၁၉၈၀ နှစ်များမှ ယနေ့တိုင် နှစ်ပေါင်း၃၀ ကျော် လူကြိုက်များ အောင်မြင်ကျော်ကြားခဲ့တဲ့ တေးသီချင်းပေါင်းများစွာကို သီဆိုခဲ့သော တေးသံရှင် ခိုင်ထူးဟာ ဝမ်းဗိုက်တွင်း ပန်ကရိယ ကင်ဆာနဲ့ ရန်ကုန်မြို့ ပါရမီဆေးရုံတွင် ၂၀၁၇ ခုနှစ် ဩ ဂုတ်လ ၉ ရက် နေ့ခင်း ၃ နာရီ ၂၄ မိနစ်က ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်တွင် အသက် ၆၁ နှစ် ပြည့်ပြီး သူရဲ့ ရုပ်အလောင်းကို ရေဝေးသုသာန်၌ ဩဂုတ်လ ၁၁ ရက် သောကြာနေ့ ၄ နာရီတွင် သင်္ဂြိုလ်မှာ ဖြစ်ပါတယ်။
အဆိုတော်ခိုင်ထူးရဲ့မိသားစုနဲ့ အနုပညာရှင်များက ခိုင်ထူးနဲ့ပတ်သက်ပြီး ဝမ်းနည်းစကား ပြောကြားချက်များကို ဧရာ၀ တီမှ သတင်းထောက် ယုဖြူဟန်က စုစည်းထားပါတယ်။
ဒေါ်စောနွယ်နွယ်ထွန်း (ဦးခိုင်ထူး ၏ဇနီး)
အမှန်တော့ အရင်ဆုံးသွားရမှာ အန်တီပါ၊ အန်တီက ကျောက်ကပ်လည်း ဆေးနေရတယ်၊ သူကတော့ တသက်လုံး ကျန်း မာရေးကောင်းခဲ့တဲ့သူပါ။ သူက ဆေးရုံဆေးခန်း မကြိုက်ဘူး၊ ဆေးသောက်ရတာ မုန်းတယ်။ ဆေးလည်း တခါမှ မစစ် ဘူး။ အခု သူ ဖြစ်လည်းဖြစ် လက်လွှတ်လိုက်ရတာပဲ၊ ဖြစ်တာမြန်တယ်လို့လည်း ပြောလို့ရတယ်။ တပတ်အတွင်း မှာပဲ သူ့ကို လက်လွှတ်လိုက်ရတာပါ၊ ဦးခိုင်ထူးက အန်တီ တကိုယ်စာအတွက်တော့ အလွန်ကောင်းတဲ့ယောင်္ကျား တယောက် ပါ။ သူ့ကိုယ်သူထက် အန်တီကို ပိုပြီး ဂရုစိုက်ပါတယ်၊ သူစိုးရိမ်တာက အန်တီ့ကို စိုးရိမ်တာပါ တကယ်ဖြစ်သွားတော့ သူ ဖြစ်သွားတာပါ။ အကုန်လုံးက အမှတ်ရစရာပါ။ မျက်စိနှစ်လုံးပွင့်တဲ့ အချိန်ကနေ မျက်စိနှစ်လုံးပိတ်တဲ့ အထိ အန်တီ ကို ဂရုစိုက်တာ သူပဲရှိတယ်၊ ကော်ဖီသောက်တာကအစ ထမင်းစားတာကအစ အားလုံးက သူနဲ့ ပတ်သက်တယ် တခု တည်းတော့ ရွေးပြောလို့မရဘူး။
သူက အရမ်းတာဝန်ကျေချင်တဲ့သူပါ။ ဒါပေမယ့် သူက အပြောမချိုဘူး စိတ်ရင်း အရမ်းကောင်းပါတယ်။ သူ့ကိုချစ်တဲ့ သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်၊ အန်တီတို့ ၂ ယောက်ကြားမှာ သူက ခင်ပွန်းကောင်းတယောက်ဆိုတာက လွဲ ရင် သူအဆိုတော်ဆိုတဲ့ ကိစ္စမရှိဘူး။ သူက ခိုင်ထူးမို့လို့ ချစ်တာမဟုတ်ဘူး၊ ဘယ်လက်ခံလို့ရမလဲ အန်တီတို့က ၂၄ နာရီ လုံး အတူတူနေတာ ဘယ်သွားသွား ဘယ်လာလာ နောက်ပိုင်း အန်တီကျန်းမာရေးမကောင်းတဲ့အချိန်မှာဆို သူ ငယ်ချင်း အပေါင်းအသင်းနဲ့တောင် အပြင်မထွက်တော့ဘူး။ အန်တီကို စိတ်မချလို့။ အခု သူ မရှိတော့ မနေတတ်သေး ပါဘူး။
