တိုင်းပြည်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ အစိုးရဟာ ရခိုင်အရေးလို ပြဿနာတွေနဲ့ စိန်ခေါ်မှုများစွာ ရင်ဆိုင်နေ ရသလို မီဒီယာတွေဟာလည်း လွတ်လပ်စွာ သတင်းရယူနိုင်ဖို့ ပရော်ဖက်ရှင်နယ်ဆန်ဆန် အလုပ်လုပ်ဖို့ကိုတောင်မှ ဖမ်းဆီး အရေးယူ ထောင်ချ တာမျိုးတွေ ကြုံနေရတာကြောင့် ဒီလို အခြေအနေတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းနိုင်ဖို့ ဘယ်လို လုပ်ဆောင်သင့်သလဲဆိုတာကို အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို ဧရာဝတီသတင်းဌာန နေပြည်တော် သတင်းထောက် ထက်နိုင်ဇော်က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ လက်ရှိ ရခိုင်အရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးဆောင်တဲ့ အင်အားစုတွေက ရခိုင်ပြည်နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာပေးဖို့အထိ တောင်းဆိုနေတာရှိတယ်။ သူတို့ရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး အစိုးရရဲ့ သဘောထားကို သိချင်ပါတယ်။
ဖြေ ။ ။ အမျိုးသား လုံခြုံရေးနဲ့ပတ်သက်ပြီး သူတို့မှာ စိတ်ပူပန်မှုတွေ ရှိတယ်။ အဲဒီအပေါ်မှာ အစိုးရကို အကြံပြုတယ်။ ထောက်ပြတယ်ပေါ့ဗျာ။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ အစိုးရဘက်က ကြိုဆိုပါတယ်။ ဒါက နံပါတ်တစ်အချက်။ နံပါတ်နှစ်အချက်ကတော့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က သမ္မတအိမ်တော်မှာ အထူး အစည်းအဝေး ကျင်းပတယ်။ ကျင်းပတဲ့အခါမှာ ဒီကိစ္စနဲ့ ပတ်သက်လို့ တော်တော်များများ ဆွေးနွေးကြတယ်။
ဆွေးနွေးပြီးတော့ ဆက်လက်လုပ်ဆောင်ဖို့ အစီအမံတွေကိုလည်း တပ်မတော်ပိုင်းက ရှင်းလင်းတင်ပြခဲ့တယ်။ အလားတူပဲ သူတို့ စိုးရိမ်နေတဲ့ Responsible to protection (R to p ) ပတ်သက်လို့ အစိုးရဘက်က တုန့်ပြန် ဆောင်ရွက်မှာတွေလည်း ဆွေးနွေးပါတယ်။ အစိုးရကိုယ်တိုင်ကလည်း ဒီကိစ္စကို စိုးရိမ်ပူပန်စွာနဲ့ အလေး ထားပြီးတော့ ဆောင်ရွက်နေပါတယ်လို့ ပြောချင်ပါတယ်။ တချို့ဟာတွေကျတော့ ကျနော်တို့က အသေးစိတ်တော့ ထုတ်ဖော် ပြောကြားဖို့ အခက်အခဲရှိတယ်။ သို့သော် ကျနော်တို့ လုပ်သင့်လုပ်ထိုက်တာ မှန်သမျှကို လုပ်နေပါတယ်လို့ ပြောချင်တယ်။
