မြန်မာပြည်ရဲ့ အနောက်ခြမ်း ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ဘင်္ဂါလီ အခြေချနေထိုင်သူများအရေးဟာ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံများရဲ့ နိုင်ငံရေးဖိအားပေးမှုတွေ ပိုမိုတိုးလာနေပါတယ်။ တဖက်မှာလည်း ပြည်တွင်း အတိုက်အခံတွေရဲ့ ဖိအားကိုလည်း ရှောင်လွှဲမရပဲ ဖြစ်ပြီး ဘေးကျပ်နံကျပ် အနေအထား ရောက်နေရပါတယ်။ ဒီနာတာရှည် ပြဿနာကို ဖြေရှင်းဖို့ လက်တွေ့ကျကျ စဉ်းစားတွေးခေါ်ပြီး ချည်းကပ် အဖြေရှာဖို့ လိုတယ်လို့ ဦးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးလည်း ဖြစ်ခဲ့ပြီး စင်ကာပူနိုင်ငံ အရှေ့တောင်အာရှ လေ့လာရေး အင်စတီကျူမှာ လေ့လာဆည်းပူး သုတေသနလုပ်ခဲ့တဲ့ ဦးရဲထွဋ်က ဧရာဝတီ သတင်းဌာန အယ်ဒီတာချုပ် ဦးအောင်ဇော်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ပြောခဲ့ပါတယ်။ အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ဦးအောင်ဇော်။ ။ အခု ကျနော်စပြီးတော့ မေးချင်တာက ရခိုင်အရေးနဲ့ပတ်သက်ပြီးတော့ ပြည်တွင်းမှာရော ပြည်ပမှာရော စိုးရိမ်စိတ်တွေရှိနေပါတယ်၊ နိုင်ငံတကာကရော UN ကရော အချက်အလက် ရှာဖွေ စုဆောင်းရေး mission ဆိုပြီး ဝင်ခွင့်ရဖို့အတွက် အစိုးရကို ပန်ကြားနေတာ တွေ့ရတယ်။ တချိန်တည်းမှာပဲ ပြည်တွင်းမှာလည်း USDP ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဦးဆောင်တဲ့ပါတီ အင်အားစုတွေကနေပြီးတော့ ရခိုင်ပြည်ကို စစ်အုပ်ချုပ်ရေး ကြေညာပေးဖို့ တောင်းဆိုခဲ့တယ်။ အခြေအနေဟာ စိုးရိမ်နေရတဲ့ အခြေအနေကိုရောက်နေတယ်လို့ ကျနော်တို့ သတ်မှတ်လို့ ရပါတယ်။ ဦးရဲထွဋ်ရဲ့ အမြင်ကို သိချင်ပါတယ်။
ဦးရဲထွဋ်။ ။ နှစ်ပိုင်းခွဲပြောရမှာပေါ့၊ ပထမတပိုင်းကတော့ ကုလသမဂ္ဂတောင်းဆိုနေတဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ပေါ့။ အဲ့ဒီအဖွဲ့ကို ဖွဲ့စည်းတာရော မြန်မာနိုင်ငံထဲကို စေလွှတ်တာရော ကျနော်လည်း အခုလက်ရှိ သမ္မတဦးထင်ကျော် အစိုးရအဖွဲ့လို လက်မခံပါဘူး။ ဒါပေမယ့် ကျနော်ပြောချင်တာက လက်မခံရုံသက်သက်နဲ့တော့ မပြီးဘူး။ နောက်ဆက်တွဲ စဉ်းစားရမှာက သမ္မတအစိုးရလက်ထက်မှာရော ဦးသိန်းစိန်အစိုးရလက်ထက်မှာရော ကုလသမဂ္ဂွက တောင်းဆိုခဲ့တာ မရှိဘူး။ အခုက တောင်းဆိုတဲ့အဆိုကို တင်သွင်းထားတာလည်း ဒေါ်အောင်ဆန်းစုကြည်ကို တောက်လျှောက်ထောက်ခံခဲ့တဲ့ ဥရောပသမဂ္ဂဖြစ်တယ်။ ကျနော်တို့က ဒီအဖွဲ့ကို လက်မခံဘူးလို့ ငြင်းဆိုနေရုံနဲ့ မပြီးဘူး၊ အဲ့ဒီအဖွဲ့ကို လွှတ်ဖို့အတွက် တောင်းဆိုတဲ့အထိ ဖြစ်လာတဲ့အခြေအနေက ဘာကြောင့်လဲ။ ရခိုင်ပြည်နယ် မြောက်ပိုင်းအခြေအနေကို နိုင်ငံတကာက ဘယ်လိုနားလည်နေသလဲ။ အဲ့ဒါကို ကျနော်တို့ ဘယ်လိုတုံ့ပြန်ဆောင်ရွက်မလဲ။ ကျနော်တို့မှာ ဘာအားနည်းချက်တွေ ရှိနေသလဲ။ ဥပမာ မီဒီယာလိုဟာမျိုးကို ဝင်ခွင့်မပေးတာကြောင့် နားလည်မှုတွေလွဲနေတာလား။ ဒါမှမဟုတ် ကျနော်တို့က ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အားနည်းနေတာလား။ ဘယ်လို အထင်အမြင်မှားတွေ ရှိနေသလဲဆိုတာတော့ လက်ရှိအစိုးရအနေနဲ့ သုံးသပ်သင့်တယ်လို့ ကျနော်ထင်တယ်။
