မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ခရီးဆက်နိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုး ရရဲ့ အစီအစဉ်နဲ့ မြန်မာ့ ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲတခုကို နေပြည်တော်မှာ ၃ ရက်တိုင်တိုင် ကျင်းပ ပြုလုပ် ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ ပြည်တွင်းပြည်ပက ပညာရှင်တွေ၊ အစိုးရ အရာရှိတွေ၊ တပ်မတော်က ကိုယ်စားလှယ်တဦးနဲ့ နိုင်ငံရေး စိတ်ပါဝင်စားသူများစွာ တက်ရောက်ခဲ့ကြပါတယ်။
ဒီလို ဆွေးနွေးပြီး အမြင်ချင်း ဖလှယ်ကြတာတွေကြောင့် မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအတွက် ဘယ်လောက် အထောက်အကူ ဖြစ်နိုင်လဲဆိုတာ သိရှိနိုင်ဖို့ ဧရာဝတီ သတင်းထောက်တွေဖြစ်တဲ့ ထက်နိုင်ဇော်နဲ့ ထွန်းထွန်း တို့က တွေ့ဆုံမေးမြန်းထားပါတယ်။
ဦးအောင်ကြည်ညွန့် (NLD) အမျိုးသား လွှတ်တော် ကိုယ်စားလှယ်
မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ အခင်းအကျင်း ဖြစ်နေတဲ့အတွက် နိုင်ငံတကာကပါ လာပြီးတော့ ဘယ်လိုကူညီ စောင့်ရှောက်ရမလဲ။ ဘာတွေ လုပ်နေကြသလဲ၊ ဘယ်လို အသိပညာတွေ ပေးနေသလဲဆိုတာကို ပြည်သူလူထု သိခွင့်ရတယ်။ ဒီလို အစဉ်အလာမျိုးနဲ့ ဒီယဉ်ကျေးမှုမျိုးက အခုမှ စရတာ ဖြစ်တယ်။ အဲဒါက အင်မတန်မှ တန်ဖိုးကြီးတဲ့ အတွေ့အကြုံတွေ ဖြစ်တယ်။
မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို ဘယ်လို ဖြေရှင်းကြရင် ကောင်းမလဲ။ ဘယ်လိုနည်းနဲ့လုပ်ရင် ကောင်းမလဲလို့ စဉ်းစားကြတယ်။ နိုင်ငံတကာအတွေ့အကြုံနဲ့ သီအိုရီတွေ အများကြီး ပြောကြတယ်။ သူတို့နိုင်ငံရဲ့ အတွေ့အကြုံတွေ လည်း အများကြီး ပြောကြတယ်။ သူတို့ရဲ့ အတွေ့အကြုံတွေမှာ လုပ်နည်းလုပ်ဟန်တွေက တခုနဲ့တခု မတူတော့ လုပ်နည်းလုပ်ဟန်တွေရဲ့ နောက်ကွယ်ကိုသာ လိုက်ပြီး စဉ်းစားမယ်ဆိုရင် အဖြေမထွက်နိုင်ဘူး။