နံပါတ် ၃ အချက်က National Security လို့ ပြောတဲ့ အမျိုးသား လုံခြုံရေးကိစ္စက နိုင်ငံရေး ပါတီတခုတည်းတင် မဟုတ်ဘဲ တမျိုးသားလုံး၊ တနိုင်ငံလုံး ကြိုးပမ်းပြီးတော့ ဝိုင်းဝန်းဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်။ အဲဒါကိုလည်းပဲ နိုင်ငံရေး ပါတီတွေ အနေနဲ့ အမျိုးသား လုံခြုံရေးနဲ့ ဆိုင်တဲ့ Knowledge ပေါ့နော်။ အသိပညာ၊ ဗဟုသုတတွေကို ပြည်သူလူထုဆီ ဖြန့်ဝေပေးဖို့ တိုက်တွန်းချင်တယ်။
အခု အစိုးရက ဆောင်ရွက်နေတာက အမျိုးသား လုံခြုံရေးကို ကာကွယ်နေတာ ဖြစ်တယ်။ ဒါကိုလည်း နားလည်ပေးဖို့ လိုတယ်။ အဲဒီ ပေါ်မှာ အပြုသဘော ပူးပေါင်းပါဝင်ပေးကြပါလို့ ကျနော်တို့က တိုက်တွန်းချင်တယ်။
မေး ။ ။ အခုလို နိုင်ငံပါတီတွေရဲ့ ထုတ်ပြန်ချက်က အစိုးရကို အကျပ်အတည်းဖြစ်စေလား။ ဘယ်လို ပုံစံမျိုး ရှိလဲ။
ဖြေ ။ ။ ကျနော်တို့က အကျပ်အတည်း ဖြစ်စေတယ်လို့တော့ မယူဆပါဘူး။ ဒါက နိုင်ငံရေးပါတီတွေရဲ့ သဘော သဘာဝအရ လုပ်ဆောင်ကြတာပေါ့နော်။ တချို့အတွင်းပိုင်းက UN System ပေါ့နော်။ UN System ရဲ့ အတွင်းပိုင်းက ဟာတွေကိုလည်း တချို့လည်း ကျယ်ကျယ်ပြန့်ပြန့် သိချင်မှ သိမှာပေါ့နော်။ အဲဒီအပေါ်မှာ ထင်မြင်ယူဆချက်တွေ ကောက်ချက်တွေ လွဲမှားတာလည်း ဖြစ်နိုင်တယ်။ ကုလသမဂ္ဂရဲ့ စနစ်တွေနဲ့ ပတ်သက်ပြီး ပိုပြီး သိရှိနားလည်အောင်၊ နောက်ဆုံး ကျနော်တို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာရှိတဲ့ Expert (ကျွမ်းကျင်သူ) တွေနဲ့ လာရောက်ဆွေးနွေး ညှိနှိုင်းလို့ ရပါတယ်။
မေး ။ ။ လွှတ်တော်မှာ ကြံ့ခိုင်ရေးပါတီရဲ့ ဆွေးနွေးချက်မှာ အစိုးရက လူ့အခွင့်အရေးကောင်စီမှာ ရခိုင်ကိစ္စကို မဲခွဲခွင့်ရဖို့တောင် မကြိုးစားခဲ့ဘူးလို့ ပြောတယ်။ အဲဒါဟုတ်လား။
ဖြေ ။ ။ Vote ခေါ်ခြင်း၊ မခေါ်ခြင်းနဲ့ ပတ်သက်ပြီးတော့ ဒီအပေါ်မှာ အငြင်းပွားမှုတွေ ရှိပါတယ်။ ကျနော်တို့ ဦးတည်ရမှာက ရလဒ်က ပြောင်းလဲနိုင်မလားဆိုတာကို စဉ်းစားဖို့ လိုပါတယ်။ Vote ခေါ်လိုက်ခြင်းကြောင့် သုံးသပ်ချက် ရလဒ်တွေကို ပြောင်းသွားနိုင်လား ဆိုတာ ကိုလည်း ခြုံငုံပြီး စဉ်းစားဖို့ လိုမယ်လို့ ထင်ပါတယ်။ ဒါကတော့ ဘာသာရပ်ဆိုင်ရာ ကိစ္စတွေ ဖြစ်တော့ အခုချိန်မှာ ပြောပြလည်း နားလည်မှာ မဟုတ်ဘူးပေါ့နော်။
အဲဒီတော့ ပြောချင်တာက အကြံပြုပါ။ ကျနော်တို့ အစိုးရက ကြိုဆိုတယ်။ ပြီးရင် ဒီဘက်မှာ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ လာပြီးတော့ အကျေအလည် ဆွေးနွေးပါ။ ဆိုလိုတာက Resolution ဆုံးဖြတ်ချက်မူကြမ်း တင်လာတဲ့ဟာကို ဘယ်လောက် ပြောင်းလဲ သွားနိုင်လိမ့်မလဲဆိုတဲ့ ရလဒ်ပုံစံမျိုးနဲ့ စဉ်းစားနေတယ်။
မေး ။ ။ ရခိုင်ဒေသကို စစ်အုပ်ချုပ်ရေးအဆင့်အထိ တောင်းဆိုနေတာဆိုတော့ အဓိက အင်အားစုဖြစ်တဲ့ တပ်မတော်ရဲ့ သဘောထားက ဘယ်လိုရှိလဲ။ လက်ရှိ အစိုးရနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု ရှိရဲ့လား။
ဖြေ ။ ။ တပ်မတော်ကတော့ လက်ရှိ အစိုးရလက်ထက်မှာ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု ရှိပါတယ်။ ပူးပေါင်းဆောင်ရွက်မှု ရှိတယ်။ တိုင်ပင်ဆွေးနွေးမှု ရှိတယ်။ ညှိနှိုင်းလာတာတွေ ရှိတယ်။ အမျိုးသား လုံခြုံရေးနဲ့ ပတ်သက်လို့ တာဝန်ယူဆောင်ရွက်ရတာက တပ်မတော် ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုတာက ၂၀၁၀ ခုနှစ် နောက်ပိုင်းပေါ့နော်။ သူက ယခင်က တပ်မတော်ရဲ့ ကွပ်ကွဲမှုအောက်မှာ တိုက်ရိုက်ရှိသော်လည်း အခုက သူ့ဝန်ကြီးဌာန နဲ့သူ ဖြစ်နေပါပြီ။ ကျနော်တို့က အမျိုးသား လုံခြုံရေးနဲ့ ပတ်သက်ပြီး အများကြီး သင်ယူ လေ့လာမှုတွေ လုပ်ရဦးမှာပါ။ တချိန်တည်းမှာပဲ တပ်မတော်ပိုင်းကလည်း သူတို့လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်နေတယ်လို့ ပြောလိုပါတယ်။
မေး ။ ။ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးကျော်တင်ရဲ့ လွှတ်တော်မှာ ဖြေကြားချက်အရ အစိုးရက ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ ရှေ့ကနေထွက်ပြီး သံတမန်နည်းလမ်းအရ ရဲရဲကြီး ဖြေရှင်းနေသလို လုံခြုံရေး တပ်ဖွဲ့ဝင်တွေကလည်း ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်ဆိုရင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ အရေးယူဆောင်ရွက်ဖို့ လိုတယ်လို့ ပြောသွားတယ်။ ဒီဖြစ်စဉ် အပေါ်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိ၊ မရှိကို စုံစမ်း စစ်ဆေးနေတာတွေ လုပ်နေပါသလား။
ဖြေ ။ ။ တပ်မတော်ဘက်ကလည်း တပ်မတော်အတွင်းပိုင်းမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့တယ်။ ရဲတပ်ဖွဲ့ကလည်း ရဲတပ်ဖွဲ့ အတွင်း မှာ စုံစမ်း စစ်ဆေးရေး ဖွဲ့တယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ စွပ်စွဲချက်တွေက အများကြီးရှိတယ်။ ဒုသမ္မတ ဦးဆောင်တဲ့ ကော်မရှင် အစီရင်ခံစာလည်း ထွက်မလာသေးပါဘူး။ သူတို့လုပ်ရမယ့် တာဝန် ၃ ခုမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိ၊ မရှိဆိုတာ စစ်ဆေးဖို့ တာဝန် တခု ပါပါတယ်။ သူတို့လည်း ဒီကိစ္စတွေကို လိုက်လံလေ့လာပြီး စုံစမ်းစစ်ဆေးပြီးတော့ တင်ပြမှာ ဖြစ်ပါတယ်။
နောက်တချက်က အစိုးရ၊ တပ်မတော်၊ တပ်မတော် အကြီးအကဲတွေ၊ ရဲတပ်ဖွဲ့ ပြည်ထဲရေး ဝန်ကြီးအထိ အကြီးအကဲတွေ အကုန်လုံးက ဘာကို ပြောနေလဲဆိုတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အားလုံးကို ငြင်းဆိုနေတာ မဟုတ်ဘူး။ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုရင် သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ကျနော်တို့ကိုပေး။ ရရင် စုံစမ်းမယ်။ စစ်ဆေး မယ်။ ဖော်ထုတ်မယ်။ အဲဒါကို ကျနော်တို့ နိုင်ငံတကာ၊ ကုလသမဂ္ဂ အပါအဝင် ကျန်တဲ့ အဖွဲ့အစည်းတွေကို ပြောထားတယ်။
ခိုင်မာတဲ့အထောက်အထားတွေ ပေးပါ။ ခိုင်မာတဲ့အထောက်အထားတွေ ရပြီဆိုရင် သူတို့ ဆက်လုပ်မယ်။ ချိုးဖောက်မှုတွေက မှန်ကန်တယ်ဆိုရင် ဥပဒေနဲ့အညီ အရေးယူမယ်။ ဒါက တပ်မတော်အကြီးအကဲတွေ ကိုယ်တိုင်လည်း ဒီအတိုင်းပဲ ရပ်တည်ထားတယ်။ သို့သော် စွပ်စွဲချက်အားလုံးသည် မှန်သလားဆိုတာကတော့ စုံစမ်းစစ်ဆေးတဲ့ အဖွဲ့တွေ အားလုံးရဲ့ အစီရင်ခံစာတွေ အပေါ်မှာ လေ့လာသုံးသပ်ဖို့ လိုလိမ့်မယ်လို့ ထင်တယ်။
မေး ။ ။ ဝေဖန်မှုတွေ အတိုက်အခံတွေ ရှိနေတဲ့ကြားက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကို ရခိုင် အကြံပေး ကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်လိုက်တာ ဘာကြောင့်လဲ။ သူ့ကို အဲဒီလို ခန့်လိုက်တဲ့အတွက် တိုင်းပြည်မှာ ဘာအကျိုးရှိနိုင်လဲ။
ဖြေ ။ ။ ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ဒေါက်တာ ကိုဖီအာနန် ကော်မရှင်ကို ဖွဲ့စည်းခဲ့တာ ဖြစ်တယ်။ သူ့ရဲ့ Mandate က အကြံပေးဖို့ပဲ ဖြစ်ပါတယ်။ အကြံပေး ကော်မရှင် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွက် ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု အနေအထားတခုကို ရောက်ဖို့ ဘက်စုံထောင့်စုံ လေ့လာသုံးသပ်ပြီးတော့ အကြံပြုဖို့ပဲ ဖြစ်တယ်။
ကျနော်တို့ အစိုးရကလည်း Statement ထုတ်ထားတယ်။ ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပြုချက်တွေကို ဆောင်ရွက် နေတယ်။ လက်ရှိမှာလည်း ဆောင်ရွက်နေတယ်။ ဒေါက်တာကိုဖီအာနန် ကော်မရှင်နဲ့ ပတ်သက်လို့ ပြောချင်တာက အကြောင်းခံ၊ အကြောင်းတရားတွေကို လေ့လာကြည့်ပါ။ ကျနော်တို့ သြဂုတ်လမှာ ဖွဲ့တုန်းက ဘာပြဿနာမှ မရှိသေးဘူး။ မရှိကတည်းက အစိုးရက ဖွဲ့စည်းခဲ့တဲ့ ရည်ရွယ်ချက်က နောင်မှာ နိုင်ငံတကာနဲ့ ပတ်သက်လာရင် ကြိုတင်ဖြေရှင်း နိုင်အောင် ရည်ရွယ်ပြီးတော့ ဖွဲ့စည်းခဲ့တာ ဖြစ်တယ်။
နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေလာတိုင်းမှာ ကျနော်တို့က ဒေါက်တာ ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပြုချက်အတိုင်း ဆောင်ရွက်နေတယ်လို့ ပြောတယ်။ ပြောရရင် ကိုဖီအာနန်ကော်မရှင်က မြန်မာနိုင်ငံရဲ့ ဒိုင်းသဖွယ်ပေါ့နော် ကာထားတဲ့ အနေအထားမျိုး ရှိတယ်။ အကယ်၍ လက်ရှိအနေအထားမျိုးမှာ ဒေါက်တာ ကိုဖီအာနန်ကော်မရှင်သာ ဖွဲ့စည်းထားတာမျိုး မရှိဘူးဆိုရင် ဖိအားပေးမှုတွေ စွပ်စွဲချက်တွေက ဘယ်လို နေမလဲပေါ့နော်။ ဒီထက်ကို ပိုဆိုးဆိုးဝါးဝါး ဖြစ်နိုင်တယ်လို့ ကျနေ်ာကတော့ ထင်ပါတယ်။
မေး ။ ။ အမျိုးသား လုံခြုံရေး အကြံပေးဆိုပြီးတော့ အစိုးရက တရားဝင်ခန့်ထားပါတယ်။ သူ့အခန်းကဏ္ဍက ဘယ်လို ရှိပါသလဲ။ အမျိုးသားလုံခြုံရေးအတွက် တိုင်းပြည်အတွက် သူက ဘာလုပ်ပေးနိုင်မှာလဲ။
ဖြေ ။ ။ National Security Advisor ဆိုတာ နိုင်ငံတော်တော်များများမှာ ခန့်ထားလေ့ရှိပါတယ်။ အနီးစပ်ဆုံး အိန္ဒိယကိုပဲ ကြည့် လိုက်။ ဒီလိုမျိုး ရှိတယ်။ အမေရိကန်မှာလည်း National Security Advisor ရှိတယ်။ National Security Council ရှိတယ်။ ကျနော်တို့က National Interest နဲ့ National Security ကို ကာကွယ်တဲ့နေရာမှာ ပထမဆုံးလိုင်းက Defense of the Diplomacy ဖြစ်တယ်။ Diplomacy ပြီးရင် လိုင်းတွေ လိုင်းတွေ လာပြီးတော့ နောက်ဆုံးလိုင်းကတော့ Defense လိုင်းပေါ့နော်။
ကျနော်တို့ အမျိုးသားဆိုင်ရာ လုံခြုံရေး အကြံပေး ခန့်ထားခြင်းက မထူးဆန်းပါဘူး။ ဒီပေါ်မှာ ထောက်ပြမှုတွေကလည်း သူ့ဟာသူ နောက်ခံအကြောင်းတရားနဲ့ ပြောဆိုတာ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် နိုင်ငံတကာ Practice ကို လေ့လာကြည့်ဖို့ လိုတယ်။ အမျိုးသား လုံခြုံရေး အကြံပေး ဘယ်တွေ သွားနေလဲ။ ဘာလုပ်နေလဲ။ သူလုပ်ကိုင်ဆောင်ရွက်နေတဲ့ အပေါ်မှာ ကျနော်တို့ တွေ့မြင်နိုင်ပါလိမ့်မယ်။
