စစ်ဘက်ရာထူး အခေါ်အဝေါ်များ တားမြစ်ချက်အပေါ် သူတို့အမြင်

ဧရာဝတီ
မျိုးမင်းစိုး / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

စစ်ဘက်ဆိုင်ရာ ရာထူး၊ အဆင့် အခေါ်အဝေါ်များနှင့် ပတ်သက်ပြီး တပ်မတော်မှအပ အခြားလက်နက်ကိုင် အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များကို ရာထူး ခေါ်ဝေါ်၍ ရေးသားဖော်ပြမှုကို တားမြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့က ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ လူမှုဆက်သွယ်ရေး ကွန်ရက် Facebook စာမျက်နှာမှ တဆင့် ထုတ်ပြန် လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် “တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်မှုထမ်းများသာ သုံးစွဲခွင့်ရှိသည့် စစ်ဘက်ရာထူး၊ အဆင့် အခေါ် အဝေါ်များအား အခြားသော မသက်ဆိုင်သည့် အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များ၏ ကိစ္စရပ်များတွင် ခေါ်ဝေါ်သုံးစွဲခြင်း၊ ရေးသား ဖော်ပြခြင်းများ မပြုလုပ်ရန် တည်ဆဲ ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ မှန်ကန်စွာသုံးစွဲရန် လိုအပ်ကြောင်း သဘောထား ထုတ်ပြန် အပ်ပါသည်” ဟု ပါရှိသည်။

ထို့ကြောင့် အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး သတင်းရေးသား ဖော်ပြမှု အပါအဝင် မည်သည့်အကြောင်း အရာများကို ရိုက်ခတ်နိုင်သလဲ ဆိုတာနှင့် ပတ်သက်၍ ဥပဒေပညာရှင်နှင့် သတင်းစာဆရာများကို ဧရာဝတီက ဆက်သွယ်မေးမြန်း ထားချက် အား ဖော်ပြလိုက်သည်။

ဦးစိန်ဝင်း သင်တန်းညွှန်ကြားရေးမှူး မြန်မာသတင်းပညာသိပ္ပံ (MJI)

အရင် စစ်အစိုးရလက်ထက်က ထုတ်ထားတဲ့ ဥပဒေအရက ပြည်သူ့စစ်တွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုးတွေ သုံးနှုံးရမလဲ ဆိုတဲ့ဟာရှိတယ်။ မှန်ပါတယ်။ ဒါကတော့ ပြည်သူ့စစ် အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီးတော့ ဖွဲ့စည်းပုံ ဘယ်လိုမျိုး သုံးနှုန်းရမယ်ဆိုတာ ဒါကတော့ လက်ခံလို့ရတယ်။ သုံးနှုန်းလို့ရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပြည်သူ့စစ် ဖွဲ့စည်းတယ် ဆိုတာကလည်း အဲဒီလိုမျိုး လိုက်နာမယ်ဆိုတဲ့ သဘောတူညီချက်က ရထားပြီးသား ဖြစ်တာကိုး တခြားသော အဖွဲ့အစည်း တွေကို အဲလိုမျိုးလိုက်လုပ်လို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ တပ်မတော်အနေနဲ့ အဲဒီလိုလိုက်ပြီးတော့ တင်းကြပ်မှုတွေ လိုက်လုပ်တာက မကောင်းတဲ့ လက္ခဏာပေါ့။

