“H1N1 ရောဂါသည် ဒီနှစ်မှ အထူးအဆန်း အသစ်ပေါ်လာတဲ့ ရောဂါ မဟုတ်ဘူး”

သဇင်လှိုင်
ရန်ကုန်တိုင်း ဒေသကြီး ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ သာထွန်းကျော် / သဇင်လှိုင် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ပြည်နယ်အချို့တွင် ရာသီတုပ်ကွေး ရောဂါ ဖြစ်ပွားနေသူ postive ၃၀ ဦး ရှိနေပြီး သေဆုံးသူ ၆ ဦး ရှိလာပြီ ဖြစ်သည်။လူထု အကြားတွင်လည်း ရာသီတုပ်ကွေးအပေါ် စိုးရိမ်ထိတ်လန့်မှုများ ရှိနေပြီး ဝေဖန်မှုအမျိုးမျိုး မြင့်တက် လျက်ရှိနေရာ အစိုးရ၏ လုပ်ဆောင်မှုများ၊ ကာကွယ်ရေး၊ ကုသရေးစသည့် အခြေအနေမှန်ကို သိရှိရန် ရန်ကုန်တိုင်း ဒေသကြီး ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ သာထွန်းကျော်ကို ဧရာဝတီသတင်းဌာန သတင်းထောက် သဇင်လှိုင်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး ။ ။ လက်ရှိမှာ H1N1 ရောဂါက အရေးပေါ် အခြေအနေ ဖြစ်နေပြီလားဆိုတာ ဒေါက်တာ သာထွန်းကျော်အနေနဲ့ သုံးသပ်ပေးပါရှင်။

ဖြေ။ ။ Emagency (အရေးပေါ်အခြေအနေ ) က၂ဝဝ၉ ခုနှစ်က ဖြစ်ခဲ့ဖူးတဲ့ အခြေအနေမျိုးတွေရှိတယ်။ ဒါပေမယ့် အခုက အဲဒီလိုမျိုး မဟုတ်ပါဘူး။ ဖြစ်တာလည်း နည်းနည်းလေးပဲ ရှိတယ်။ ဆယ်ဂဏန်းလေး ဖြစ်တာက Alarming မဟုတ်ပါဘူး။ ကြောက်စရာလည်း မရှိပါဘူးလို့ ဆရာတို့က ထင်တာပဲ။ ဒါပေမဲ့ ကြောက်တာကတော့ ကြောက်နေကြတာပဲ။ လူတွေကြောက်ရတာက မီဒီယာတွေရဲ့ အစွမ်းကြောင့်လို့ပဲ ဆရာတို့က ယူဆတာပဲ ။

မေး ။ ။ ရာသီတုပ်ကွေးက မြန်မာနိုင်ငံကို ဘယ်လိုရောက်ရှိလာတာလဲ။ ဘာကြောင့် အခုလိုဖြစ်ရတယ် ဆိုတာကို ရှင်းပြပေးပါရှင်။

ဖြေ ။ ။ရာသီတုပ်ကွေးက ဆရာတို့နိုင်ငံမှာ ၂ဝဝ၁ ကတည်းက ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ အခု ၂ဝ၁၇ မှာမှ ထူးထူးခြားခြား ပေါ်လာတဲ့ ရောဂါအသစ် မဟုတ်ဘူးဆိုတာ ပထမဆုံးပြောလိုပါတယ်။ ရာသီ တုပ်ကွေး လို့ ပြောရခြင်း ရည်ရွယ်ချက်က ဆရာတို့ နိုင်ငံမှာ ဒီရာသီ အနေနဲ့ တုပ်ကွေး ရာသီမှာ အဖြစ်များတဲ့ အတွက် ဒါကို ရာသီတုပ်ကွေးလို့ ခေါ်တာပါ တုပ်ကွေး ရာသီက မိုးဦးကျ ရာသီ အချိန်ဖြစ်ပါတယ်။ အများစု တုပ်ကွေးကြောင့် ဖျားကြနာကြပါတယ်။ ဒုတိယရာသီက ဆောင်းဦး ပေါက် ရာသီ ပြောင်းတဲ့ ကာလလေးဖြစ်ပါတယ်။ အဲဒီ အချိန်မှာလည်း တုပ်ကွေးရောဂါက အဖြစ်များပါတယ်။ ဒါကြောင့် ဒီရာသီတွေမှာ အဖြစ်များတဲ့ အတွက် ရာသီတုပ်ကွေးလို့ ခေါ်ရခြင်း ဖြစ်ပါတယ်။ ဒီရာသီတုပ်ကွေးက H1N1 လို့ခေါ်တဲ့ ဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်တဲ့ ရောဂါ တမျိုး ဖြစ်ပါတယ်။