ဒါပေမယ့် လုပ်နည်းလုပ်ဟန်တွေကို စုခြုံလိုက်တဲ့အခါမှာ ဘယ်လို အိုင်ဒီယာမျိုးနဲ့ ချည်းကပ်သွားသလဲ ဘုံဆွဲထုတ်နိုင်တဲ့ အတွေးအမြင်တခု ရရှိနိုင်ပါတယ်။ ဒီလိုပေါ်ပေါက်လာတဲ့ အနေအထားမျိုးကြောင့် ဒီနေရာမှာ ပုံတူကူးချရမှာ မဟုတ်တဲ့အတွက် သူများ နိုင်ငံရဲ့ အတွေ့အကြုံပေါ်မှာ ရှောင်ရမယ့် သင်ခန်းစာတွေလည်း ရသလို ဆောင်ရမယ့် သင်ခန်းစာတွေလည်း ရတယ်။
နိုင်ငံတကာကနေ ခေတ်မီတိုးတက်တဲ့ အတွေးအခေါ်တွေ ရလာတဲ့အခါ သင်လာခဲ့ရတဲ့ ဘယ်လောက် အဆင့် အတန်း မြင့်သလဲဆိုတာကို ဖော်ထုတ်လိုက်ချင်တယ်။ ရှေးတုန်းက ဘိုးဘွားမိဘတွေက ပေးခဲ့တဲ့ လူ့အဖွဲ့အစည်းဟာ အင်မတန် အဆင့်မြင့်တယ်။ အနောက်မှာတောင် မရှိဘူး။ လူ့အဖွဲ့အစည်းကို ဝတ္တရားတွေနဲ့ ပေးခဲ့တာ။
တို့မှာ ဘယ်လို ဝတ္တရားရှိလဲဆိုတဲ့ ရှု့ထောင့်ကသာ ချဉ်းကပ်လိုက်မယ်ဆိုရင် အခု ရင်ဆိုင်နေရတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ပြဿနာမှာလည်း ဆိုလိုချင်တာက သဘာဝအရင်းအမြစ်တွေ ရှိနေတဲ့ နေရာက တိုင်းရင်းသားတွေဟာ ဒီသဘာဝ အရင်းအမြစ်တွေကို တနိုင်ငံလုံး အကျိုးရှိအောင် ဘယ်လို စောင့်ရှောက်မလဲဆိုတဲ့ ဝတ္တရားကို စဉ်းစားလိုက်လို့ရပါတယ်။
ဗိုလ်မှူးကြီး အောင်မြင့်ဦး-နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်
သောင်းကျန်းသူဆိုတဲ့ စကားလုံးက တမင်ရည်ရွယ်ပြီးပြောတာ မဟုတ်ဘဲ မတော်တဆ မှားပါသွားတာပါ။ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခ၊ Ethnics Arm Conflict ပေါ့။ ကျန်တဲ့စကားတွေတော့ မပြောပါဘူး။ ဒါကတော့ ပိုပြီးတော့ ကြားထဲမှာကျတဲ့ အဖြေ ဖြစ်မှာပေါ့။ အဲဒါဆိုရင်တော့ ပိုရှင်းသွားတာပေါ့။ ကျနော်လည်း ဂရုစိုက်ပါတယ်။ နည်းနည်းတော့ မှားပြီး ပါသွားတာပေါ့လေ။
ဒီလိုပွဲမျိုး ကျင်းပတဲ့အတွက် အကုန်လုံးပါပြီးတော့ ဆွေးနွေးနိုင်တယ်ပေါ့လေ။ လွှတ်တော်ရော၊ တခြား အစုအဖွဲ့တွေ ပါဝင် သက်ဆိုင်တဲ့ ပြည်တွင်း ပြည်ပ ပညာရှင်တွေရော သီအိုရီနဲ့ တကယ့်လက်တွေ့လုပ်ကိုင်တဲ့ ပညာရှင်တွေ ပေါင်းပြီးတော့မှ ကြည့်ရတာ ဆိုတော့ ဘယ်ဟာကတော့ မှားနေတယ်။ လက်တွေ့လုပ်တဲ့အခါမှာ ဘယ်လိုရှိတယ်။
