ကမ္ဘာပေါ်မှာ ရာသီဥတုဖောက်ပြန်မှု ဒုတိယ အဆိုးဆုံးခံရတဲ့ နိုင်ငံအဖြစ်ရပ်တည်နေတဲ့ မြန်မာနိုင်ငံမှာ နှစ်စဉ် သဘာဝ ဘေးအန္တရာယ်တွေကို ကြုံတွေ့ခံစားနေရပါတယ်။ တဖက်မှာ တိုင်းပြည်ဖွံ့ဖြိုးရေးလမ်းကြောင်းကို သွားနေသလို တဖက်မှာ လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှုအတွက် ပညာရှင်တွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ပြောဆို ဆောင်ရွက် နေကြတာတွေရှိပါတယ်။
သဘာဝဘေးအန္တရာယ်တွေ ဘာကြောင့် ဖြစ်လာရတာလဲ။ ဒါတွေအတွက် ဘာတွေကြိုတင်ပြင်ဆင်ထားဖို့လိုမလဲ။ တိုင်းပြည်ရဲ့ စွမ်းအင်လိုအပ်ချက်အတွက် သဘာဝပတ်ဝန်းကျင်နဲ့ လူထုအတွက် ထိခိုက်မှုအနည်းဆုံးဖြစ်မယ့် နည်းလမ်းတွေက ဘာတွေဖြစ်မလဲဆိုတာတွေကို ၁၉၉၀ နောက်ပိုင်းကတည်းက သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်တွေ အထူးအလေးထားဆောင်ရွက်ခဲ့သလို ဧရာဝတီမြစ်ဆုံ ရပ်ဆိုင်းရေး လှုပ်ရှားမှုမှာ လည်း တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့လို့ 2015 Goldman Environment Prize for Asia ဆုကို ရရှိထားတဲ့ ကိုမြင့်ဇော်ကို ဧရာဝတီ အကြီးတန်းသတင်းထောက် ဇူးဇူးက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး – မြန်မာနိုင်ငံဟာ သဘာဝဘေးအန္တရာယ်တွေနဲ့ နှစ်စဉ် ကြုံတွေ့ခံစားနေရသလို ကမ္ဘာပေါ်မှာလည်း ရာသီဥတုဖောက် ပြန်မှု ဒုတိယ အဆိုးဝါးဆုံးခံနေရတဲ့ တိုင်းပြည်ဖြစ်နေတယ်။ ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းရင်းက ဘာတွေဖြစ်မလဲ။
ဖြေ – အကြောင်းရင်း နှစ်ခုရှိမယ်ထင်တယ်။ တခုကတော့ ကမ္ဘာတဝှမ်းရဲ့ သဘာဝပတ်ဝန်းကျင် ပြောင်းလဲလာမှုဖြစ်စဉ်ရဲ့ အကျိုးဆက်တွေပါတယ်။ နောက်တခုကတော့ ကိုယ့်နိုင်ငံရဲ့ ရေမြေတောတောင် သဘာဝပတ်ဝန်းကျင်ကို ဗရမ်းပတာ ပျက်စီးစေခဲ့မှု ဖျက်စီးစေခဲ့မှုပေါ့။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်တုန်းက မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးခဲ့မှုဟာ အင် မတန်ကြီးတယ်။ အခုအချိန်မှာတော့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု အကျိုးဆက်အပြင် ကိုယ့်နိုင်ငံအတွင်းမှာဖြစ်တဲ့ ရေမြေ တောတောင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုရဲ့ဒဏ်ကိုရော နှစ်ခုခံရတဲ့ အခြေအနေလို့ ကျနော်ကတော့ ယူဆပါတယ်။