ဒါပေမယ့်လည်း ဒီလိုမျိုးငြိမ်းချမ်းရေး ဖြစ်စဉ်ကို သွားနေဆဲကာလ၊ ငြိမ်းချမ်းရေးရအောင် ကြိုးစားနေဆဲ ကာလမှာ အခြားသော လက်နက်ကိုင် အဖွဲ့အစည်းတွေ ဥပမာအားဖြင့် ကချင် KIA၊ KNU စသဖြင့် ဒီအဖွဲ့အစည်းတွေမှာရှိတဲ့ သူတို့ရဲ့ တပ်ဖွဲ့စည်းပုံကို အသိအမှတ် မပြုဘူးဆိုရင် ဘယ်လိုသွားလုပ်မတုန်း၊ အသိအမှတ်မပြုလို့ မရဘူးလေ။ ဥပမာအားဖြင့် ဗိုလ်ချုပ် ဂွန်မော် က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်လာတယ်ဆိုပါတော့ သူ့ကို ဂွန်မော်လို့ပဲ ခေါ်မလား အဲဒါမျိုး သွားလုပ်လို့မရဘူးလေ။ အဲသလိုလုပ်ခြင်းအားဖြင့် ဘာဖြစ်လဲဆိုတော့ အခြားသော အဖွဲ့အစည်းတွေကို အသိအမှတ်မပြုရာ ကြတယ်။ ငါတို့သာလျင် ဆိုတဲ့ဟာပေါ့။ အဲဒါက ငြိမ်းချမ်းရေးနဲ့ ဝိရောဓိဆောင်တဲ့ သဘောနဲ့ လုပ်တာဖြစ်တယ်။

မီဒီယာမှာလည်း သက်ရောက်မှုရှိလာတာပေါ့။ အဓိက ကတော့ ဘာကိုဖြစ်လောက်လဲဆိုတော့ မီဒီယာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီးတော့ သတင်းတွေ မရေးလာအောင် လုပ်ဆောင်မှု ဒုတိယ အဆင့်လို့ပဲ ကျနော်ကတော့ မြင်တယ်။ ပထမအဆင့်အနေနဲ့ ၁၇ (၁) လိုဟာမျိုးနဲ့ ကိုင်တွယ်တယ်။ ဒုတိယ အဆင့်အနေနဲ့ ဒီလိုမျိုး တဆင့် တက်လာတယ်။ အဲတော့ မီဒီယာတွေက တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး သတင်းမလုပ်ရင် တိုင်းပြည်က ငြိမ်းချမ်းရေး ရသွားရောလားပေါ့။ ကျနော်ကတော့ မထင်ပါဘူး။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း ပိုတောင်မှ အခက်အခဲ ဖြစ်လာနိုင်တယ်လို့ မြင်တယ်။ ဒါမျိုးလုပ်ခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ဆယ်စုနှစ်တွေချီပြီး လုပ်ခဲ့တာပဲလေ။ အဲဒီဟာ မအောင်မြင်လို့ဘဲ ပင်လုံညီလာခံဆိုပြီးတော့ နောက်ဆက်တွဲအနေနဲ့ လိုက်ပြီးတော့ ကြိုးစားနေရတာ မဟုတ်ဘူးလား။

အကျိုးဆက်အနေနဲ့ကတော့ မီဒီယာတွေ အနေနဲ့ကတော့ ရေးသားရတာ ပိုပြီးတော့ ခက်လာမယ်။ ပိုပြီးတော့ ပဋိပက္ခ သဘောဆောင်တဲ့ဟာ ရောက်လာမယ်လို့ မြင်တယ်။ မီဒီယာ သတင်းရေးရတာ မခက် ခက်အောင်ကို လိုက်လုပ်သလို ဖြစ်နေတာပေါ့။