မွန်းအောင်
သူနဲ့ ရန်ကုန်ရောက်မှတွေ့ခဲ့ရတဲ့အချိန်က တိုတောင်းလွန်းလှတယ်။ သူနဲ့ ပွဲတပွဲ အတူတူဆိုရအောင်လို့ ပြောဖူးတယ်။ သူလည်း သဘောတူတယ်။ ကျန်းမာနေတုန်းလေး ဆိုရအောင်ဆိုပြီးတော့ တိုင်ပင်ခဲ့တယ်။ ဒါပေမယ့် အထမမြောက် ခဲ့ဘူး။ ပွဲစီစဉ်ဖို့အတွက် ဦးတို့က မတတ်နိုင်တော့ စီစဉ်ပေးမယ့်လူ လိုက်ရှာတော့လည်း မရခဲ့ဘူး၊ လွန်ခဲ့တဲ့ လအနည်း ငယ်လောက်ကပေါ့။ သူကိုဆုံးရှုံးသွားတော့ သူက တိုင်းပြည်ရဲ့ရတနာပဲပေါ့။ သူက ဦးတို့ထက် ရှေးကျတော့ သူရဲ့ သီ ချင်းတွေကို ကျောင်းသားဘဝတုန်းက ဆိုခဲ့ရတယ် ကြိုက်ခဲ့တယ်။ နောက်ပိုင်းကျမှသာ လူချင်းခင်ရတာ နှမြောတယ် ပေါ့။
အသက် ၆၁ နှစ်ဆိုတာက ငယ်လွန်းသေးတယ်။ ယူကြုံးမရဖြစ်ရတယ်။ အမှန်တကယ်တော့ သူ့သီချင်းတွေ အများ ကြီး ဆိုနိုင်ရဦးမယ်။ ပရိသတ်အတွက် ဆိုပေးခဲ့တဲ့သီချင်းတွေလည်း အများကြီးပါ။ ရှားရှားပါးပါး ထွန်းပေါက်ခဲ့တဲ့ ကိုယ် ပိုင် သီချင်းတွေဆိုတဲ့ တေးသံရှင်ပေါ့။ ဂီတလောကအတွက် မှတ်တိုင်လည်း ထူခဲ့တယ်၊ သူ့သီချင်းတွေကတော့ ရှင်သန်နေ ဦးမှာပါ။ ကောင်းရာမွန်ရာရောက်မှာပါ။ လူ့လောကမှာ လုပ်နိုင်တာတွေလုပ်ခဲ့တယ်၊ မိသားစုကိုလည်း တာဝန် ကျေပါ တယ်၊ အကြွေစောပေမယ့် နှမြောပေမယ့် လူတိုင်းရှောင်လွှဲမရတဲ့ ခရီးကိုသွားရတာပဲပေါ့။ ကောင်းရာသုဂတိ လားပါစေ လို့ ဆုတောင်းပေးပါတယ်။
မေခလာ
အစားထိုးမရတဲ့ ဆုံးရှုံးမှုပါ။ အစ်ကိုက အမတို့အပေါ်မှာရော သူ့ရဲ့ပရိသတ်အပေါ်မှာရော တအားကို စိတ်စေတနာ ကောင်းတဲ့သူပါ။ သူ့လိုလူမျိုးနောက်ထပ်ထွက်ပေါ်ဖို့လည်း မလွယ်ပါဘူး သူဟာ အနုပညာနဲ့ပတ်သက်ပြီးတော့ ငွေရေး ကြေးရေးကအစ ဘာမှ မမက်မောတဲ့သူပါ။ အနုပညာကိုပဲ ချစ်တဲ့သူပါ။ သူနဲ့အမနဲ့တွေ့ရင် သူ့ရဲ့အဆင်မပြေမှု အိမ် တွင်းရေးမှာလဲ ဒုက္ခတွေများတယ်လေ၊ မိန်းမကလည်း ရောဂါသည်ဆိုတော့ စိတ်ညစ်မှုတွေများလာရင် သူသေချင် တယ်၊ သေချင်တယ်ဆိုပြီး ခဏခဏပြောတယ်၊ ဒီစကားတွေက မပြောကောင်းဘူးဆိုပြီး နှစ်သိမ့်ခဲ့ပေမယ့် သူ့မျက် နှာကို ကြည့်တဲ့အခါမှာ တအားကို အိုမင်းရင့်ရော်လာခဲ့တယ်။ စိတ်ဓာတ်ကျနေပြီဆိုတာ သိလိုက်တယ်။