ဦးအောင်ဇော်။ ။ ဟုတ်ကဲ့၊ မီဒီယာ access လို့ပြောသလိုပဲ တချိန်တည်းမှာပဲ သံတမန်ကိစ္စပေါ့။ ကျနော်တို့ရဲ့ ခံစစ်မှာ ကျနော်တို့ဘက်က အရမ်းကိုအားနည်းနေတယ်။ ဆုံးဖြတ်ချက်တွေက မခိုင်မာဘူး။ ကျနော်တို့ဘက်ကပြောတဲ့ အစိုးရဘက်ကပြောတဲ့ နိုင်ငံတော်ကိုယ်စားပြုတဲ့ အသံတွေက အားနည်းတယ်။ နောက်တခုက အသံတခ ုထွက်နေတာ ရှိတာပေါ့။ UN မှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးသောင်းထွန်းအပြင် ထပ်ခန့်သင့်သလား၊ ဒီ case ကို ခိုင်ခိုင်မာမာ ရပ်ပြောဖို့ပေါ့။ အဲ့ဒါတွေ လိုအပ်မယ်လို့ထင်သလား။
ဦးရဲထွဋ်။ ။ ရခိုင်ပြည်နယ်ကိစ္စတင် မဟုတ်ဘူး၊ မြန်မာပြည်နယ်ရဲ့အရေးအရာကိစ္စတွေအားလုံးကို နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံဖို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆက်သွယ်မှုရဖို့ ကျနော်တို့မှာ အကောင်းဆုံးပုဂ္ဂိုလ်ရှိနေတယ်။ ဒေါ်အောင်ဆန်း စုကြည်ရှိနေတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဲ့ဒီကိစ္စကို ထိထိရောက်ရောက်အသုံးမချနိုင်ဘူးလို့ ကျနော်မြင်တယ်။ လုပ်တာ မလုပ်တာကတော့ ကျနော်တို့ အတွင်းပိုင်းမှာ ကြိတ်ပြီးတော့ လုပ်တာတော့ရှိမယ် မမြင်ရဘူးပေါ့။ ကျနော်တို့က ဘာမြင်ရမလဲ။ ရလဒ်ကိုတော့ မြင်နေရတယ်။ ရလဒ်ကတော့ နိုင်ငံအတွက် အကျိုးရှိမယ့် တုံုံ့ပြန်မှုတွေ ရမလာဘူးပေါ့။ ဒါကြောင့် နိုင်ငံတကာဆက်ဆံရေးမှာ ဘာတွေလုပ်ဖို့ လိုမလဲဆိုတော့ အစိုးရအနေနဲ့ ပြန်သုံးသပ်ဖို့ လိုမယ်လို့ ကျနော်မြင်တယ်။ သမ္မတဦးသိန်းစိန်လက်ထက်တုန်းက ၂၀၁၀-၂၀၁၃ လက်ထက်တုန်းက ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ အကြီးအကျယ်ဖြစ်တယ်။ အဲ့အချိန်မှာ သမ္မတအနေနဲ့ ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ရော နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ကျနော်တို့ တိုက်ရိုက်ဆက်ဆံမှုတွေ ရှိတယ်။ ပြည်တွင်းမှာရှိတဲ့ အထူးသဖြင့် အနောက်နိုင်ငံတိုင်းက သံတမန်ရုံးတွေနဲ့ သမ္မတကြီးကိုယ်တိုင် ဦးစိုးသိန်းတို့ ဦးအောင်မင်းတို့ တိုက်ရိုက်ထိတွေ့ဆက်ဆံပြီးတော့မှ အမြင်ချင်း ဖလှယ်ကြတာတွေ ရှိတယ်။ အဲလိုမျိုးတွေလုပ်နေတာ မလုပ်နေဘူးလားဆိုတာတော့ ကျနော်မသိဘူး။ ရလဒ်ကို ကြည့်လိုက်မယ်ဆိုရင်တော့ ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက သေဆုံးတာတွေ ပျက်စီးတာတွေ ဒီထက်ပိုများခဲ့တယ်၊ ပဋိပက္ခဖြစ်တာ လူအုပ်စုလိုက်ကို ဖြစ်တာကိုး၊ ဒါပေမယ့် အဲ့ဒီကိစ္စကို နိုင်ငံတကာက ကျနော်တို့ အတတ်နိုင်ဆုံး ဖြေရှင်းပေးတာကို နားလည်ပေးတယ်။ ဒါပေမယ့် အခုကျတော့ ကျနော်တို့မှာ အကောင်းဆုံးသော လက်နက်ကြီးရှိနေရဲ့သားနဲ့ အဲ့ဒီလက်နက်ကို ဘာကြောင့် မထိလဲဆိုတာတော့ ကျနော်တို့အဖြေရှာဖို့ လိုတယ်။ ဒေါ်အောင်ဆန်းစုကြည်ရှိနေတာ ကျနော်ထင်တယ်လေ ဘယ်သူ့မှ ထပ်ခန့်စရာ မလိုဘူး။
ဦးအောင်ဇော်။ ။ အဲတော့ message ပို့ရာမှာ ထိတွေ့ဆက်ဆံမှုမှာ အားနည်းတယ် ဆိုတဲ့ ပုံစံမျိုးလား။ အခုဆိုရင် UN လူ့အခွင့်အရေး ကိုယ်စားလှယ် ယန်ဟီးလီ ကလည်း ရခိုင်ကို သွားပြီ၊ UNHCR မဟာမင်းကြီးကိုလည်း ရခိုင်ပြည်ကို သွားဖို့ပေးနေပြီ၊ ကျနော်တို့က UN ကို တားဆီးထားတာ မဟုတ်ဘဲနဲ့ UN Fact-Finding mission ကိုပဲ တားဆီးထားတာ မဟုတ်လား။
ဦးရဲထွဋ်။ ။ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ကျနော်တို့က လက်မခံတာ တပိုင်း။ ယန်ဟီးလီတို့ UNHCR မဟာမင်းကြီးတို့ လာတယ်ဆိုတာ ပူးပေါင်းဆောင်ရွက်မှုရှိလို့ ခွင့်ပြုတာက တပိုင်း။ လာချင်း မလာချင်းက အဓိက ပြဿနာ မဟုတ်ဘူး။ လာတဲ့အချိန်မှာ သူတို့နဲ့ ကျနော်တို့နဲ့ ဆွေးနွေးတဲ့အချိန်မှာ တယောက်နဲ့တယောက် ဘယ်လောက်အထိ အပြန်အလှန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးသလဲဆိုတာ ပိုပြီးတော့ အရေးကြီးတယ်လို့ ကျနော်ထင်တယ်။ သူက သွားတယ် ပြန်ထွက်လာတဲ့အချိန်မှာ ကျနော်တို့က လက်ခံတွေ့ဆုံလေ့ရှိတာကိုး။ အဲ့လိုတွေ့ဆုံတဲ့အခါမှာ ငါတို့ပြောတာအမှန် ငါတို့ ပြောတာပဲ မင်းလက်ခံပြီး ပြန်သွားဆိုပြီး ပြောလို့မရဘူး။ ကျနော်တို့အတွေ့အကြုံအရ ကိုယ့်ဘက်ကအဖြစ်အပျက်တွေကို တိတိကျကျ ပြောဖို့လိုသလို ဟိုဘက်က အကြံပြုချက်တွေကိုလည်း နားထောင်ဖို့ လိုတယ်။
ဦးအောင်ဇော်။ ။ ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည် အမြဲတမ်း ခုခံပြီး ပြောဆိုခဲ့တဲ့ ကိုဖီအာနန် mission က အရေးကြီးတယ်၊ ကိုဖီအာနန်ကော်မရှင်က အခုဆိုရင် ပျောက်သွားပြီပေါ့။
ဦးရဲထွဋ်။ ။ ကိုဖီအာနန်ကော်မရှင်ရဲ့ ပြဿနာကတော့ ရခိုင်တိုင်းရင်းသားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု မရတာပေါ့။ ကျနော်ထင်တယ် သူက ဘာတွေပဲ ထောက်ခံတင်ပြတင်ပြ ရခိုင်တိုင်းရင်းသားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု မရဘူးဆိုရင် အပြည့်အဝ အောင်မြင်မှာ မဟုတ်ဘူး။ ကိုဖီအာနန်မစ်ရှင်နဲ့ပတ်သက်ပြီး ကျနော့်အမြင်ပြောရရင်တော့ သူ့ရဲ့ ဖွဲ့စည်းပုံ ရည်ရွယ်ချက်က ကောင်းတယ်၊ ဒါပေမယ့် အဲလိုမဖွဲ့စည်းခင်မှာ ပါဝင်ပတ်သက်သူအားလုံးနဲ့ ကြိုတင်ညှိနှိုင်းပြီးတော့မှ ဘာကြောင့်ဖွဲ့ရတယ် ဘာတွေလုပ်ပေးမယ်ဆိုတာကို ညှိနှိုင်းပြီးတော့မှဆိုရင် ဒီထက်ပိုပြီး ရလဒ်ကောင်းလာမယ်လို့မြင်တယ်။ ဒီအတိုင်းကတော့ ဖွဲ့သင့်တယ်ထင်လို့ ဖွဲ့လိုက်တယ် မင်းတို့လက်ခံကြဆိုတဲ့ သဘောကျတော့ ကျန်တဲ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက အားနည်းသွားတယ်။ ဒါကြောင့်မို့လို့ ကိုဖီအာနန် ကော်မရှင်က နောက်ကိုရောက်သွားတယ်လို့ ကျနော်ထင်တယ်။
ဦးအောင်ဇော်။ ။ ဒါဆို ရခိုင်ပြည်ရဲ့ ပြဿနာက ဘာလဲ။
ဦးရဲထွဋ်။ ။ ရခိုင်ပြည်ရဲ့ အဓိက ပြဿနာက ၂ ချက်ရှိတယ်။ နံပတ် ၁ က လူ့အသိုင်းအဝိုင်းကြားမှာဖြစ်နေတဲ့ ပဋိပက္ခ၊ ၂ ကတော့ ရခိုင်တိုင်းရင်းသားတွေမှာရှိနေတဲ့ ခံစားချက်။ အဲ့ဒီ ၂ ခုစလုံးကို ကိုင်တွယ်မှ ရခိုင်ပြည်ရဲ့အခြေအနေက တည်ငြိမ်အေးချမ်းမှု ဖွံ့ဖြိုးတိုးတက်မှုကို သွားမယ်လို့ ကျနော်ထင်တယ်။
ဦးအောင်ဇော်။ ။ အဲလို ရခိုင်တိုင်းရင်းသားလို့ ပြောတဲ့အထဲမှာ ခိုးဝင်လာတဲ့ တရားမဝင်နေနေတဲ့ ဘင်္ဂါလီ စစ်တကောင်း တွေရောပါသလား။
ဦးရဲထွဋ်။ ။ ရခိုင်တိုင်းရင်းသားနဲ့ ရခိုင်ပြည်မှာ နေထိုင်ကြတဲ့သူတွေ မတူဘူး။ ကျနော်ပြောနေတာက ရခိုင်တိုင်းရင်းသားကိုပြောနေတာ။ အဲ့ဒီမှာ လူအများစုဖြစ်နေတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးအခွင့်အရေး ကိစ္စ၊ ကျနော်တို့ သံယဇာတခွဲဝေရေးကိစ္စ၊ နောက်ပြီး တရားမဝင် ကျနော်တို့ ခိုးဝင်လာတဲ့သူတွေကို အစိုးရက ဘယ်လိုကိုင်တွယ် မလဲဆိုတဲ့ကိစ္စ၊ နောက် ဘင်္ဂါလီတွေကို နိုင်ငံသားဖြစ်ဖို့ ဘယ်လိုစီစဉ်မလဲဆိုတဲ့ကိစ္စ အဲဒါတွေအားလုံးပါတယ်။ ရခိုင်တိုင်းရင်း သားတွေရဲ့ခံစားချက်ကို ဖြေရှင်းမယ်ဆိုရင် အဲ့ဒါတွေအားလုံး စဉ်းစားပြီးတော့မှ ဘက်စုံက ချဉ်းကပ်ဖြေရှင်းမှ ရမယ်လို့ ကျနော်ထင်တယ်။
ဦးအောင်ဇော်။ ။ နိုင်ငံသား ပြဿနာကို ဦးနု၊ ဦးနေဝင်းအစိုးရခေတ်မှာရော ဦးသန်းရွှေ နအဖ၊ နအဝ ခေတ်မှာရော ဦးသိန်းစိန်ခေတ်မှာရော မဖြေရှင်းခဲ့ဘူး၊ နောက်တခုက ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ White Card ၅ သိန်းလောက် ထုတ်ပေးတဲ့ကိစ္စကလည်း တကယ့်ပြဿနာတခုလို့ စွပ်စွဲသူတွေကလည်း စွပ်စွဲတယ်။ အဲ့ဒါကို ဘယ်လိုပြောမလဲ။
ဦးရဲထွဋ်။ ။ White Card လို့ ခေါ်တဲ့ဟာပေါ့။ အဲ့ဒါကို ကျနော်နားလည်သလောက်တော့ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ယာယီသက်သေခံလက်မှတ်ပဲ။ ဆိုလိုတာက ဒီလူဟာ ဒီနေ့ ဒီနေရာမှာ ရှိနေတယ်လို့ ဆိုလိုတဲ့ဟာပဲ။ သူက နိုင်ငံသားမဖြစ်သေးဘူး။ ဒါကနေတဆင့် နိုင်ငံသားစိစစ်တဲ့ကိစ္စပဲ ရှိသေးတယ်။ နိုင်ငံသားဖြစ်ရေးလို့ပြောတဲ့အခါမှာ အဓိက ဒီမှာ ပြဿနာဖြစ်နေတာက နိုင်ငံသားမှတ်ပုံတင်ကဒ် လုပ်တဲ့အခါမှာ သူတို့ကို ဘာနာမည်နဲ့ခေါ်မလဲဆိုတဲ့ဟာက အဓိက အတားအဆီးဖြစ်နေတာပေါ့။
ဦးအောင်ဇော်။ ။ ဘာနာမည်နဲ့ခေါ်မလဲ။
ဦးရဲထွဋ်။ ။ လွန်ခဲ့တဲ့ သုံးလေးလတုန်းက ကျနော်တက်နေတဲ့ Institute of Southeast Asian Studies (ISEAS) စိန်ပေါကျောင်းကနေပြီးတော့ စာတမ်းတစောင်ရေးတယ်၊ ကျနော်နဲ့ ဗီယက်နမ်ပညာရှင်တယောက် ပေါင်းရေးတာပေါ့။ အာဆီယံအပိုင်းက ဟိုအမျိုးသမီး ရေးတာပေါ့၊ ကျနော်က ရခိုင်နဲ့ နိုင်ငံသားပြဿနာဘက်ကို ရေးတယ်။ အရင်တုန်းကတော့ ဟုတ်တယ် ရိုဟင်ဂျာဆိုတဲ့ စကားရပ်ကို လက်မခံဘူး။ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားမဟုတ်ဘူးဆိုတာ အမြဲတမ်း ရပ်တည်ခဲ့တယ်။ အခုအချိန်မှာ ကျနော်တို့က တိုင်းရင်းသားကိစ္စကိုတော့ ရပ်တည်ချက် ပြောင်းလို့မရဘူး။ ၁၈၂၄ မတိုင်ခင် ဗမာပြည်ထဲမှာ နေနေတဲ့သူတွေအားလုံးက ကျနော်တိုု့တိုင်းရင်းသားလို့ သတ်မှတ်တာကိုး၊ အင်္ဂလိပ်နဲ့ ပါလာသူ အခြေချတဲ့သူကို တိုင်းရင်းသားလို့ သတ်မှတ်လို့ရှိရင် တရုတ်တွေ၊ ဟိန္ဒူဘာသာဝင်တွေ၊ တခြား ဘာသာခြားတွေ အားလုံးကို တိုင်းရင်းသားအဖြစ် ကျနော်တို့က ပေးရမလိုဖြစ်နေပြီ။ ဒါကတော့ မဖြစ်နိုင်ဘူး။ သို့သော် နိုင်ငံသားကိစ္စကတော့ နိုင်ငံသားဥပဒေအရ ၁၈၂၄ နောက်ပိုင်းမှာ ဝင်လာတဲ့ တတိယမျိုးဆက်အထိ ရောက်ပြီဆိုရင် စိစစ်လို့ မှန်ကန်တယ်ဆိုရင် နိုင်ငံသားပေးလို့ရတယ် ဒါကတော့ ပြဿနာမရှိဘူး။ ရခိုင်ကော်မရှင်ရဲ့ လေ့လာချက်မှာလည်း ရခိုင်တိုင်းရင်းသားတွေကိုယ်တိုင်ကိုယ်က နိုင်ငံသားစိစစ်ရေးကို အမှန်အကန်စိစစ်နိုင်မယ်ဆိုရင် နိုင်ငံသားဖြစ်တဲ့သူတွေကို နိုင်ငံသားပေးတာ လက်ခံတယ်လို့ သူတို့က ပြောတယ်။ ဒါကြောင့်မို့ ကျနော်က စဉ်းစားကြည့်တာပေါ့ ဒီကိစ္စမှာ နှစ်ဖက်စလုံးက အလျှော့ပေးရမယ်။
ဘင်္ဂါလီဘက်ကဆိုရင်လည်း သူတို့ဟာ တိုင်းရင်းသားပါလို့ မဖြစ်နိုင်တဲ့ကိစ္စကို တောင်းဆိုနေမယ့်အစား နိုင်ငံသား ရပိုင်ခွင့်ကိုပဲ မှန်မှန်ကန်ကန် စိစစ်ပြီးတော့မှ နိုင်ငံသားဖြစ်ပိုင်ခွင့်ကိုပဲ တောင်းဆိုသင့်တယ်လို့ ကျနော်မြင်တယ်။ ဒီဘက်မှာ မြန်မာအစိုးရ ဒေသခံတိုင်းရင်းသားတွေကလည်း ကျနော်တို့မှတ်ပုံတင်မှာ တမီလ်ကို တမီလ်လို့ရေးတယ်ဗျာ တရုတ်ကို တရုတ်လို့ရေးတယ် ဂေါ်ရခါးကို ဂေါ်ရခါးလို့ရေးတယ် အဲ့လိုရေးပေးရုံနဲ့ တိုင်းရင်းသားဖြစ်မှာ မဟုတ်ဘူး လူမျိုးနာမည်ပေါ့။ ဟိုဘက်က တိုင်းရင်းသားဖြစ်ဖို့ တောင်းဆိုတာဆိုရင် လူမျိုးတမျိုးရဲ့ နာမည်အဖြစ် အသိအမှတ်ပြုပြီးတော့ စဉ်းစားနိုင် စဉ်းစားမယ်။ နည်းလမ်းတခုအနေနဲ့ ဒီကိစ္စအပေါ်မှာ ရပ်တည်ချက်ပြောင်းပြီးတော့ ဟိုဘက်ဒီဘက်နှစ်ဖက်စလုံးက ပြန်စဉ်းစားကြည့်ရင် အဖြေတခုထွက်မလားလို့ ကျနော် တွေးကြည့်တာပေါ့။
ဦးအောင်ဇော်။ ။ ဦးရဲထွဋ် ပျော့ပျောင်းတဲ့အမြင်တခု ဝင်လာတာပေါ့၊ ပြန်ကြားရေးဝန်ကြီးဘဝမှာ ဒီကိစ္စ ဦးရဲထွဋ်က ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တာရှိတယ်၊ hardline ဖြစ်တယ်လို့ အပြောခံရတာမျိုး စွပ်စွဲခံရတာမျိုးတောင် ရှိတယ်၊ အခု ဦးရဲထွဋ်ရဲ့ အမြင် ပြောင်းသွားတာလား။
ဦးရဲထွဋ်။ ။ လက်တွေ့ကျကျ စဉ်းစားဖို့ ပြောတာပါ။ ဘာကြောင့်ဆို ၂၀၁၆ နိုဝင်ဘာ ၉ ရက်နေ့ တိုက်ခိုက်ပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ အရင်တုန်းက အခြေအနေနဲ့ အခုအခြေအနေ အရမ်းကွာသွားပြီ၊ အထူးသဖြင့် ဒီဘက်နောက်ပိုင်းမှာ ကြည့်မယ်ဆိုရင် ရွာသား ၆၀၀၊ ၁၀၀၀ လောက်က တုတ်တွေ ဓားတွေဆွဲပြီးတော့ တပ်မတော်စစ်ကြောင်းကို ဝင်ပြီးတော့မှ စီးနင်းတာတွေရှိလာတယ်။ ဒါက ကျနော် ဘာကိုမြင်သလဲဆိုတော့ အရင်တုန်းက အကြမ်းဖက်အုပ်စု လူနည်းစုကပဲ အစွန်းရောက် ဝါဒလို့ လက်ခံနေပေမယ့် တဖြည်းဖြည်းနဲ့ သာမန် အရပ်သားတွေထဲတောင်မှ အရှေ့အလယ်ပိုင်းမှာဖြစ်သလို အစွန်းရောက် ဝါဒတွေ ဝင်လာနေပြီလို့ ကျနော်မြင်တယ်၊ မြင်တဲ့အခါကျတော့ ရခိုင်မှာရှိနေတဲ့ ဘင်္ဂါလီတွေကြားမှာ အစွန်းရောက်ဝါဒတွေ ဝင်လာခြင်းသည် နောက်ဆုံး ဒေသဆိုင်ရာ လုံခြုံရေးပြဿနာ ဖြစ်သွားနိုင်လောက်တဲ့အခြေအနေအထိ ရှိနိုင်တယ်။ ဒါကြောင့်မို့လို့ အမြန်ဆုံး ကျနော်တို့သည် နည်းလမ်းအသစ်နဲ့ ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ်လို့ ခုန ကျနော် ခင်ဗျားကိုပြောတဲ့နည်းလို နည်းနည်း လက်တွေ့ကျကျ စဉ်းစားကြည့်တာပေါ့။
ဦးအောင်ဇော်။ ။ အခု ဦးရဲထွဋ်က ပြောလာတဲ့အခါကျတော့ ၉ အောက်တိုဘာ attack ပေါ့။ ၉ အောက်တိုဘာ attack ကို တိုက်ခိုက်လာမှုကို ဆက်နွယ်ပြီးတော့ တပ်မတော်ဘက်ကရော လုံခြုံရေးတပ်တွေကရော နယ်မြေရှင်းလင်းရေးကို လုပ်ခဲ့တယ်။ အဲ့ဒီ ရှင်းလင်းရေးနဲ့ပတ်သက်ပြီး Human Rights Watch အပါအဝင် တခြားနိုင်ငံတကာအဖွဲ့အစည်းတွေကနေပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး အကြီးအကျယ် ဝေဖန်တာကို ကျနော်တို့မြင်တွေ့ရပါတယ်။ အဲ့ဒီနောက်ပိုင်း အသံတွေပိုပြီးတော့ ကျယ်လောင်လာတာကို တွေ့ရတယ် မဟုတ်ဘူးလား။
ဦးရဲထွဋ်။ ။ နှစ်ပိုင်းခွဲပြောရမှာပေါ့။ တစ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ နှိပ်စက်ညှင်းပန်းမှုတွေ၊ အဓမ္မပြုကျင့်မှု တွေက စစ်ဆင်ရေးကို ဆင်နွဲမယ်ဆိုတာကို ဘယ်တုန်းကမှ တပ်မတော်ရဲ့ မူဝါဒ မဟုတ်ခဲ့ဘူး။ အစိုးရရဲ့ မူဝါဒလည်း မဟုတ်ဘူး။ သို့သော် အီရတ်မှာ အမေရိကန် စစ်တပ်တွေဖြစ်သလို၊ အာဖဂန်မှာ အင်္ဂလိပ်စစ်တပ်တွေဖြစ်သလိုမျိုး စစ်သည်တဦးချင်းမှာ မှားယွင်းတဲ့လုပ်ဆောင်မှု ဖြစ်ကောင်းဖြစ်နိုင်မယ်။ အဲလိုရှိလို့ရှိရင်လည်း ထိထိရောက်ရောက် အရေးယူမယ်ဆိုတာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရော၊ ဒုတိယသမ္မတရော၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ကရော ပြောလည်းပြောခဲ့တယ်။ ရှိလာတဲ့သူတွေကိုလည်း စုံစမ်း ကျနော်တု့ိ အရေးယူခဲ့တာတွေ ရှိတယ်။ ပြဿနာက ကျနော်တို့က ဒီစစ်ဆင်ရေးအစမှာ သတင်းထုတ်ပြန်ရေးတွေ မီဒိယာကို ဝင်ရောက်သတင်းယူခွင့်ပေးတဲ့နေရာမှာ လိုအပ်ချက်တွေရှိတယ်လို့ပဲ ပြောချင်ပါတယ်။ သတင်းလက်ဦးမှုက ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေကို ရောက်သွားတယ်။ အဲ့တော့ လူတွေက ခင်ဗျားတို့သိတဲ့အတိုင်းပဲလေ ခင်ဗျားတို့လည်း အရင်တုန်းက တပ်မတော်ကို ဗီလိန်လုပ်ခဲ့တာပဲလေ။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အဓိဋ္ဌာန်ရုံဆိုရင် လူတွေရဲ့အစွဲကြောင့် လူတွေက ပိုပြီးတော့ ယုံလွယ်တယ် စာနာမှုတွေလည်း ဖြစ်ကြတယ်။ အဲ့လိုဖြစ်သွားပြီး အရှိန်ရတော့မှ နောက်မှာ ကျနော်တို့က သတင်းထုတ်ပြန်မှုတွေ လိုက်တဲ့အခါမှာ ချေပလို့ မရဘူးဖြစ်နေတယ်။ ဒါကြောင့်မို့ ကျနော်ပြောတာ ခုနက မူဝါဒမဟုတ်ဘူး။ တဦးချင်း လုပ်တာ ရှိရင်ရှိမယ် သို့သော် အဓိက အားနည်းချက်ကတော့ ကျနော်တို့ရဲ့ သတင်းထုတ်ပြန်မှုနဲ့ မီဒီယာတွေနဲ့ ဆက်ဆံတဲ့အခါမှာ လိုအပ်ချက်တွေရှိတာမို့လို့ လက်ဦးမှုက တဖက်အဖွဲ့အစည်းကို ရောက်သွားတဲ့အခါမှာ ကျနော်တို့က နိုင်ငံတကာမျက်နှာစာမှာ ဖြေရှင်းရ အရမ်းခက်သွားတာမျိုး ဖြစ်တယ်။
ဦးအောင်ဇော်။ ။ ကျနော်တို့ ပြည်တွင်းမှာရော ပြည်ပမှာရော ကြုံရတာတွေရှိတယ်။ ဆန့်ကျင်ဘက် အဖွဲ့အစည်း တဖက် အဖွဲ့အစည်းက campaign လုပ်တာတွေ ဝါဒဖြန့်ချိတာတွေ သူတို့ရဲ့ network တွေက ထင်ထားတာထက် ပိုပြီးတော့ မြန်တယ် ထိရောက်မှုရှိတယ်။ သူတို့ အဖွဲ့အစည်းတွေကို နောက်မှာ နိုင်ငံတကာအဖွဲ့အစည်းတွေ ထောက်ခံမှုတွေ ရှိတယ်ဆိုတာ ကျနော်တို့ လက်တွေ့တွေ့နေရပြီ။ အခုဆိုရင် ကျနော်တို့ သိသလောက် အရှေ့အလယ်ပိုင်းမှာရှိတဲ့ ဆော်ဒီအာရေးဘီးယား ကာတာ အပါအဝင် နိုင်ငံတွေမှာ ရှိတဲ့ ရိုဟင်ဂျာဆိုတဲ့ နာမည်နဲ့ တည်ရှိတဲ့အုပ်စုကို ထောက်ပံ့တဲ့ farm တွေ၊ ပါကစ္စတန်ဘက်က အနွယ်တွေရှိတဲ့ terrorism နဲ့ ပတ်သက်တဲ့ training တွေ သင်တန်းပေးမှုတွေ တကယ်တမ်း ရှိနေတယ်ဆိုတာကို နိုင်ငံခြားသတင်းယူနေတဲ့ စောင့်ကြည့်နေတဲ့အဖွဲ့တွေက သတင်းတွေလည်း ကြားရတယ်။ ဒီဟာက ဘယ်လောက်အထိကြီးမားလာပြီလဲ။ အစွန်းရောက်ဝါဒကို တွန်းပို့နေတာတွေ၊ တခြားရွာတွေမှာ ကလေးတွေကို ခုတုံးလုပ်ပြီးတော့ သင်တန်းတွေပေးနေတာတွေ၊ ဂျီဟတ်ကို သွားနေတာတွေ အဲ့ဒါတွေနဲ့ပတ်သက်ပြီး ဘယ်လောက်အထိ Analysis လုပ်ထားပြီးပြီလဲ။
ဦးရဲထွဋ်။ ။ လွန်ခဲ့တဲ့ နှစ်ဆန်းပိုင်းလောက်တုန်းက ဒေသတွင်း လုံခြုံရေးအစည်းအဝေးတခုမှာ မလေးရှားပြည်ထဲရေး ဝန်ကြီးက ပြောခဲ့တယ်။ အင်ဒိုနီးရှားနဲ့ မလေးရှားနဲ့က အရှေ့အလယ်ပိုင်းမှာ သွားပြီးတော့မှ နေတဲ့ လူတထောင်ကျော် လောက်ရှိမယ်လို့ သူတို့တွက်ထားတယ်။ အီရတ်ဘက်မှာ ဆီးရီးယားဘက်မှာ ISIS တွေ အခြေအနေမကောင်းတဲ့အခါ ပြန်လာကြတယ်။ ခေါင်းဆောင်ကတော့ မလေးရှားလူမျိုးလု့ိ သူတို့ပြောတယ်။ အဲ့ဒီ ပြန်လာကြတဲ့သူတွေက သူတို့ရဲ့ အစွန်းရောက် အကြမ်းဖက် အယူအဆတွေကို စွန့်လွတ်လိုက်တာ မဟုတ်ဘူး။ ဒီဒေသမှာ ပြန်ပြီးတော့ နောက်ထပ်သူတို့ တိုက်ပွဲဝင်လို့ရမယ့် နေရာတခုကို သူတို့ ရှာတယ်။ အဲ့လိုပဲ ISIS ကလည်း အာရှနဲ့ပတ်သက်ပြီး သူတို့ နယ်မြေခွဲတခုကို ဖွဲ့စည်းတယ်ဆိုတဲ့ သတင်းတွေ ထွက်တယ်။ သူတို့မှန်းတာက ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း။ အဝင်အထွက်လည်း လွယ်တယ်၊ နဂိုကတည်းကလည်း အားကောင်းတဲ့ မွတ်ဆလင်တောင်းကျန်းသူ အကြမ်းဖက် အဖွဲ့အစည်းတွေရှိနေတဲ့အခါကျတော့ အဲဒီကနေ စနိုင်တယ်လို့ သူတို့ တွက်ခဲ့ကြတယ်။ အခု အဲ့ဒီအတိုင်းပဲ ဖိလစ်ပိုင်တောင်ပိုင်းမှာ ဖြစ်တယ်။ တကယ်လည်း နိုင်ငံခြားတပ်ဖွဲ့တွေ ပါတယ်။ ဒုတိယကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်တဲ့အခြေအနေဟာ နောက်ထပ် ဒီအဖွဲ့တွေကို ထောက်ခံနိုင်တဲ့ စည်းရုံးနိုင်တဲ့အရာတခု ဖြစ်သွားမှာကို ကျနော့်အနေနဲ့ စိုးရိမ်မိတယ်။ ဒါကြောင့်မို့ ကျနော်တို့က ဒီဘက်က နိုင်ငံသားပြဿနာကို အဖြေရှာနိုင်ရမယ်။ လူ့အဖွဲ့အစည်း နှစ်ခု သင့်သင့်မြတ်မြတ် နေနိုင်တဲ့ အခြေအနေတခု မဖန်တီးပေးနိုင်ဘူးဆိုရင် အဲ့ဒီလူတွေအားလုံးက လူတသန်းကျော်လောက်ကို isolate လို့ရှိရင် … ကျနော်တို့ အရှေ့အလယ်ပိုင်းမှာ ပါလက်စတိုင်းတွေ ဖြစ်ခဲ့တာ ဒါပဲလေ၊ သူတို့မှာမျှော်လင့်ချက်မရှိတော့ဘူး၊ အနာဂတ်မရှိတော့ဘူးဆိုတဲ့အခါမှာ အထူးသဖြင့် လူငယ်တွေကြားမှာ သွားပြီးတော့မှ အစွန်းရောက်ဝါဒတွေ ထိုးသွင်းနိုင်ဖို့ လွယ်တာပေါ့၊ ဒါကြောင့်မို့လို့ ကျနော်တို့က အကြမ်းဖက်သမားနှိမ်နင်းရေးနဲ့ပတ်သက်လို့ရှိရင် အနည်းဆုံးတော့ ဒေသဆိုင်ရာ လုံခြုံရေးပြဿနာအဖြစ်နဲ့ စဉ်းစားပြီးတော့မှ မလေးရှားတို့ စင်ကာပူတို့ အင်ဒိုနီးရှားတို့ လာအိုစတဲ့နိုင်ငံတွေက သတင်းဖလှယ်တာမျိုးတွေ၊ နောက် အမေရိကန်လိုနိုင်ငံမျိုးနဲ့ သတင်းဖလှယ်တာမျိုးတွေ ဒါကို လုပ်သင့်တယ်။ တဖက်ကတော့ နိုင်ငံရေးအရ ဒီလိုမျိုး ခုနပြောတဲ့ လူ့အသိုင်းအဝိုင်းနှစ်ခုကြားမှာ ယှဉ်တွဲနေထိုင်နိုင်ဖို့အတွက် အဖြေရှာရမယ်။ ခုန ကျနော်ပြောသလို လူဝင်ကြီးကြပ်မှုပြဿနာ၊ နိုင်ငံသားပြသနာ၊ ရခိုင်တိုင်းရင်းသားတွေရဲ့ပြဿနာ ဒါတွေ အားလုံးပေါင်းပြီးတော့မှ တကယ့်ဘက်စုံ သွားဆုံတဲ့ Negotiable point တခုကို ချပြနိုင်ရမယ်။ အဲ့အပေါ်မှာ ဝိုင်းစဉ်းစားနိုင်ရမယ်၊ အဲလို မလုပ်နိုင်လို့ မရဘူး။
ဦးအောင်ဇော်။ ။ ကျနော်သိချင်တာက အဲ့လိုမျိုး negotiable ဖြစ်တဲ့ approach ခုန ဦးရဲထွဋ်ဖြစ်တဲ့ အုပ်စုနှစ်စု အတူအကွ ယှဉ်တွဲနေထိုင်ရေးကိစ္စတွေ စပြီးတော့ ပြောမယ်ဆိုရင် ဒါနဲ့ပတ်သက်ပြီး အစိုးအရိမ်ရှိတဲ့ အဖွဲ့အစည်းတွေလည်း ရှိတယ်။ သံဃာတော်တွေအပါအဝင် လူ မျိုးချစ်တွေပေါ့၊ အဲဒါကိုလည်း အစိုးရဘက်က စိုးရိမ်တကြီး စောင့်ကြည့် ထိန်းသိမ်းနေရတဲ့သဘောရှိတယ်လို့ မထင်ဘူးလား။
ဦးရဲထွဋ်။ ။ လူတိုင်းကလည်း နိုင်ငံရေးအရ အကုန်လုံးကို စဉ်းစားတဲ့အခါမှာ မယုံသင်္ကာမှုတွေ ဖြစ်တာပေါ့၊ ဒါကို သွားပြောလိုက်လို့ရှိရင် ငါတို့အစိုးရကို ဝေဖန်တဲ့သူတွေအတွက် လက်နက်ကောင်းဖြစ်သွားမလား ဆိုတဲ့ စိုးရိမ်မှုလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့။ ဒါပေမယ့် တဖက်ကလည်း အဲ့ဒီအဖွဲ့အစည်းတွေကို ဘေးဖယ်ထားဖို့လေ အဲ့ဒီအဖွဲ့အစည်းတွေက အစိုးရအပေါ်မှာရှိတဲ့ သံသယက ပိုကြီးလေ ဖြစ်မှာပဲ။ အဲလိုပဲ ရခိုင်တိုင်းရင်းသားတွေမှာလည်း ရွေးကောက်ပွဲအပြီး အစိုးရ စဖွဲ့စည်းတဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒတချို့အပေါ်မှာ သူတို့မကြိုက်တာ တွေရှိတယ်ပေါ့။ အခုအချိန်မှာကျနော်တို့ စဉ်းစားသင့်တာက ကြိုက်ချင်း မကြိုက်ချင်းအပေါ်မှာ တကဏ္ဍထား၊ ပြဿနာတခုကို ချပြပြီးတော့မှ စားပွဲဝိုင်းအပေါ်မှာ ဆွေးနွေးဖို့ လိုပြီ၊ သူတို့ခေါ်လိုက်ပြီဆိုရင်တော့ ငါတို့ကို ချောက်ချမယ့် ကောင်တွေပဲ သူတို့ကိုခေါ်လိုက်ရင်တော့ ကိုယ့်ကိုဝေဖန်ဖို့အတွက် လက်နက်များဖြစ်သွားမလားဆိုတဲ့ စိုးရိမ်စိတ်တွေ ကျနော်တို့ ခဏထားဖို့ လိုတယ်။ ဒါပေမယ့် တခုပဲရှိတာက အဲ့လိုကိစ္စတွေကို ထိန်းကျောင်းပြီးတော့ တကယ်ပဲ ဦးဆောင်ပြီး လုပ်နိုင်တဲ့ပုဂ္ဂိုလ်က ဒေါ်အောင်ဆန်းစုကြည် တယောက်ပဲ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီပြဿနာတွေကို တကယ်ပဲ အသိအမှတ်ပြုပြီးတော့မှ ကိုယ့်အချင်းချင်းမှာ အရင်စပြီးတော့ ဆွေးနွေးပေါ့။ ဆိုလိုတာက ကျန်တဲ့တိုင်းရင်းသားတွေ မခေါ်ချင်ရင်တောင်မှ အဓိက ရှိနေတဲ့ ရခိုင်တိုင်းရင်းသားတွေ ရှိမယ်၊ ရခိုင်ဆရာတော်ကြီးတွေ ရှိမယ်၊ သူတို့နဲ့ ဒါကိုတော့ အစိုးရ လုပ်ပေးနိုင်မယ်၊ ဒီကိစ္စကိုတော့ တိုင်းရင်းသားတွေဘက်က အပြန်အလှန်လုပ်သင့်တယ် ဆိုတာမျိုးတွေကို စပြီးတော့ ပြောဖို့လိုမယ်လို့ ကျနော်ထင်တယ်။
ဒုတိယပိုင်း ဆက်ဖတ်ပါ။