လူထုဦးလှနဲ့ လူထုဒေါ်အမာတို့ရဲ့ အငယ်ဆုံးသား စာရေးဆရာ ညီပုလေးကို သူ့မိတ်ဆွေတွေက ကိုညိုလို့ခေါ်ကြတယ်။ အနုပညာအလုပ်တွေ အမြဲမပြတ်လုပ်နေတဲ့ ညီပုလေးက မန္တလေးတက္ကသိုလ်ထဲမှာ လူထုစာအုပ်ဆိုင် တိုးချဲ့ဖွင့်လှစ်တယ်။ လက်ဆည်ကန်ရပ်က နေအိမ်မှာ စာအုပ်အရောင်းဆိုင်ကို လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ဖွင့်လှစ်ခဲ့ပြီး ယခုထက်တိုင် ဖွင့်လှစ်ထားဆဲဖြစ်ပါတယ်။ ဓာတ်ပုံရိုက်၊ ပန်းချီဆွဲ၊ စာပေရေးသား၊ စာပေဟောပြောပွဲလိုက်၊ စက်ဘီးစီး တွေနဲ့ အမြဲအလုပ်ရှုပ်နေတဲ့ သူ့ကို အမိဖမ်းရတာ ခက်တယ်။
စာရေးဆရာ ညီပုလေးက အနုပညာအလုပ်တွေ လူမှုရေးအလုပ်တွေနဲ့ အလွန်အလုပ်များသူဖြစ်တယ်။ သူ့ထက်ကဲ ရွှေပြည်စိုး ညီပုလေးဝတ္ထုတိုများ၊ ကလေးလူကြီးကြိုက်ပြီး ချစ်ကြပါတဲ့ ညီပုလေး ဝတ္ထုတိုများ၊ တစ်ကြောင်းဆွဲ ပန်းချီ၊ လူအအိပ်မက် ဝတ္ထုတိုများ စတဲ့ ဝတ္ထုတိုပေါင်းချုပ်တွေ ရေးသားခဲ့သူဖြစ်တယ်။ လီဒို ဟူးကောင်း မင်ခြစ်မှတ်စုများ၊မြင့်မားသောတောင်တန်း စိမ်းလန်းသောတောင်ကုန်း စတဲ့ ခရီးသွားစာပေတွေလည်း ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။
လက်ရှိမှာ စာရေးဆရာ ညီပုလေးက ဝတ္ထုဟန်အထ္ထုပတ္တိစာအုပ်အသစ် ရေးသားနေဆဲဖြစ်ပြီး ကင်မရာတလုံး လွယ်ကာ Street Photo တွေရိုက်နေတယ်။ Street Photos စာအုပ်လည်း ထုတ်ဝေဖြန့်ချိထားတယ်။ ငြိမ်းချမ်းစိမ်းလန်း အမည်နဲ့ ဓာတ်ပုံပြပွဲတွေလည်း လုပ်ခဲ့ပြီး လက်ရှိအချိန်ထိ ဓာတ်ပုံတွေ ရိုက်နေဆဲဖြစ်ပါတယ်။ စာပေဟောပြောပွဲ ခရီးတွေ ဆက်တိုက်ထွက်နေပြီး PEN Myanmar ကလုပ်တဲ့ပွဲတွေမှာ ကိုယ်တိုင်ပါဝင်နေပါတယ်။
ဆရာညီပုလေးကို လူထုတိုက်ရဲ့ ဧည့်ခန်းမှာ အနုပညာလှုပ်ရှားမှုတွေနဲ့ပတ်သတ်ပြီး ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်တွေအကြောင်း၊ လက်ရှိအခြေအနေ နောင်လုပ်မယ့် အနုပညာအကြောင်းအရာတွေကို ဧရာဝတီ ပင်တိုင်ဆောင်းပါးရှင် သန်းနိုင်ဦးက သွားရောက် မေးမြန်းမှတ်တမ်းတင်ခဲ့တယ်။
