အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီ၏ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းမှာ ဇူလိုင်လ ၁၉ ရက်နေ့က ပါတီမှ နှုတ်ထွက်ခဲ့သည်။ ဦးစိန်ဝင်းမှာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီ ကိုယ်စားပြု၍ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်တွင် အနိုင်ရခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော်တွင်လည်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မတီတွင် ဧရာဝတီတိုင်း အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသူ ဖြစ်သည်။
ထို့နောက် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ဦးစိန်ဝင်းမှာ မအူပင်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဒုတိယအကြိမ် ထပ်မံအနိုင်ရခဲ့ပြီး ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့်အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ထို့နောက် ပါတီ၏လမ်းညွန်မှုကို မနာခံဟုဆိုကာ ၂၀၁၆ နှစ်ကုန်ပိုင်းတွင်
လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌတာဝန်မှ ဖယ်ရှားခြင်းခံခဲ့ရသည်။
NLD ပါတီမှ နှုတ်ထွက်ရသည့်အကြောင်းရင်းများ၊ ပြည်သူ့လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌနေရာမှ ဖယ်ရှားခံရမှုများနှင့် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သတ်ပြီး ဧရာဝတီသတင်းဌာန အကြီးတန်းသတင်းထောက် ဆလိုင်းသန့်စင်က လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းကို ဆက်သွယ် မေးမြန်းထားမှုများအား ဖော်ပြအပ်ပါသည်။
မေး – အန်ကယ် ဦးစိန်ဝင်းအနေနဲ့ NLD ပါတီက နှုတ်ထွက်ရတဲ့အကြောင်းရင်း သိချင်ပါတယ်။
ဖြေ – ပါတီကနေ ဘာကြောင့်ကျနော်နှုတ်ထွက်ရလဲဆိုတော့ လက်ရှိအခြေအနေမှာ ကျနော့်အနေနဲ့ တောင်သူလယ်သမားတွေနဲ့ ထိတွေ့တဲ့အခါမှာ မြို့နယ်ကျော်ပြီး တွေ့လို့မရဘူး။ တောင်သူလယ်သမားတွေက ကျနော့်ကို ဖိတ်ခေါ်တယ်။ ကျနော် သွားလို့မရဖြစ်တော့ ပါတီရဲ့စည်းကမ်းချက်က ကျနော့်ကို ကန့်သတ် ထားသလို ဖြစ်နေတယ်။ အဲတော့ ကျနော် ပါတီကနေထွက်ပြီးတော့ မြို့နယ် စည်းမခြားဘဲနဲ့ နေရာတိုင်းလိုလို တောင်သူလယ်သမားနဲ့ အသိပညာ နည်းပညာတွေ ဟောပြောချင်လို့ ပါတီကနေ နှုတ်ထွက်ပြီးတော့ တသီး ပုဂ္ဂလနဲ့ လွတ်လွတ်လပ်လပ်နဲ့ ဟောပြောချင်လို့ ထွက်တာဖြစ်ပါတယ်။
