“ဒီနှစ် ၁၀ တန်း အောင်ကို အောင်ရမယ်။ ပညာတတ်မှ ဖြစ်မှာ”

ဧရာဝတီ
ကိုယ်လက်အင်္ဂါ ချို့ယွင်းနေသော်လည်း ဘဝကို အရှုံးမပေးဘဲ ကြိုးစားနေသည့် မထူးထူးမွန် / သဇင်လှိုင် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ကိုယ်လက် အင်္ဂါ ချို့ယွင်းနေရှာသည့် ဒသမတန်းကျောင်းသူ မထူးထူးမွန်သည် ၂၀၁၆ – ၂၀၁၇ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သူ ဖြစ်သည်။ မွေးဖွားစဉ် ကတည်းကပင် ညာဘက် လက်ချောင်းများ မပါရှိခြင်း ၊ ဘယ်ဘက်လက်မှာ တံတောင်ဆစ် အထိသာ ပါခြင်း၊ ခြေထောက်နှစ်ဖက်မှာလည်း ခြေချောင်းများ မပါရှိဘဲ ဒူးခေါင်းအထိသာ ရှိနေသည့် ကိုယ်အင်္ဂါ ချို့ယွင်းသူလေး ဖြစ်သည်။

သဖန်းဆိပ်ကျေးရွာ အလယ်တန်းကျောင်းတွင် သတ္တမတန်းအထိ အောင်မြင်ခဲ့ပြီး ယင်းနောက် ပညာဒါနအဖြစ် ဦးခင်မောင်ဆွေ(ခေတ္တ စင်ကာပူ) ၏ ကူညီထောက်ပံ့မှုဖြင့် ရွာတီရွာ အလယ်တန်းကျောင်းတွင် အဋ္ဌမတန်းကို လည်း ကောင်း၊ ကျွန်းလှမြို့ အထက်တန်းကျောင်းတွင် နဝမတန်းကိုလည်းကောင်း အောင်မြင်ခဲ့သည်။

ဦးခင်မောင်ဆွေ စင်ကာပူမှ ပြန်ရောက်လာပြီးနောက် ကလေးမြို့၌ ကိုယ်ပိုင်အထက်တန်းကျောင်း ဖွင့်လှစ်ပြီး သူမနှင့်အတူ မိခင်ဖြစ်သူအား ထိုကျောင်း၌ပင် နေထိုင်စေကာ ဒသမတန်းကို ပညာဆက်လက် သင်ကြားစေခဲ့သည်။

သူမသည် ပထမတကြိမ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခဲ့စဉ်က ရှုံးနိမ့်ခဲ့သော်လည်း ဇွဲမလျှော့ဘဲ ကျားကုတ်ကျားခဲ ထပ်မံကြိုးစားခဲ့သဖြင့် အောင်မြင်မှု သရဖူ ဆောင်းနိုင်ခဲ့သည်။ ထို့ပြင် နိုင်ငံတော် အတိုင်ပင်ခံ ရုံး၏ ဇွန်လအတွက် ချီးကျူး ဂုဏ်ပြုထိုက်သူအဖြစ် သတ်မှတ်ခံခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ရွာသူ မထူးထူးမွန်အား ဧရာဝတီမှ သတင်းထောက် သဇင်လှိုင်က ဆက်သွယ် မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး ။ ။ ကျောင်းတက်တဲ့ ကာလတလျှောက်မှာ ဘယ်လို အခက်အခဲတွေ ရှိခဲ့လဲ။

ဖြေ ။ ။ သမီးတို့ သဖန်းဆိပ်ရွာက ကျောင်းက ၇တန်းထိပဲ ရှိတော့ ကျောင်းနဲ့ အိမ်နဲ့သွားတဲ့ အခါကျတော့ အရမ်းဝေးတယ်။ သူငယ်တန်းကနေ ၅ တန်းအထိကတော့ အမေက လိုက်ပို့ပေးတယ်။ ကျောက်လမ်းတွေ ဆိုတော့ လမ်းတွေကလည်း ကြမ်းတယ်။ ၆ တန်း၊ ၇တန်းရောက်တော့ အမေက လိုက်မပို့တော့ဘူး။ သူငယ်ချင်းတွေနဲ့ သွားရတယ်။

ကျောက်လမ်းတွေရောက်ရင် သူငယ်ချင်းတွေကို တွဲပြီးတော့ သွားရတယ်။ ၇တန်းအောင်တော့ ရွာမှာက ၈တန်း မရှိဘူး။ ကျောင်းဆက်မတက်နိုင်တော့တဲ့ အခါကျတော့ အိမ်မှာပဲ ၃လလောက် နေရတယ်။ နောက်တော့ သမီးရဲ့ ဆရာမက အိမ်လာပြီး ဓာတ်ပုံရိုက်သွားပြီးတော့ အွန်လိုင်းပေါ် တင်လိုက်တဲ့အခါကျတော့ ဆရာဦးခင်မောင်ဆွေက ကျောင်း ထားပေးခဲ့တာပါ။