ဧရာဝတီ။ ။ မန္တလေးတက္ကသိုလ်ဝင်းထဲမှာ လူထုစာအုပ်ဆိုင် ဘာကြောင့်တိုးချဲ့ ဖွင့်လှစ်ခဲ့တာလဲ။
ညီပုလေး။ ။ မန္တလေး တက္ကသိုလ်အတွင်းမှာ စာအုပ်ဆိုင်တစ်ဆိုင် တူတူတန်တန်ရှိသင့်တယ်လို့ ကျနော်ယုံကြည်တယ်။ အမေ(လူထုဒေါ်အမာ)လည်း မန္တလေးဥပစာ ကောလိပ်မှာတက်ခဲ့တယ်။ ကျနော့် အကိုတွေလည်း မန္တလေးတက္ကသိုလ်တက်ခဲ့တယ်။ ကျနော်ကိုယ်တိုင်လည်း မန္တလေးတက္ကသိုလ်ထွက် တယောက်ပဲ။ကျနော်တို့ မိသားစုအပေါ် မန္တလေးတက္ကသိုလ်ရဲ့ ကျေးဇူးရှိတယ်လို့ ခံစားရတယ်။ ကျနော်တို့ မိသားစု ဒီစာအုပ်ဆိုင်ဖွင့်တဲ့အပေါ် ကျနော့်နောင်တော်တွေဖြစ်တဲ့ ဆရာဂျမ်း(ကဗျာဆရာတင်မိုး)၊ ဆရာကြည်( ကဗျာဆရာ ကြည်အောင်)၊ လူထုစိန်ဝင်းတို့ သက်ရှိထင်ရှားရှိနေရင်လည်း ဝမ်းသာကြမှာပါပဲ။
ဧရာဝတီ။ ။ မန္တလေး တက္ကသိုလ်အတွင်းမှာ ဖွင့်ထားတဲ့ လူထုစာအုပ်ဆိုင်မှာ စာပေနဲ့ ပတ်သတ်တဲ့ ပွဲလမ်းသဘင်တွေ ဘယ်လိုစိတ်ကူးနဲ့ လုပ်ဖြစ်တာလဲ။
ညီပုလေး။ ။ မန္တလေး တက္ကသိုလ်အတွင်းက လူထုစာအုပ်ဆိုင်ကို ၂၀၁၇ခုနှစ် ဇွန်လ ၂ ရက်နေ့က ဖွင့်ခဲ့တာပါ။ PEN Myanmar ရဲ့ အစီအစဉ်နဲ့ ၈၆ ကြိမ်မြောက် ရသစုံဆန်ရေးသူ ဖတ်သူဆွေးနွေးပွဲကို လူထုစာအုပ်ဆိုင် စိန်ပန်းပင်ရိပ်မှာ ဇူလိုင်လ ၁၀ ရက်နေ့မှာ လုပ်ခဲ့တယ်။ ဇူလိုင် ၁၁ ရက်နေ့မှာတော့ စာရေးဆရာ စိုးလှိုင်တင့်ရဲ့ ဘူတာ ရထား လေထီး
ဂိမ်းပတ်ပတ်လည် ဝတ္ထုတိုစု စာအုပ်မိတ်ဆက်ပွဲ လုပ်ခဲ့ကြတယ်။ စာပေနဲ့ပတ်သက်တဲ့ပွဲတွေ ဘာလို့လုပ်တာလည်း ဆိုတော့ အနုပညာ စိတ်ကူးတွေ ကွန့်မြူးစေချင်လို့ပါပဲ။
ဧရာဝတီ။ ။ မိဘ ညီအစ်ကိုမောင်နှမတွေရဲ့ လွှမ်းမိုးမှုက ဆရာ့အပေါ်ဘယ်လောက်ထိ လွှမ်းမိုးစေခဲ့ပါသလဲ။
