းဥက္ကဋ္ဌ ဦးဌေးအောင်အား ဧရာဝတီ သတင်းထောက် ငြိမ်းငြိမ်းက တွေ့ဆုံ မေးမြန်းထားသည်များမှ ကောက်နုတ် တင်ပြလိုက်ပါသည်။
မေး ။ ။ ကယားပြည်နယ်မှာ ခေတ်စားလာတာက ရှမ်းပြည်နယ်လို trekking (ခရီးရှည် လမ်းလျှောက်ခြင်း) သွားကြတယ်ဆိုတော့ ဘယ်ကာလတွေမှာ သွားရင် ပိုအဆင်ပြေမလဲ။ ဘယ်တွေကို သွားသင့်လဲ။
ဖြေ။ ။ trekking က ဘီလူးချောင်းထဲမှာလှေစီးရင် trekking လုပ်လို့ရတာရှိတယ်။ နောက်ပြီးကားနဲ့ တနာရီလောက် အရင်စီးသွားပြီးမှ ပန်ပက်တို့ ဘာတို့ ကယန်း ပဒေါင်ရွာ တိုုင်းရင်းသားရွာတွေကို ၆ နာရီ trekking လုပ်လို့ရတာ ရှိတယ်။ homestay (ညအိပ် တည်းခိုခွင့်) ပေးရင်တော့ ဒီမှာ ၂ ည အိပ်၊ ၃ ညအိပ် လုပ်လို့ရတယ်။ လောလောဆယ်တော့ ဟုမ်း စတေး မရှိသေးဘူး။
မေး ။ ။ ဟုမ်းစတေး ပေးဖို့ ဒီမှာက အရမ်းခက်နေတဲ့ အနေအထားလား။ ဒါမှမဟုတ် ဧည့်သည်တွေအနေနဲ့ အဲဒီလို နေနိုင်လို့ရတဲ့ အခြေအနေ ရှိနေပြီလား။
ဖြေ။ ။ အမှန်တော့ ဟုမ်းစတေးဆိုတာက ကလောတို့၊ အင်းလေးတို့မှာ လုပ်နေတာက ဘုန်းကြီးကျောင်းတွေမှာ အိပ်ကြတာပါပဲ။ ၂ ညအိပ် ၃ ရက်တို့။ ကလောကနေ အင်းတိန်ကို သွားတာလေ။ သူကတော့ ဘုန်းကြီးကျောင်းတွေမှာ အိပ်တယ်။ ကျေးရွာရယက အုပ်ချုပ်ရေးမှူး အိမ်တွေမှာ အိပ်တာတွေ ရှိတာပေါ့။ ဒါကတော့ လုုပ်မယ်ဆို လုပ်လို့ရပါတယ်။
၁၉၉၆ တုန်းက ဒီမှာ ၂ ညအိပ် ၃ ညအိပ် trekking တွေ လုပ်ခဲ့တာပဲ။ ကျနော်တို့ ကြားတာက NCA (တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်)မှာ KNPP (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ)က လက်မှတ်မထိုးရသေးတဲ့ အခြေအနေကြောင့် ဟုမ်းစတေး မလုပ်သေးတာလို့ ပြောတယ်။ နောက်တော့ ဖြစ်လာမယ် ထင်ပါတယ်။
မေး ။ ။ တတိုင်းပြည်လုံးမှာ တိုးရစ်ဇင် တိုးတက်ရေးတွေ အများကြီးလုပ်လာတယ်။ ကယားပြည်နယ်မှာလုပ်တဲ့ တိုးရစ်ဇင်က အီကိုတိုးရစ်ဇင် အခြေခံလား။ ဒါမှမဟုတ် ရိုးရိုးသာမန်ပဲလား။