ဦးအောင်သိန်း တရားလွှတ်တော်ရှေ့နေ

မြန်မာပြည်မှာ စစ်ဘက်ဆိုင်ရာ အခေါ်အဝေါ်တွေ သုံးလို့ လူတွေကို ထောင်ချတာ တရားစွဲတာတော့ မရှိခဲ့ဖူးဘူး။ ဒါပေမယ့် ခုုနကလို ဗိုလ်ဆိုုတဲ့ဟာမျိုး၊ ဗိုလ်ဓါးမြ ဆိုတဲ့ဟာမျိုးတွေ မသုံးရဘူးဆိုတဲ့ ဟိုတုုန်းက မဆလ ခေတ်မှာတော့ အဲဒါမျိုးတွေ ရှိခဲ့ဖူးတာပေါ့။ ဒီဟာ စစ်ဘက် ရာထူးအဆင့် အခေါ်အဝေါ်နဲ့ ပတ်သက်ပြီး သုံးနှုန်းမှုနဲ့ ပတ်သက်ပြီး ကန့်သတ်ထားတဲ့ဟာ ငြိမ်ဝပ်ပိပြားရေး ဥပဒေ (၁၉၈၉ ခုုနှစ်) ရှိတယ်လို့တော့ သူတို့ ပြောတာပေါ့။ ဒါပေမယ့် ဒီဥပဒေက ပြင်ဆင်ပြဌာန်း ခဲ့ပြီးတဲ့ နောက်မှာလည်း ဆက်ပြီးတော့ ရှိနေတယ်။ စစ်ဘက်ရာထူး အဆင့်အတန်း အခေါ်အဝေါ်လို့ ပြောလို့ရှိရင် သူပုန်ကလည်း စစ်ဘက်ပဲလေ။ သူပုန်မှာလည်း ဗိုလ်ချုပ်တို့ ဗိုလ်မှူးတို့ ရှိတာပဲလေ။ ဒီ စစ်တပ်ပုံစံမျိုး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဆို စစ်ပုံစံမျိုး သုံးမှာပဲလေ။ အဲဒါတွေကြောင့် သူတို့ ဒီကနေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဗိုလ်ချုပ်ဂွန်မော်တို့ နာမည်တွေနဲ့ အရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ တက်နေတာပဲ။ သူတို့နဲ့ မဟာမိတ် ယူထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေမှာလည်း ဒီ ဗိုလ်မှူးတို့ ဘာတို့ သုံးနေတာပဲ။

ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ ကာလမှာ လူတွေကနေ သူတို့ရဲ့ စစ်ဘက်ဆိုင်ရာ အခေါ်အဝေါ် အတိုင်း သုံးတာကို ကျနော်တို့က ဘယ်လိုသွားပြီး ပြောမလဲ။ သူတို့လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဒီလူတွေ အဖွဲ့အစည်းတွေကို ခေါ်ဖိတ်ပီး ပြောနေတာပဲ။ သူတို့လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဗိုလ်ချုပ် ဘယ်သူပါ ဆိုပြီး မိတ်ဆက်ပီး ပြောနေတာပဲ။ ဥပဒေက သူ့ခေတ်ဟောင်းက သူ့ဟာသူ ရှိခဲ့ပေမယ့် ဒီနေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ သူပုန်တွေနဲ့ တွေ့နေတာပဲလေ။ မှားသည် မှန်သည် တပိုင်းထား။ သူတို့လည်း အမျိုးသားရေးအတွက် လွတ်မြောက်မှုအတွက် သူတို့အဖွဲ့အစည်းနဲ့ စစ်တပ်နဲ့ အင်အားနဲ့ ရှိနေတာကိုးဗျ။ အဲဒီတော့ စစ်တပ်ဆိုတဲ့ ဥစ္စာရှိတယ်၊ တိုက်ပွဲဆိုတာရှိတယ်။ စစ်အခေါ်အဝေါ် အသုံးအဆောင်ကတော့ ကျနော်တို့ အရပ်သုံးလို နားလည်သလို သုံးကြမှာပဲလေ။ သူတို့ဟာ သူတို့ သတင်းထုတ်ပြန်တာ တပိုင်းပေါ့။ ဟိုလူတွေကလည်း သာမန်လူတွေလို ဘယ်အပြောခံမလဲဗျ။ အဲဒီသဘောတော့ ရှိပါတယ်။