ညီပုလေး။ ။ သူတို့ရဲ့ လွှမ်းမိုးမှုက အရိပ်လိုမိုးခဲ့တယ်။ ကျနော် မဟုတ်တာလုပ်ချင်ရင်တောင် မိဘတွေ ညီအကိုမောင်နှမတွေရဲ့ မျက်နှာကို အရင်ဆုံးပြေးမြင်မိတယ်။ သူတို့တွေရဲ့ ကျေးဇူးကြီးတယ်။ မြန်မာနိုင်ငံအနှံ့ ခရီးတွေထွက်ဖြစ်တော့ ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသတွေမှာ ညီပုလေး ဘာစာတွေရေးတယ်ဆိုတာ မသိကြပါဘူး။ ဂေါ်ရင်ဂျီကျွန်းဘက်သွားတုန်းက လမ်းခရီးမှာ တွေ့ခဲ့တာလေး ပြောပါရစေ။ လမ်းခရီးမှာ ရွာသေးသေးလေးမှာ ခဏတဖြုတ်နားကြတော့ စာရေးတဲ့ ညီပုလေးဆိုတာ ဘယ်သူမှ မသိဘူး။ အဲဒီရွာလေးက လူတွေက လူထုဦးလှ လူထုဒေါ်အမာကို သိကြတယ်။ ရဲဘော် စိုးဝင်း၊ ရဲဘော်ဖိုးသံချောင်းဆိုတာ သိကြတယ်။ မိဘနှစ်ပါးအပြင် အစ်ကိုတွေရဲ့ လောင်းရိပ်က ကျနော့်အပေါ်မှာ ကြီးမားတယ်။ သူတို့မျက်နှာနဲ့ ထမင်းတနပ်စား၊ ကော်ဖီတခွက်သောက်ခဲ့ရတယ်။
ဧရာဝတီ။ ။ အနုပညာပွဲ တချို့မှာ ဆရာကိုယ်တိုင် ပါဖောမန့်တွေလုပ်တာ တွေ့ရပါတယ်။ ပါဖောမန့်လုပ်ဖို့ ကြိုတင်ကြံစည်ခဲ့တာလား။ ဒါမှမဟုတ် ပွဲရောက်မှ ပါဖော့မန့်လုပ်ဖို့ အကြောင်းဖန်လာတာလား။
ညီပုလေး။ ။ ကျနော်ကိုယ်တိုင် ပါဖော့မန့်လုပ်ခဲ့တဲ့ပွဲတွေ ရှိပါတယ်။ ကြိုတင်ပြင်ဆင်ပြီး လုပ်ခဲ့တဲ့ပွဲတွေရှိသလို ကောက်ကာငင်ကာ လုပ်ဖြစ်သွားတဲ့ပွဲတွေလည်း ရှိတာပါပဲ။ ကြိုတင်ပြင်ဆင်ခဲ့ပေမယ့် စိတ်လှုပ်ရှားလွန်းလို့ ပရိတ်သတ်ကို ပြချင်သလောက် မပြလိုက်ရတဲ့ပွဲတွေလည်း ရှိတယ်။ ဟောဖို့ပြောဖို့ စီစဉ်ထားပေမယ့် ပရိတ်သတ်က ရှေ့က လူတွေပြောတာ အီ နေလို့ ပရိတ်သတ်ကို အအီပြေအောင် လုပ်ချင်လို့ ပြလိုက်ရတဲ့ ပါဖောမန့်တွေလည်း ရှိတယ်။ မြန်မာ ပရိတ်သတ်နဲ့ ပါဖောမန့်ကတော့ စိမ်းနေသေးတယ်။ ပါဖော့မန့် နဲ့ ပရိတ်သတ် တသားတည်း ဖြစ်ဖို့ဆိုရင် ပါဖောမန့် ပွဲတော်တွေ လုပ်မယ်။ လူထုကြားထဲ မကြာခဏ လုပ်ပေးမယ်ဆိုရင် ပရိတ်သတ် လက်ခံလာနိုင်ပါတယ်။ ပါဖောမန့်ရဲ့ အရသာကို ပရိတ်သတ် ရသွားရင် ငါလည်း ဒါလောက်တော့ လုပ်ရင်ဖြစ်တယ်ဆိုတဲ့ စိတ်ခံစားမှု ပရိတ်သတ်ထဲ ကူးစက်သွားနိုင်ပါတယ်။