ဖြေ။ ။ ဒီမှာက လောလောဆယ် နယ်သာလန် trust fund က ဒေါ်လာ ၁ ဒသမ ၉ သန်း လာလှူပြီးတော့ ရပ်ရွာ အခြေပြု ခရီးသွားလုပ်ငန်း (CBT)ပရောဂျက် လုပ်နေတယ်။ အောင်မြင်ပါတယ်။ မဆိုးပါဘူး။ ၂၀၁၄ ခုနှစ်က စတယ်။ ၂၀၁၇ ခုနှစ် ၆ လပိုင်းမှာ ပြီးသွားပြီ။
မေး ။ ။ ဒေသခံတွေ ဘယ်လောက်ထိ တိုးတက်လာတာ တွေ့ရလဲ။
ဖြေ။ ။ ဒေသခံတွေအတွက် အလုပ်အကိုင် ရလာတယ်။ အဲဒီရွာတွေဆီ သွားလို့ရှိရင် ဒေသခံ ဧည့်လမ်းညွှန်တွေကို ငှားရ တယ်။ ရွာမှာ ထမင်းချက်စားလို့ ရတယ်။ ရွာကလူတွေ ထမင်းချက်တဲ့အတွက် ဝင်ငွေရတယ်။ အဲဒီဟာကို သူက ၁၀ ရာခိုင်နှုန်းလားမသိဘူး ။ ရွာရဲ့ရန်ပုံငွေ ပြန်လုပ်ထားတာ။ ပြီးတော့ ရွာမှာ လက်မှုပစ္စည်းတွေ လုပ်ရောင်းတယ်။ လက် ကောက်တို့။ အခုဆိုရင် တနေ့ကပဲ ပြီးသွားတာ။ Kayah product (ကယားထုတ်ကုန်)ဆိုပြီး ပြိုင်ပွဲလုပ်တာ။ ရွာမှာ ပလိုင်းတို့၊ ဘာတို့ ရက်ရောင်းတာတို့။ အမှတ်တရပစ္စည်းတွေ ထုတ်လုပ်တဲ့ လုပ်ငန်းလေး တခုခု အကောင်အထည် ဖော်ထားတာ ရှိပါတယ်။
မေး ။ ။ အဲဒီပစ္စည်းတွေက ဘယ်မှာ ရနိုင်လဲ။
ဖြေ။ ။ လောလောဆယ်ကတော့ အဲဒီရွာတွေမှာပဲ ရနိုင်တယ်။ ကယန်းရွာတို့မှာ ကယန်းရိုးရာ ဝတ်စုံတို့ တဘက်တို့။ ဂျပ်ခုတ်ရက်တဲ့ဟာ။ ဒီမှာ ရနိုင်တာကတော့ ရွှေကိန္နရီ ရက်ကန်းရုံုမှာ ရနိုင်တယ်။ ကယားလုံချည်တို့၊ ကယားအင်္ကျ ီတို့ပေါ့။ ဒေသခံ အစားအစာ၊ အစားအသောက် ပိုမြှင့်တင်တဲ့ လုပ်ငန်းတွေ ရှိတယ်။ကယားရိုးရာ ဘာဘီကျူ စားချင်ရင်ပေါ့။ CBT ပရောဂျက်ဖန်က နယ်သာလန် trust fund ပရောဂျက်က ရွာကလူတွေကို သင်တန်းပေးထားတာ ရှိတယ်။ ပန်ပက်မှာ ရှိ တယ်။ ဘန်းဇံမှာရှိတယ်။ တနီးလလဲမှာလည်း လုပ်တယ်။ ကန်ဘေးမှာ ဝါးစားပွဲနဲ့ ကယားရိုးရာ စားချင်တယ်ဆိုရင် ချက် စားလို့ ရတယ်။ ကြိုမှာရတယ်။ တယောက်ကို ၅ ထောင်ကျပ်။ (တနီးလလဲရွာက) ဒီမောဆိုနားက ငွေတောင်ဆည် မရောက်ခင်မှာ။
မေး ။ ။ ဧည့်လမ်းညွန်တယောက် အနေနဲ့ မြန်မာပြည် ဟိုတယ် တိုးရစ်ဇင် ပိုပြီး တိုးတက်ဖို့ လက်တွေ့ လုပ်နေတဲ့ လူ တယောက်အနေနဲ့ အကြံပြုချက်က ဘာတွေ ရှိမလဲ။
ဖြေ။ ။ လောလောဆယ်တော့ IDC ရုံုးကိုသွားပြီး (လောလောဆယ် သွားရောက်လည်ပတ်ခွင့် ပိတ်ထားတဲ့) ဒီဒေါတမ ကြီးကို ပြန်ဖွင့်ဖို့ တောင်းဆိုတယ်။ ဒီပြည်နယ်မှာ သက်ဆိုင်ရာကာလုံတို့ ဘာတို့နဲ့ ဝန်ကြီးချုပ်တွေနဲ့ညှိပြီး ပြန်တောင်းဖို့ လုပ်တယ်။ ဘာလို့လဲဆို အဲဒီမှာ ကျနော်တို့ CBT ပရောဂျက်က ရွာကလူတွေကို သင်တန်းပေးထားတယ်။ ရွာက တကိုယ်ရေ သန့်ရှင်းရေးတွေရော၊ souvenir (အမှတ်တရလက်ဆောင်ပစ္စည်း)လုပ်တာရော ကယားရိုးရာ ဂီတရော သင်တန်းပေးပြီးသားမို့ ဒါတွေ ပြန်ဖွင့်စေချင်တယ်။ လာမယ့် တပတ် ၂ ပတ်မှာ အစည်းအဝေးရှိတယ်။ ကာလုံတို့၊ ဝန်ကြီးချုပ်တို့ဆီ တင်ပြပြီး ပြန်တောင်းမှာ။ အခုက လမ်းပန်းဆက်သွယ်ရေးကလည်း ကောင်းသွားပြီ။ KNPP အနေနဲ့ လည်း သွားလို့ အာမခံတယ်။ ဖြစ်နေတာက ကာလုံက လောလောဆယ် ပိတ်ထားတာ။
မေး ။ ။ ၁၉၉၆ ကတည်းက ဧည့်လမ်းညွှန်လုပ်ငန်းကို စတယ်။ အခုထိလည်း ဆက်ပြီးတော့ လုပ်ကိုင်နေတုန်းပဲဆိုတော့ မြန်မာပြည် တိုးရစ်ဇင် ကဏ္ဍ တိုးတက်ဖို့ ဘယ်လို စိန်ခေါ်မှုတွေ မြင်ရလဲ။ အဲဒီအတွက် ပြောချင်တာများ ရှိသလား။
ဖြေ။ ။ ကျနော်တို့ကရေရှည်တည်တံ့တဲ့ တိုးရစ်ဇင် ဖြစ်စေချင်တယ်။ များများလာလို့လည်း မကောင်းဘူး။ များရင်လည်း ပျက်ကုန်မယ်။ ရေရှည် ထိန်းသိမ်းထားဖို့ ဧည့်လမ်းညွှန်တို့၊ ဟိုတယ်တို့ ရွာသားတို့ ဘာတို့နဲ့ ပေါင်းပြီး ဒီရေရှည် တည်တံ့ တဲ့ ခရီးသွားလုပ်ငန်း ဖြစ်အောင်တော့ ဝိုင်းပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ရမှာပေါ့။
မေး ။ ။ အရင်က ထိုင်းမှာ ကယန်းတွေ လည်ပင်းရှည်တွေကို ပြစားတာ ရှိတယ်။ human zoo အဖြစ် ညွှန်းကြတယ်။ မြန်မာပြည်ကို အခု သူတို့ ပြန်လာတော့ အဲဒီလိုပုံစံ ဖြစ်နေပြီလား။