အဲဒီမှာ မီဒီယာက သူ့ဟာသူ (စစ်ဘက်ရာထူးအဆင့်ကို) ထွင်ပြီးပေးတာ မဟုတ်ဘူးလေ။ ကာယကံရှင်က သူတို့ အင်တာဗျူး လုပ်တဲ့အခါ ကျနော် ဗိုလ်ချုပ်ဂွန်မော် ပါလို့ ခင်ဗျားကို ပြောတဲ့လူတယောက်ကို ဦးဂွန်မော် ပါလို့ သွားထည့်လို့ ဘယ်လက်ခံ မလဲဗျ။ အမှန်တော့ ပြည်ထောင်စု တပ်မတော် မဖြစ်သေးခင်တော့ အကွဲကွဲ အပြားပြား ရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းက တော့ သူတို့တပ်ရဲ့ အခေါ်အဝေါ်ကို သုံးမှာပဲ။ အဲဒါကို ပိတ်ပင်ရင် ဘယ်လိုမှ ငြိမ်းချမ်းရေး စားပွဲဝိုင်းတောင် ရောက်လာကြမှာ မဟုတ်ဘူး။

ဒါ မီဒီယာသမားနဲ့တော့ မဆိုင်ဘူး။ သက်ဆိုင်ရာ အဖွဲ့အစည်းကနေ သူတို့ သုံးနေကျ (used to) ဖြစ်တဲ့ အသုံးအနှုန်းက သူတို့ရဲ့ ဒီ နှစ် ၅၀-၆၀ လက်နက်စွဲကိုင်ပြီးတော့ သူတို့ အယူအဆ အရ ရပ်တည်ပြီး တော်လှန်ပုန်ကန်တာပဲလေ။ ဒီနေ့ အစိုးရ လက်ထက်မှာ သူတို့ ငြိမ်းချမ်းရေးစကားဝိုင်းကို တက်တဲ့အခါ သူ့အခေါ်အဝေါ် သူတို့ ဘယ်ဖြုတ်မလဲ။ ဒါ ခင်ဗျား စဉ်းစားကြည့်။ မီဒီယာတွေကလည်း သူတို့အခေါ်အဝေါ် ရှိတဲ့ဟာကို ပြောမှာပဲလေ။ အဲ့လိုု ဥပဒေနဲ့ အရေးယူဖို့တော့ မဖြစ်နိုင်ဘူး။ မဖြစ်သင့်ဘူး လို့ ကျနော်ထင်တယ်။

ဦးမြင့်ကျော် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအဖွဲ့ဝင်

မနေ့က ထုတ်ပြန်ချက်ကတော့ အခြေအနေက တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ သိပ်တော့ မတူဘူး။ တိုင်းရင်းသား လက်နက်ကိုင်တွေကို မခေါ်ရဘူးဆိုတာကတော့ ပြီးခဲ့တဲ့နှစ်ကလည်း ပြောခဲ့ဖူးပါတယ်။ အဲဒီဟာကတော့ သတင်းစာ အမြင် အရဆိုရင်တော့ အဲဒါက တမျိုး အခုပြည်သူ့စစ်ဆိုတာက တကယ်တမ်းကျတော့ သူတို့ရဲ့ လက်အောက်ခံအဖွဲ့ တွေပေါ့။ အဲဒါတွေကို ရာထူးပေးပုံ ဘာညာဆိုတာက သူတို့ရဲ့ သြဇာအောက်မှာ ရှိတဲ့ဟာ ဒီအပေါ်မှာ ဘာဖြစ်လို့ ထပ်ပြီး ပြောလဲ ဆိုတာတော့ ကျနော်လည်း နားမလည်ဘူး။

တနည်းအားဖြင့် တပ်နဲ့ ဆက်နွယ်နေတဲ့ အဖွဲ့အစည်းတွေပဲ အဲဒီရာထူးတွေကို မီဒီယာက ခေါ်တာ ပြောတာမဟုတ်ဘူး။ သူတို့ဟာသူတို့ သုံးနှုန်းနေကြတဲ့ဟာပေါ့။ မီဒီယာကတော့ သူတို့ဖွဲ့စည်းပုံ အရသော်လည်းကောင်း၊ ရပ်တည်မှု အရ သော်လည်းကောင်း အခေါ်အဝေါ်တွေ ပေးထားတယ်ဆိုရင်တော့ မီဒီယာကတော့ ဒီအတိုင်းပဲ သုံးနှုန်းရမှာဘဲလေ။ သူတို့အခေါ် အဝေါ်အရ ဒီလိုခေါ်တယ်ဆိုတာမျိုး ကွင်းစ၊ ကွင်းပိတ်နဲ့ ထည့်ရင်လည်း ထည့်ပေါ့လေ။ အဲဒါကြီးကို ပြောင်းပြီးတော့ မီဒီယာက ကိုယ့်သဘောနဲ့ကို ပြောင်းတာတို့ ပြင်တာတို့ လုပ်ခွင့်မရှိဘူးလို့ ကျနော် ထင်ပါတယ်။

မနေ့ကဟာကတော့ သဘောထား ထုတ်ပြန်တဲ့ သဘောပဲဆိုတော့ အမိန့်ပေးတဲ့အဆင့် အော်ဒါ ထုတ်တဲ့ သဘောတော့ မဟုတ်ဘူး ပေါ့လေ။ ဒါပေမယ့် တဆင့်တော့ အဲဒီဟာမျိုးလည်း လာကောင်း လာနိုင်တယ်။ ယတိပြတ်တော့ အဲဒီသဘောမျိုး ပြောဖို့ စောသေးတာပေါ့နော်။ အဲဒီဟာမျိုး မီဒီယာကို အမိန့်ပေးလာတယ်ဆိုရင်တော့ အဲဒါကတော့ သိပ်သဘာဝ မကျဘူး။ အဲဒါကတော့ မီဒီယာအပေါ်မှာ ဆင်ဆာလုပ်တယ်၊ ကန့်သတ်မှု လုပ်တယ်လို့ပဲ မြင်တယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ကတော့ မနှစ်က ဧရာဝတီတိုင်းမှာ သတင်းသမားတွေကို စာပို့တာ ရှိခဲ့တယ်။ ဒါပေမယ့် မီဒီယာလောက ကတော့ အဲ့လိုမျိုး လိုက်လုပ်ဖို့ ဘယ်သူမှ သဘောတူတဲ့ဟာမျိုး မရှိခဲ့ဘူး။ ဒီတိုင်းပဲ ရှေ့ဆက်ပြီး လုပ်တာ တွေ့ရတာပေါ့။

ဦးဇေယျာလှိုင် (မော်ကွန်း မဂ္ဂဇင်း အယ်ဒီတာ)

တပ်မတော်က လက်ရှိမြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ အပေါ်မှာ ပြောတာပေါ့နော်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံတာပေါ့ဗျာ။ အဲတော့ မေးခွန်း မေးစရာရှိတာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တကယ်ပဲ မြန်မာနိုင်ငံ နယ်နမိတ် အကုန်လုံးကို သက်ရောက်မှု ရှိလားဆိုတဲ့ မေးခွန်းကို အရင်စမေးဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဥပဒေအရ လက်နက်ကိုင်တပ်ဖွဲ့က တဖွဲ့တည်း ရှိရမယ်။ လက်နက်ကိုင် အားလုံးရဲ့ အကြီးအကဲက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပေါ့လေ။ တကယ်ပဲ အဲဒါက သက်ရောက်မှု ရှိနေပြီလားပေါ့။ အဲဒါမျိုး ကျနော်တို့က မေးခွန်းထုတ်ဖို့ လိုတယ်။

ကျနော်တို့ သတင်းမီဒီယာသမားတွေ အနေနဲ့က သတင်းရင်းမြစ် ဘက်ပေါင်းစုံက မတူညီတဲ့ ရှုဒေါင့် အချက်အလက် ပေါင်းစုံကို တင်ပြပေးဖို့ ကျင့်ဝတ်အရ တာဝန်ရှိတယ်ဗျ။ တဘက်ဘက်ကို ဘက်လိုက်တာမျိုး မဟုတ်ဘဲနဲ့ ဘက်မျှမှုမျိုး၊ မျှတမှုမျိုးကို လုပ်ပေးရမယ်ဆိုတာ သတင်းစာပညာရဲ့ မူထဲမှာ ပါတယ်လေ။ ဆိုတော့ သတင်းစာဆရာရဲ့ သတင်းရင်းမြစ်မှာ သူတောင်းစားလည်း ပါနိုင်တယ်၊ ပြည့်တန်ဆာလည်း ပါနိုင်တယ်။ ရှင်ဘုရင်လည်း ပါနိုင်တယ်၊ ဝန်မင်းတွေလည်း ပါနိုင်တယ်။ ဒါကျနော်တို့ရဲ့ အလုပ်ပဲ။

နောက်တခုရှိတာက အခုလိုမျိုး တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို သွားနေပါတယ်ဆိုတဲ့ အကောင်အထည် ဖော်နေတဲ့ အချိန်မှာ တိုင်းရင်းသားဒေသမှာ ဘာတွေဖြစ်ပျက်နေသလဲ ဆိုတာကို လူတိုင်းက အဲဒီသတင်းအချက်အလက် ရရှိဖို့ အရေးကြီးတယ်။ ဒါမှ ကျနော်တို့ အပြန်အလှန် နားလည်လို့ရမှာ အဲ့လိုမျိုး မလုပ်ပေးနိုင်ဘူး ဆိုလို့ရှိရင်လည်း မီဒီယာက တာဝန် မကျေရာ ကျမှာ။ ဒါကြောင့်မို့ မီဒီယာက မီဒီယာ အလုပ်ကို လုပ်တယ်။ ဒါကြောင့်မို့ တပ်မတော်က ဒါဥပဒေအရပဲ လုပ်မယ်ကွာ ဆိုပြီးတော့မှ တနိုင်ငံလုံး မြန်မာနိုင်ငံ နယ်နမိတ် အကုန်လုံးကိုတောင်မှ သက်ရောက်မှု မရှိသေးတဲ့ ဥပဒေကို ကိုင်ပြီးပြောတာ ကတော့ သိပ်ပြီးတော့ သဘာဝ မကျဘူးလို့မြင်တယ်။

ကျနော် မြင်တာကတော့ မီဒီယာကို ခြိမ်းခြောက်မှုနဲ့ ဆင်ဆာလုပ်တဲ့ အနေအထားလို့ မြင်တယ်ဗျ။ ၂၀၁၂ ကတည်းက အစိုးရ ဆင်ဆာ မရှိတော့ဘူး ပေါ့ဗျာ။ ဒါပေမယ့် ကျနော်တို့ဆီမှာ ဆင်ဆာ မရှိတော့ဘူးလားလို့ ပြောရင်တော့ မှားသွားလိမ့်မယ်။ စိန်ခေါ်မှုတွေက အများကြီးပေါ်လာ တယ်ဗျ။ ဥပမာ မီဒီယာတိုက်ပိုင်ရှင်တွေရဲ့ စိုးရိမ်မှုကြောင့် ဟိုသတင်း မဖော်ပြနဲ့ ဒီသတင်း မဖော်ပြနဲ့ ဆိုတဲ့ ဆင်ဆာတွေဖြစ်လာတယ်။ လက်ရှိ အာဏာရ အစိုးရကလည်း သူတို့ကိုယ်တိုင် ဦးဆောင်ပြီးတော့ မီဒီယာကို တရားစွဲတာမျိုး ဖြစ်လာတယ်။ နောက် အာဏာရပါတီက ထိပ်ပိုင်းခေါင်းဆောင်တွေကလည်း မီဒီယာကို ချိုးချိုးနှိမ်နှိမ်ပြောတာ တွေ ဖြစ်လာတယ်။ အဲနောက်ပိုင်းမှာ တပ်မတော်က ဆက်ပြီးတော့မှ စံပြအနေနဲ့ နှိပ်ကွပ်လာတယ်ပေါ့လေ။ ဒါတွေက ဒီမိုကရက်တစ် လူ့ဘောင် အဖွဲ့အစည်းအတွက် ကောင်းတဲ့ အလားအလာတော့ မဟုတ်ဘူးဗျ။