ဧရာဝတီ။ ။ ဆရာရဲ့ လုံးချင်းဝတ္ထုတွေဖြစ်တဲ့ လမင်းရဲ့ချိုသာတဲ့ လက်ခုပ်သံ၊ မြေးသူကြီး၊ ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြတဲ့ပျားရည်စက် တွေက ပြင်ပလောကမှာ အမှန်တကယ်ရှိတဲ့လူတွေဖြစ်ပြီး အဲဒီအကြောင်းတွေ ဘယ်လို ပုံစံနဲ့ ရေးဖြစ်ခဲ့တာပါလဲ။
ညီပုလေး။ ။ ဝတ္ထုဟန် အတ္ထုပတ္တိလို့ ခေါ်လို့ရနိုင်မယ် ထင်တယ်။ ကျနော့်အမေလည်း အဲဒါမျိုးတွေ ရေးခဲ့တယ်။ ဖိုးစိန်၊ စိန်ကတုံး၊ ရွှေမန်းတင်မောင်၊ ပြည်သူချစ်သော အနုပညာသည်များ စတဲ့စာအုပ်တွေ ရေးခဲ့တယ်။ ပြောသူက ပေါ့ပေါ့ပါးပါး ပြောပေမယ့် အဖွဲ့အနွဲ့နဲ့ ဖွဲ့ရတဲ့အခါတွေလည်း ရှိတာပဲ။ ဝတ္ထုဖြစ်တဲ့အတွက် ကိုယ်ပြောချင်တာရှိရင်လည်း ဝင်ပြောလို့ရတာပေါ့။
ဧရာဝတီ။ ။ ဝတ္ထုဟန်အထ္ထုပတ္တိတွေ ရေးဖို့အတွက် မူချထားတာ ရှိပါသလား။
ညီပုလေး။ ။ မူရှိလား မေးရင်ရှိတာပေါ့။ စာဖတ်သူအတွက် အကျိုးရှိရမယ်။ ခေတ်ပြိုင်မှတ်တမ်း ကျန်ခဲ့ရမယ်။
ဧရာဝတီ။ ။ လမင်းရဲ့ချိုသာတဲ့လက်ခုပ်သံကို စာပေစိစစ်ရေးတင်းကျပ်ချိန် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ထုတ်ခဲ့တယ်။ မြေးသူကြီးကို စာပေစိစစ်ရေး အနည်းငယ်ဖြေလျော့ချိန် လွန်ခဲ့တဲ့ ၅ နှစ် ဝန်းကျင်က ထုတ်ခဲ့တယ်။ ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြတဲ့ပျားရည်စက်ကို စာပေစိစစ်ရေး ဖျက်သိမ်းပြီးချိန်မှာ ထုတ်တယ်။ စာပေစိစစ်ရေးရှိစဉ်နဲ့ စာပေစိစစ်ရေးဖျက်သိမ်းပြီး ဘာတွေကွာခြားသွားသလဲ။
ညီပုလေး။ ။ ကွာတာပေါ့။ စာပေစိစစ်ရေး ရှိတဲ့အချိန်မှာ ထုတ်ခဲ့တဲ့ မြေးသူကြီးမှာ စိစစ်ရေးကြောင့် ဖြုတ်လိုက်ရတဲ့အခန်းတွေရှိတယ်။ အကြောင်းအရာမလွဲပေမယ့် အကျယ်မပြောလိုက်ရဘူး။
ဧရာဝတီ။ ။ ဝတ္တုတိုတွေ တလျှောက်လုံးရေးခဲ့ရာက ဝတ္ထုဟန် အတ္ထုုပတ္တိ လုံးချင်းဝတ္ထုရေးဖို့ ဘယ်အရာတွေက တွန်းအားဖြစ်စေခဲ့သလဲ။
ညီပုလေး။ ။ ကျနော်တသက်လုံး ဝတ္ထုတိုတွေရေးဖို့ ပိုင်းဖြတ်ခဲ့တာပါပဲ။ မြန်မာဝတ္ထုတို သမိုင်းအကြောင်း ပြောကြရင် ညီပုလေးအကြောင်း ပါကိုပါရမယ်ဆိုပြီး ရေးခဲ့တာပေါ့။ကျနော့်ရဲ့ ပထမဆုံး စာအုပ်ကလည်း သူ့ထက်ကဲ ရွှေပြည်စိုး ညီပုလေး ဝတ္ထုတိုပေါင်းချုပ်ပဲလေ။ လမင်းရဲ့ချိုသာသော လက်ခုပ်သံ ထဲက ကျနော့်ဇာတ်ကောင် ဇွန်မိုးပြောသလိုပါပဲ။သူက တလျှောက်လုံး ကလပ်စစ်ကယ်ဂီတာ တီးဖို့ ပိုင်းဖြတ် ထားပေမယ့် ရပ်ကွက်ထဲက ဆိုက္ကားဆရာရဲ့ အိမ်အပြန် လေချွန်သံကို စောင့်နားထောင်တဲ့ သူတွေကလည်း အများကြီး။ ကဗျာကောင်း ဆောင်းပါးကောင်း ဝတ္ထုရှည်ကောင်းတွေ ကြုံရတဲ့အခါ တစိမ့်စိမ့်ဖတ်ပြီး ကြည်နူးရတဲ့အခါတွေ ရှိတယ်။ ဆောင်းပါးရေးဖို့ လိုအပ်ရင် ဆောင်းပါးလည်း ရေးရမှာပဲ။ အက်ဆေးနဲ့ ဖော်ပြမှ ကောင်းမယ့် စာတွေအတွက် အက်ဆေးလည်း ရေးရမှာပါပဲ။
ဧရာဝတီ။ ။ ဆရာကိုယ်တိုင် နိုင်ငံရေးအကျဉ်းသားအဖြစ် ၁၉၇၈ ခုနှစ်မှာတကြိမ် ၁၉၉၀ ခုနှစ်မှာ တကြိမ် စုစုပေါင်းနှစ်ကြိမ် အထိန်းသိမ်းခံခဲ့ရတယ်။ အဲဒီအတွေ့အကြုံတွေက ဆရာ့အနုပညာ အလုပ်တွေအတွက် ဘယ်လောက် အထောက်အပံ့ဖြစ်စေခဲ့ပါသလဲ။
ညီပုလေး။ ။ ကျနော်ထောင်ထဲမှာ နှစ်ကြိမ် နေခဲ့ရတယ်။ ပထမအကြိမ်က အဖေရယ် အမေရယ် ကျနော်ရယ်၊ ဒုတိယအကြိမ်က ထောင်ထဲမှာ ၁၀ နှစ်လောက်ကြာခဲ့တယ်။
ထောင်ထဲမှာ ညီပုလေးဆိုတာ မရှိဘူး။ ထောင်သားဆိုတာပဲ ရှိတယ်။ နိုင်ငံရေးလုပ်လို့ ထောင်ကျကျ ရာဇဝတ်မှု ကျူးလွန်လို့ ထောင်ကျကျ ထောင်သားပဲ။ ပုံစံလို့ အော်သံကြားရင်
အားလုံး ပုံစံထိုင်ပေးရတယ်။ ရာဇဝတ်သားတွေနဲ့ နိုင်ငံရေးသမားတွေ ထောင်ထဲမှာ အတူယှဉ်တွဲ နေထိုင်ခဲ့ရတယ်။ နိုင်ငံရေး ယုံကြည်ချက်ကြောင့် ထောင်ကျတဲ့ထောင်သား အချင်းချင်း ကြားမှာလည်း လက်ဝဲသန်သူ၊ လက်ယာစွန်းသူ၊ အသင်းအဖွဲ့စွဲသူတွေ ရှိတာပဲ။ ကျနော် စာရေးတဲ့အခါ စာပေဟောပြောတဲ့အခါ ကျနော်ကို ထောင်ထဲထည့်ခဲ့သူတွေ ၊ ထောင်အာဏာပိုင်တွေ ထောင်ကျဖော်ထောင်ကျဖက်တွေ ဖတ်မိရင် ညီပုလေးဆိုတာ ဘာဆိုတာ သိရအောင် အားထုတ်တယ်။
ဧရာဝတီ။ ။ ဆရာပါဝင်နေတဲ့ စာပေအနုပညာ အဖွဲ့အစည်းတွေကို ပြောပြပါဦး။
ညီပုလေး။ ။ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း(မူရင်း သတ်ပုံအတိုင်း) မှာ ဘဏ္ဍာရေးမှူး တာဝန်ယူထားပါတယ်။ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းက မဆလလက်ထက်မှာ ဖျက်သိမ်းခံခဲ့ရပြီး ၂၀၁၆ ခုနှစ်အတွင်းမှာ ပြန်လည်ဖွဲ့စည်းနိုင်ခဲ့တာပါ။ PEN Myanmar မှာတော့ ဒါရိုက်တာ အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်။
ဧရာဝတီ။ ။ ဒီနေ့ စာပေအနုပညာရေစီးအပေါ် ဘယ်လိုထင်မြင်မိပါသလဲ။
ညီပုလေး။ ။ ဒီနေ့စာပေရေစီးက ရွေ့နေတော့ မီအောင် လိုက်နေရတယ်။ မရွေ့နိုင်ရင် ကျန်ခဲ့မှာပဲ။ စာဖတ်ပရိတ်သတ်က ဘာတွေကြိုက်နေသလဲ။ ပြည်သူတွေက ဘာကို သိချင်နေသလဲ။ ဒီနေ့ ကမ္ဘာကြီးမှာ ဘာတွေဖြစ်ပျက်နေသလဲ။ နှလုံးသားတံခါးကို အမြဲဖွင့်ထားရတယ်။ ကမ္ဘာကြည့် ကြည့်မြင် နေရတယ်။ ပြည်သူတွေ ခံစားနေရတာတွေ ထပ်တူ ရေးသားဖော်ပြနိုင်မှ တော်ကာကျမယ်။ အဲဒီလိုရေးသားဖော်ပြနိုင်ဖို့ ကြိုးစားနေရင်း ကိုယ့်ယုံကြည်မှု ကိုယ့်ရပ်တည်ချက်ကိုပါ ထည့်စဉ်းစားရတယ်။
ဧရာဝတီ။ ။ ဆရာ Street Photo တွေလည်း ရိုက်နေတာ တွေ့ရတယ်။ ဘာကြောင့် Street Photo တွေ ရိုက်ဖြစ်တာလဲ။
ညီပုလေး။ ။ ကျနော်သွားလေရာမှာ ကင်မရာတလုံး အမြဲဆောင်ထားတယ်။ Street Photo က လူထုနဲ့ အနီးစပ်ဆုံး အနုပညာမို့ ရိုက်ဖြစ်တာပါ။
ဧရာဝတီ။ ။ ဆရာကိုယ်တိုင် ပန်းချီဆွဲ၊ ဓာတ်ပုံရိုက်၊ စက်ဘီးစီး၊ ဘောလုံးကန်၊ စာရေးသား၊ စာပေဟော စတဲ့ အမျိုးစုံအောင် လုပ်နေတာတွေထဲက ဘယ်အရာကို အနှစ်သက်ဆုံးပါလဲ။
ညီပုလေး။ ။ စာရေးသားရတာ အကြိုက်ဆုံးပါပဲ။