အဲဒီတော့ ဒီဗိုင်းရပ်စ်ပိုးဟာ ရာသီကူးပြောင်းတဲ့ ကာလ၊ မိုးဦးကျ ကာလမှာ လူတွေက မိုးမိပါတယ်။ အအေးမိပါတယ်။ နှာစေးချောင်းဆိုး ဖြစ်ပါတယ်။ ဒါက မိုးကြောင့်ဖြစ်တဲ့ နှာစေး ၊ ချောင်းဆိုးဖြစ်ပါတယ်။ လူ့ရဲ့ ခန္ဓာကိုယ်မှာ Resedent လို့ခေါ်တဲ့ ကိုယ်ခံအား စနစ်ကျဆင်းတဲ့ အချိန်သည် မိုးမိလို့ နှာစေးချောင်းဆိုး ဖြစ်တဲ့ အချိန်သည် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအား ကျဆင်းတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီလို ကိုယ်ခံအား ကျဆင်းတဲ့ အချိန်တွေမှာ ဆရာတို့ရဲ့ ပတ်ဝန်းကျင်မှာ ရှိပြီးသား ဖြစ်နေတဲ့ H1N1လို ဗိုင်းရပ်စ် ပိုးမျိုး တခြားရောဂါပိုးတွေ ဝင်ရောက်ဖို့အတွက် အခွင့်အလမ်း တခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုးဦးကျ ရာသီ ဆောင်းဦးကျ ရာသီများမှာ မိုးမိပြီး နှာစေး ချောင်းဆိုး ဖြစ်တဲ့ အခြေအနေမျိုး မဖြစ်အောင် အရင်ဆုံး ကြိုးစားနေထိုင်ဖို့ လိုတယ် ဆိုတာကို ပြောချင်ပါတယ်။

ကိုယ်ခံအားကျသွားတဲ့ အချိန်မှာ အချိန်မရွေး ဝင်ရောက် လာနိုင်တာကြောင့် ကိုယ်ခံအား စနစ်ကို ထိန်းသိမ်းပြီး နေထိုင်ဖို့သည် အရေးကြီးပါတယ်။ အချိန်မှန် အိပ်မယ်၊ စားမယ်၊ အာဟာရ ဖြစ်စေသော အစားအသောက်များကို စားပြီးတော့ သင့်တင့် လျောက်ပတ်သော လေ့ကျင့်ခန်းများကို လုပ်ပြီးနေထိုင်ခြင်းဟာ ကိုယ်ခံအား စနစ်ကို ထိန်းသိမ်းထားရာ ရောက်ပါတယ်။

မေး ။ ။ လက်ရှိမှာတော့ လူထုကြားမှာ ပျံ့နှံ့မှုတွေ လည်း ဖြစ်နေပြီဆိုတော့ ကာကွယ်ဖို့ နည်းလမ်းတွေကို ကျန်းမာရေး ဝန်ကြီးဌာန အနေနဲ့ ဘယ်လိုပြောချင်ပါသလဲ။