မေး ။ ။ ကျောင်းသွားတက်ရတဲ့ အခက်အခဲတွေအပေါ် ဘယ်လို ဖြတ်ကျော်ခဲ့ရသလဲ။

ဖြေ။ ။ ကျောင်းသွားဖို့က အမေလိုက်ပို့မှပဲ သွားရတာဆိုတော့ အားငယ်တယ်။ ကိုယ့်ဘာသာ ကိုယ်သွားမယ် ဆိုတော့ လည်း အမေက စိတ်မချဘူး။ ကားလမ်းပေါ်ဆိုတော့ ဆိုင်ကယ်တွေ၊ ကားတွေ တိုက်မှာလည်း စိုးရိမ်တယ်လေ။ ဒါပေမယ့်လည်း သမီးတို့က ဆင်းရဲတယ်။ အမေတို့က တောထဲတွေ ဘာတွေ သွားတော့ သူငယ်ချင်းတွေ အကူအညီနဲ့ပဲ ကျောင်းသွားရတာ။

မေး။ ။ ကျောင်းပညာကို စသင်တဲ့အခါမှာ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ခဲ့ရလဲ။

ဖြေ။ ။ အဲဒီတုန်းက ဆရာမကိုယ်တိုင်၊ ကျောင်းအုပ်ဆရာမကြီးကိုယ်တိုင် လက်တွေနဲ့ ဘယ်လို ရေးရမယ် ဆိုတာကို လက်ရေးဝိုင်းဝိုင်းနဲ့ သင်ပေးတယ်။ သမီးကမရေးတတ်ဘူး။ တော်တော်အခက်အခဲရှိတယ်။ တော် တော်ကြီးကို ကျင့်ယူ ခဲ့ရတယ်။

မေး။ ။ တက္ကသိုလ်ဝင်တန်းမှာ ပထမတခေါက် ဖြေတော့ မအောင်ခဲ့ဘူး။ ဒီနှစ်မှာတော့ အောင်မြင်ခဲ့တယ်။ တက္ကသိုလ် ဝင်တန်းမှာ ညီမရဲ့ အကြီးမားဆုံး အခက်အခဲက ဘာဖြစ်မလဲ။

ဖြေ။ ။ ညီမရဲ့ အကြီးမားဆုံး အခက်အခဲက စာရေးရင် လက်တွေ နာတာ။ ၁ နာရီလောက်ပဲ ရေးနိုင်တယ်။ ၁ နာရီ လောက် ရေးပြီးရင် လက်တွေက မရေးနိုင်တော့ဘူး။ အဲဒီလိုကြောင့်မို့ပါ။

မေး။ ။ ဒီနှစ်မှာ အောင်မြင်အောင် စိတ်ဓာတ်ခွန်အားကို ဘယ်လိုမြှင့်တင်ခဲ့ရသလဲ။

ဖြေ။ ။ လက်တွေနာလည်း ကိုယ့်ကိုယ်ကိုယ် အားတင်းပြီးတော့ ဒီနှစ် ငါ ၁၀ တန်း အောင်ကို အောင်ရမယ်။ ပညာတတ်မှ ဖြစ်မှာဆိုတဲ့ စိတ်နဲ့ ကြိုးစားခဲ့တာပါ။

မေး။ ။ ရည်ရွယ်ချက်က ဘာဖြစ်ချင်တာလဲ။

ဖြေ။ ။ အင်ဂျင်နီယာမကြီး ဖြစ်ချင်ပါတယ်။

မေး။ ။ တက္ကသိုလ်ဆက်တက်ဖို့ အခက်အခဲရှိတယ် ကြားရတယ်။ ဘာအခက်အခဲတွေများ ရှိနေတာလဲ။

ဖြေ။ ။ အခက်အခဲက ငွေရေးကြေးရေးတော့ ဟုတ်တယ်။ ဒါပေမဲ့ ငွေရေးကြေးရေးတင် မကဘူးလေ။ တက္ကသိုလ် တက်မယ်ဆိုရင် သမီးက အသွားအလာတွေကအစ သူများနဲ့ တူတာမဟုတ်ဘူး။
အခက်အခဲရှိတယ်။ ရွာကနေ တက္ကသိုလ်ကို လွှတ်ဖို့နဲ့၊ သမီးတယောက်တည်း အပြင်ကို ပို့ဖို့ဆိုတာ အခက်အခဲ ရှိတယ်။ တက္ကသိုလ်နဲ့ အရမ်းနီးတဲ့ အဆောင်မျိုး ရှာရမယ် ထင်တယ်။

မေး။ ။ အဖေက ဘယ်အချိန်တုန်းက ဆုံးပါးသွားခဲ့တာလဲ။

ဖြေ။ ။ သမီး ၈ တန်း တုန်းကပါ။

မေး။ ။ အခု တက္ကသိုလ်ဝင်တန်းမှာ အမှတ်ပေါင်း ဘယ်လောက်ရလဲ။ ဘယ်ဘာသာမှာ အမှတ်အများဆုံး ရခဲ့သလဲ။

ဖြေ။ ။ အမှတ်ပေါင်း ၂၉၃ မှတ် ရပါတယ်။ မြန်မာစာက အမှတ်အများဆုံးပါ။ ၆၅ မှတ်ရတယ်။

မေး ။ ။ လက်ရှိ ညီမလေးကို ထောက်ပံ့နေတဲ့ သူတွေကကော တက္ကသိုလ်ဆက်ထားပေးမယ်လို့ ပြောလား။

ဖြေ။ ။ ထားပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ ခုနက ပြောသလို ကျောင်းစရိတ်နဲ့တင် မဟုတ်တော့ သူတို့လည်း ဘယ်လိုလုပ်ရမလဲ မသိသေးဘူး။

Did you find apk for android? You can find new Free Android Games and apps.
Loading