နောက်ပြီး မကြာခဏဆိုသလို NSA ရဲ့ ရှင်းလင်းချက်တွေကလည်း မီဒီယာတွေမှာ ပါနေပါတယ်။ အဲဒီအပေါ်မှာလည်း ပြန်သုံးသပ်ကြည့်မယ်ဆိုရင် ဘယ်လောက်အထိ လွယ်လွယ်ကူကူ သိနိုင်လဲဆိုရင် ကျနော်တို့က အစိုးရဖြစ်နေတဲ့အတွက် ပြောဖို့တော့ မသင့်ဘူး။ သို့သော် ပြောနိုင်တာကတော့ NSA ဦးသောင်းထွန်းရဲ့ Background က သံအမတ်ကြီး၊ အတွေ့အကြုံ ရင့်ကျက်တယ်။ တကယ့်ကို ဖိအားတွေ များစွာ ကြားထဲမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်မှာ ဒီလိုမျိုး လုပ်ကိုင်လာတဲ့ သံတမန်တဦး ဖြစ်တယ်။
သူ့မှာ Network တွေ ရှိတယ်။ သံတမန် အတွေ့အကြုံတွေနဲ့ သူ့ရဲ့ သုံးလို့ရတဲ့အပိုင်း အားသာချက်တွေ ဒါမျိုးတွေရှိတယ်။ သူရှိတဲ့ အတွက် National Security၊ National Interest အတွက် အတိုင်းအတာ တခုအထိတော့ အထောက်အကူ ဖြစ်တယ်လို့တော့ ပြောနိုင်ပါတယ်။
မေး ။ ။ အစိုးရအနေနဲ့ ရခိုင်ပြည်နယ် တခုတည်းအတွက် မဟုတ်ဘဲ တနိုင်ငံလုံး လုံခြုံရေး၊ ငြိမ်းချမ်းရေးအတွက် ဘယ်လို စဉ်းစားဆောင်ရွက်နေလဲ။ ပြီးတော့ စီးပွားရေး ဖွံဖြိုးတိုးတက်ဖို့ ချိတ်ဆက် စဉ်းစားတာမျိုးရော ရှိလား။ အပေါ်ကနေ ကြည့်လို့ရမယ့် မဟာဗျူဟာ လုပ်ငန်းလမ်းစဉ်မျိုး ရှိပါသလား။
ဖြေ ။ ။ ကျနော်တို့ လက်ရှိ အစိုးရရဲ့ Vision က Peace၊ Prosperity၊ Democracy ဖြစ်ပါတယ်။ ပထမအချက်က Peace ထဲမှာ နေထိုင်ကြောင်း လုပ်ဖို့ ဖြစ်ပါတယ်။ နောက်တခုက Prosperity ပေါ့နော်။ လူမှု စီးပွားရေး ဘဝတွေ ဖွံ့ဖြိုးတိုးတက်ဖို့ပါ။ နောက်ဆုံး ကတော့ ဒီမိုကရေစီပါ။ အခုသွားနေတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ နောက်ပြီး ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုပေါ့နော်။ ဒီဟာကို ကျနော်တို့ ဦးတည်ပြီး သွားနေတာ ဖြစ်တယ်။
ပြန်ကြည့်လိုက်ရင် အစိုးရရဲ့ Vision က ၃ ခုရှိတယ်။ အဲဒီမှာ Peace နဲ့ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် အလေး ထားပြီးတော့ ဆောင်ရွက်နေတယ်။ လူမှုစီးပွားတိုးတက်ရေးအတွက်လည်း ပညာရေး၊ ကျန်းမာရေး စသဖြင့် တိုးတက်အောင် လုပ်နေ တယ်။ ပြီးရင် အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေး လုပ်သလို တဖက်ကလည်း စီးပွားရေး မူဝါဒ ၁၂ ရပ်အောက်မှာ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဦးစားပေးလုပ်ငန်းတွေ ရှိမယ် စသဖြင့်ပေါ့။ ဒါက Prosperity အပိုင်း။
နောက်ပြီးတော့ ဒီမိုကရေစီပိုင်းမှာက ဒီမိုကရေစီဖက်ဒရယ် ဖြစ်လာဖို့။ အဲဒီမှာလည်းပဲ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့လည်း ပါပါတယ်။ အဲဒီ အဆုံးမှာ ၂၁ ရာစု ပင်လုံ ညီလာခံကတဆင့် ကျနော်တို့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို အခြေခံမူတွေ ချမှတ်နိုင်ဖို့ပါပဲ။ အဲဒီတော့ ဒီအစိုးရရဲ့ Vision တွေကတော့ ဒီ ၃ ခု ဖြစ်တယ်လို့ပဲ ပြောလိုပါတယ်။
မေး ။ ။ နောက်ဆုံး သိချင်တာက ကျနော်တို့ မီဒီယာတွေ တရားစွဲခံနေရတာ။ ၆၆ (ဃ) လို ၁၇ (၁) လို ပုဒ်မမျိုးတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံပြီး တရားရင်ဆိုင်နေရတယ်။ ဒီမိုကရေစီ အစိုးရလက်ထက်မှာ ဒီလိုပုဒ်မမျိုးတွေသုံးပြီး တရားစွဲခံ နေရတာဟာ ဘာကြောင့်လဲ။ အစိုးရရဲ့ ရပ်တည်ချက်ကရော ဘယ်လိုရှိလဲဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။ နံပါတ် ၁ အချက်က ဥပဒေပုဒ်မတွေ ကျင့်သုံးမှု အပိုင်းပေါ့နော်။ နစ်နာသူ ကာယာကံရှင်တွေရဲ့ ရွေးချယ်မှုပဲ ဖြစ်တယ်။ ဘယ်ပုဒ်မနဲ့ အမှုဖွင့်မယ်။ ဘယ်ပုဒ်မနဲ့ တရားစွဲမယ်ဆိုတာကတော့ ကာယကံရှင်တွေရဲ့ ရွေးချယ်မှုပါ။ အစိုးရက တစုံတရာ ဝင်ရောက် စွက်ဖက်လို့ မရဘူး။ အဲဒါက ဘာနဲ့ဆိုင်လဲဆိုတော့ တရားရေးမဏ္ဍိုင်နဲ့ သွားဆိုင်တယ်။ ဒီလူကို ဒီပုဒ်မနဲ့ ဖွင့်သင့်၊ မဖွင့်သင့်။ လက်ခံသင့်၊ လက်မခံသင့်က တရားသူကြီးတွေရဲ့ ဆင်ခြေတုံတရားနဲ့ အမျှော်အမြင်နဲ့ ဆုံးဖြတ်တာ။
အစိုးရပိုင်းက ဘာလုပ်လို့ရလဲဆိုတော့ ဥပဒေနဲ့ ပတ်သက်လို့ ကျင့်သုံးတဲ့အခါမှာ ကျင့်သုံးတဲ့အပေါ်မှာ မူတည်ပြီးတော့ သက်ရောက်မှုကို သုံးသပ်ပြီး ပြင်ဆင်ဖို့ လွှတ်တော် ဥပဒေပြုရေးကို တင်ပြတာမျိုး လုပ်နိုင်တယ်။ ဒီဥပဒေနဲ့ ညှိစွန်းတဲ့ သူတွေက နိုင်ငံရေးအရ ဖြစ်စေ၊ ဒီမိုကရေစီ သဘောတရားအရ ဖြစ်စေ အဲဒီအပေါ်မှာ အစိုးရအနေနဲ့ စဉ်းစား ဆောင်ရွက် ပေးလို့ရတဲ့ အပိုင်းမျိုးလည်း ရှိပါတယ်။ ဒါပေမယ့် ကာယကံရှင်တွေကို ဟိုပုဒ်မနဲ့ မဆွဲပါနဲ့။ ဒီပုဒ်မနဲ့ဆွဲပါလို့ ပြောဖို့ကတော့ ခက်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီမှာက ကိုယ့်ရဲ့ ထင်မြင်ယူဆချက် အခြေခံနဲ့ သွားတာပါ။
နောက်ပြီးတော့ မီဒီယာနဲ့ ပတ်သက်ပြီး စဉ်းစားရင် ၆၆(ဃ)၊ ပုဒ်မ ၁၇(၁) လောက်ကိုပဲ စဉ်းစားနေလို့ မရဘူး။ တစုံလုံးကို စဉ်းစားရမယ်။ ရေရှည်ကို ကြည့်ရမယ်။ နောင်မှာလည်း ဖြစ်လာဦးမှာပဲ။ ဖြစ်နေဦးမှာပဲ။ ဖြစ်တဲ့အခါကျရင် ဘယ်လို အကောင်းဆုံး နည်းနဲ့လုပ်မလဲ ဆိုတော့ ကျနော်တို့က ဥပဒေတွေရော တကယ့် မီဒီယာပိုင်းမှာ ထိန်းကျောင်းမှု ဘယ်လို လုပ်မလဲ။
ဆိုလိုတာက ကျန်တဲ့ အင်စတီကျူးရှင်းတွေက တိုက်ရိုက်တရားစွဲဆိုတဲ့အဆင့်မရောက်ခင်မှာ မီဒီယာတွေရဲ့ ကိုယ်စား အင်စတီကျူးရှင်း မက်ဂက်နက်ဇင် တခုကနေပြီးတော့ အတွင်းထဲကို ဘယ်လို ပြန်ထိန်းကျမလဲ။ အတွင်းထဲကို ထိန်းကျောင်းမှု တစုံတရာရှိတယ်ဆိုရင် အပြင်ကနေ တိုက်ရိုက် တရားစွဲဆိုမှုတွေ နောက်ဆုံးအဆင့်ကျမှ ရောက်သွားမယ့် သဘောရှိတယ်။
နစ်နာတဲ့အဖွဲ့အစည်းကို ၆၆(ဃ)နဲ့ မဆွဲပါနဲ့။ ၁၇(၁) မသုံးပါနဲ့လို့ သွားပြောရင် လက်ခံချင်မှလက်ခံမယ်။ မီဒီယာတွေကို မီဒီယာဘက်က စာနယ်ဇင်းကောင်စီလိုဟာမျိုးက မီဒီယာတွေကိုဘယ်လို ထိန်းကျောင်းမလဲပေါ့ဗျာ။ သူတို့ထိန်းလို့မရမှ ခင်ဗျားတို့ဆွဲချင်ရင် ဆွဲကြပါဆိုတဲ့ နည်းလမ်းမျိုးပေါ့။
ပြောရရင်တော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ မီဒီယာလည်း ပါတယ်။ မီဒီယာတွေရဲ့ ကူပြောင်းမှုက ဘယ်နားရောက် နေပြီလဲ။ ဟုတ်ပြီ။ ဒီမိုကရက်တစ် စံနှုန်းတွေနဲ့ကြည့်ရင် မီဒီယာသည် အစပိုင်းမှာ လွတ်လပ်စွာ ပြောဆိုခွင့်တွေ ရလာတယ်။ ကူးပြောင်းမှု အဆင့်မှကျ မီဒီယာတွေရဲ့ အခွင့်အရေးကို Right to Information ကို စသဖြင့် သူတို့ရဲ့ Space ကို ချဲ့လာတယ်။ နောက်ဆုံး ဒီမိုကရေစီ ခိုင်မာတဲ့အဆင့်ကို ရောက်ရင်တော့ မီဒီယာကို ကာကွယ်ပေးနိုင်တဲ့အဆင့် ရောက်သွားလိ့မ်မယ်။
အဲဒီတော့ ကျနော်တို့ရဲ့ အသွင်ကူးပြောင်းမှုက ခိုင်မာတဲ့အဆင့်ကို မရောက်သေးဘူး။ ဒါကိုလည်း နှစ်ဦးနှစ်ဖက် အားလုံးက နားလည်ဖို့ လိုတယ်။ အဲဒီတော့ ဒီအသွင်ကူးပြောင်းရေးအဆင့်မှာပဲ ခိုင်မာတဲ့အဆင့်ရောက်အောင် ဘယ်လို လုပ်ကြမလဲ။ သက်ဆိုင်ရာ အင်စတီ ကျူးရှင်းတွေ State Holder တွေ စုပေါင်းပြီးတော့ တကယ်ကို အားလုံး ဘက်စုံပါဝင်တဲ့ Brain Storming ပေါ့နော်။
အဲဒါတွေ လုပ်သင့်တယ်။ သူ့ဘက်က ကိုယ့်အမြင်၊ သူ့အမြင်။ စိုးရိမ်ချက်တွေ ရှိမယ်။ အဲဒီအပေါ်မှာမှ လက်ရှိ ပြဌာန်းထားတဲ့ တည်ဆဲ ဥပဒေတွေရဲ့ အကျိုးသက်ရောက်မှု၊ ကောင်းကျိုး၊ ဆိုးကျိုး၊ အားသားချက်၊ အားနည်ချက်တွေကို ဆွေးနွေးညှိနှိုင်းပြီးတော့ အားလုံး သဘောတူ လက်ခံနိုင်တဲ့ Solution တခုက ဘာဖြစ်မလဲဆိုတာကို ရှာဖွေဖို့ လိုမယ်လို့ ကျနော်တို့က ထင်ပါတယ်။