ဒီလို ရှင်းရှင်းလင်းလင်း၊ ပွင့်ပွင့်လင်းလင်း ပြောခွင့်ရတဲ့အခါကျတော့ ဘယ်ဟာကတော့ လိုအပ်ချက်ရှိတယ်ဆိုတာ ကျနော်တို့ မှန်းလို့ ရပါတယ်။ ကိုယ့်ရဲ့ လမ်းကြောင်းကို ပြန်ပြီး တည့်မတ်နိုင်တယ်။ မှန်တဲ့လမ်းကြောင်းပေါ်ကို နီးကပ်အောင် ပြန်ဆွဲနိုင်တယ်။ မြန်မာ့ဒီမိုကရေစီခရီးက ဘယ်ရောက်နေပြီလဲဆိုတော့ ပြည့်စုံရမယ့် အချက်တွေ ရှိပြီလား။ အခက်အခဲတွေကို ကျော်လွှားနိုင်ပြီလား။ ကိုယ့်ရဲ့ အရည်အသွေးနဲ့ ပါဝင် ပူးပေါင်းဆောင်ရွက်တဲ့သူတွေ အပေါ်မှာ အချိန်က ကန့်သတ်လိုက်တာပဲ။ Democracy Transition က အရှေ့အလယ်ပိုင်းမှာဆိုရင် ပြဿနာ ပေါင်းစုံတက်နေပြီ။
ဒီဖြစ်စဉ်တွေမှာ သူများနိုင်ငံက မှားနေတဲ့ အမှားမျိုး ထပ်မဖြစ်စေဘဲနဲ့ အမှားတွေကို စဉ်းစားပြီး လုပ်သွားဖို့ အရေးကြီးပါတယ်။ ပြောနေကြတဲ့ အာရပ် စပရင်းကလည်း အာရပ်ဝင်းတား ဖြစ်နေပြီလေ။ အဲလိုမျိုး မကြုံအောင် ကျနော်တို့က ဘယ်လို လုပ်မလဲ။ သူများ ဖြစ်ခဲ့တဲ့အမှားတွေကို နောက်ထပ်လိုက်မမှားဖို့ ရှောင်ပြီး လုပ်သွားရမယ်။ ဒါအရေးအကြီးဆုံးပဲ။
တပ်မတော်ကပါနေတယ်ဆိုတာက လုံခြုံရေးပြဿနာတွေအတွက် အစိုးရကို ကူညီဖြေရှင်းပေးနေတာလေ။ အစိုးရဆိုတာလည်း Instrument တခုပဲ။ အစိုးရက ဒီနိုင်ငံကြီးတခုလုံး စည်းနဲ့ကမ်းနဲ့ ဖြစ်အောင် ဘယ်လောက် ကိုင်တွယ်နိုင်လဲ။ ဘယ်လောက် ဖြေ ရှင်းနိုင်မလဲ။ အဲလို ဖြေရှင်းတဲ့အခါမှာလည်း သူကိုယ်တိုင် မဖြေရှင်းနိုင်ရင် တပ်မတော်ကို အသုံးချနေတာပဲ။ အဲလို ပြဿနာတွေ အမြဲတန်း ရှိနေသရွေ့ကတော့ တပ်မတော်နဲ့ အစိုးရနဲ့ အသုံးချတာနဲ့ အသုံးချခံတာနဲ့ ဘယ်လိုပဲ ပြောပြော ဒါကတော့ ရှိနေမှာပဲ။
အခု နိုင်ငံခြား တိုင်းပြည်တွေမှာ လုံခြုံရေးဆိုင်ရာ ပြဿနာတွေ အကျိုးစီးပွားဆိုင်ရာ ပြဿနာတွေ ရှိတယ်။ အမေရိကန်ဆိုရင် သူ့နိုင်ငံကို လာခြိမ်းခြောက်တာတော့ မရှိဘူး။ သူက တကမ္ဘာလုံးဆိုင်ရာ အင်အားကြီးနိုင်ငံ ဖြစ်တဲ့အတွက် သူ့အကျိုးစီးပွားတွေက သူ့နိုင်ငံရဲ့ ပြည်ပဖြစ်တဲ့ အရှေ့အလယ်ပိုင်းတို့ တကမ္ဘာလုံးမှာ ရှိနေတယ်။ အဲဒီမှာလည်း သူ့ရဲ့ စစ်အင်အားကိုပဲ အခြေခံရတာပဲ။ စစ်အင်အား မရှိဘဲနဲ့ သူ့ရဲ့ အင်အားကိုလည်း တည်ဆောက်လို့ရမှာ မဟုတ်ဘူးလေ။