ဦးအားမာန် အယ်ဒီတာချုပ် 7 Day News Jourmal

ထုတ်ပြန်ချက် ထွက်လာတော့ နမူနာ ဥပမာပေးထားတာကတော့ ပြည်သူ့စစ်က ပြီးခဲ့တဲ့ရက်ပိုင်းက ဗုံးခွဲတိုက်ခိုက်မှုမှာ ခံခဲ့ရတဲ့ ဗိုလ်မှူး တယောက်ရဲ့ ရာထူးကို ဥပမာပေးပြီးတော့ ဖော်ပြထားတယ်။ အဲဒီမှာ ရှင်းရှင်းလင်းလင်း မပါတာက ပြည်သူ့စစ်နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေကိုပဲလား၊ ဒါမှမဟုတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လက်ရှိ NCA ထိုးပြီးတော့ သွားနေတဲ့ အဖွဲ့တွေရော မထိုးရသေးတဲ့ အဖွဲ့တွေရော အားလုံးကို ရည်ညွှန်းသလားဆိုတာ ကတော့ ကြေညာချက်မှာတော့ ရှင်းရှင်းလင်းလင်း မရှိဘူး။ အဲဒါကို ထပ်သိချင်လို့ ကျနော်တို့ ကြိုးစားနေတယ်။ ဒါပေမယ့် ပြောရေးဆိုခွင့်ရှိတဲ့ ပုဂ္ဂိုလ်တွေကို ဆက်သွယ်လို့ မရသေးဘူး ဖြစ်နေတယ်။

တကယ်လို့ အားလုံးကို ရည်ညွှန်းတယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ မေးခွန်းပြန်ပြီးတော့ ထုတ်ပြန်ကြည့်တာ ပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ မီဒီယာတွေမှာ တော်တော်လေး ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ သူတို့စီက သတ်မှတ်တဲ့ ရာထူးတွေ၊ အခေါ်အဝေါ်တွေ သတ်မှတ်တာလဲ ကျနော်တို့ ၂၀၁၁-၁၂ လောက်က စပြီး ပြည်တွင်းမီဒီယာ ကျယ်ကျယ်ပြန့်ပြန့် တောက်လျှောက် ရေးလာခဲ့တာပဲ။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကလည်း ၂၀၁၁-၁၂ စပြီး ပိုပြီးတော့ အရှိန်မြင့်လာပြီး ပိုပြီးတော့ ပြောနေတာပေါ့။ တကယ့် တကယ် လက်တွေ့မှာ အဲလိုမျိုး စည်းကမ်းတွေ ထုတ်ပြန်တာတွေများလာ၊ သတ်မှတ်ချက်တွေ များလာတော့ ဘောင်ကျဉ်းလာတဲ့ သဘောမျိုး ခံစားရတာ ပေါ့နော်။ ကိုယ်လည်း သတိထားရမယ် ဆိုတာမျိုးတွေ ဖြစ်လာတော့ တကယ့် တကယ်တော့ ဒီဟာက သွယ်ဝိုက်ပြီး ဖိအားပေးတဲ့ ပုံစံမျိုးတွေ ဖြစ်နေတာပေါ့။

Did you find apk for android? You can find new Free Android Games and apps.
Loading