မေး- နှစ်စဉ် ရေကြီးမှုဒဏ်ကို နိုင်ငံအဝှမ်းက ပြည်သူတွေကခံနေရပေမယ့် တကယ်ဖြစ်လာတဲ့အချိန်ကျရင် ကြိုတင် ကာကွယ်မှုတွေ ပြုလုပ်တာထက် နောက်ကလိုက်ပြီးမှ အကူအညီပေးတာမျိုးတွေပဲ တွေ့နေရတယ်။ ဆရာ့အနေနဲ့ရော ဘယ်လိုမြင်ပါ သလဲ။
ဖြေ – ကျနော်တို့ လူ့အဖွဲ့အစည်းကတော့ လိုအပ်ချက်ရှိနေကြပြီ၊ ဒုက္ခရောက်နေပြီဆိုရင် ဒီလိုပဲ သွားရောက်ကူညီကြ တယ်။ ကျနော်တို့နိုင်ငံရဲ့ မူဝါဒချမှတ်သူတွေသိရမှာက ဒီလောက်နဲ့တော့ မလုံလောက်ဘူး။ ဘာကြောင့်လည်းဆိုတော့ ကြိုတင်ကာကွယ်မှု၊ ကြိုတင်ပြင်ဆင်မှုသည် မူဝါဒရေးရာအရကို ထည့်စဉ်းစားရမယ့်ကိစ္စလို့ မြင်ပါတယ်။ ဖြစ်တော့မှ တုံ့ပြန်တဲ့ကိစ္စ တွေသည် နောက်ကလိုက်ဆယ်တဲ့ဟာလောက်ပဲရှိမယ်။ ဆုံးရှုံးထိခိုက်မှုမရှိအောင်၊ နည်းအောင်လုပ်တာ သည် ကြိုတင်ကာကွယ်မှုအားဖြင့်သာ လုပ်နိုင်တဲ့ကိစ္စဖြစ်လို့ အစိုးရအနေနဲ့ ပြည်သူတွေနဲ့တိုင်ပင်ပြီး ဘာတွေတော့ ကြိုတင်လုပ်ဆောင်မှ ရမယ်ဆိုတာမျိုးတွေကို မူဝါရေးရာအဆင့်ကနေ လုပ်ရမယ့်အလုပ်လို့ ယူဆပါတယ်။
သေချာတာကတော့ သဘာဝဘေးအန္တရာယ်ကိစ္စသည် အခြေအနေကျယ်ပြန်တဲ့ကိစ္စ ဖြစ်တဲ့အတွက် ဒါနဲ့ပတ်သက်လို့ လုပ် တဲ့အရာမှန်သမျှသည်လည်း သေးသေးကွေးကွေး လုပ်လို့ရတဲ့ကိစ္စ မဟုတ်ဘူး။ တာဝန်ရှိ ဝန်ကြီးဌာနတွေ တခြားအဖွဲ့ အစည်းတွေနဲ့ ဆက်စပ်ပြီးတော့ လုပ်ရမယ့်အခြေအနေမျိုးဖြစ်တယ်။
မေး – ဒီလို သဘာဝဘေးအန္တရာယ်တွေ ရင်ဆိုင်နေရတာနဲ့ပတ်သက်ပြီး ပညာရှင်ပိုင်းကနေ ဘာများ အကြုံပြုချင်တာရှိမလဲ။
ဖြေ – နံပါတ်တစ်က ကျွန်တော်တို့သည် ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့အညီ လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုလုပ်မ လဲ။ သူတို့အခေါ်တော့ adaptation ခေါ်မှာပေါ့လေ။ နောက်တခုက သက်သာအောင်၊ အထိအခိုက်နည်းအောင် ဘယ်လို လုပ်ကြမလဲ။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ သစ်တောတွေ ပြန်စိုက်ပျိုးတာမျိုး၊ ကမ်းရိုးတန်းနဲ့ပတ်သက်တဲ့ ထိန်း သိမ်းမှုတွေကို သဘာဝနည်းနဲ့ ပြုလုပ်ရမယ့်နေရာတွေ ရှိမယ်။ engineering အပိုင်းနဲ့လုပ်ရမယ့် အပိုင်းတွေရှိတယ်။ ဖြစ်တဲ့ သဘာဝဘေးအန္တရာယ်ရဲ့ ပမာဏသက်သာအောင် လိုက်ပြီး ထိန်းကွပ်တဲ့အလုပ်တွေ လုပ်ဖို့လိုမယ်လို့ ယူဆတယ်။
