“ငြိမ်းချမ်းရေးရမှသာ ဘာမဆို လုပ်နိုင်မယ်”

ဧရာဝတီ
KBC အထွေထွေ အတွင်းရေးမှူး ၊ သိက္ခာတော်ရ ဆရာတော်ကြီး ဒေါက်တာခလမ်ဆမ်ဆွန်
Want create site? Find Free WordPress Themes and plugins.

ဇူလိုင်လ ၂၄ ရက်က နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကချင်နှစ်ခြင်း ခရစ္စယာန် အဖွဲ့ချုပ် (KBC) ခေါင်းဆောင်တွေ တွေ့ဆုံပြီး ကချင်စစ်ဘေးရှောင် ဒုက္ခသည်အရေး အပါအဝင် ငြိမ်းချမ်းရေးကို အဟန့် အတား ဖြစ်စေတာတွေက ဘာတွေဖြစ်မလဲဆိုတာတွေကို ၁နာရီခွဲကြာ ဆွေးနွေးခဲ့ကြပါတယ်။

ယခုတခေါက် တွေ့ဆုံပွဲက ဒေါ်အောင်ဆန်းစုကြည်နဲ့ KBC တို့အကြား သီးသန့်အဖြစ် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်ပြီး KBC ခေါင်းဆောင်တွေက သူတို့ ပြောပြချင်တာတွေကို ပွင့်ပွင့်လင်းလင်း ပြောပြခွင့် ရခဲ့တယ်လို့ ဆိုပါတယ်။

ဒီအပေါ်မှာ ဧရာဝတီက အကြီးတန်းသတင်းထောက် နန်းလွင်နှင်းပွင့်က တွေ့ဆုံ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ KBC အထွေထွေ အတွင်းရေးမှူး ၊ သိက္ခာတော်ရ ဆရာတော်ကြီး ဒေါက်တာခလမ်ဆမ်ဆွန်ကို ဆက်သွယ် မေးမြန်းထား ပါတယ်။

မေး ။ ။ နိုင်ငံပိုင် သတင်းစာတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ KBC ခေါင်းဆောင်တွေ တွေ့ဆုံမှုမှာ NCA ရေးထိုးရေး တွေ ဆွေးနွေးတယ်လို့ ရေးထားတယ်။ KBC ဘက်ကလည်း ပြန်ဖြေရှင်းနေတာတွေ့လို့ ဘယ်လိုဖြစ်တာလဲ ပြောပြပါဦး။

ဖြေ ။ ။ ဟုတ်ပါတယ်။ ကျနော်တို့ ပြန်ကြားရေးဌာနက ပြန်ရှင်းထားတာပါ။ ကျနော်တို့က NCA ကို အဓိက ထားပြီး တွေ့ဆုံတာ မဟုတ်ဘူး။ အဓိက က ငြိမ်းချမ်းရေးကို ဘာတွေက ဟန့်တားနေသလဲ။ အခြေခံမှာ ဖြစ်ပျက်နေတဲ့ အဖြစ် အပျက်တွေကို တင်ပြခြင်းရယ်။ အဲဒီမှာ ပြောရင်းဆိုရင်းနဲ့ ငြိမ်းချမ်းရေးစကားပါပြီဆို NCAလည်း ပါလာတာပေါ့။ NCA ကိုလည်း သိပ်ပြီး ဖိအားပေး ပြောနေတာတော့ မရှိဘူး။ အကြောင်းအရာတွေ ပါသွားတာပဲရှိတယ်။ အဲဒါကို ပြန်ရှင်းပြ တာပါ။ ဘာလို့လဲဆိုတော့ ကျနော်တို့ လူထုတွေက ကျနော်တို့ သွားပြီဆို NCA ထိုးရေး ပြောခဲ့တာ ရှိခဲ့သလား မေးကြ တယ်။ အဲဒါကြောင့် NCAကို အဓိက မထားပါဘူး။ ငြိမ်းချမ်းရေးနဲ့ ဒေသ စစ်ဘေးဒုက္ခသည်တွေကိစ္စပဲ ပြောခဲ့တယ် ဆိုတာ ပြန်ရှင်းပြတာပါ။