ဖြေ ။ ။ သတင်းစာတွေ၊ တီဗွီတွေမှာ ကျန်းမာရေး ဝန်ကြီးဌာန အနေနဲ့ ဆောင်ရန်၊ ရှောင်ရန် ကိစ္စလေးတွေကို ဖော်ပြထား တာ ရှိပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို အတိအကျ လိုက်နာဖို့ လိုအပ်ပါတယ်။ ဒီရောဂါသည် လေထုထဲကနေ တဦးနဲ့ တဦး ကူးစက်တတ်တဲ့ ရောဂါမျိုးဆိုတာ ကြေညာထားပြီး ဖြစ်ပါတယ်။ ရောဂါ မကူးစက်ရအောင် ချောင်းဆိုး နှာချေတဲ့ အခါ လက်ကိုင်ပုဝါနဲ့ အုပ်ဖို့က သူများကို မကူးစက်အောင် ကာကွယ်တဲ့ နည်းတစ်ခု ဖြစ်ပါတယ်။ နောက်တခုက လက်ကို မှန်မှန်ဆေး ဖို့ဖြစ်ပါတယ်။ လက်က ရောဂါကူးစက်နိုင်တဲ့ အဓိက နေရာမို့ ဆပ်ပြာနဲ့ သေသေချာချာ ဆေးကြောရပါမယ်။ အပြင်က ပြန်လာပြီးတဲ့ အခါတိုင်းမှာ မိမိရဲ့ အိမ်မှာ၊ အလုပ်လုပ်ပြီးတိုင်းမှာ လက်ကို သေချာဆေးကြောဖို့ လိုအပ်ပါတယ်။ ဒါက ဒုတိယကာကွယ်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ တတိယအနေနဲ့ကတော့ အကောင်းဆုံး နည်းလမ်းက ကာကွယ်ဆေးထိုးတဲ့ နည်းလမ်းဖြစ်ပါတယ်။ flu Vaccine လို့ ခေါ်တဲ့ ကာကွယ်ဆေးထိုးခြင်းဟာ ဒီရောဂါကို ကာကွယ်တဲ့ နည်းလမ်းထဲမှာ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ သို့သော်လည်း ဆရာတို့ နိုင်ငံအနေနဲ့ flu Vaccine ကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းထဲမှာ ထည့်သွင်းထားခြင်း မရှိပါဘူး။

ဒါကြောင့် ဒီ flu Vaccine ကာကွယ်ဆေးကို ရာသီအနေနဲ့ ပြောရလို့ရှိရင် ဧပြီ၊ မေ ဝန်းကျင်လောက်မှာ ထိုးထားမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးကလည်း ထိုးပြီး သုံးပတ်ကနေ လေးပတ်အတွင်းမှ ကာကွယ်တဲ့ အာနိသင်ကို ပြည့်ပြည့်၀၀ရရှိမှာ ဖြစ်ပါတယ်။ flu ကာကွယ်ဈေးကို ထိုးတဲ့ အရေအတွက် အတော်နည်းပါတယ်။ ထိုးတဲ့ အလေ့အထလည်း နည်းပါတယ်။ ဒါကြောင့် ဒီကာကွယ်ဆေးကိုတော့ ဈေးကွက်ထဲမှာ ဝယ်ယူပြီး ထိုးနိုင်တဲ့ အခြေအနေပေမယ့် အလွယ်တကူ ဝယ်ယူရဖို့အတွက် အခက်အခဲ ရှိနိုင်ပါတယ်။

မေး ။ H1N1 က ဘယ်အသက်အရွယ်နဲ့ ဘယ်လိုအခြေအနေမျိုးတွေမှာ ကူးစက်နိုင်လဲ။

ဖြေ။ လက်ရှိအနေအထားထိဆိုရင် လူလတ်ပိုင်းအရွယ်တွေမှာ ကူးစက်နေတာတွေကို အများဆုံး တွေ့ရပါတယ်။ အန္တရာယ်အများဆုံး အုပ်စုက ကလေးငယ်များနဲ့ သက်ကြီးရွယ်အိုများ ဖြစ်ပါတယ်။ ဒီအရွယ်များက ကိုယ်ခံအားစနစ် ကောင်းစွာ မဖွံ့ဖြိုးသေးတဲ့ အရွယ်၊ သက်ကြီးရွယ်အိုများမှာလည်း ကိုယ်ခံအားစနစ် ကျဆင်းနေတဲ့ အရွယ်တွေ ဖြစ်ပါတယ်။

မေး ။ ။ H1N1 နဲ့ အဆုတ်ရောင်ရောဂါ ဆိုတာကို ကွဲကွဲပြားပြားသိရအောင် ရှင်းပြပေးပါရှင့်။

ဖြေ။ ။ အခု H1N1 ကြောင့် သေဆုံးသွားတဲ့ လူနာသည် ဆေးရုံတွေမှာ တွေ့နေရပါတယ်။ အဲဒီတော့ သေဆုံးရတဲ့ အကြောင်းရင်းကို ပြန်ပြီးစိစစ်လိုက်တဲ့အခါ ပြင်းထန်သော အဆုတ်ရောင် ရောဂါ ကြောင့် သေဆုံးရတာ ဖြစ်ပါတယ်။ ပြန်ပြီးဓာတ်ခွဲကြည့်လိုက်တဲ့အခါမှာ ဘက်တီးရီးယားပိုးတွေကြောင့် ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါ ဖြစ်ပွားပြီး အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ သို့သော်လည်း ဒီလူများသည် H1N1 ဗိုင်းရပ်စ်ပိုး ကူးစက်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်ခံအားကျဆင်းနေတဲ့ အခြေအနေမှာ H1N1 ဗိုင်းရပ်စ်ပိုးဝင်ရောက်ပြီးတော့ ဒီလူကို flu လို့ ခေါ်တဲ့ တုပ်ကွေးရောဂါကို ဖြစ်စေပါတယ်။

ပတ်ဝန်းကျင်က ဘက်တီးရီးယား ရောဂါပိုးတွေ ဒီလူနာရဲ့ ခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီး ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါလို ရောဂါတွေ ဖြစ်ပေါ်လာပါတယ်။ H1N1 ကြောင့် သေဆုံးရခြင်းလို့ ကံသေကံမ ပြောဖို့ ခက်ခဲပါတယ်။ အဓိက အကြောင်းရင်းကတော့ ဘက်တီးရိးယားပိုးတွေကြောင့် ပြင်းထန်သော အဆုတ်ရောင်ရောဂါ ဖြစ်ပွားပြီး သေဆုံးရခြင်း ဖြစ်ပါတယ်။

မေး။ ။ ဒါဆိုရင် H1N1ရောဂါ လက္ခဏာ ပြလာပြီဆိုတာနဲ့ ကာကွယ်နိုင်၊ ကုသနိုင်တယ်ဆိုရင် တခြား ဘက်တီးရီးယားတွေ မဝင်ဘူးဆိုရင် အသက်မဆုံးရှုံးနိုင်ဘူးဆိုတဲ့ သဘောလား။

ဖြေ။ ။ မှန်ပါတယ်။ ခုချိန်မှာ ဆေးရုံတွေမှာ flu နဲ့တူသော တုပ်ကွေးနဲ့တူသော ရောဂါလက္ခဏာရှိတဲ့သူတွေကို ဦးစားပေးပြီးတော့ ဒီလူတွေကို Target လုပ်ပြီးတော့ ဂရုစိုက်ပြီး ကုသဖို့အတွက် စီစဉ်ထားတာ ဖြစ်ပါတယ်။ တကယ်တော့ အချိန်မီ လူနာတွေကို ထိရောက်စွာ ကုသပေးမယ်ဆိုရင် တုပ်ကွေးရောဂါ ဖြစ်ပွားတဲ့အခြေအနေကေ နပြီးတော့ နောက်ထပ် ဒုတိယ အဆင့် ဘက်တီးရီးယားတွေ ဝင်ရောက်ပြီး အဆုတ်ရောင် ရောဂါ ဖြစ်မယ့် အခြေအနေကို တားဆီး နိုင်မှာ ဖြစ်ပါတယ်။ တုပ်ကွေးရောဂါ ဖြစ်လာပြီဆိုရင် နောက်ထပ် Secondary Infection လို့ ခေါ်တဲ့ ရောဂါပိုးတွေ မဝင်ရလေအောင် ဆေးရုံ၊ ဆေးခန်းများမှာ ထိထိရောက်ရောက် ကုသဖို့အတွက် ညွှန်ကြားထားတာ ဖြစ်ပါတယ်။ ဒါမှ ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါကြောင့် သေဆုံးမှုကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။

မေး။ ။ H1N1 က ကိုယ်ခံအားကို အဓိက ကျဆင်းစေတဲ့ သဘောလားရှင့်။

ဖြေ။ ။ H1N1 က ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုးများ ခန္ဓာကိုယ်ကို ဝင်ရောက်ဖို့အတွက် တံခါးဖွင့်ပေးလိုက်သလို အခြေအနေမျိုးကို H1N1 ဗိုင်းရပ်စ်က ဖန်တီးပေး လိုက်တာ ဖြစ်တယ်။

မေး။ ။ လူထုက H1N1 က စိုးရိမ်ရတဲ့ အခြေအနေမျိုး ကြောက်လန့်နေတော့ အဲဒီအပေါ်မှာလည်း ဖြေရှင်းပေးပါဦးရှင့်။

ဖြေ။ ။ ဒီရောဂါက ၂ဝ၁၇ ခုနှစ်မှာ အသစ်ပေါ်လာတဲ့ ရောဂါ မဟုတ်ပါဘူး။ ၂ဝဝ၁ ခုနှစ်ကတည်းက နိုင်ငံကို ဝင်ရောက်ပြီး ဖြစ်ပါတယ်။ ၂ဝဝ၉ ခုနှစ်မှာ ဆရာတို့ နိုင်ငံအပါအဝင် တကမ္ဘာလုံး ကပ်ရောဂါ အသွင် ဖြစ်ပွားခဲ့ပါတယ်။ ၂ဝဝ၁ ခုနှစ်ကနေ ၂ဝ၁၇ ခုနှစ်အထိ နိုင်ငံအတွင်းမှာ H1N1 ဗိုင်းရပ်စ်ကူးစက်ခံရတဲ့လူတွေ အရေအတွက်ကို ထောက်လှမ်း နေတာ ဆရာတို့ရဲ့ အဓိက အစီအစဉ် ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို နှစ်တိုင်း ထောက်လှမ်းနေပါတယ်။ ၂ဝ၁၄ တုန်းကဆိုရင် H1N1 Positive ၁၇၆ ယောက်အထိ ဖြစ်ခဲ့ပါတယ်။ နှစ်တိုင်း Positive ဖြစ်ခဲ့ပါတယ်။ H1N1 ရောဂါသည် ဒီနှစ်မှ အထူးအဆန်း အသစ်ပေါ်လာတဲ့ ရောဂါ မဟုတ်ဘူးဆိုတာ ပထမဆုံး ပြောချင်ပါတယ်။ ဒီရောဂါသည် ကြောက်စရာ၊ စိုးရိမ်စရာ ထိတ်လန့်ဆရာ ရောဂါ မဟုတ်ဘူးလို့ပဲ ပြောပါရစေ။

မေး။ ။ ဖြစ်ပွားနှုန်း စာရင်းအင်းတွေ အရဆိုရင် ဘယ်နှစ်က အများဆုံးဖြစ်ခဲ့ပြီး သေဆုံးသူတွေရော ဘယ်လောက်ဦးရေ ရှိခဲ့ပါသလဲ။

ဖြေ။ ၂ဝ၁၄ ခုနှစ်မှာ ၁၇၆ ယောက် Positive ဖြစ်ခဲ့ပါတယ်။ ယခုအချိန်မှာ Positive ဖြစ်တဲ့ အရေအတွက်ဟာ ဆယ်ဂဏန်း ပတ်ဝန်းကျင်မှာပဲ ရှိခဲ့ပါတယ်။ အဲဒီတုန်းက သေဆုံးသူ မရှိခဲ့ပါဘူး။ ဒါကြောင့် ဒီနှစ်မှာ ပိုဖြစ်တယ်လို့ ပြောလို့မရပါဘူး။

မေး။ ။ အဲဒါဆို ဒီနှစ်မှ သေဆုံးတဲ့ အကြောင်းရင်းက ဘာကြောင့်ပါလဲ။

ဖြေ။ ။ ဒီနှစ်သေဆုံးရတဲ့ အကြောင်းရင်းထဲမှာ နမိုးနီးယားဆိုတဲ့ ရောဂါက ပြင်းထန် အဆုတ်ရောင် ရောဂါဟာ အခြားရောဂါပိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပြင်းထန်အဆုပ်ရောင်ရောဂါဟာ H1N1 ကြောင့်ပဲ ဖြစ်ဖြစ် အခြားသော ရောဂါပိုးတွေကြောင့်ပဲ ဖြစ်ဖြစ် ပြင်းထန်အဆုတ်ရောင်ရောဂါ ဖြစ်ပွားသူတွေရဲ့ ၅၀ ရာခိုင်နှုန်းဟာ သေဆုံးလေ့ရှိပါတယ်။

မေး။ ။ အဆုတ်ရောင်ရောဂါရဲ့ အခြေအနေကရော အရင်နှစ်တွေက ဘယ်လောက်အထိ ဖြစ်ဖူးလဲ။

ဖြေ။ ။ ဖြစ်နေကြပါ။ အဆုတ်ရောင်ရောဂါဟာ ဆေးရုံတိုင်းမှာ အထူးအဆန်း မဟုတ်ပါဘူး။

မေး။ ။ ဒီရာသီတုပ်ကွေးရောဂါဟာ ဇူလိုင်လဆန်းကတည်းက ဖြစ်တယ်။ ကျန်းမာရေးဝန်ကြီးဌာနက မထုတ်ပြန်ဘူးဆိုပြီး လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ကြတာရှိပါတယ်။ အဲဒီဝေဖန်ချက်အပေါ် မှာ ဘယ်လို မြင်ပါသလဲရှင့်။

ဖြေ။ ။ ပြောရမယ်ဆိုရင် ၂၁ ရက်နေ့မှာ H1N1 Positive ဖြစ်ပါတယ်။ အဲဒီကိစ္စကို ရန်ကုန်ဆေးရုံကြီးက ဖြေကြား နေပါတယ်။ နောက်ကျတယ်ဆိုတဲ့ ကိစ္စကို ဆရာက ကန့်ကွက်ချင်ပါတယ်။ ၂၄ ရက်နေ့မှာ ကျန်းမာရေးဝန်ကြီးဌာနမှာ ဝန်ကြီးကိုယ်တိုင်ဦးစီးပြီး H1N1 နဲ့ ပတ်သက်ပြီး ကာကွယ်ဖို့ ထိန်းချုပ်ဖို့၊ ကုသဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
အဲဒီ ၂၄ ရက်မှာပဲ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှာ ဆရာတို့ရဲ့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန်ကိုယ်တိုင် ဦးစီးပြီး ဆေးရုံအုပ်ကြီးများ၊ သမားတော်ကြီးများ၊ ပညာရှင်များနဲ့ အစည်းအဝေးပြုလုပ်ပြီး ဒီလူနာတွေကို ဘယ်လိုကုသမယ်။ ဘယ်လိုလက်ခံမယ်ဆိုတာ ဆွေးနွေးပြီးတော့ အဲဒီနေ့မှာပဲ သတင်းစာရှင်းလင်းပွဲလုပ်ပြီး မီဒီယာများကို ကြေညာခဲ့ပါတယ်။

၂၅ ရက်နေ့မှာ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အစည်း အဝေး လုပ်ပြီး ဆေးရုံအုပ်ကြီးများရော၊ သမားတော်ကြီးများရော၊ ဓာတ်ခွဲပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေရော အကုန်လုံးကို ဖိတ်ကြားပြီးတော့ H1N1 ပိုးတွေ့တဲ့ လူနာကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ ဝေဘာဂီ အထူးကုဆေးရုံကြီးတို့မှာ လက်ခံကုသဆောင်ရွက်ဖို့ စီမံဆောင်ရွက်ပြီး ဖြစ်ပါတယ်။ H1N1 ဗိုင်းရပ်စ်ပိုး တကယ်တွေ့တာက ၂၁ ရက်နေ့မှ ဖြစ်ပါတယ်။ ဆရာတို့ ဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်တာ ၂၄ ရက်နေ့ဖြစ်ပါတယ်။ တိုက်ခိုက်လိုသောလူကတော့ Negative Points တွေကိုပဲ ရှာပြီးတော့ တိုက်ခိုက်နေမှာဖြစ်ပါတယ်။ ဒါလည်း လူသဘာဝလည်း ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading