လက်တွေ့ကျကျ စဉ်းစားချင်တဲ့ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်ရဲ့ ရခိုင်အရေး အမြင် အပိုင်း - ၂

အောင်ဇော်
အယ်ဒီတာချုပ် ဦးအောင်ဇော်နဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် / စိုးထွန်းသိန်း / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

မြန်မာပြည်ရဲ့ အနောက်ခြမ်း ရခိုင်ပြည်နယ်မှာ ဖြစ်နေခဲ့တဲ့ ဘင်္ဂါလီ အခြေချနေထိုင်သူများအရေးဟာ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံများရဲ့ နိုင်ငံရေးဖိအားပေးမှုတွေ ပိုမိုတိုးလာနေပါတယ်။ တဖက်မှာလည်း ပြည်တွင်း အတိုက်အခံတွေရဲ့ ဖိအားကိုလည်း ရှောင်လွှဲမရပဲ ဖြစ်ပြီး ဘေးကျပ်နံကျပ် အနေအထား ရောက်နေရပါတယ်။ ဒီနာတာရှည် ပြဿနာကို ဖြေရှင်းဖို့ လက်တွေ့ကျကျ စဉ်းစားတွေးခေါ်ပြီး ချည်းကပ် အဖြေရှာဖို့ လိုတယ်လို့ ဦးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးလည်း ဖြစ်ခဲ့ပြီး စင်ကာပူနိုင်ငံ အရှေ့တောင်အာရှ လေ့လာရေး အင်စတီကျူမှာ လေ့လာဆည်းပူး သုတေသနခဲ့တဲ့ ဦးရဲထွဋ်က ဧရာဝတီ သတင်းဌာန အယ်ဒီတာချုပ် ဦးအောင်ဇော်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ပြောခဲ့ပါတယ်။ ဒုတိယပိုင်း အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အနောက်ခြမ်း ရခိုင်ပြည်နယ်မှာ ဖြစ်နေခဲ့တဲ့ ဘင်္ဂါလီ အခြေချနေထိုင်သူများအရေးဟာ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံများရဲ့ နိုင်ငံရေးဖိအားပေးမှုတွေ ပိုမိုတိုးလာနေပါတယ်။ တဖက်မှာလည်း ပြည်တွင်း အတိုက်အခံတွေရဲ့ ဖိအားကိုလည်း ရှောင်လွှဲမရပဲ ဖြစ်ပြီး ဘေးကျပ်နံကျပ် အနေအထား ရောက်နေရပါတယ်။ ဒီနာတာရှည် ပြဿနာကို ဖြေရှင်းဖို့ လက်တွေ့ကျကျ စဉ်းစားတွေးခေါ်ပြီး ချည်းကပ် အဖြေရှာဖို့ လိုတယ်လို့ ဦးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးလည်း ဖြစ်ခဲ့ပြီး စင်ကာပူနိုင်ငံ အရှေ့တောင်အာရှ လေ့လာရေး အင်စတီကျူမှာ လေ့လာဆည်းပူး သုတေသနခဲ့တဲ့ ဦးရဲထွဋ်က ဧရာဝတီ သတင်းဌာန အယ်ဒီတာချုပ် ဦးအောင်ဇော်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ပြောခဲ့ပါတယ်။ ဒုတိယပိုင်း အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဦးအောင်ဇော်။ ။ ရခိုင်တွေအကြောင်းပြောတဲ့အခါမှာ ပြည်တွင်းမှာ ရှိတဲ့သူတွေ ရခိုင်အသံတွေက ပျောက်ပြီးတော့ ပြည်ပမှာရှိတဲ့ အဖွဲ့အစည်းတွေ၊ ရိုဟင်ဂျာဆိုတဲ့အုပ်စုတွေက ပိုပြီးတော့ ကဲတယ်ဆိုတဲ့အမြင်တွေ ပြည်တွင်းမှာ ရှိတာကို ကျနော်တို့တွေ့ရတယ် အဲဒါကို ဦးရဲထွဋ် လက်ခံသလား။

ဦးရဲထွဋ်။ ။ လက်ခံတယ်လို့ ပြောရမှာပဲ။ တကယ်တမ်းပြောရရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း သူတို့ဖော်ခဲ့တဲ့ဆေးကို သူတို့ပြန်စားရတယ်လို့ပဲ ပြောရမှာပဲ။ ၁၉၉၂ – ၉၃ မှာ အဲ့ဒီဒေသမှာစပြီးတော့ ဖြစ်သင့်တာတွေ ဖြစ်တဲ့အချိန်မှာ အင်္ဂါလီတွေ ထွက်ပြေးတဲ့အချိန်မှာ ပြည်ပမှာရှိတဲ့ NLD ကိုထောက်ခံတဲ့သူတွေ ၊ ပြည်တွင်းမှာရှိတဲ့ NLD အပါအဝင် တပ်မတော်အစိုးရကို ဆန့်ကျင်နေတဲ့အဖွဲ့အစည်းတွေ ဒါကို နိုင်ငံရေးလက်နက်အနေနဲ့ သုံးပြီးတော့မှ လုပ်ခဲ့တာကိုး။ ဒါကို တပ်မတော်အစိုးရက လူ့အခွင့်အရေးချိုးဖောက်မှုတခုအနေနဲ့ Issue အနေနဲ့ တင်ခဲ့တာကိုး။ ဒါကြောင့်မို့လို့ ကျနော်တို့ ကုလသမဂ္ဂရဲ့ အထွေထွေညီလာခံ ဆုံးဖြတ်ချက်မှာ ပါသွားခဲ့တယ်၊ ပါသွားတဲ့အခါကျတော့ ၁၉၇၀-၈၀ စစ်ဆင်ရေး ကာလတွေအထိ အမေရိကန်သံရုံးက အစ ဘင်္ဂါလီလို့ပဲ သုံးခဲ့တာကို  အဲ့ဒီအချိန်မှာ အကုန်လုံးက ငါ့ရန်သူရဲ့ ရန်သူက ငါ့မိတ်ဆွေဆိုပြီး လုပ်ခဲ့တယ်၊ လုပ်ခဲ့တဲ့အခါကျတော့ ကျနော်တို့လုံးဝမကြိုက်တဲ့ ရိုဟင်ဂျာစကားလုံးက ကုလသမဂ္ဂမှာ ပါသွားတာပဲ။ နိုင်ငံတကာမှာ မင်းပေါက်စိုးပေါက်နာမည် ဖြစ်သွားတာပေါ့။ အခုအချိန်မှာမှ ပြန်ဖြေရှင်းတဲ့အခါမှာ ကျတော့ ဒါကြောင့်မို့ ကျနော်ပြောတာက ကိုယ့်အတိုက်အခံဘဝမှာတုန်းက သူများကို လုပ်ရရင်ပြီးရောဆိုတာမျိုးက ကိုယ်လည်း တချိန် ဒီမိုကရေစီအစိုးရပြန်ရောက်တော့ ကိုယ်ဖော်တဲ့ဆေး ကိုယ်ပြန်စားရသလိုပေါ့။ နှစ်ပေါင်း ၂၀ လောက် စစ်အစိုးရက မွေးမြူထားတာက သိပ်ကိုကြီးနေပြီ၊ ဘယ်တော့မှ ပြည်တွင်းက ပြောတာကိုမယုံအောင်လို့ ခင်ဗျားတို့ အစကလည်း ပြောခဲ့ကြတာပဲလေ၊ ခင်ဗျားလည်း ဒီကိစ္စမှာ အရင်တုန်းက လုပ်ခဲ့တာပဲလေ။ ဒီလိုမျိုးကျတော့ ပြည်ပမှာရှိတဲ့ သူတို့ရဲ့ ဝါဒဖြန့်ချီတဲ့ ယန္တယားကြီးက အရမ်းကြီးသွားတာပေါ့။

ဦးအောင်ဇော်။ ။ ရိုဟင်ဂျာဆိုတာရှိလား။

ဦးရဲထွဋ်။ ။ ရိုဟင်ဂျာဆိုတာ လူမျိုးအနေနဲ့ ကျနော်တို့ တခါမှမကြားခဲ့ဖူးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလိပ်က အင်မတန်မှ စနစ်ကျတဲ့လူမျိုး၊ ရခိုင်ပြည်နယ်ကို နှစ်ပေါင်း ၁၀၀ ကျော်လုပ်ခဲ့တုန်းက သူတို့ရဲ့ တရားဝင်ပေးစာတွေ သန်းခေါင်စာရင်းကောက်ယူမှုတွေက တခါမှ ရိုဟင်ဂျာလို့သုံးခဲ့တာမရှိဘူး။ စစ်တကောင်း ဘင်္ဂါလီ၊ ဘင်္ဂါလီ ဒီလိုပဲ သုံးခဲ့ကြတယ်။

ဦးအောင်ဇော်။ ။ ၁၉၃၈ ကုလား-ဗမာအရေးအခင်းမှာဆိုရင် အဲ့မှာထွက်တဲ့ အစီရင်ခံတခုအရဆိုရင် ကျနော်ပြန်လေ့လာတဲ့ အခါမှာ ကော်မရှင်တွေရဲ့ထွက်ဆိုချက်တွေ အစီရင်ခံစာတွေကဆိုရင် အဲ့မှာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးတလုံးမှ မတွေ့ရဘူး၊ အဲ့မှာတွေ့ရတာ စစ်တကောင်းသားလို့ အများဆုံးတွေ့ရတယ်ပေါ့။

ဦးရဲထွဋ်။ ။ ရိုဟင်ဂျာဆိုတဲ့စကားလုံးကို ခပ်တွင်တွင်သုံးခဲ့တာက ၁၉၅၀ နောက်ပိုင်းမှာစတင်သုံးခဲ့တာပေါ့။ ၁၉၅၂ အလယ်သံချုပ်မှာ စပြီးတော့သုံးခဲ့တယ်။ နောက်တခါ ဦးနုတို့က အဲ့ဒီမှာရှိတဲ့ မူဂျာလီတွေနဲ့ လက်နက်ချစေချင်တဲ့ အခါမျိုးမှာ အဲ့ဒီ စကားလုံးကို လက်ခံလိုက်တဲ့သဘောပေါ့။

ဦးအောင်ဇော်။ ။ ကျနော်တို့ Human Right Champion အားလုံးလေးစားကြတဲ့ ဆရာကြီးဦးဝင်းတင်၊ ကာကွယ်ရေးဦးစီး ချုပ်လုပ်ခဲ့တဲ့ အန်ကယ်ဦးတင်ဦးတို့ကိုယ်တိုင်ကိုယ်က ရိုဟင်ဂျာဆိုတာ မရှိပါဘူးဆိုတာ လူကြီးလူကောင်းပီပီ ခပ်ရှင်းရှင်း ပြောခဲ့တယ်။ ဆိုတော့ ရိုဟင်ဂျာဆိုတာ မရှိဘဲနဲ့ လိမ်ဆင်ထားတဲ့ဟာမျိုးပေါ့။

ဦးရဲထွဋ်။ ။ ကျနော်လေ့လာသုံးသပ်ရသလောက်တော့ သူတို့က နိုင်ငံရေးလှုပ်ရှားမှုလုပ်တဲ့အခါမှာ ဘင်္ဂါလီတွေက ခွဲထွက်ရေးလုပ်တဲ့အခါမှာ သူတို့သည် သီးခြားလူမျိုး၊ သီးခြားပြည်နယ်တခုအဖြစ် တောင်းလို့ရတဲ့ပုံမျိုးနဲ့ ဒီနာမည်တခုက သူတို့အစဉ်အလာအရ ခေါ်ဝေါ်နေကြတာ ဖြစ်ကောင်းဖြစ်နိုင်တာပေါ့၊ အဲ့ဒါကို အလယ်သံချုပ်မှာ ထပြီးတော့မှ တင်လိုက်တယ် လို့ ကျနော်ထင်တယ်။ ဒါကတော့ ပါကစ္စတန်လို အရင်ရှိပြီးသား လူမျိုးတွေနဲ့ မတူချင်လို့ တမူကွဲပြားတဲ့ ပုံစံမျိုးတွေနဲ့ လုပ်ခဲ့တယ်လို့ ထင်တယ်။ သို့သော် ဦးနုအစိုးရလက်ထက်မှာတောင်မှ ဒါကိုလက်ခံပြီးတော့ တိုင်းရင်းသား အစိအစဉ်အနေနဲ့ လွှင့်ခဲ့တာရှိတယ်။ ရန်ကုန်တက္ကသိုလ်တောင်မှ ယဉ်ကျေးမှုအသင်းလေးတွေတောင်မှ ဖွဲ့ခွင့်ပေးခဲ့တာရှိတယ်။ ဒါကြောင့်မို့ လူတွေ ဆူဆူပူပူဖြစ်ခဲ့တယ်။ လူတွေ သဘောမကျတာတွေဖြစ်ခဲ့တယ်။ ဒါကြောင့် ကျနော်တို့က ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မရှိခဲ့ပေမယ့် အဲဒီနာမည်တခုက ခုနပြောသလို သူ့ရဲ့ နှစ်ပေါင်း ၂၀ အတွင်းမှာ အစိုးရကို ဆန့်ကျင်တဲ့ အဖွဲ့တွေနဲ့ သည်လူတွေနဲ့ပေါင်းပြီးတော့မှ တင်လိုက်တော့ စာရင်းပေါက်နေပြီပေါ့ဗျာ။ အဲ့ဒါကို ဘယ်လိုအဖြေရှာရမလဲဆိုတဲ့ စဉ်းစားရမယ့်အချိန်ကို ရောက်နေပြီလို့ ကျနော်ထင်တယ်။ တဖက်က အောက်တိုဘာ ၉ ရက်နေ့နောက်ပိုင်း တိုက်ခိုက်မှုများ လာတဲ့အခါမှာ အခြေအနေက အကြမ်းဖက်မှုဝါဒ အရမ်းကို များသွားတာပေါ့။ ဒါကို ကျနော်တို့ ဘယ်လိုလက်ခံနိုင်အောင် လုပ်မလဲ။ ဟိုဘက်ဒီဘက် လူ့အသိုင်းအဝိုင်းနှစ်ခုအကြားမှာ ဘယ်လိုအပေးအယူလုပ်မလဲဆိုတာကို စဉ်းစားရမယ် ထင်တယ်။

တိုင်းရင်းသားဆိုတဲ့ တောင်းဆိုချက်ကိုလည်း ကျနော်တို့က ပေးလို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ နိုင်ငံသားတော့ ပေးနိုင်တယ်။ ကျနော်တို့ပြောချင်တာက နိုင်ငံသားဖြစ်ရေးအတွက် ဘယ်လိုနည်းလမ်းနဲ့ အဖြေရှာမလဲဆိုတာကို လုပ်၊ နိုင်ငံသားစီစစ်တဲ့အခါမှာ ထွက်လာတဲ့ တရားမဝင် နိုင်ငံထဲ ခိုးဝင်လာတဲ့သူတွေကို နိုင်ငံတကာစံနှုန်းနဲ့အညီ အရေးယူမယ်။

ဦးအောင်ဇော်။ ။ ခိုးဝင်လာတဲ့ကိစ္စမှာလည်း ခိုးဝင်လာတဲ့သူတွေက နှစ်စဉ်ဆိုရင် သောင်းနဲ့ချီပြီးရှိတယ်လို့ ကျနော်တို့ သိရတယ်ပေါ့။ ခိုးဝင်လာတဲ့ကိစ္စမှာဆိုရင် လဝက က အရာရှိတဲ့လူကြီးတွေ၊ လုံခြုံရေးအရာရှိကြီးတွေအစ အဲ့မှာဆိုရင် အခုဆိုရင် သူဌေးကြီးတွေ၊ မီလီယံနာတွေဖြစ်နေပြီလို့ ကျနော်တို့သိရတယ်၊ အဲ့ဒီကိစ္စကိုရော နိုင်ငံတော်အစိုးရအနေနဲ့ ဘယ်လိုကိုင်တွယ်မလဲ။

ဦးရဲထွဋ်။ ။ နကစ ကို အရေးယူခဲ့တုန်းက တချို့တဝက်တွေ အရေးယူခဲ့တာတွေလည်း ရှိတယ်ပေါ့၊ နောက်တခုက ထောက်လှမ်းရေးတွေကို အရေးယူတဲ့အခါမှာလည်း ဒီကိစ္စနဲ့ပတ်သက်တာတွေရှိတယ်လို့တော့ ကျနော်ကြားရတယ်၊ ဘယ်လောက်အတိုင်းအတာထိ ဒီကိစ္စနဲ့အရေးယူခံရလဲဆိုတာတော့ ကျနော်မသိဘူး။ သို့သော် ကြီးကြပ်ရေးကိစ္စကတော့ နယ်စပ်တိုင်းမှာ အားနည်းချက်တွေ ကျနော်တို့ရှိတာပေါ့။ အဲတော့ အစိုးရအနေနဲ့ ဦးစားပေးအနေနဲ့ စဉ်းစားဖို့တော့ လိုတယ်။ ဒီ Issue အရင် ဖြေရှင်းမလား၊ ဒါမှမဟုတ် ဟိုးနောက်က တရားခံတွေကို လိုက်ရှာမလား။ Issue ကို အရင်ဖြေရှင်းပြီးတော့မှ တာဝန်ရှိသူကို ဖော်ထုတ်ပြီးတော့မှ ခုနလို တကယ်ဂိုဏ်းလိုမျိုး လုပ်ခဲ့တာမျိုးတွေကို ပြန်ပြီးတော့ အရေးယူပေါ့။

ဦးအောင်ဇော်။ ။ ကျနော်တို့ ရခိုင်အရေးကို ဆွေးနွေးတဲ့အခါမှာ နိုင်ငံခြားက အထောက်အပံ့တွေနဲ့စပြီးတော့ လှုပ်ရှားလာတဲ့ အကြမ်းဖက်မှုတွေပေါ့။ ဒီလိုကိစ္စတွေမှာဆိုရင်တော့ NDSC အခုထိ အဲ့ကောင်စ ီမခေါ်ရသေးဘူးဆိုတာ ကျနော်သိရတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က NDSC လို့ ပြောလို့မရတဲ့ လုံခြုံရေးဆိုင်ရာ အထူးအစည်းအဝေးတွေတော့ တပ်ချုပ်ကြီးအပါအဝင် အစည်းအဝေးထိုင်နေတာကို ကျနော်တို့တွေ့ရတယ်ပေါ့။ မကြာခင်ကပဲ အထူးအစည်းအဝေး ဆိုပြီးတော့ အရေးပေါ်အစည်းအဝေးလုပ်တာတွေ တွေ့ရတယ်။ ဒီကိစ္စမှာ တပ်မတော်ရဲ့အခန်းကဏ္ဍက တပ်မတော်က အရေးကြီးတဲ့အခန်းကဏ္ဍတခု ပြန်ရောက်လာတာ တွေ့ရတယ်။ မြန်မာပြည်ရဲ့ ကိုးကွယ်တဲ့ဘာသာကတော့ ဗုဒွဘာသာကိုးကွယ်တဲ့ နိုင်ငံဖြစ်တယ်။ တရားဝင် မကြေညာထားသော်လည်း အဲ့လိုဆိုတော့ တပ်မတော်ခေါင်းဆောင်ပိုင်းတွေမှာရော ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးရဲထွဋ်ကိုယ်တိုင်က တပ်မတော်ဗိုလ်မှူးကြီး တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ တပ်မတော်ခေါင်းဆောင်ပိုင်းတွေမှာရော ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လောက်စိုးရိမ်ပူပန်မှုတွေ ရှိသလဲ၊ ဘယ်လိုပြင်ဆင်မှုတွေ ရှိနေသလဲ ဘယ်လောက်အထိ ဒါကို long term plan တွေ ဖြေရှင်းဖို့ ပြင်ဆင်ထားတာတွေရှိသလဲ။

ဦးရဲထွဋ်။ ။ တပ်ကတော့ မြန်မာနိုင်ငံရဲ့ အချုပ်အာဏာကို ကာကွယ်ရတဲ့ တာဝန်ရှိတဲ့အခါကျတော့ အရှေ့ဘက်ဖြစ်ဖြစ်၊ အနောက်ဘက်ဖြစ်ဖြစ်၊ တောင်၊ မြောက်ဘက်မှာပဲဖြစ်ဖြစ် အမြဲတမ်း ဒါကိုကျနော်တို့ အရေးကြီးကိစ္စ အနေနဲ့ထားတာပေါ့။ ခင်ဗျားပြောတဲ့ ကျနော်တို့ ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေနဲ့ ပတ်သက်လို့ရှိရင် တပ်မတော် အစိုးရလက်ထက်ကတည်းကိုက နိုင်ငံတော်အကြီးအကဲ ဗိုလ်မှူးကြီးသန်းရွှေလက်ထက်ကတည်းကိုက စိုးရိမ်မှုတွေ ရှိခဲ့တယ်။ ဒါကြောင့်မို့ နကစ ကို ဖွဲ့ပြီးတော့မှ နယ်စပ်ဒေသမှာရှိတဲ့ လူဝင်လူထွက်ကို ထိန်းသိမ်းဖို့ ဒါတွေကို ကျနော်တို့ လုပ်ခဲ့တာရှိတယ်။ တချို့နေရာတွေမှာ ပြန်ပြီးတော့အခြေချနေထိုင်ဖို့အတွက် ရွာတွေတည်ပေးခဲ့တာ ရှိတယ်။ ၂၀၀၇ ခုနှစ်မှာတုန်းက ကျနော်မှတ်မိသေးတယ်။

ပြန်ကြားရေးဝန်ကြီးဌာနအပြင် ကျန်တဲ့အဖွဲ့တွေကို တာဝန်ပေးတုန်းက ဒေသဖွံ့ဖြိုးရေးအတွက် သတင်းအချက်အလက်တွေ မြန်မြန်ဖြန့်နိုင်ဖို့၊ ရထားလမ်းဖောက်နိုင်ဖို့ ဆိုတာမျိုးတွေ ကုလားတန်မြစ်စီမံကိန်းတွေလို ဒေသဖွံ့ဖြိုးအောင်လုပ်ဖို့ ကျနော်တို့လုပ်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒီအခြေအနေတုန်းက ကျနော်တို့ကြီးပဲလုပ်ရတာ ကျနော်တို့ကို နိုင်ငံတကာမှာရော ပြည်တွင်းမှာ ရှိတဲ့ကျန်တဲ့အဖွဲ့အစည်းတွေက ကျနော်တို့ကို ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့ဘူး။ အဲ့အချိန်တုန်းက ကြည့်မယ်ဆိုရင် တပ်မတော်အစိုးရက သူလုပ်နိုင်တာလေးတွေကိုပဲ နိုင်သလောက်လုပ်ခဲ့ရတာ။ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုပြည်တွင်းမှာ မရှိဘူး။  နိုင်ငံတကာရဲ့ ပူးပေါင်းမှုမရှိဘူး သံသယပဲရှိတယ်။ ၉၂၊ ၉၃ မှာဝေဖန်ခံရသလို၊ ၂၀၀၂၊ ၂၀၀၃ မှာလည်း အကြောင်းကြောင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်လာပြီးမှာလည်း ဒီ issue တွေကို ထပ်တင်ပြီးတော့မှ တိုက်ခိုက်တာတွေလည်းရှိတယ်။ ဒီလိုမျိုး ကျနော်တို့က ရင်ဆိုင်ခဲ့ရတာပေါ့။ အခုအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်တို့ အာဏာရလာတယ်၊ အာဏာရှိလာတဲ့အချိန်မှာတော့ ပြည်တွင်းထောက်ခံမှုရော၊ နိုင်ငံ့တကာထောက်ခံမှုရော ရနိုင်တဲ့အခြေအနေကောင်းတွေ ရှိတဲ့အချိန်မှာ ပိုကောင်းမွန်တဲ့ plan လေးကို ချပြဖို့လိုမယ်လို့ ထင်တယ်။ တပ်မတော်ကတော့ ပါမှာပဲ ပူးပေါင်းလုပ်မှာပဲ။

ဦးအောင်ဇော်။ ။ ကျနော်မေးတဲ့မေးခွန်းလေးက တပ်မတော်ရဲ့အခန်းကဏ္ဍကိုပဲမေးတာ။

ဦးရဲထွဋ်။ ။ တပ်မတော်က ခုနပြောသလိုပဲ အမြဲတမ်းပဲ တပ်မတော်အခန်းကဏ္ဍကိုလည်း ပြင်ဆင်ခဲ့တယ်။ ကျနော်တို့ ဦးသိန်းစိန်လက်ထက်မှာည်း ပဋိပက္ခတွေဖြစ်တဲ့အချိန်မှာ တဒေါင့်တနေရာကနေ တပ်မတော်က ဝင်ပြီးတော့ ဖြေရှင်းပေးခဲ့ တာတွေ ရှိတယ်။ အခု အောက်တိုဘာ ၉ ရက်နေ့ စစ်ပွဲဖြစ်တဲ့အချိန်မှာလည်း တပ်မတော်ဘက်နေပြီးတော့ စစ်ဆင်ရေး လုပ်ခဲ့တယ်။ သို့သော် တပ်ကတော့ သူ့ရဲ့လုပ်ရမယ့် အခန်းကဏ္ဍကို အကုန်လုံးပြီးအောင် လုပ်မှာပဲ။ သို့သော် တပ်ကိုသုံးဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးထင်ကျော်တို့ ဘယ်လောက်အထိ ယုံကြည်မှုရှိလဲဆိုတဲ့အပေါ်မှာလည်း မူတည်တယ်။ ဥပမာဆိုပါတော့ ကာလုံအစည်းအဝေးကို ဘာကြောင့်မခေါ်သလဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာတဲ့ အခါမှာ တပ်က အာဏာသိမ်းဖို့ လုပ်ထားတဲ့ ယန္တယားလို့ သူတို့က နားလည်မှုလွဲနေတယ်။ တကယ်တမ်းကျတော့ ကာလုံ ဆိုတာ မဲနဲ့ခွဲတာ မဟုတ်ဘူး၊ ကာလုံက အကြံပြုတင်ပြတာ။ ဆုံးဖြတ်တာ သမ္မတပဲ၊ သမ္မတမှာ အာဏာရှိရင် ပြောတာပေါ့လေ။

ဦးအောင်ဇော်။ ။ သမ္မတက အာဏာရှိပုံမရဘူးပေါ့။

ဦးရဲထွဋ်။ ။ သမ္မတမှာ ဆုံးဖြတ်ခွင့်အာဏာရှိရင် သုံးတာ မသုံးတာက သူ့အပိုင်းပေါ့ဗျာ။

ဦးအောင်ဇော်။ ။ သမ္မတမှာ အာဏာရှိတယ်၊ သမ္မတမှာတော့ Executive power ရှိတယ်။ သမ္မတ အဲ့ဒီ executive power ကို အခုအချိန်ထိ အပြည့်အဝ အသုံးချတာ မတွေ့ရဘူး။

ဦးရဲထွဋ်။ ။ ဒါကတော့ သူတို့အတွင်းပိုင်းဆိုတော့ ကျနော်တို့ မသိဘူးပေါ့။ မသိဘူးဆိုတာက ကျနော်က အပြင်လူဖြစ်သွားပြီကိုး။ ခင်ဗျားတို့ သတင်းစာမှာပါသလောက်ပဲ ကျနော်ကသိတာ။

ဦးအောင်ဇော်။ ။ တကယ့် executive power က ဒေါ်အောင်ဆန်းစုကြည်မှာပဲရှိတယ်လို့ ပြောနေကြတာ မဟုတ်ဘူးလား။

ဦးရဲထွဋ်။ ။ ဒါကတော့ ပုဂ္ဂိုလ်ရေးအရ သူက လုပ်တာဖြစ်မယ်။ ဒါကတော့ ကျနော်ကို အခုအချိန် လူတယောက်ကို နိုင်ငံရဲ့အကြီးအကဲက ဘယ်သူလဲလို့မေးရင် သမ္မတဦးထင်ကျော်လို့ပဲ ပြောမှာပေါ့။ နိုင်ငံတော်ပုဂ္ဂိုလ် ဘယ်သူလဲမေးရင် ဒေါ်အောင်ဆန်းစုကြည်လို့ ပြောကြမှာပေါ့။ executive power ဘယ်သူ့မှာလဲလို့မေးရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတမှာ ရှိတယ်ပေါ့၊ သမ္မတက သုံးချင်း မသုံးချင်းကတော့ သူ့ပြဿနာလေ။ ကျနော်တို့ ပြဿနာမှ မဟုတ်တာ။

ဦးအောင်ဇော်။ ။ စစ်အုပ်ချုပ်ရေး ကြေညာပေးဖို့ကိစ္စ ပြောမယ်ဆို ဒါ တပ်မတော်နဲ့ဆိုင်သွားပြီ။ တပ်မတော်က ပြည်ပစွက်ဖက်မှုတွေကြောင့် ပြန်ပြီးတော့ ဝင်လာရမယ့် အခြေအနေတွေရှိတယ်ပေါ့၊ နိုင်ငံရေးနဲ့ ပတ်သက်ရင်။

ဦးရဲထွဋ်။ ။ မဟုတ်ဘူးဗျ၊ အဲ့ဒါက လူတွေက စစ်အုပ်ချုပ်ရေးလို့ ပြောတဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဆင့်ဆင့်ရှိတယ်လေ။ အရေးပေါ်အခြေအနေ ကြေညာတာရှိတယ်၊ နောက်တခု လောက်ကိုင်မှာ လုပ်သလိုမျိုး အုပ်ချုပ်မှု တပ်မတော်ကို အာဏာလွှဲပေးတာမျိုး ရှိတယ်။ ဘယ်အဆင့်ထိ လုပ်မယ်ဆိုတာက ဆုံးဖြတ်ရမှာ ကာလုံမှာ ဆွေးနွေးရမယ်၊ ကာလုံက ထောက်ခံတင်ပြရမယ် သမ္မတက လုပ်ရမယ်။ အပြင်ကလူတွေကတော့ သူတို့အမြင် သူတို့ပြောတာပေါ့၊ ဒါပေမယ့် တကယ့်မြေပြင်မှာဖြစ်နေတဲ့ သတင်းအချက်အလက်တွေကို သိတဲ့သူတွေက ကာလုံထဲမှာပါတယ်။ ဒါကြောင့်မို့လို့ ကာလုံက အစည်းအဝေးမှာ ခေါ်ကို ခေါ်ရမယ်။ နားလည်မှုလွဲနေတာက နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာဖို့ ခေါ်ဖို့ လိုတယ်လို့ နားလည်မှု လွဲနေတယ် မဟုတ်ဘူး အဲ့ဒါက။

ဦးအောင်ဇော်။ ။ ဘယ်သူက နားလည်မှုလွဲနေတာလဲ။

ဦးရဲထွဋ်။ ။ သူတို့ အတိုက်အခံဘဝတုန်းကပြောခဲ့တာလေ။ တပ်မတော် ၆ မဲရှိနေတယ်၊ ဟိုက ၅ မဲပဲ ရှိတယ်၊ အဲ့ဒါဆိုရင် အရေးပေါ်အခြေအနေ ကြေညာခိုင်းတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဏာယူသွားလိမ်မယ်ဆိုတဲ့ စိုးရိမ်မှုတွေ သူတို့က အမြဲတမ်းပြောခဲ့တာပေါ့။ အဲ့ဒီအယူအဆတွေက အခုအချိန်ထိပါနေတယ်လို့ ထင်တယ်။ တကယ်တော့ အခြေအနေကို ဖတ်ကြည့်လိုက်ရင် အရေးပေါ်အခြေအနေ ကြေညာခြင်း မကြေညာခြင်းကိစ္စတွေ အားလုံးသည် ကာလုံက ထောက်ခံတင်လို့ပဲရတယ်။ ဆုံးဖြတ်တာ သမ္မတ၊ သမ္မတဦးသိန်းစိန်လက်ထက်တုန်းက နှစ်ပတ်တကြိမ် လုပ်တယ်။ ခင်ဗျားက ပြောမယ် အရေးပေါ်ခေါ်တဲ့အစည်းအဝေးက ဒုတပ်ချုပ်တွေနဲ့ လုပ်တယ်၊ အဓိပ္ပါယ်မရှိဘူး။ အနည်းဆုံးတော့ နှစ်ပတ်တခါ သတင်းတွေဖလှယ်နေရမယ်။ အခုက မရှု့နိုင်မကယ်နိုင်ဖြစ်မှ အရေးပေါ်ခေါ်လိုက်၊ ပြီးရင် လူတိုင်းက ကိုယ့်လုပ်ချင်တဲ့အလုပ်ကို ကိုယ်လုပ်နေ ဘယ်နေရာမှာသွားပြီးတော့ ပေါင်းစပ်ညှိနှိုင်းနိုင်ကြမလဲ။ သတင်းအချက်အလက်တွေမှာ ရဲကရတဲ့ သတင်းရှိမယ်၊ တပ်ကရတဲ့ သတင်းရှိမယ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာက ရတဲ့ သတင်းရှိမယ်၊ နိုင်ငံဖြတ်ကျော်မှုခင်းနဲ့ ရထားတဲ့သတင်းတွေရှိမယ်။ အဲ့ဒါတွေအားလုံးက တယောက်ပြီး တယောက်ထ တင်ပြမှ ဆုံးဖြတ်မှ။ သမ္မတတို့ ဒုသမ္မတတို့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့က တထိုင်တည်း စဉ်းစားလို့ရမှာပေါ့။ အဲ့လိုမရှိတဲ့အခါကျတော့ ကျနော်တို့မှာ ကြိုတင်ကာကွယ်ပြီးတော့ လုပ်နိုင်တဲ့အခြေအနေ ဆုံးရှုံးနေတယ်လို့ ထင်တယ်။

ဦးအောင်ဇော်။ ။ မကြာသေးခင်က ကျနော်တို့ကိုပြောခဲ့တဲ့ နိုင်ငံတော်သမ္မတရုံးက ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ချုပ်က ပြောခဲ့တာကတော့ တပ်မတော်ဘက်က ဒီကိစ္စတွေမှာ အပြည့်အဝပူးပေါင်းဆောင်ရွက်မှုရှိပါတယ်တဲ့။ ဟုတ်ပ့ါမလား တပ်မတော်ခေါင်းဆောင်က ဒီကိစ္စမှာ ဘယ်လောက်ခေါင်းခဲနေမလဲ။

ဦးရဲထွဋ်။ ။ တပ်မတော်ခေါင်းဆောင်တွေအားလုံးက အနောက်ဘက်နယ်စပ်အခြေအနေနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်။ သို့သော် အရင်တုန်းက တပ်မတော်အစိုးရလက်ထက်မှာတုန်းက မူဝါဒချမှတ်တာ ဥပဒေပြုရေးအာဏာ၊ ဥပဒေချမှတ်တာ အရာအားလုံးကို တပ်မတော် ကိုင်ဆောင်ထားတာကိုး။ အခုကျတော့ တပ်မတော်က စိုးရိမ်တယ်ဆိုပေမယ့် သူက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးထားတဲ့ဘောင်ထဲကပဲ သူလုပ်လို့ရတယ်၊ သူက ဘယ်လောက်လုပ်ချင်နေသည် ဖြစ်စေ ကာလုံမှာ ဆွေးနွေးတိုင်ပင်မှုမရှိဘူးဆိုရင် လုပ်ပိုင်ခွင့်မပေးဘူးဆိုရင် လုပ်လို့မရဘူး။ ဒါကြောင့်မို့ တပ်မတော်ဘက်က စိုးရိမ်မှုရှိတယ်။ တပ်မတော်က ဘယ်လိုအသုံးပြုမယ်ဆိုတာကတော့ သမ္မတနဲ့ ကာလုံက ဆုံးဖြတ်ရမှာ။ ဒါကြောင့်မို့  ကျနော့်ရဲ့ကိုယ်ပိုင်အယူအဆကတော့ ကာလုံကိုခေါ်သင့်တယ်။ ကာလုံဆိုတာ အရေးပေါ်အခြေအနေမှ ခေါ်သင့်တဲ့ အဖွဲ့အစည်းမဟုတ်ဘူးဆိုတာကို လူတွေ နားလည်သင့်တယ်။ ကာလုံအစည်းအဝေးရှိခြင်းအားဖြင့် ပါဝင် ပတ်သက်နေသူ အားလုံးက သတင်းချင်းကို ချက်ချင်းဖလှယ်လို့ရတယ်။ ချက်ချင်းဆုံးဖြတ်လို့ ရတယ်၊ အရေးပေါ်လည်း ခေါ်လို့ရတယ်။ မိတ္တီလာတို့၊ ရခိုင်တို့ဖြစ်တုန်းကဆိုရင် ကျနော်ထင်တယ် ရခိုင်မှာဖြစ်တုန်းကထင်တယ် ညနေဘက်ကြီးတောင်မှ အရေးပေါ်အခြေအနေခေါ်တယ်။ စဉ်းစားကြတာပေါ့ ဘယ်လိုလုပ်ကြမလဲဆိုတာကို။ ဒါကြောင့် ဒါကိုခေါ်သင့် တယ်လို့ပြောတာ။ ဘာကြောင့် သူတို့မခေါ်တာလဲဆိုတာတော့ ကျနော်စဉ်းစားလို့ မရဘူး။

လက်တွေ့ကျကျ စဉ်းစားချင်တဲ့ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်ရဲ့ ရခိုင်အရေး အမြင် အပိုင်း – ၁ 

Did you find apk for android? You can find new Free Android Games and apps.
Loading