မေး ။ ။ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းလည်း ဆွေးနွေးပွဲမှာ ပါတယ်ဆိုတော့ ဘာတွေ ပြော ဖြစ်ကြလဲ ။

ဖြေ ။ ။ ဟုတ်တယ်။ NCA က သူပြောတာ။ သူပြောတဲ့အထဲမှာလည်း KIA နဲ့ NCA ကိစ္စတွေမှာ သူတို့တော်တော် ကြိုးစားနေရတယ်ဆိုတာ ပြောပြတယ်။ ပျက်ပြယ်ခဲ့ရတဲ့ အခြေအနေတွေ ရှိတာကိုပြောတော့ ကျနော်တို့လည်း ကချင်လူထုက NCA ဆိုတဲ့ နေရာမှာ နိုင်ငံရေးအာမခံချက် ရှိမှသာလျှင် သဘောကျမယ်ဆိုတာ ပြောတယ်။ အဓိက တင်ပြတာကတော့ အစိုးရက တပ်မတော်ပေါ်မှာ လွှမ်းမိုးနိုင်မှသာ NCA တို့ ငြိမ်းချမ်းရေးတို့က စစ်မှန်တဲ့အရာ ဖြစ်လာမယ် ဆိုတာကို ပြောဖြစ်ကြပါတယ်။

မေး ။ ။ ပထမအကြိမ် ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားလာတော့ ကချင်ခေါင်းဆောင်တွေကို NCA ထိုးပါ မရှုံးစေ ရဘူးလို့ စည်းရုံးတယ်။ အခုကော ထပ်စည်းရုံးတဲ့ သဘောရှိပါသလား။ ကချင်လူမျိုးတွေကကော NCA ကို စိတ်ပျက် နေပြီလား။

ဖြေ ။ ။ သူကတော့ စည်းရုံးတဲ့ပုံ မရှိဘူး။ ဒီတခေါက်တော့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က သူတို့ ကြိုးစား နေမှုကို အားလုံး ဝိုင်းဝန်းပြီး ပံ့ပိုးပေးဖို့ဆိုတဲ့ သဘောထားပြောတာ ပိုပါတယ်။ သူက ကိုယ့်လမ်းကိုယ်ရှင်းပြီး သွားရတဲ့ အစိုးရ ဖြစ်နေသလို ခင်းပြီးသားလမ်းကို သွားရတဲ့ အစိုးရ မဟုတ်ဘူးဆိုတဲ့ အကြောင်း အရင်အစိုးရရဲ့ ပြဿနာ ဟောင်းတွေကိုလည်း သူတို့က ဆက်လက်ပြီးမှ ကိုင်တွယ်ဖြေရှင်းနေရတယ်ဆိုတဲ့ အကြောင်း ငြိမ်းချမ်းရေးရမှသာ ဘာမဆို လုပ်နိုင်မယ် ဆိုတာ ပြောတယ်။ ကျနော်တို့လည်း အဲဒါကို လက်ခံပါတယ်။

နောက် ကျနော်တို့ NCA နဲ့ပတ်သက်ပြီး ကချင်လူထုရဲ့ ဆိုက်ကနေ ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ ၁၉၉၄ ရဲ့ အတွေ့ အကြုံက တော်တော့ကို သင်ခန်းစာ ဖြစ်ခဲ့တယ်။ ကျနော်တို့ နားလည်တာက စစ်အစိုးရပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဒါအစိုးရပဲလေ။ အစိုးရပဲဆိုတော့ ၁၇ နှစ်တာကာလ အပစ်ရပ်စာချုပ်နဲ့ ပတ်သက်ပြီး တိုးတက်မှုမရှိဘဲ နိုင်ငံရေး ဆွေးနွေးမှုတွေ မရှိဘဲ ကျနော်တို့ ကချင်လူမျိုးတွေမှာ တော်တော့ကို မူးယစ်ဆေးနဲ့ ဘဝပျက်သွားတဲ့ လူတွေ များတော့ ကချင်တွေက အပစ်ရပ်စာချုပ် NCA ဆို ခံစားချက်တွေ ရှိကြတယ်။