ဖြေ။ ။ မဖြစ်ဘူး။ ဒီရွာတွေက Native (သဘာဝအတိုင်း လူနေမှုပုံစံ)ပဲ။ ဧည့်သည်တွေကလည်း ဒီဟာတွေက မြန်မာပြည် က သွားနေတယ်ဆိုတာ သိတယ်။ ရွာမှာသွားလို့ရှိရင် သူတို့ရဲ့ လူနေမှုဘ၀ (way of life)ကို တကယ်ကြည့်လို့ ရတယ်။ ထိုင်းမှာ zoo လိုမျိုး ပြစားတဲ့ ပုံစံမျိုးကို။ ဒီမှာက ဝင်ကြေး မရှိဘူး။
ဝင်ကြေးကို ပထမဖွင့်ခါစက ကောက်တယ်။ နောက်တော့ မကောက်တော့ဘူး။ ပြည်နယ်ဝန်ကြီးချုပ်ရော၊ ဒုသမ္မတရော၊ သမ္မတရော လာတဲ့အချိန်မှာ ရွာဖွံံ့ဖြိုးတိုးတက်ရေးအတွက် အခုလမ်းတွေကကောင်းလာပြီ။ အရင်က အဲဒီရွာတွေကို ကား ဝင်လို့မရဘူး။ အခု လျှပ်စစ်မီးလည်း ရသွားပြီ။ လမ်းတွေလည်း ကောင်းလာပြီ။ ရွာက လူတွေကလည်း ဝင်ကြေး မကောက်တော့ဘူး။ ဒါပေမယ့် နောက်တော့ ပြောလို့မရဘူး။ ဖက်ဒရယ် ရသွားရင်တော့ ပြည်နယ်အစိုးရ အနေနဲ့ ကောက်ချင် ကောက်မှာပေါ့။ ပြည်ထောင်စုအစိုးရက လောလောဆယ် မကောက်ခိုင်းတာ။ အရင်က ရွာထဲကို ဝင်ရင် ၅ ထောင်ပဲ။ ကျနော်တို့က ကောက်စေချင်တယ်။ ပြည်နယ်ရန်ပုံငွေ ရတာပေါ့။
အင်းလေးဆို အင်းလေးဇုန်က ၁၀ ဒေါ်လာ၊ ပင်းတယမှာဆိုလည်း ဝင်ကြေးက ၅ ဒေါ်လာ ပေးရတယ်။ ပုဂံဆိုလည်း ပုဂံပေါ့နော်။ ပြည်နယ်အစိုးရကို ဒါတွေ ကောက်စေချင်တဲ့ ဆန္ဒရှိတယ်။ ဒီကောက်ထားတဲ့ငွေနဲ့ သွားလည်တဲ့ ရွာတွေကို အချိုးကျ ဖွံ့ဖြိုးရေးတွေ လုပ်ပေးရင် ပိုအဆင်ပြေတာပေါ့။
မေး ။ ။ ကွန်မြူနီတီဂိုက်တို့၊ လိုကယ်ဂိုက်တို့က ဧည့်လာတဲ့နှုန်း တိုးလာရင် ဧည့်သည်နဲ့ ဂိုက်အချိုး ညီမျှမှုရှိလား။
ဖြေ။ ။ ရှိပါတယ်။ လုံလောက်ပါတယ်။ ကွန်မြူနီတီဂိုက်ဆိုတာ ပြောရရင် ကယားဆိုကယားလို လိုက်ပြောတဲ့ ဂိုက်။ ကျနော်တို့က အင်္ဂလိပ်လိုပြောတယ်။ သူတို့နဲ့ ဧည့်သည်နဲ့ကြား ဆက်သွယ် ပြောပေးရတာပေါ့။ ကယောဆိုလည်း ကယောဂိုက်ပေါ့။ ကယန်းဆိုလည်း ကယန်းဂိုက်ပေါ့။ ရွာက ကလေးတွေကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးတဲ့ သဘောပါပဲ။