မေး – သဘာဝပတ်ဝန်းကျင် အလေးထားမှုနဲ့ပတ်သက်ပြီး ယခင်အစိုးရအဆက်ဆက်နဲ့ လက်ရှိအစိုးရကို နှိုင်းယှဉ်ကြည့်ရင် ဘယ်လိုများ သုံးသပ်မိလဲ။
ဖြေ – အရင်အစိုးရရော၊ အခုအစိုးရရော လက်ထက်မှာ သေချာသွားတာက သဘာဝပတ်ဝန်းကျင်၊ သဘာဝဘေးအန္တရာယ် ကိစ္စသည် လျစ်လျှူရှုလို့မရတဲ့ကိစ္စ။ ဒီဟာသည် နှစ်စဉ်တိုင်းလိုလို တမျိုးမဟုတ်တမျိုး ကြုံတွေ့ရမယ့်ကိစ္စဆိုတာကိုတော့ အစိုးရနှစ်ရပ်လုံး သဘာပေါက်တယ်လို့ ယူဆတယ်။ နောက်တခုကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် အစိုး ရသက်တမ်းတခုနဲ့တင် ဆိုင်တာမဟုတ်ဘူး။ နှစ်ရှည်စဉ်းစားပြီး လုပ်ရမယ့်အလုပ်ဖြစ်တဲ့အတွက်ကြောင့်မို့ အရင်အစိုးရက လည်း သူလုပ်နိုင်သလောက် လုပ်ခဲ့တာရှိမယ်။
ဒီအစိုးရလက်ထက်မှာလည်း အနာဂတ်ကာလတခုအထိ ဘာတွေပြင်ဆင်သင့်သလဲဆိုတာကို စဉ်းစားပြီးလုပ်ရမယ်လို့ထင် တယ်။ လတ်တလော ဖြေရှင်းမှုအနေနဲ့ပဲသွားမယ်ဆိုရင် ခရီးရောက်မှာ မဟုတ်ဘူး။ အရှည်သဖြင့် လုပ်ဖို့လိုတဲ့၊ အရှည်သ ဖြင့်တွေးရမယ့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ကိစ္စမျိုး ဒါမှမဟုတ် တနိုင်ငံလုံးနဲ့ခြုံငုံတဲ့ စီမံကိန်းရေးဆွဲတာမျိုး ဖြစ်ရင် ဖြစ်မယ်။ ဒီလို အရှည်တွေးပြီး လုပ်မှရမယ်။ အကြမ်းဖျဉ်းအားဖြင့် အရင်အစိုးရရော အခုအစိုးရရော အဲဒီလို အရှည်တွေးပြီး လုပ်တဲ့စီမံကိန်းတွေ အကျိုးအကြောင်းတွေ အများကြီး မထွက်ပေါ်လာသေးဘူး။ ဒါတွေထွက်ပေါ်လာဖို့ လိုနေသေးတယ်။
လက်ရှိအစိုးရသည် သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်လို့ ပြည်သူသည် ဘာလုပ်ရမယ်။ အစိုးရသည် ဘာလုပ်ရမယ်။ အစိုး ရနဲ့ ပြည်သူပေါင်းပြီး ဘာလုပ်ရမယ်ဆိုတဲ့ နားလည်လွယ်တဲ့ သိလွယ်တဲ့ မူဝါဒလမ်းကြောင်းတခု ချမပြနိုင်သေးဘူး။ သူ့ သက်ဆိုင်ရာ ဝန်ကြီးဌာနလေးတွေ တတ်နိုင်သလောက် လုပ်နေကြတာတွေရှိသော်လည်း ကျနော်တို့မျှော်လင့်တဲ့ ခြုံငုံပြီး အရှည်ကိုမျှော်ကြည့်တဲ့ မူဝါဒရေးရာတခုကို ချမှတ်တာ မတွေ့ရသေးဘူး။
မေး – လက်ရှိမြန်မာနိုင်ငံရဲ့ ရေအရင်းအမြစ် အခြေအနေတွေကရော ဘယ်လို အနေအထားရှိပါသလဲ။
ဖြေ – မြန်မာနိုင်ငံရဲ့ အရေးကြီးဆုံး သဘာဝပတ်ဝန်းကျင် ပြဿနာတွေလို့ တန်းစီပြီးချလိုက်ရင် ရေအရင်းအမြစ် ပြဿနာက နံပါတ်တစ်မှာပါတယ်။ လူ့အဖွဲ့အစည်းတခု ရှင်သန်မှုအတွက် ရေသည် မရှိမဖြစ်အရေးကြီးတယ်။ ရေအရင်းအမြစ်ကို ထိခိုက်မယ့် ဆည်အကြီးကြီးလို စီမံကိန်းမျိုးတွေ ကျောက်မီးသွေးစက်ရုံလို ကိစ္စမျိုးတွေမှာ အလွယ်တကူ မဆုံးဖြတ်စေချင်ဘူး။ ဖွံ့ဖြိုးရေးကိစ္စတွေမှာ ရေအရင်းမြစ်ကို ထိခိုက်မယ့်ဟာတွေ အလွယ်တကူ လုပ်ပြီးတော့ လူထုကြုံတွေ့ရမယ့် ပြဿနာတွေ ပိုများသွားမှာကို ကျနော်တို့စိုးရိမ်တယ်။
နိုင်ငံအတွက် စက်မှုဖွံ့ဖြိုးရေး လိုအပ်တာမှန်သော်လည်း ပထမဦးဆုံးကတော့ လူ့အဖွဲ့အစည်း ရှင်သန်ရေးအတွက် လူ့အဖွဲ့ အစည်းမှီခိုနေရတဲ့ သဘာဝအရင်းအမြစ် အထူးသဖြင့် ရေအရင်းမြစ် ရှင်သန်ဖို့လိုတယ်။ ဒါတွေ ထိခိုက်သွားရင် ကျနော်တို့ နိုင်ငံရဲ့ အများစုသော ကျေးလက်နေပြည်သူ ဆင်းရဲသားပြည်သူတွေ ထိခိုက်မှာ။ ဒါတွေကို ကြည့်စေချင်တယ်။ မြင်စေချင် တယ်။ ရေအရင်းမြစ်နဲ့ပတ်သက်တဲ့ အလေးထားမှုက အတော်လိုအပ်သလို ရေအရင်းမြစ်တွေ မထိခိုက်အောင် ဘယ်လို ကာကွယ်မလဲဆိုတဲ့ အစီအစဉ်တွေလည်း လိုအပ်ပါတယ်။ နောက်တခုကတော့ ရေအရင်းမြစ် ရေရှည်ထိန်းသိမ်းနိုင်မှုသည် သဘာဝပတ်ဝန်းကျင်ကို ပြန်ထိန်းသိမ်းတာမို့ ဦးစားပေး အလုပ်ထဲမှာပါတယ်။
မေး – တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်ရေးကို သွားနေတယ်။ တဖက်မှာလည်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရမယ်ပေါ့။ လက်ရှိမှာပဲ မြန်မာနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်နဲ့ပတ်သက်လို့ ကျောက်မီးသွေးကို မဖြစ်မနေ အသုံးပြုမယ့်ပုံစံမျိုးတွေ တွေ့ လာရတယ်။ အဲဒီတော့ လိုအပ်တဲ့စွမ်းအင်တွေရဖို့ ဘယ်လိုနည်းလမ်းတွေ ရှိမလဲ။ ကျောက်မီးသွေးကို မဖြစ်မနေလုပ်မှ ရမှာ လားပေါ့။