မေး – အန်ကယ့် အနေနဲ့က ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ပြီး အမတ်ဖြစ်လာခဲ့တာပေါ့လေ။ အဲတော့ ပထမ လွှတ်တော်သက်တမ်းတုန်းကရော တခြားမြို့နယ်မသွားရဆိုပြီး ပါတီက ဒီလိုကန့်သတ်တာတွေ ရှိခဲ့သလား။
ဖြေ – ရှေ့လွှတ်တော်သက်တမ်းတုန်းကလည်း ဒီလိုပဲ ခံရတာပဲလေ။ ၆ နှစ်နီးပါးလောက်ကို ကျနော် နယ်ကျော်ပြီး ဟောပြောခွင့် မရခဲ့ပါဘူး။ ပါတီက ကန့်ထားတယ်။ ပါတီက ဘာလို့ကန့်လဲဆိုတာတော့ သူတို့အပိုင်းပေါ့။ ကျနော့်ကျတော့ စိုက်ပျိုးရေးပညာရှင်တယောက်အနေနဲ့ ကန့်တဲ့အခါကျတော့ နာတာပေါ့။
မေး – အန်ကယ့် အနေနဲ့ နှုတ်ထွက်လွှာကို ဘယ်လိုတွေတင်ပြလဲ။ ပါတီကရော ဘယ်လိုအကြောင်းပြန်လဲ။
ပါတီကနေ မထွက်ဖို့ တားမြစ်တာတွေရော ရှိခဲ့သလား။
ဖြေ – ပါတီကနေ နှုတ်ထွက်ဖို့တင်ပြတဲ့ နှုတ်ထွက်လွှာကို ပါတီဗဟိုဌာနချုပ်ကို ဇူလိုင်လ ၁၄ ရက်ဒိတ်နဲ့ တင်ပါတယ်။ ဇူလိုင် ၁၉ ရက်နေ့မှာ ထွက်ခွင့်ပြုပေးဖို့ တင်ပြတယ်။ ၂၀ ရက်နေ့မှာ UEC (ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်) က ကျနော့်ဆီကို ဖုန်းနဲ့ဆက်တယ်။ ထွက်ခွင့်ပြုတဲ့စာ သူတို့ဆီ ရောက်လာပါပြီလို့ ပြောတယ်။ အဲဒါကြောင့်မို့ ပါတီကထွက်ခွင့်ပေးပြီဆိုတာ Confirm (အတည်ပြု) လုပ်လိုက်ပါတယ်။ ပါတီကနေ
မထွက်ဖို့ တားမြစ်တာတော့ မရှိပါဘူး။ ထွက်စာမှာကတည်းက ကျနော်က ပြည့်စုံအောင် ရေးတင်ထားတယ်။ အရင်တုန်းက ခံခဲ့ရတဲ့အခြေအနေတွေကို သုံးသပ်ပြီးတော့ အကုန်လုံးရေးတင်လိုက်တော့ သူတို့လည်း ဘာမှ ပြောနေစရာမလိုတော့ဘူးဆိုတာ သူတို့သိသွားတယ်လေ။
မေး – ၂၀၁၆ နှစ်ကုန်ပိုင်းမှာ အန်ကယ်က မအူပင်က လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနဲ့ ပါတီဝင် ၂ ဦးကို တရားစွဲခဲ့တာရှိတယ်။ အဲ့ဒီအဖြစ်အပျက်တွေကရော အခုလို နှုတ်ထွက်တဲ့ကိစ္စအပေါ်မှာ ရိုက်ခတ်မှု ပတ်သတ် ဆက်နွယ်မှု ရှိသလား။
ဖြေ – အဲဒီတုန်းက ပါတီဝင် ၂ ဦးနဲ့ ကိုယ်စားလှယ် ၂ ဦး၊ စုစုပေါင်း လူ ၄ ဦးကို ရာဇဝတ်မှုနဲ့ တရားစွဲဖို့ ရဲစခန်းမှာ အမှုဖွင့်တယ်။ အဲ့လိုဖွင့်တဲ့အခါ ပါတီကနေ အမှုမဖွင့်ဖို့ လှမ်းထိမ်းတယ်။ ကျနော်က လက်မခံဘူး။ ရာဇတ်ဝတ်မှုကို ကျူးလွန်တာ ရဲနဲ့ တရားရေးက လုပ်လိမ့်မယ်။ ပါတီကနေ လွှမ်းမိုးပြီးတော့ ကန့်သတ်တာ မလုပ်သင့်ပါဘူး။ ကျနော်လက်မခံပါဘူးဆိုပြီး ငြင်းတယ်။ အဲ့လိုငြင်းရမလားဆိုပြီးတော့ ပါတီရဲ့ လမ်းညွှန်မှုကို မခံဘူးဆိုပြီး ဥက္ကဋ္ဌနေရာ (ပြည်သူ့လွှတ်တော် သိမ်းဆည်းခံလယ်ယာမြေများပြန်လည်စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ) ကနေ ဖယ်တယ်။
အဲ့လို ဥက္ကဋ္ဌနေရာကဖယ်တော့ ကျနော်ကလည်း ဖယ်ပေးပါတယ်။ ဖယ်တဲ့အခါမှာလည်း ပညာသားပါပါ မဖယ်တတ်ဘူး။ အမှန်က ဥက္ကဋ္ဌတဦးကို ဖယ်တယ်ဆိုရင် သူတို့ဘာလုပ်ရမလဲဆိုရင် လွှတ်တော်ထဲမှာ ဥက္ကဋ္ဌရဲ့ တာဝန်ဝတ္တရား မကျေပွန်ပါဘူးဆိုပြီး ကုတ် Qoute လုပ်ပြီးတော့မှ စုံစမ်းစစ်ဆေးပြီးတော့မှ ဖယ်သင့်တာ။ ခန့်တုန်းကတော့ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး သဘောတူညီချက်နဲ့ခန့်ပြီး ဖြုတ်တော့မှ လွှတ်တော် ဥက္ကဋ္ဌရဲ့ သဘောတခုတည်းနဲ့ ဖြုတ်လိုက်တယ်ဆိုတော့ လွှတ်တော်ဥက္ကဋ္ဌလည်း ပါတီရဲ့လမ်းညွှန်မှုအရ ဆိုပြီးတော့ လုပ်တာဆိုတော့ လွှတ်တော်က ပါတီရဲ့ အောက်ကိုရောက်သွားတာပေါ့။
မေး – အန်ကယ်အခု ပါတီကနေ နှုတ်ထွက်လိုက်ပြီး တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားပြီဆိုတော့ ရှေ့ဆက်ပြီး ဘာတွေလုပ်ဆောင်သွားဖို့ အစီအစဉ်တွေ ရှိပါသလဲ။
ဖြေ – တသီးပုဂ္ဂလဖြစ်သွားပြီဆိုတော့ ကျနော်က တောင်သူလယ်သမားရေးရာကိစ္စတွေ အလုပ်သမားရေးရာ ကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်လို့ ရသွားပြီ။ ကျနော့်ကို တားလို့ မရတော့ဘူး။ မြို့နယ်ကျော်ပြီးတော့လည်း ဟောပြောဆွေးနွေးလို့ ရသွားပြီလေ။ အဲတော့ ကျနော့်အတွက် တောင်သူလယ်သမားတွေနဲ့ တသားတည်း အတူတကွ သူတို့ရဲ့ဒုက္ခတွေကို တတ်နိုင်သမျှ ဖြည့်ဆည်းပြီးတော့ဆောင်ရွက်ပေးနိုင်မယ့် အခြေအနေကောင်းတွေ ရလာတယ်လို့ ပြောလို့ရပါတယ်။
မေး – ၂၀၂၀ ကျရင် အထွေထွေရွေးကောက်ပွဲတခုကလည်း ထပ်ပြီးကြုံလာနိုင်ဦးမှာပေါ့လေ။ တချို့ ကိုယ်စားလှယ်လောင်းတွေကျတော့ ပါတီပုံရိပ်၊ ပါတီအားနဲ့ ပြိုင်ကြတာဆိုတော့ အန်ကယ့်အနေနဲ့ကရော တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတယောက်အနေနဲ့ ရွေးကောက်ပွဲပြန်ဝင်ဖို့ ယုံကြည်မှု အပြည့်အ၀ ရှိပါသလား။
ဖြေ – ကျနော်ကတော့ တသီးပုဂ္ဂလကိုယ်စားလှယ်အနေနဲ့ပဲ လှုပ်ရှားပြီးတော့ တောင်သူလယ်သမားရေးရာတွေ ဆောင်ရွက်မယ်။ အကယ်၍ တောင်သူလယ်သမားရေးရာတွေ ဆောင်ရွက်ရင်းနဲ့ တောင်သူလယ်သမားတွေရဲ့ ဆန္ဒသဘောထားနဲ့ သူတို့ရဲ့ အားပေးထောက်ခံပေးမှုအပေါ်မှာ မူတည်ပြီးတော့ ကျနော်လုပ်သင့်တဲ့ဟာ လုပ်ရမှာပေါ့ဗျာ။ ပြောချင်တာက ရွေးကောက်ပွဲပြန်ဝင် မဝင်ဆိုတာ အဲဒီအချိန်ကာလပေါ် မူတည်ပြီးတော့ ဆုံးဖြတ်လုပ်ဆောင်သွားမှာပါ။