မေး ။ ။ KIO ထဲမှာ သဘောထား တင်းမာသူ သဘောထား ပျော့ပျောင်းသူတွေရယ်ဆိုပြီး ၂ဖွဲ့ ကွဲနေပြီလို့ နိုင်ငံရေး လေ့လာသူတွေ သုံးသပ်နေကြတယ်။ ဆရာကကော ဘယ်လိုသုံးသပ်ချက် ရှိပါသလဲ။

ဖြေ ။ ။ ကျနော်တို့ KIO ခေါင်းဆောင်တွေ ရှင်းပြတဲ့ ရှင်းလင်းပွဲကို သွားခဲ့ပါတယ်။ ဆွေးနွေးလိုတဲ့အဖွဲ့၊ မဆွေးနွေး လိုတဲ့ အဖွဲ့ ရယ်တော့ ကွဲတာ မဟုတ်ဘူး။ ဆွေးနွေးရမယ်ဆိုတဲ့ အတွေးအခေါ်ကတော့ ခေါင်းဆောင်တိုင်းမှာ ရှိပါတယ်။ တိုက်ခိုက်ပြီးမှ ငြိမ်းချမ်းရေး မရနိုင်ဘူးဆိုတာ အားလုံးသဘောထားတွေမှာ ရှိပါတယ်။ ဒါပေမယ့် တွေ့ဆုံတဲ့ ဆွေးနွေးတဲ့ နေရာမှာ NCAရဲ့ ကိစ္စတွေမှာ တော်တော့်ကို အခန်းကဏ္ဍတွေ များတယ်။ ဒီအခန်းကဏ္ဍတွေကို ဘယ်သူမှ ဂဃနဏ နားမလည်ကြဘူး။ NCA မူကြမ်းတွေကလည်း တော်တော်ရှုပ်တယ်။ ဒါပေမယ့် NCA ထိုးဖို့ဆိုတဲ့ နေရာမှာက KIO ဥက္ကဋ္ဌ ကလည်း အမြဲတမ်း သူပြောနေတာက နိုင်ငံရေးအာမခံချက်မရှိဘဲနဲ့၊ ကချင်လူထု သဘောတူညီချက် မရှိဘဲနဲ့တော့ NCA ကို မထိုးဘူးဆိုတဲ့ ဖော်ပြချက်တွေကတော့ ရှိပါတယ်။ သူတို့က အဲဒီအပေါ်မှာ သဘောတူညီစွာနဲ့ သွားနေခြင်းဖြစ်ပါတယ်။ သဘောထား တင်းမာသူတို့၊ ပျော့ပျောင်းသူတို့ ဆိုတာကတော့ ကျနော်ထင်တာကတော့ NCA ပေါ်မှာ အဲဒီလို မဟုတ်ဘူး။ အားလုံးက သဘောတခုတည်း သွားနေကြတာ တွေ့ရ ပါတယ်။

မေး ။ ။ ဇူလိုင် ၁၅ ကနေ ၁၇ ထိ လိုင်ဇာမှာ လူထုကိုယ်စားလှယ်တွေနဲ့ KIO တွေ့တော့ UNFC ကနေ “ဝ” နဲ့ ပူးပေါင်း ပြီး FPNCC ကို နိုင်ငံရေး လမ်းကြောင်းပြောင်းရတဲ့ အကြောင်းတွေ ရှင်းပြတယ်လို့ သိရတယ်။ FPNCC မှာ KIO ပါဝင် ခြင်းက ကချင် လူထုရဲ့ နိုင်ငံရေးရည်မှန်းချက်ကို ဘယ်လောက်ထိ အကောင်အထည်ဖော်နိုင်မယ် ထင်လဲ။

ဖြေ ။ ။ ကျနော်တို့ အဲဒီကိစ္စတော့ နားလည်ဖို့ တော်တော့ကို လိုဦးမယ်ထင်တယ်။ ဒီမြောက်ပိုင်းနဲ့ကိစ္စမှာ နိုင်ငံရေး အရ မြောက်ပိုင်းနဲ့ သွားတဲ့အပေါ်မှာ လူထုရဲ့ သဘောပေါက်မှုက အားမရှိဘူး။ သူတို့လည်း မြောက်ပိုင်းနဲ့ ဘာလို့ ပေါင်းရလဲ ဆိုတာကို ရှင်းပြပါတယ်။ ဒါပေမယ့် ကျနော်တို့ ကချင်လူထုအများစုက “ဝ” နဲ့ ပူးပေါင်းပြီးတော့ နိုင်ငံရေး သွားတာကိုတော့ လက်မခံချင်ကြဘူး။ ဒါက ကချင်လူထု အများစုရဲ့ သဘောထားပါ။