ဖြေ – ကျောက်မီးသွေးနဲ့ ပတ်သက်လို့ နံပါတ်တစ် လူထုမထိခိုက်ဖို့။ ပြည်သူလူထု၊ ရေအရင်းမြစ်၊ သဘာဝပတ်ဝန်းကျင် ဒါတွေထိခိုက်မှာကို ကျနော်တို့ ခုခံတယ်။ ပိုအရေးကြီးတာတခုက ကျောက်မီးသွေးလုပ်မှ ရေကာတာအကြီးကြီးတွေ ဆောက်မှ စွမ်းအင်ရမှာလား။ လက်ရှိ နိုင်ငံတကာအခြေအနေမှာ မလုပ်တော့ဘူး။ တခြားစွမ်းအင်လိုဟာမျိုးတွေ ကျနော် တို့ ရွေးစရာရှိလာတယ်။ လုပ်လည်းလုပ်နေကြပြီးသား။ လက်ရှိ မြန်မာနိုင်ငံမှာဆို ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ ပြည်သူတွေသည် သူ့နည်းသူ့ဟန်နဲ့ လျှပ်စစ်ရအောင် လုပ်နေတာမျိုးတွေရှိတယ်။ တကယ်စွမ်းအင်ချို့တဲ့သော ပြည်သူတွေ ကို လျှပ်စစ်မီးရအောင် စွမ်းအင်ချို့တဲ့မှု လျော့နည်းသွားအောင် လုပ်ချင်တယ်ဆိုရင် ပြန်ပြည့်မြဲစွမ်းအင်၊ အသေးစားရေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်လိုမျိုးတွေ ကျနော်တို့ လုပ်လို့ရတယ်။ အခုက ကျောက်မီးသွေး စက်ရုံတွေတည်ထောင်မှ ရေကာတာအကြီးကြီးတွေ လုပ်မှဆိုတဲ့ အကျိုးစီးပွားတွေကနေ တွန်းအားနဲ့ အတင်းကြီး လုပ်ခိုင်းနေပြီး တကယ့်တကယ် ကျတော့ ပြည်သူလူထုနဲ့ လူအများစုကြီးကို ထိခိုက်နိုင်တဲ့လုပ်ရပ်လို့ မြင်တယ်။
အဲဒီတော့ ကျနော်တို့နိုင်ငံမှာ စွမ်းအင်လိုအပ်မှု ရှိတာတော့မှန်ပါတယ်။ စွမ်းအင်ချို့တဲ့သော ပြည်သူ အများဆုံးရှိနေတဲ့ နိုင်ငံ၊ ဒါပေမယ့် ဘယ်စွမ်းအင်ကို ရွေးချယ်မလဲဆိုတာတော့ ကျနော်တို့အတွက် အရေးကြီးမယ်။ ကျောက်မီးသွေးပဲ ရွေးစရာရှိ တာလား။ ရေအားလျှပ်စစ်အကြီးကြီးတွေပဲ ရွေးစရာရှိတာလား။ ဒီခေတ်အခြေအနေအရ နိုင်ငံတကာမှာ ပြန်ကြည့်ရင် ပြန်ပြည့်မြဲစွမ်းအင်တွေရဲ့ဈေးနှုန်း တအားကျနေတယ်။ မြန်မာနိုင်ငံလိုမျိုးမှာ အချိန်တိုအတွင်း အလွယ်တကူ တပ်ဆင်လို့ရတယ်။ ဒီလိုတပ်ဆင်ဖို့အတွက် ငွေကြေးအထောက်အပံ့တွေ အလွယ်တကူရနိုင်တဲ့ အခြေအနေမှာ လူထုအတွက် အမြန် ဆုံး အကျိုးရှိပြီးတော့ ထိခိုက်မှုနည်းတဲ့ စွမ်းအင်တွေကို ရွေးချယ်ပါ။ ဒီနည်းအားဖြင့် နိုင်ငံဖွံ့ဖြိုးရေးအတွက် ဖြစ်နိုင်ပါတယ် လို့ ကျနော်တို့ဘက်က အဆိုပြုတယ်။
မေး – ကျောက်မီးသွေးနဲ့ပတ်သက်ပြီး သူများနိုင်ငံတွေမှာလည်း လုပ်ခဲ့တာပဲ။ ကျောက်မီးသွေးမသုံးဘဲ ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်မရှိဘူး။ ကျောက်မီးသွေးဟာ ကုန်ကျစရိတ်သက်သာတယ် ဆိုတာမျိုး အစိုးရပိုင်းနဲ့ NLD ပါတီရဲ့ထိပ်ပိုင်းခေါင်း ဆောင်တွေမှာ ပြောနေကြတာတွေရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ။
ဖြေ – သူများနိုင်ငံလုပ်လို့ ကိုယ့်နိုင်ငံ လိုက်လုပ်ရမယ်ဆိုတဲ့စကားသည် အဓိပ္ပာယ်မရှိဘူးလို့ ယူဆတယ်။ ဘာကြောင့်လဲဆို ကမ္ဘာရဲ့အခြေနေရော ကိုယ့်နိုင်ငံရဲ့အခြေအနေရောပြောင်းနေတာ။ ကျနော်တို့သည် ဆက်စပ်နေတဲ့ context အခြေအနေ တွေကို ပြန်ကြည့်မယ်ဆိုရင် ဟိုးတုန်းကတော့ ပြန်ပြည့်မြဲစွမ်းအင်၊ နေရောင်ခြည်စွမ်းအင်တွေ ထုတ်လုပ်ဖို့သည် ကုန်ကျ စရိတ်များတာ မှန်တယ်။ နောက် တခြားသောလုပ်ငန်းတွေရဲ့ ရေရှည်အကျိုးဆက်တွေကို မမြင်တဲ့အခါမှာ ဒါတွေလုပ်ခဲ့ကြ ပေမယ့် ဒီနေ့ခေတ် ဒီနေ့ကမ္ဘာကို ပြန်ကြည့်တဲ့အခါမှာ အဲဒီအခြေအနေမဟုတ်တော့ဘူး။ ကျောက်မီးသွေးလိုစက်ရုံမျိုးတွေ သည် ကမ္ဘာ့နိုင်ငံအများစုမှာ လျှော့ချနေတာ ဖြတ်တောက်နေတာ။ သူများ လျှော့ချဖြတ်တောက်နေတဲ့အချိန်မှ ကိုယ်ကထ လုပ်မှာလားဆိုတဲ့ မေးခွန်းရှိတယ်။ နောက်တခုက ကိုယ့်မှာတခြားရွေးချယ်စရာ မရှိတော့ဘူးလားဆိုတဲ့ မေးခွန်းရှိတယ်။
အဲဒီတော့ တခြားရွေးချယ်စရာ ကျနော်တို့မှာ ရှိတယ်။ နဂိုက သူများလုပ်သလို လိုက်လုပ်ရမယ်ဆိုတဲ့ စကားသည် မမှန်တော့ဘူးလို့ယူဆတယ်။ ကျောက်မီးသွေးထက်ပိုပြီး ဈေးသက်သာတဲ့စွမ်းအင် ရွေးချယ်စရာရှိတယ်။ ကျောက်မီးသွေး လိုဟာမျိုး သည် ရေတိုမှာ အတော်သက်သာရင် သက်သာမယ်။ ဒါကလည်း ငြင်းစရာရှိတယ်။ လက်ရှိအခြေအနေအရ ပြန်ပြည့်မြဲစွမ်းအင်တွေက ဈေးတော်တော်သက်သာနေတာရှိတယ်။ ဈေးနှုန်းချင်းတူတယ်လို့ ထားရင်တောင်မှ ရေရှည် ပြည်သူပေးရတဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကုန်ကျစရိတ်တွေ၊ ညစ်ညမ်းမှုနဲ့ပတ်သက်တဲ့ ကုန်ကျစရိတ်တွေရှိမယ်။ အဲဒါတွေကို ဖယ်ထုတ်ထားလို့ မရဘူး။ ကျောက်မီးသွေးနဲ့ထုတ်လုပ်လို့ မီတာတယူနစ် ဘယ်လောက်ကျမယ်ဆိုတဲ့ ငွေကြေးနောက်မှာ ညစ်ညမ်းမှုတွေ ကျန်းမာရေးပျက်စီးမှုတွေအတွက် ပြည်သူက ဘယ်လောက် နောက်ကနေ လိုက်ပေးဆပ်ရမှာလဲဆိုတဲ့ နောက်ဆက်တွဲပြဿနာတွေ ရေရှည်မျိုးဆက်နဲ့ချီတဲ့ အကုန်အကျတွေ။ ဒါတွေ ထည့်တွက်ဖို့ တိုက်တွန်းတယ်။
ပြန်ပြည့်မြဲစွမ်းအင်လိုမျိုးတွေသည် စွမ်းအင်ကုန်ကြမ်း ထည့်နေရတဲ့ဟာမဟုတ်ဘူး။ ရေအရင်းမြစ်ကို ထိန်းမယ်ဆို ရေအား လျှပ်စစ်အသေးလေးတွေကနေ ရတာမျိုး။ မြန်မာပြည်လို နေရောင်ခြည် အမြဲရတဲ့နိုင်ငံမှာ နေရောင်ခြည် စွမ်းအင်လိုဟာ မျိုး သည် စွမ်းအင်ရင်းမြစ်နဲ့ပတ်သက်လို့ ပူစရာမဟုတ်ဘူးဆိုတဲ့ အနေအထားမျိုး။ ဒါကြောင့် ကျောက်မီးသွေးလိုဟာမျိုးနဲ့ ပတ်သက်ရင် နောက်ဆက်တွဲကုန်ကျမယ့် ကုန်ကျစရိတ်ကို ပြောပါတယ်။ ပြန်ပြည့်မြဲစွမ်းအင်ကို ပြောတဲ့အခါမှာ လတ်တ လော လျှပ်စစ်စွမ်းအင်အပြင် သူနဲ့ထပ်ပေါင်းပြီးပါလာတဲ့ အလုပ်အကိုင်အခွင့်အလမ်းရတာ။ အဆင်းရဲဆုံး၊ အောက်ခြေ အကျဆုံး ကျေးလက်တွေကနေစပြီး မီးရအောင်လုပ်ပေးနိုင်တာဖြစ်တယ်။ လူတစုအတွက်မဟုတ်တဲ့ စွမ်းအင်ရင်းမြစ်ကို တည်ဆောက်ပေးနိုင်တယ်။ အဲဒီလိုနှိုင်းယှဉ်ချက်တွေကြောင့် ကျောက်မီးသွေးလိုဟာမျိုးကို ဆန့်ကျင်တယ်။ ပြန်ပြည့်မြဲစွမ်း အင်ကို တိုက်တွန်းတာ။
အခုလို ပြောနေတာတွေသည် အကျိုးစီးပွားတွေရဲ့တွန်းအားနဲ့ ပြောနေတာလား။ လူထုအတွက် စေတနာနဲ့ပြောနေတာ လား။ အကျိုးစီးပွားတွေရဲ့တွန်းအားနဲ့ ပြောနေတဲ့ကိစ္စသည် မလုပ်သင့်တဲ့ကိစ္စ။ အကျိုးစီးပွားတွေရဲ့ နောက်မှာရပ်တည်ပြီး တော့ လူတစုအဆင်ပြေမယ်ဆိုတာမျိုး လုပ်တာသည် မလုပ်ကောင်းတဲ့အလုပ်ပါ။ ဒါတွေသည် လူထုအတွက်ကောင်းမယ် လို့ တကယ်ယုံကြည်လို့ ပြောနေတာဆိုရင်လည်း ထပ်ပြီးတော့ နည်းလမ်းတွေရှာပါအုံး။ ရွေးစရာတွေထဲကမှ ဘယ်ဟာ သည် လူထုအတွက် အကောင်းဆုံးဖြစ်မလဲဆိုတာပေါ့။ တခါတလေမှာတော့ ကျနော်တို့ လူကြီးတွေ အုပ်ချုပ်တဲ့သူတွေ သည် အယူအဆရေးရာချို့တဲ့သော စိတ်ကူးစိတ်သန်းချို့တဲ့သော ပြဿနာများ ဖြစ်နေသလားလို့ ကျနော်တွေးမိတယ်။
မေး – အစိုးရအဆက်ဆက်က စီမံကိန်းတွေလုပ်တဲ့အခါမှာ Public Consultation အားနည်းတယ်ပေါ့နော်။ အခု အစိုးရ လက်ထက်မှာရော ဘယ်လိုအခြေအနေရှိတယ်လို့ သုံးသပ်မိပါသလဲ။
ဖြေ – အစဉ်အဆက် ကျနော်တို့ဆီမှာရှိတဲ့ ပုံသဏ္ဍာန်က ဗဟိုက ဆုံးဖြတ်မယ်၊ စဉ်းစားမယ်၊ ချုပ်ကိုင်မယ်ဆိုတာမျိုးနဲ့ သွား ခဲ့တယ်။ အမှန်က နိုင်ငံတခုဖွံ့ဖြိုးမှုသည် အားလုံးဝိုင်းဝန်းပေါင်းစပ် တိုင်ပင်ဆွေးနွေးပြီးမှ ဗဟိုချုပ်ကိုင်မှုကို လျှော့ပြီး သူ့နေ ရာ သူ့ဒေသနဲ့လျော်ညီတဲ့ မူဝါဒရေးရာနဲ့လုပ်မှ ဗဟိုကနေဆုံးဖြတ်ရမယ့် အခြေအနေအကြောင်းမျိုးဆိုရင်တောင် အောက် ခြေလူထုနဲ့ ထိတွေ့ဆက်ဆံပြီးလုပ်မှ ဆီလျော်တယ်ဆိုတာ ရှင်းပါတယ်။ အစဉ်အဆက် မြန်မာနိုင်ငံမှာတော့ ဗဟိုအစိုးရ သည် သူ့ကိုယ်သူပဲ ဗဟိုပြုစဉ်းစားပြီး ငါတို့ ဒါဆုံးဖြတ်တယ်၊ ဒါလုပ်မယ်ဆိုတာပဲ ပြောတယ်။ ဘယ်လိုလုပ်ရမလဲလို့ တိုင် ပင်တာ၊ ဒီလိုလုပ်တာသည် ဘာအတွက်ဆိုတာမျိုး လူထုနဲ့တိုင်ပင်တာနည်းတယ်။ အခု လက်ရှိအစိုုးရလက်ထက်မှာလည်း ပဲ နဂိုအလေ့အထဟောင်း ငါတို့သိ၊ ငါတို့တတ်၊ ငါတို့ပဲဆုံးဖြတ်မယ်ဆိုတဲ့ အယူအဆဆီ တဖြည်းဖြည်း တိမ်းညွတ်သွားနေ လားလို့ ကျနော်တို့ စိုးရိမ်ပါတယ်။ ဒီအစိုးရသည် ပြည်သူရွေးချယ်တဲ့ အစိုးရဖြစ်တဲ့အတွက် အဲဒီတိမ်းညွတ်မှုကနေ ဖယ်ခွာ ပြီးတော့ ပြည်သူနဲ့အတူလုပ်မယ်ဆိုတာမျိုး။ အရေးကြီးဆုံးက ဗဟိုချုပ်ကိုင်မှုလျော့ချပြီး ပြည်သူ ပူးပေါင်းပါဝင်မှုကို လက်ခံ တာမျိုး။ ပြည်သူ ပူးပေါင်းလုပ်နိုင်မယ့်နေရာပေးတာမျိုးတွေ လုပ်သင့်ပါတယ်။
မေး – ပညာရှင်တွေရဲ့အကြံပြုမှုတွေက အစိုးရရဲ့မူဝါဒအပြောင်းအလဲတွေအပေါ် သက်ရောက်မှုရှိရဲ့လား။ ဘယ်လို မှတ်ချက် ပေးချင်ပါသလဲ။
ဖြေ – ကျနော်တို့ ထိတွေ့ဆက်ဆံကြတာတွေ ရှိတယ်။ အဲဒီကနေ စိတ်ကူးစိတ်သန်းတွေရမယ်။ မူဝါဒအဖြစ်ပြောင်းလဲဖို့က တော့ Political will နိုင်ငံရေးစိတ်ဆန္ဒရှိဖို့ လိုတယ်။ ပညာရှင်တွေဘက်ကလည်း ပညာရှင်တွေအမြင်ရှိမယ်။ ပြည်သူ့အဖွဲ့ အစည်းတွေအနေနဲ့လည်းပြောနေကြတယ်။ လူမှုစီးပွားရေးလုပ်တဲ့သူတွေရဲ့ ထင်မြင်ယူဆချက်တွေလည်းရှိမယ်။ အဲဒါတွေ အားလုံးကို စုစည်းနားထောင်ပြီး နိုင်ငံရေးအရစိတ်ဆန္ဒရှိမှုနဲ့ မူဝါဒတွေအဖြစ်ပြောင်းမှ တကယ်အကျိုးများမှာပါ။ ခုနကပြောတဲ့ ပြည်သူ၊ ကျွမ်းကျင်သူ၊ စီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်းတွေနဲ့ မထိစပ်ဘူးဆိုရင်တော့ ရသင့်ရထိုက်တဲ့ အမြင်တွေ စိတ်ကူးစိတ်သန်းတွေ ဆုံးရှုံးမှုတခုဖြစ်မယ်။ ထိတွေ့တော့ထိတွေ့ပါရဲ့ အဲဒီစိတ်ကူးစိတ်သန်းတွေကို မူဝါဒအဖြစ် ပြောင်းလဲတဲ့ အခြေနေမရှိဘူးဆိုရင်လည်း ရလဒ်က ဘာမှသိပ်ပြီးထူးမှာမဟုတ်ပါဘူး။ အစိုးရအနေနဲ့ ကိုယ့်သက်တမ်းတခု တည်းအတွက် မဟုတ်ဘဲ လူထုအရှည်သဖြင့်မနစ်နာအောင် လုပ်သွားမယ်။ တခုခုဖြစ်တော့မှ ကိုယ့်အစိုးရနာမည်ရအောင် လုပ်တာထက် ကိုယ့်အစိုးရ နာမည်ကြီးကြီးမားမား မရစေကာမူ ရေရှည်အတွက် အခြေခံကျတဲ့ အုတ်မြစ်တွေတော့ ချသွား မယ်ဆိုတဲ့အတွေးမျိုး မြင်ချင်ပါတယ်။