သူရောဂါဖြစ် နေပြီဆိုတာကို သိနေပြီး မကုဘဲနဲ့ သူ့အိမ်ထောင်ဖက် နေမကောင်းနေဘူး ဆိုတဲ့အတွေးနဲ့ပဲ ပိုက်ဆံရှာ ခဲ့ တယ်။ သူတ ပြားမှ မသုံးသွားရဘူး။ လွန်ခဲ့တဲ့ ၇နှစ်လောက်ကတည်းက ချောင်းတွေဆိုးပြီး အန်ခဲ့တယ်။ ဆေးရုံပြပါ လို့ ပြောတာကို ဘာမှ မဖြစ်ဘူးပဲပြောခဲ့တယ်။ သူ့ကိုယ်သူ မကြည့်ခဲ့ဘူး။ အမှတ်တရတွေက အများကြီးပါ။ သူနဲ့က အနု ပညာလောက ထဲ စဝင်တာက အတူတူလောက်ဖြစ်တာကို အသက်တော့ ပိုကြီးပေမယ့် ခေတ်က အတူတူလောက်ပါပဲ။ လမ်းကြမ်း တွေလည်း ဖြတ်ခဲ့ကြတယ်။ အမကိုလည်း အမြဲတမ်း ဆိုဆုံးမတယ် အမကလည်း ဆိုဆုံးမတယ်။ တယောက် နဲ့ တယောက်က တကယ့်ကို မောင်နှမအရင်းလို နေခဲ့ကြတယ်။
ချောစုခင်
လေးစား ချစ်ခင်ရတဲ့ တေးသံရှင်တဦးပါ။ ခရီးတွေ ပွဲတွေ အတူသွားခဲ့ဖူးတော့ သူ့ စိတ်ဓာတ် ဘယ်လိုလဲဆိုတာ အသိ ဆုံးပါ၊ အရမ်းနှမြောတသ ဖြစ်ရပါတယ်၊ သူ နေမကောင်းဖြစ်မှ သူ့ကို ပရိတ်သတ်တွေက ဘယ်လောက် ချစ်ကြလဲ မြင် ရ တွေ့ရပါတယ်။ သူ့အစား ကျေးဇူးလည်း တင်ပါတယ်၊ အမြဲ အမှတ်ရနေမှာပါ။
ကော်နီ
အားလုံးချစ်ကြခင်ကြတဲ့ ဦးခိုင်ထူး(ဖိုးလေး) ဆုံးပြီတဲ့ ရင်ထဲအလွန်မကောင်းဖြစ်ရပါတယ်။ ဖိုးလေးနဲ့ ခင်ခဲ့ကြတဲ့ သက် တမ်းတလျှောက် ဖိုးလေးရဲ့သွန်သင်ဆုံးမမှုတွေ ရင်ထဲမှာ ခံယူမှတ်သားခဲ့သလို, အတုယူစရာရှိတဲ့ အနုပညာပေါ်ထား ရှိ တဲ့စိတ်ဓာတ်တွေကို သင်ယူနိုင်ခဲ့ပါတယ်။ အားငယ်သူ၊ နိမ့်ကျသူတွေအပေါ်, ကိုဖိုးလေး အမြဲပေးကမ်းစွန့်ကျဲတတ်တဲ့ စိတ်လေး ဒါဖိုးလေးဆီက အတုယူခဲ့တဲ့စိတ်လေးပါ။ ဖိုးလေးရေ ရင်ထဲမကောင်းလိုက်တာ။
ဒီရက်ထဲ ဖိုးလေး ကောင်းရာဘုံဘဝရောက်ဖို့ပဲ ဆုတောင်းနေခဲ့တာပါ။ အနုပညာအပေါ် မိသားစုအပေါ် သိပ်ကို တာဝန် ကျေချင်တဲ့ ဖိုး လေး ကောင်းရာဘုံဘဝမှာ သူတော်ကောင်းများနဲ့ဆုံတွေ့နိုင်ပါစေ။
ဦးပက်ထရစ်(တကိုယ်တော်တီးခတ်သီဆိုသူ/ ဦးခိုင်ထူး၏သူငယ်ချင်း)
သူကအစောကြီးဖြစ်သွားတာပါ၊ သူဟာ သူရဲ့မြတ်သောအကျင့်ဆိုတဲ့ သီချင်းထဲကအတိုင်း ကျင့်ကြံပါတယ်။ သူ့ရဲ့ အနုပ ညာဘဝကို ဖြတ်သန်းတဲ့အခ့မှာလဲ ရိုးရိုးကျင့် မြင့်မြင့်ကြံပါတယ် သူဟာအနုပညာကိုရိုးရိုးသားသားရှာစားခဲ့တယ် လုပ် စားခဲ့တယ် ။
အနုပညာသမားဆိုတာ လူသေသွားမယ်နာမည်မသေသွားဘူး တချို့လူတွေကျတော့ လူကမသေဘူး နာမည်က သေနေ တယ်။ အခုထက်ထိသူရဲ့ အနုပညာတွေက ဆက်လက်ရှင်သန်နေတယ်။ သူက မြတ်သောအကျင့်နဲ့ အနုပညာလမ်းကို လျှောက်လမ်းနိုင်သူတယောက်၊ မြတ်တဲ့ဘုံဘဝကို ရောက်သွားမှာပါလို့ ဆုတောင်းပေးလိုက်ပါတယ်။