မေး ။ ။ ဒီလိုဝေဖန်မှုတွေကိုလည်း ကြားရပါတယ်။ မြောက်ပိုင်းနဲ့ ပူးပေါင်းတဲ့လမ်းကို KIO က မရွေးဘူး ဆိုရင် အခြား နည်းလမ်းကော ရှိမယ် ထင်ပါသလား။

ဖြေ ။ ။ ကျနော့်အမြင်တော့ ခုနပြောတဲ့အတိုင်း UNFC ကနေ သွားနေတဲ့ ကိစ္စကတော့ အားလုံးက သဘော ပေါက်ပြီး သား ဖြစ်တယ်။ UNFC ကနေ ဘာကြောင့်နုတ်ထွက်ရလဲ ဆိုတာကိုတော့ သူတို့က ရှင်းပြပါတယ်။ ကျနော်တို့ကတော့ “ဝ”၊ မြောက်ပိုင်းက အဖွဲ့နဲ့ မဟုတ်ဘဲ တခြားနည်းလမ်းဆိုတဲ့ နေရာမှာတော့ ကျနော့်အနေနဲ့ သဘောပေါက်တာတော့ အခြားနည်းလမ်းတော့ မရှိဘူးထင်တာပဲ။ ဒီကနေ မဟုတ်ဘူးဆိုရင် အစိုးရနဲ့ တိုက်ရိုက် တွေ့ရင်တွေ့ အဲဒါပဲ ရှိတော့မယ် ထင်ပါတယ်။

မေး ။ ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက NLD ကို မဲပေးပါဆိုပြီး KBC က ကချင်လူထုကို အကြံပြုတာတွေ ရှိတယ်။ ဘယ်လို မျှော်လင့်ချက်တွေနဲ့ အကြံပြုခဲ့တာလဲ။ အခုကော NLD အစိုးရ သက်တမ်း တနှစ်ကျော်လာပြီ မျှော်မှန်းတာတွေက ဖြစ်လာသလား ၊ ဒါမှမဟုတ် စိတ်ပျက်နေပြီလား။

ဖြေ ။ ။ သမ္မတ သိန်းစိန်ခေတ် မတိုင်မီ စစ်အစိုးရခေတ်ကတည်းက ကချင်လူထုသာမက မြန်မာပြည် လူထု အားလုံးက စစ်အစိုးရ ဖိနှိပ်မှုအောက်ကနေ လွတ်မြောက်နိုင်ဖို့က အောင်ဆန်းစုကြည်ပဲပေါ့နော်။ သူတို့ပဲ အတိုက်အခံ လုပ်နေတဲ့ အကြီးဆုံးသော ပါတီဆိုတော့ သူတို့ အစိုးရဖြစ်တဲ့အချိန်မှာ အားလုံး အဆင်ပြေနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တာပေါ့။ ကချင်ပါတီတွေတောင် ကျနော်တို့ KBC ကို အမြင်မကြည်ဘူး။ NLD ကို အားပေးတယ်ဆိုပြီးပေါ့။ ကျနော်တို့ကတော့ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်နိုင်မယ့် အဖွဲ့ကတော့ ဒီပါတီပဲ ဖြစ်တယ်ဆိုတာ တွေ့လို့ အကြံပြုခဲ့တာတွေ၊ ပြောဆိုခဲ့တာတွေ တကယ်ရှိခဲ့ပါတယ်။

ဒါပေမယ့် ၁နှစ်ကျော် ၂နှစ်တာ ကာလမှာတော့ ကျနော်တို့ စာထဲမှာလိုပဲ စစ်တပ်ကို မလွှမ်းမိုးနိုင်တော့ ငြိမ်းချမ်းရေး လည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး။ NCA လည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အစိုးရက ကောင်းတာလုပ်နေပေမယ့် တဖက်က တိုက်ပွဲတွေက များနေတော့ ဘယ်လိုမှ ယုံကြည်မှု တည်ဆောက်မရဘူး။ ကျနော် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပြောခဲ့ပါတယ်။ စစ်ပွဲတွေ မချုပ်ငြိမ်းနိုင်သရွေ့၊ ထိုးစစ်တွေ ရှိနေသရွေ့ ကျနော်တို့ လူထုတွေက ကြောက်စိတ်များမယ်။ ကြောက်စိတ်ကနေ မုန်းတီးစိတ်တွေ၊ သံသယစိတ်တွေ ပိုများပြီး ယုံကြည်မှု တည်ဆောက်မှုမှာ တော်တော် ဝေးသွားနေတယ် ဆိုတာ တင်ပြခဲ့တယ်။ ပြောလိုတာက လက်ရှိ NLD အစိုးရက ပြည်သူက ရွေးကောက်တာ ဖြစ်လို့ တပ်မတော်အပေါ်မှာ ရှိနေရမယ်ဆိုတာ ကျနော်တို့ မားမားမတ်မတ်ရပ်တည်တယ်။

မေး ။ ။ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ကို တော်တော်အကျပ်တွေ့စေတယ်လို့ ပြောနေကြတယ်။ ဆရာကကော ဘယ်လိုမြင်ပါသလဲ ။

ဖြေ ။ ။ ကျနော်ပြောတဲ့အထဲမှာ စစ်တပ်ကဏ္ဍပါတော့ နိုင်ငံတော်အတိုင်ပင်ခံက သူတို့ တိုက်ရိုက်ကိုင်တွယ်ဖို့ ခက်ခဲ တယ် ဆိုတဲ့အကြောင်း၊ အခု အခြေခံဥပဒေအရသာ သွားနိုင်တယ်ဆိုတဲ့ အကြောင်း ဒါ့ကြောင့် ၂၀ဝ၈ အခြေခံဥပဒေကို သူတို့က ပြင်ဆင်ဖို့ ကြိုးစားနေတယ်ဆိုတာကို ဖော်ပြခဲ့ပါတယ်။ ကျနော်တို့ ကချင်လူထု အနေနဲ့လည်း ၂၀ဝ၈ အခြေခံ ဥပဒေကို အစကတည်းက မကြိုက်ပါဘူး။ ကျနော်တို့ဆိုရင် ဘာသာရေး အစည်းအဝေး သင်တန်းတွေမှာ ကန့်ကွက်ဖို့တောင် လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ KIO က စစ်တပ်နဲ့ တော်တော် အဆင် ပြေနေတော့ KIO နေရာတွေမှာ ၂၀ဝ၈ အခြေခံဥပဒေကို ထောက်ခံမဲ ပေးခဲ့ကြသေးတာပဲ။ ကျနော်တို့ လူထုက ဒါကို အစကတည်းက မပေးခဲ့ဘူး။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း ဥပဒေကို ပြင်ပြီးမှသာလျှင် ဥပဒေအတိုင်း တပ်မတော်ကို ကိုင်တွယ်လို့ ရမယ်ဆိုပြီးမှ သူက ကျနော်တို့ကို ပြောပြပါတယ်။

ကျနော့်အနေနဲ့ကတော့ တပ်မတော်ကဏ္ဍတခုတည်း မဟုတ်ဘူး။ မြန်မာပြည်ကြီး ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို ဦးတည်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွဲမယ်ဆိုရင်တော့ တိုင်းပြည်ကတော့ သိပ်မကြာဘူး ဒီမိုကရေစီ ရရှိမှာ ဖြစ်ပါ တယ်။

မေး ။ ။ ပြီးခဲ့တဲ့နှစ်တွေက ဘာသာရေးဆရာတွေ ဦးစီးပြီး လူထုနဲ့ဖွဲ့ထားတဲ့ Pat Jasan အဖွဲ့က ဘိန်းခင်းတွေ ဖျက်တာ လုပ်ပေမယ့် အထူးဒေသ (၁)မှာ ပစ်ခတ်ခံရပြီး ရပ်တန့်သွားတာကိုကော ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖြစ်လား။ မူးယစ်တိုက်ဖျက်ရေး ဘာတွေ ပြောဖြစ်ပါသလဲ ။

ဖြေ ။ ။ ကျနော်တို့ အဲဒီကိစ္စလည်း တင်ပြခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံက မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ဥပဒေ တွေကို ပြဋ္ဌာန်းဖို့ လုပ်နေပြီဖြစ်ကြောင်း ပြောပါတယ်။ ကျနော်တို့က အဲဒီဥပဒေမှာ လူထုလှုပ်ရှားမှု လူထုပါဝင်မှု ကိုလည်း ဖြည့်စွက်ပေးစေချင်ကြောင်း ပြောခဲ့ပါတယ်။ Pat Jasan က အဓိက လှုပ်ရှားရမယ့် ဒေသတွေမှာ ပြည်သူ့စစ်တွေ နယ်ခြား စောင့်တပ်တွေက သူတို့အနေနဲ့ Pat Jasan ပုံစံမျိုး ဖွဲ့စည်းလိုက်တော့ ကျနော်တို့ ပြည်သူတွေ တိုက်ရိုက်သွားဖို့ ခက်ခဲသွားတယ်။ မြို့ထဲမှာတော့ ရောင်းဝယ်ဖောက်ကား သုံးစွဲတာတွေကို ပြည်သူ့ရဲတွေ အုပ်ချုပ် ရေးမှူးတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတာတော့ ရှိပါတယ်။ အရင်ကလိုတော့ ကျနော်တို့ လူထုလှုပ်ရှားမှု သက်သက်လုပ်တဲ့ ပုံစံတော့ မရှိတော့ဘူး။

မေး ။ ။ ဒီတခေါက် ဒေါ်အောင်ဆန်းစုကြည်က KBC ခေါင်းဆောင်တွေကို သီးသန့် ဖိတ်ပြီး တွေ့ဆုံတာက သူ့ ရည်ရွယ် ချက်က ဘာဖြစ်နိုင်မယ်ထင်လဲ။

ဖြေ ။ ။ သူကလည်းပြောပါတယ်။ ကချင်ဒေသ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ KBC ရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ ကျမတို့ လက်တွဲချင်ပါတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ ကျနော်တို့ကလည်း နိုင်ငံတော် အတိုင်ပင်ခံ အနေနဲ့ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဖို့ ကျနော်တို့ကို ဖိတ်ခေါ်တယ်လို့ မြင်ပါတယ်။

မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်က KIO ခေါင်းဆောင်တွေနဲ့ ထိပ်တိုက်မတွေ့နိုင်တဲ့ အခြေအနေတွေကြောင့် KBC ခေါင်းဆောင်တွေကို ခေါ်တွေ့တဲ့ သဘောမျိုး တွေ့ရလား။ နောက်တခုက KBC က ဘာသာရေး အဖွဲ့အစည်းပေမယ့် နိုင်ငံရေးမှာ ဝင်စွက်နေတယ်ဆိုတာမျိုး ဝေဖန်သံတွေ ကြားရပါတယ်။ မှတ်ချက် ဘယ်လို ရှိပါသလဲ ။

ဖြေ ။ ။ ကျနော်တို့ KBC က ဘာသာရေး အဖွဲ့အစည်း ဖြစ်တယ်။ နိုင်ငံရေးမှာတော့ ပါဝင်တာတော့ မဟုတ်ပါဘူး။ ကျနော်တို့ ယုံကြည်ချက်၊ ဓမ္မအတွေးအခေါ်အရ လူသားတွေအတွက် အကျိုးပြုဖို့ပါ။ လူထုအတွက် ဘာလုပ်ပေး ရမယ် ဆိုတဲ့ အတွေးအခေါ် အသိအမြင်နဲ့ ယုံကြည်ချက်ပေါ်မှာ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ကျနော်တို့ ပါတီလည်း ဖွဲ့တာ မရှိဘူး။ ခေါင်းဆောင်ပိုင်းမှာ နေရာယူတာလည်း မရှိပါဘူး။ အခုဖြစ်နေတဲ့ ဖြစ်စဉ်တွေမှာ တရားမျှတမှုနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရအောင် ပါဝင်ပြီး ကြိုးစားနေခြင်းသာ ဖြစ်ပါတယ်။

နောက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ KIO ဘက်က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစကားပြောဖို့ ဆန္ဒ ရှိတယ် လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် တဖက်မှာ NCA ငြိမ်းချမ်းရေးရအောင် ကြိုးစားနေလို့ ဖြစ်စဉ်တွေမှာ ခရီး မဆုံးသေးတော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေပဲ တွေ့ဆုံနေပြီး နောက်ဆုံးတော့ ငြိမ်းချမ်းရေးဖြစ်စဉ် ရာနှုန်းပြည့် အောင်မြင်ခါနီးမှာတော့ သူတို့ တွေ့ဆုံနိုင်ကြမယ်လို့ ကျနော်မြင်ပါတယ်။

မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ KBC ခေါင်းဆောင်တွေ တွေ့လိုက်ရတာ ကချင်လူထု အတွက် ဘာအကျိုးအမြတ်ရ လိုက်ပါသလဲ။

ဖြေ ။ ။ ကျနော်တို့ အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခြင်းအားဖြင့် ကချင်လူထုတွေရဲ့ ခွန်အားရတာ ဝမ်းသာစရာကတော့ ကျနော်တို့ ယခင်တွေ့ဆုံတဲ့နေရာမှာ အချိန်မရလို့ မြေပြင်မှာ ဖြစ်နေတဲ့ အဖြစ်မှန်တွေကို ပြောပြခွင့် မရှိဘူး။ ဒီတခေါက် ကတော့ မြေပြင်မှာ ဖြစ်နေတဲ့ အခြေခံမှာ ဖြစ်နေတဲ့ တရားဥပဒေစိုးမိုးရေးတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လူ့အခွင့် အရေးနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေကို ကျနော်တို့ အသေးစိတ် တင်ပြခွင့်ရတဲ့အပြင် သူ့ကို ကိုယ်တိုင် ကျနော်တို့ Document တွေ စာရွက်စာတမ်းတွေ ပေးလိုက်နိုင်တာကတော့ ကျနော်တို့ အတွက် အားရစရာပါ။

Document တွေမှာ ကချင်ဆရာမလေး ၂ဦး သတ်ခံရတာတို့ မုံးကိုးမှာ ၁၇(၁) နဲ့ တရားစွဲဆိုခံထားရတဲ့ ဘာသာရေး ဆရာ ၂ဦးတို့ ကိစ္စတွေ စသဖြင့် အားလုံး ပါပါတယ်။ သူကတော့ ပြန်ပြောတာက တပ်မတော်ဘက်က ပါဝင် စွက်ဖက်မှုတွေမှာ သူတို့ တိုက်ရိုက်လုပ်ဆောင်လို့ မရဘူး။ ဒါကြောင့်မို့ ဥပဒေအရသာလျှင် ကြိုးစားနေတယ်ဆိုတာ ပြောပါ တယ်။ ကျနော်တို့လည်း အစိုးရရဲ့ အခက်အခဲတွေကို နားလည်ပါတယ်။ နားလည်ပေးပါတယ်။

ကျနော်တို့ရဲ့ အဖြစ်အပျက်တွေ ကျနော်တို့ ဘာ့ကြောင့် ဒီလိုမုန်းတီး သံသယတွေ ရှိနေရလဲ ဆိုတာ နိုင်ငံတော် အတိုင်ပင် ခံ က ကောင်းကောင်းရှင်းလင်းသွားမယ်လို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ သူက မြန်မာပြည်မှာ ကြီးခဲ့တာ မဟုတ် ဘူး။ ၁၉၈၈ နောက်ပိုင်းမှာမှ ရောက်လာတယ်ဆိုတော့ ကျနော်တို့ရဲ့ ဖြစ်စဉ်တွေကို အားလုံး သူသိချင်မှ သိမယ်။ အဲဒါကို တင်ပြခွင့်ရတယ်။

နောက် IDPs ကိစ္စကိုလည်း ကောင်းကောင်းမွန်မွန် တင်ပြခွင့်ရတာကို ကချင်လူထုအားလုံးက ခွန်အားရကြပါတယ်။ ထောက်ခံကြပါတယ်။ နောက်ဆုံးကတော့ ဘာပဲပြောပြော ကျနော်တို့ မြန်မာလူထုက စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရိုးသားဖြူစင်တဲ့ စိတ်သဘောထားမှာ အခြေခံပြီး သူ့အစိုးရက လုပ်ဆောင်ပေးသွားဖို့ မျှော်လင့်ပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading