ဗိုလိချုပ်နေဝင်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီအစိုးရလက်ထက် ၁၉၆၂ ဇူလိုင် ၇ ရက် အရေးအခင်းအတွင်း ဖောက်ခွဲဖျက်ဆီးခံခဲ့ရတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) အဆောက်အအုံ ပြန်လည်တည်ဆောက်ရေး အတွက် ပြီးခဲ့တဲ့ဇူလိုင်လ ၃ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးမှာ အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဒီဘတ်ဂျက်နှစ်ထဲမှာ တည်ဆောက်ဖို့ ရည်မှန်းထားကြောင်းနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနက အဆိုပြုထားတဲ့ပုံစံအရ ရှေ့ကကြည့်ရင် မူလကျောင်းသားသမဂ္ဂ အဆောက်အအုံအတိုင်း မြင်နိုင်ပြီး၊ အနောက်ဘက်မှာ ပန်းခြံခြားထားရှိပြီး၊ ၉ ထပ် အဆောက်အအုံအဖြစ် ပြတိုက်၊ ခန်းမ၊ စာကြည့်တိုက်တို့ အပါအဝင် ဘက်စုံသုံးခန်းမကိုပါ ထည့်သွင်းဆောက်လုပ်မယ်လို့ ပြောဆိုခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ကျောင်းသားလှုပ်ရှားများမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်များရဲ့ သဘေားထားအမြင်တွေကို ဧရာဝတီသတင်းဌာနက ဆက်သွယ်မေးမြန်ပြီး စုစည်းဖော်ပြလိုက်ပါတယ်။
ဦးလှရွှေ
(၁၉၆၂ မျိုးဆက် ကျောင်းသားခေါင်းဆောင်)
ကျောင်းသားသမဂ္ဂ အဆောက်အအုံဆိုတာက သာမာန်အဆောက်အအုံ မဟုတ်ဘူးဗျ။ ဗမာပြည်လွတ်လပ်ရေးသမိုင်းနဲ့ ဆက်နွယ်နေတဲ့ အဆောက်အအုံတခုပဲ။ ၁၉၂၀ ခုနှစ် တက္ကသိုလ်သပိတ်ဆိုတာ ဒီနေရာမှာ ဖြစ်တာလေ။ နောက်ပိုင်း ၁၉၃၁ ခုနှစ်ကျမှ တက္ကသိုလ်သမဂ္ဂတည်ထောင်လာတဲ့အခါ ပထမဆုံးဥက္ကဋ္ဌက သခင်နုပဲ။ အဲဒီတော့ ဒီအဆောက်အအုံ ပြန်ဆောက်မယ်ဆိုတာက မီးလောင်သွားတဲ့ တဲတတဲကိုပြန်ဆောက်တာ မဟုတ်ဘူး။ သူ့ရဲ့နိုင်ငံရေးဂုဏ်သိက္ခာ ရှိတယ်။ အဲဒီဂုဏ်သိက္ခာနဲ့ညီတဲ့ စီမံခန့်ခွဲမှုတွေနဲ့ ပြန်ဆောက်ရမှာပေါ့။
NLD အနေနဲ့လည်း သမဂ္ဂအဆောက်အအုံနဲ့ ပတ်သက်ရင် မကိုင်ရင်လည်း လူထုနဲ့ကျောင်းသားတွေက ကျေနပ်မှာ မဟုတ်ဘူး။ ကိုင်ရင်လည်း စစ်တပ်ဘက်ကို ကြည့်နေရမယ်။ NLD အစိုးရ တာဝန်ရှိသူတွေကို ပြောချင်တာက ကျောင်းသားသမဂ္ဂ အဆောက်အအုံဆောက်တဲ့ကိစ္စကို တာဝန်ခံပြီး လုပ်မယ်ဆိုရင် ဘယ်သူ့မျက်နှာမှ ကြည့်မနေပါနဲ့လို့ ပြောချင်တယ်။ အခုက တကယ်လုပ်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေကို တယောက်မှမဖိတ်ဘူး။ ဒီနေရာမှာ အဆောက်အအုံတခု ဆောက်ရုံနဲ့ မပြီးပါဘူး။
သမိုင်းဆိုင်ရာ အရေးကြီးတဲ့နေရာတခုဖြစ်တဲ့အတွက် ဒီအပေါ် တန်ဖိုးထားတဲ့သူတွေကဆောက်မှ သမိုင်းရှိတဲ့အဆောက်အအုံတခု ဖြစ်လာမှာပါ။ အဖြစ်သဘောလေး ကျေနပ်ရုံ ဆောက်ပေးလိုက်မယ်ဆိုရင် အဆောက်အအုံပြီးသွားရုံနဲ့ ဒီသမိုင်းတွေက ပြီးသွားမှာမဟုတ်ဘူးလို့ ပြောချင်တယ်။
ဦးလေးမြင့်
(စာရေးဆရာလှကွန့်) ဗကသ ခေါင်းဆောင်ဟောင်း

ဒီတက္ကသိုလ်သမဂ္ဂ ပြန်ဆောက်ရေးဆိုတာ ကြာပြီ။ ဟိုတလောကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး စီစီညံညံ တော်တော်ဖြစ် လိုက်သေးတယ်။ ကျနော် တခုပြောချင်တာက တက္ကသိုလ်သမဂ္ဂကို အဆောက်အအုံတခုအဖြစ် ဆောက်မှာလား။ အဆောက်အအုံတခုဆိုတာက ဘယ်အစိုးရပဲဖြစ်ဖြစ် ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ဒီသမဂ္ဂအဆောက်အအုံပါဆိုပြီး ဆောက်ပေးလိုက်ရင် အဆောက်အအုံတော့ ဖြစ်သွားမှာပေါ့။ သို့သော် ဒီဆောက်လိုက်တဲ့ အဆောက်အအုံဟာ တကယ့်သမိုင်းတန်ဖိုးရှိတဲ့ အဆောက်အအုံ ဖြစ်မဖြစ်ဆိုတာ စဉ်းစားစရာရှိတယ်။
အခုဖျက်ပစ်ခံရလိုက်တဲ့ သမဂ္ဂအဆောက်အအုံဆိုတာဟာ သမိုင်းဝင်အဆောက်အအုံပဲ။ သူ့ဘာသာ ဒီဇိုင်းဘယ်လောက်ကြီးပဲကောင်းကောင်း၊ ကမ္ဘာကျော်တဲ့ဒီဇိုင်း အဆောက်အအုံကြီးပဲဖြစ်ဖြစ် အဲဒါဟာ အဆောက်အအုံတခုပဲ ဖြစ်မှာပဲ။ သမိုင်းဝင်သမဂ္ဂတော့ ဘယ်တော့မှဖြစ်မှာမဟုတ်ဘူးလို့ ကျနော်ပြောရဲတယ်။ ဒီသမဂ္ဂအဆောက်အအုံကို ဖြိုဖျက်လိုက်တဲ့ကိစ္စဟာ သမိုင်းမှာ အင်မတန်ရင်နာစရာကောင်းတဲ့ အဖြစ်အပျက်တခု ဖြစ်တယ်။ ဒါဟာသမိုင်းအတွက် နောက်လူတွေသိဖို့ သမိုင်းအမှတ်အသားအနေနဲ့ထားခဲ့ရမှာ ဖြစ်တယ်။
ဒါကြောင့် ကျနော်ကတော့ ဒီနေရာမှာ အဆောက်အအုံ မဆောက်ဘဲနဲ့ ဒီနေရာကို ပန်းခြံလိုဟာမျိုး (သို့မဟုတ်) ဒီထက်ပိုပြီး လုပ်နိုင်လို့ရှိရင် ဥပမာ- ဂျပန်ကဟီရိုရှီးမား အထိမ်းအမှတ်လိုဟာမျိုး၊ ဂျပန်မှာ ဟီရိုရှီးမားဘေးမှာရှိနေတဲ့ ဂျပန်စစ်ဌာနချုပ်နဲ့ ရေတပ်ဌာနချုပ်ကြီးဟာ ဒီအတိုင်းပဲသံကူကိုင်းတွေနဲ့ ထားတယ်။ ဒီလိုထားတာဟာ အလကား မဟုတ်ဘူး။ သမိုင်းမှတ်တမ်းအနေနဲ့ ထားတာ။ ဒါကြောင့်မို့ ဒီနေရာကို ထူးခြားတဲ့အထိမ်းအမှတ်တခုအဖြစ် သမိုင်းဝင်မှတ်တမ်းတခုအဖြစ် သတ်မှတ်ထားချင်တာပါ။
ကိုမြအေး
(၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ၎င်း၏ဖေ့ဘုတ်ပေါ်မှ သဘောထားဖော်ပြချက်

တကသအဆောက်အအုံ ပြန်လည်တည်ဆောက်ရေးအစည်းအဝေးကို ဇွန်လ ၃ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးမှာ ခေါ်ယူကျင်းပခဲ့တယ်။ ကျနော်တို့ မတက်ရောက်ခဲ့ပါဘူး။ မတက်ရောက်ရတဲ့ အကြောင်းရင်းက ဒီအစည်းအဝေးမှာ သမဂ္ဂမျိုးဆက်အသီးသီး မစုံလင်နိုင်တာကြောင့်တကြောင်း၊ လက်ရှိ တိုင်းပြည်မှာ ဒီထက်အရေးကြီးတဲ့ကိစ္စ ဥပမာ- အခြေခံလူထုရဲ့စားဝတ်နေရေး၊ ရခိုင်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေးစတဲ့ ကိစ္စတွေကို ပိုအလေးထားဖြေရှင်းဖို့ လိုတယ်လို့မြင်တာကြောင့်တကြောင်း ဖြစ်ပါတယ်။
ဒီလိုအချိန်မှာ အချင်းချင်း အငြင်းပွားနိုင်တဲ့ ကိစ္စတွေကို ရှောင်ရှားသင့်တယ်လို့ မြင်ပါတယ်။ ဒါပေမယ့် အခုကြားရတဲ့ သတင်းတွေအရ သမဂ္ဂအဆောက်အအုံကို ၇ ထပ် ဆောက်မယ်။ ဘက်စုံသုံး အဆောက်အအုံဆိုတဲ့ စကားရပ်တွေဟာ ဘောင်မဝင်ပါဘူး။ သမဂ္ဂအဆောက်အအုံဟာ သမဂ္ဂဆိုတဲ့ အသုံးအနှုန်းပဲ ဖြစ်ရမှာပါ။ ဘယ်ရွေ့ဘယ်မျှ ဘယ်မှာဆောက်မယ် ဆိုတာဟာ အစိုးရ၊ ပါတီ၊ အဖွဲ့အစည်း တခုခုရဲ့ ချုပ်ကိုင်ချယ်လှယ်မှုကင်းတဲ့ လွတ်လပ်တဲ့ ကော်မတီတရပ်ဖွဲ့စည်းပြီး မျိုးဆက်အသီးသီးရဲ့သဘောထားကို ကောက်ခံပြီးမှသာလျှင် ဆုံးဖြတ်ရမယ့်ကိစ္စပါ။
သမဂ္ဂအဆောက်အအုံ တည်ဆောက်ရေးနဲ့အတူ သမဂ္ဂများ တရားဝင်ရပ်တည်ရေးနဲ့ ရှင်သန်ရေးကိုပါ တွဲသွားရမှာ ဖြစ်တယ်။ ကော်မတီဟာလည်း လွတ်လပ်ရမယ်၊ သမိုင်းဖြစ်စဉ်အမှန်ကို ဖော်ထုတ်ပြုစုရမယ်၊ ၆၂၊ ၇၄ – ၇၅- ၇၆၊ ၈၈၊ ၉၆ – ၉၈၊၂၀၀၇ ကနေ ဒီနေ့အထိရှိတဲ့ ကျောင်းမျိုးဆက် အသီးသီးရဲ့သဘောထားတွေကို တောင်းခံရမယ်။ ဥပဒေပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို လွှတ်တော်နဲ့ညှိုနှိုင်း ဆောင်ရွက်ရမယ်။ လူထုရဲ့ရိုးရှင်းတဲ့ရန်ပုံငွေနဲ့ပါ တည်ဆောက်ရမယ်။ ဒီအချက်တွေထဲက သမိုင်းဖြစ်စဉ်အမှန်ဖော်ထုတ်ရေးဟာ သိပ်အရေးကြီးပါတယ်။
တကသအဆောက်အအုံကို ဘယ်သူတွေ ဖောက်ခွဲဖျက်ဆီးခဲ့တာလဲ။ ကျောင်းသားတွေ ဘယ်နှယောက်သေဆုံးခဲ့လဲ။ ဘယ်နှယောက် ထောင်ကျခဲ့လဲ။ ဒါတွေ မရှိမသိဘဲဆောက်ရင် သမိုင်းကို ဖုံးကွယ်လှည့်ဖျားသလို ဖြစ်သွားပါလိမ့်မယ်။ သမဂ္ဂအဆောက်အအုံ တည်ဆောက်ရေးဆိုတာ ရပ်ကွက်ထဲမှာ ကန်ထရိုက်တိုက်ဆောက်သလို စဉ်းစားလို့မရပါဘူး။ သမဂ္ဂသမိုင်းဟာ မြန်မာ့နိုင်ငံရေးသမိုင်းပါ။ သမဂ္ဂခေါင်းဆောင်တွေဟာ နိုင်ငံကိုထူထောင်ခဲ့တဲ့ ခေါင်းဆောင်တွေ၊ တပ်မတော်ကို ထူထောင်ခဲ့တဲ့ ခေါင်းဆောင်တွေဖြစ်တယ်ဆိုတာ သမိုင်းမှာ အထင်အရှားတွေ့ရမှာပါ။ အစိုးရသစ်ရဲ့ တကသအဆောက်အအုံ တည်ဆောက်ချင်တဲ့ ဆန္ဒနဲ့စေတနာကို တန်ဖိုးထားလေးစားပါတယ်။ ဒါပေမယ့် လုပ်ဟန်အမှားတွေ မဖြစ်စေချင်လို့ ဒီစာကိုရေးရတာပါ။
ကိုမာကီ
(၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

တကသအဆောက်အအုံနဲ့ ပတ်သက်ရင် ၁၉၂၀ ကျောင်းသားလှုပ်ရှားမှုကနေ ယနေ့လက်ရှိ တက္ကသိုလ်ကျောင်းသားလှုပ် ရှားမှုတိုင်းနဲ့ သက်ဆိုင်တယ်။ လက်ရှိအသက် ၉၀ ကျော် ကျောင်းသားမျိုးဆက်ကြီးတွေ အပါအဝင် ခေတ်အဆက်ဆက် ကျောင်းသားမျိုးဆက်တွေရဲ့ ဆန္ဒသဘောထားတွေမပါဝင်ဘဲ လက်ရှိအာဏာရအစိုးရအနေနဲ့ မိမိတို့ရဲ့ လုပ်ပိုင်ခွင့် အာဏာကိုအသုံးချပြီး ငါတကောကောမယ်ဆိုရင် လက်ရှိကျောင်းသားတွေသာမက ခေတ်အဆက်ဆက်က ကျောင်းသားအားလုံးနဲ့ပါ ရင်ဆိုင်ရမယ်ဆိုတာ သတိပြုကြစေချင်တယ်။
သမိုင်းအမှန်ကို ဖော်ပြနိုင်ရမယ်။ မှတ်တမ်းတင်ရမယ်။ ကျောင်းသားသမဂ္ဂရဲ့ဖွဲ့စည်းပုံကို ကျောင်းသားတွေကိုယ်တိုင် ရေးဆွဲခွင့်ပြုရမယ်။ ဘယ်အဖွဲ့အစည်း ဘယ်ပါတီကမှ လွှမ်းမိုးမှုမရှိတဲ့ ကျောင်းသားသမဂ္ဂ ဖြစ်ရမယ်။ ပေါ်ပေါက်လာမယ့် တကသအဆောက်အအုံကို ကျောင်းသားသမဂ္ဂထံ ယုံကြည်စွာ လွှဲပြောင်းပေးနိုင်ရမယ်။ မဆောက်မဖြစ် ဆောက်သင့်တာမှန်ပေမယ့် သမိုင်းကြောင်းက ကြီးမားလွန်းတာကြောင့် သမိုင်းကြောင်းနဲ့ ပတ်သက်သူတွေအားလုံးရဲ့ သဘောထားအမြင်တွေ ပါဝင်သင့်တယ်။
အားလုံးကိုဖိတ်ခေါ်ပြီး သဘောထားရယူသင့်တယ်။ သက်ရှိထင်ရှား ရှိနေသေးတဲ့ ကျောင်းသား ခေါင်းဆောင်ဟောင်းကြီးတွေ အပါအဝင် ကျောင်းသားမျိုးဆက်အသီးသီးကို ဖိတ်ခေါ်ပြီး ညီလာခံပုံစံမျိုးနဲ့ သဘောထား အရင်ယူသင့်တယ်။ ပြီးတော့ တကသ၊ ဗကသ၊ အကသ စတဲ့ ကျောင်းသားသမဂ္ဂတွေကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်လှုပ်ရှားခွင့် ပေးရမယ်။
ကိုနောင်ထက်အောင်
(ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ)

အစိုးရရဲ့ တကသအဆောက်အအုံ တည်ဆောက်ရေးလုပ်နေတဲ့ လမ်းကြောင်းတွေက အားလုံးမှားယွင်းနေတယ်။ ပြီးခဲ့တဲ့ ကျောင်းသားမျိုးဆက်တွေရဲ့သဘောဆန္ဒ ပါဝင်ရမယ့်အပြင် တည်ဆောက်ပြီးစီးရင်လည်း ဆက်လက်အသုံးပြုကြမယ့် မျိုးဆက်သစ်တွေရဲ့ သဘောထားဆန္ဒတွေ အကုန်လုံးပါဝင်မှ ဒီအဆောက်အအုံဟာ တကယ့်သမဂ္ဂမိခင် တကသ အဆောက်အအုံကြီး ဖြစ်လာမှာပါ။
ကိုစိုးသူရကျော်
(ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ)

ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီး ပြန်လည် တည်ဆောက်မယ်ဆိုတဲ့နေရာမှာ လက်ရှိကျောင်းသားမျိုးဆက်တွေကို ချန်မထားပါနဲ့။ လက်ရှိမျိုးဆက်တွေက နောင်လာမယ့်မျိုးဆက်တွေကို လက်ဆင့်ကမ်းခေါ်ဆောင်သွားရမယ့်သူတွေ ဖြစ်တယ်။ ဒီမျိုးဆက်ကို ချန်ထားခဲ့မယ်ဆိုရင် ပြဿနာတွေ ရှိလာနိုင်ပါတယ်။ လက်ရှိကျောင်းသာမျိုးဆက်တွေကို အရေးတယူထားပြီး ထဲထဲဝင်ဝင် ပါဝင်ဆွေးနွေးခွင့်ပြုမယ်ဆိုရင် အကောင်းဆုံးလုပ်ရပ်တခု ဖြစ်ပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင်တော့ သမိုင်းက သေပြီးရင်း ဆက်သေနေဦးမှာပါပဲ။