ကမ္ဘာမှာ သူဦးဆောင်နိုင်ဖို့ စစ်အင်အားတွေ ပါတယ်။ ဓနအင်အားတွေပါတယ်။ Technology တွေ ပါတယ်။ အမျိုးမျိုးပေါ့။ ဒါမျိုး ကျနေ်ာတို့ လုပ်ဖို့ ဆိုတာတော့ အများကြီးလိုပါသေးတယ်။
ဦးတင်မောင်သန်း (ဒါရိုက်တာ) လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးမှုအဖွဲ့
အဓိက စိန်ခေါ်မှုကတော့ တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံတွေကို စနစ်တကျ သေသေချာချာ လုပ်နိုင်လား၊ မလုပ်နိုင်ဘူးလား ဆိုတဲ့ အချက်အပေါ်မှာ မူတည်မယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ဥပမာ ဒီမှာ ပညာရှင်တချို့ ထောက်ပြတာတွေက ကျနော်တို့ နိုင်ငံအနေအထားနဲ့ လက်မခံနိုင်တဲ့ ပုံစံမျိုးတွေ ဖြစ်နေတယ်။
ဒါတောင် ဒေါ်အောင်ဆန်းစုကြည်က အဲဒီလမ်းကြောင်းအတိုင်း သွားနေလို့ ဒီလောက်ရတာ။ တခြားလူဆိုရင် မလွယ်ဘူး။ အခုလည်း ဒီအကူးအပြောင်း အကြောင်းတွေကို နယ်စပ်မှာ ပြောခဲ့တယ်။ ဒီရောက်တော့လည်း ပြောတယ်။ ဒါပေမယ့် ကျနော်တို့ ပြောတာ မပေါက်ဘူး။ ဒီမှာလည်း ကူးပြောင်းရေးကို မလောဖို့ ပြောကြတယ်။
အခုလည်း ဒေါ်အောင်ဆန်းစုကြည်က ဒီလမ်းကြောင်းပေါ်ကို ရောက်နေတဲ့အတွက်ကြောင့်မိုလို့ အကြီးမားဆုံး စိန်ခေါ်မှုတွေ ရှိ တယ်။ သိမြင်မှုအရ အဓိက ဇာတ်ကောင်တွေ ရှိတယ်။ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေး ပါတီတွေ၊ တက်ကြွလှုပ်ရှားသူတွေ ရှိမယ်။ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ အကူးအပြောင်းပေါ်မှာ သိမြင်မှုက ပိုပြီးတော့ တိကျ ကျယ်ပြန့်လာရင် ပိုပြီးတော့ စိန်ခေါ်မှုနည်းမယ်လို့ ထင်တယ်။
ဒုတိယ စိန်ခေါ်မှုကတော့ ယုံကြည်မှုပဲ။ တယောက်နဲ့ တယောက် ယုံကြည်မှု မရှိလို့ရှိရင် ဘာတွေပဲ သဘောတူတူ နိုင်ငံရေးအရ ဘာတွေပဲ လိုက်လျောလိုက်လျော အဓိပ္ပါယ်ကောက်တာတွေက တမျိုးဖြစ်သွားပြီးတော့ အများကြီး လွဲချော်သွားနိုင်တယ်။
ကိုနန်းလင်း (ဒဂုံတက္ကသိုလ်၊ ရူပဗေဒဘာသာရပ်၊ တတိယနှစ်)
အစိုးရသစ်လက်ထက်မှာ သူတို့ရဲ့ အသွင်ကူးပြောင်းမှု ဖြစ်စဉ်တွေက ဘယ်လောက်တောင်မှ အကျိုးသက် ရောက်မှု ရှိနေလဲ၊ ဘာတွေ အခက်အခဲရှိနေလဲ၊ ဘာတွေပြင်ဖို့လိုမလဲ ဆိုတာတွေကို နိုင်ငံတကာက ပညာရှင်တွေရော၊ ပြည်တွင်းမှာ တကယ့် လက်တွေ့လုပ်ကိုင်နေကြတဲ့ လွှတ်တော်အမတ်တွေ၊ ဝန်ကြီးတွေ၊ ပညာရှင်တွေစသဖြင့် ကိုယ်တိုင်ပါဝင်ဆွေးနွေးနေကြတာက တကယ့်ကိုမှ ကိုယ့်ရဲ့လုပ်ငန်းစဉ်တွေကို ပြန်လည် သုံးသပ်ကြတဲ့အတွက် ကျနော်တို့အတွက် ပညာတွေ အများကြီး ရပါတယ်။ လက်ရှိ အသွင်ကူးပြောင်းမှုမှာ မြန်မာနိုင်ငံအနေနဲ့ အကန့်အသတ်တွေ ရှိနေတယ် ထင်ပါတယ်။ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ဖွဲ့စည်းပုံပြင်ရေး အားလုံးမှာ အကန့်အသတ်တွေ ရှိနေတယ်။ ငြိမ်းချမ်းရေးမှာဆို စစ်တပ်ရဲ့ပါဝင်မှုအနေအထား တော်တော် လေး အကြပ်အတည်း ဆိုက်နေတာ တွေ့ရတယ်။ စီးပွားရေးမှာဆိုလည်း အစကတည်းက ပျက်စီးယိုယွင်းနေတဲ့ ယန္တယားကြီးနဲ့ လည်ပတ်နေရတဲ့အတွက် မပြီးမြောက်တာတွေရှိတယ်။ အဲဒါတွေကို ကျနော်တို့ ဘယ်လိုမျိုးပြင်ဆင်ပြီးသွားကြမလဲဆိုတာကို ဒီဆွေးနွေးပွဲတွေကနေ အဖြေတွေထုတ်နိုင်ခဲ့မယ်ဆိုရင် ဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်ပါလိမ့်မယ်။
မစုရတနာမြင့် (နိုင်ငံရေး သိပ္ပံဘွဲ့လွန်သင်တန်း ကျောင်းသူ)
လက်ရှိမြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းမှုနဲ့ပတ်သက်လို့ မနက်က ပါမောက္ခကြီးတယောက် ပြောသလိုပါပဲ။ ဖန်ခွက်ထဲမှာ ရေတဝက် ရှိတယ်။ ဒါက ရေက တဝက်ပဲရှိနေတာလား၊ တဝက်လျော့သွားတာလား၊ မသိနိုင်သေးဘူးပေါ့။ ကျမအမြင်ကတော့ အခုအသွင်ကူးပြောင်းမှုက ရပ်တန့်နေတယ်လို့ပဲ မြင်တယ်။
ပြည်သူတယောက်အနေနဲ့တော့ ပြုပြင်ပြောင်းလဲမှုတွေရှိလာတယ် ဆိုပေမယ့် အားရကျေနပ်လောက်တဲ့အထိ ဒီမိုကရက် တစ်ဆန်တဲ့ ပြောင်းလဲမှုကတော့ မရောက်သေးဘူး၊ အားလုံးက အတူတကွ ကြိုးစားနေတယ် ဆိုတာကိုတော့ မြင်နေရတယ်။ အသွင်ကူးပြောင်းမှုမှာ ငြိမ်းချမ်းရေးတခုတည်းပဲ သွားလို့မရဘူးပေါ့နော်။ စီးပွားရေးပိုင်းမှာလည်း အရမ်းကိုအရေးကြီးပါတယ်။ တောင်တန်းဒေသတွေမှာ စစ်ပွဲတွေကြောင့် မငြိမ်းချမ်းသလို မြေပြန့်မှာလည်း ဆင်းရဲမွဲတွေမှုကြောင့် ပြည်သူတွေ မငြိမ်းချမ်းပါဘူး၊ အဲဒီအတွက် ပြုပြင်ပြောင်းလဲမှုမှာ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးတိုးတက်ရေးကို တပြိုင်တည်း သွားသင့်တယ်လို့ မြင်ပါတယ်။
ဦးပီတာလင်းပင် (၁၉၉၀ ခုနှစ် ရွေးကောက်ခ ံကိုယ်စားလှယ်ဟောင်း)
နိုင်ငံရေး အသွင်ကူးပြောင်းမှု အခြေအနေသိပ်ကောင်းချင်ရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပယ်ဖျက်ပစ်ရမယ်၊ ၂၀၀၈ ဖွဲ့စည်းပုံကို မပယ်ဖျက်ရင် တန်းတူရည်တူ အခွင့်အရေး မရှိတဲ့အတွက် ငြိမ်းချမ်းရေးလည်း မရနိုင်ဘူး၊ ဘာမှလည်း မရနိုင်ဘူး၊နောက်ပြီး စစ်တပ်က အုပ်ချုပ်ရေးမှာ ပါရမယ်ဆိုတာ ပြည်သူ့အစိုးရအောက်မှာပါရမှာ စစ်တပ် ရဲ့တာဝန်ပဲ။ စစ်တပ်ဆိုတာ ပြည်သူ့ ကြေးစား ဝန်ထမ်းပဲ။
အဲဒီတော့ ဘာလုပ်ရမလဲဆိုတာ အစိုးရလက်အောက်ကနေပဲ နေပြီးတော့ စည်းမျဉ်းစည်းကမ်းတွေ ဖောက်ပြန်တဲ့ ဝန်ထမ်းမှန်သမျှကို နိုင်ငံတော်ကနေထုတ်ပယ်ပစ်ရမယ်။ အဲဒါအရေးကြီးဆုံးအချက်ပဲ။ အခု NLD လက်မှတ်မှာ တိုးတက်မှုလေးတွေ ရှိလာတယ်။ အဲဒါ ကို ဆုတ်ယုတ်အောင်ပြန်လုပ်နေတာ ဘယ်သူတွေလဲဆိုတာ ပြည်သူတွေကသိတယ်။ အဲဒီလိုလူတွေကို ပြတ်ပြတ်သားသား အရေးယူရင် တိုင်းပြည်က ဒီမိုကရေစီရမှာပဲ။
အချို့တိုင်းရင်းသားတွေက တောင်းဆိုချက်တွေ လုပ်နေတယ်။ တောင်းဆိုချက်တွေနဲ့ပဲ မဟုတ်ဘဲ တိုင်းပြည် ပြန်လည် တည်ထောင်ဖို့က ပေးဆပ်မှုနဲ့ လုပ်ရမယ်။ နေရာယူဖို့ မဟုတ်ဘူး။ နှစ်ပေါင်းများစွာ တိုက်ပွဲတွေဖြစ်နေပြီး အခုထိ ပြည်တွင်း ငြိမ်းချမ်းရေးက ဘာလို့မပြီးလဲဆိုရင် အတ္တသမားတွေ ကြောင့်ပဲ။ ကိုယ့်တိုင်းပြည်ကိုချစ်ရင် ဒါတွေကို ဘာလို့ ရေရှည်ဆွဲနေမှာလဲ။ ပျက်အစဉ် ပြင်ခဏဆိုသလို ချက်ချင်းလုပ်ရင် ချက်ချင်းရနိုင်တဲ့ဟာကို ဆွဲနေတဲ့သူတွေဟာ လုပ်စားနေတဲ့သူတွေ၊ မမှန်ကန်တဲ့ သူတွေပဲ။
ဒီမိုကရေစီဆိုတာ အာဏာရှင်ကိုလက်ခံဖို့ မဟုတ်ဘူး၊ လူတိုင်းက တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ရရှိဖို့ပါပဲ။ အခု တပ်မတော်မှာလည်း တိုင်းချစ်ပြည်ချစ်စိတ်ရှိတဲ့ တပ်မတော်သားတွေအများကြီးရှိပါတယ်။ ဒါပေမယ့် အာဏာရူးနေတဲ့သူတွေ ရှိနေသေးတဲ့ ကာလပတ်လုံး တိုင်းပြည်ကိုဘယ်တော့မှမရနိုင်ပါဘူး။
ဦးမင်းကိုနိုင် (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
လူတွေဟာ ပြောရင်းနဲ့ တယောက်နဲ့တယောက် အမြင်မတူတာတွေ ပါလာလိမ့်မယ်။ အဲဒါတွေကို ကျနော်တို့က သဘာဝကျကျ လက်ခံရလိမ့်မယ်။ အဲဒီမတူတဲ့အမြင်တွေကို တယောက်နဲ့တယောက် အစွဲချွတ်ဖို့လား၊ ရလဒ်ထွက်ဖို့လားဆိုတာ ဒီဆွေးနွေးပွဲတွေရဲ့ အဓိကနဲ့ သာမညကို ခွဲခြားရမှာပါ။ တယောက်နဲ့တယောက် အစွဲတွေချွတ်လို့ မရသေးဘူး၊ ဘာလို့လဲဆိုတော့ နှစ်ပေါင်းများစွာ ကိုယ်စီစွဲလာတဲ့ အစွဲတွေရှိတယ်။
ဒါပေမယ့် အားလုံးခြုံလိုက်တော့ ဒီနိုင်ငံသားတွေ အကျိုးရှိဖို့အတွက် ငါတို့အမြင်တွေ ဖလှယ်ရင်းနဲ့ ရလဒ်ကောင်းတွေ ထွက်အောင် ဘယ်လိုလုပ်မလဲ။ အဲဒီရလဒ်ကောင်းတွေကို ရောက်ဖို့အတွက် မတူတဲ့အချက်တွေကို လက်ခံပေးရမှာပဲဖြစ်တယ်။ ကျနော်တို့ဆီမှာ ပြည်တွင်းစစ်ကို ဘယ်လိုရပ်အောင်လုပ်မလဲ။ နိုင်ငံသားတွေတန်းတူညီမျှရေးကို ဘယ်လိုလုပ်မလဲဆိုတာတွေ ညှိကြရမယ်။ အကြောင်းပြချက်အမျိုးမျိုးကြောင့် အခွင့်ထူးတွေယူထားတာရှိတယ်။ အဲဒီလို အမြဲယူထားလို့မရဘူး။ ကာလတခုပြီးရင် အားလုံးက တန်းတူညီမျှရှိတယ်ဆိုတဲ့အချက်ပါပဲ။ နမူနာကိုပဲပြောတာပါ။
အတိတ်က အစဉ်အလာနဲ့ သမိုင်းတွေရှိနေတဲ့အတွက် နှစ်ပေါင်းများစွာ ဖြစ်လာတဲ့အနာ၊ မတူကွဲပြားမှုတွေကို ချက်ချင်းတော့ စေ့စပ်လို့မရဘူး။ ဒါကိုလက်ခံတယ်။ ဘယ်သူတွေက တယောက်နဲ့ တယောက် မတူဘူးလဲဆိုတော့။ ဒီဒဏ်ရာဒဏ်ချက်တွေကို ခံစားခဲ့ရတဲ့သူတွေကတော့ ဒါတွေကိုအမြန်းဆုံး ပြီးစေချင်တယ်။ ဒီအပေါ်မှာ အကျိုးအမြတ်ရှိနေတဲ့သူကတော့ ကြာလေ ကောင်းလေဆိုတာမျိုးပေါ့။ အဲဒါမျိုးတော့ မဖြစ်ဘူး။
အဲဒီမှာတချက်က ဘယ်သူတွေက ဘယ်သူကိုကိုယ်စားပြုသလဲဆိုတာ တော်တော်အရေးကြီးပါတယ်။ ဘယ်ဆွေးနွေးပွဲပဲဖြစ်ဖြစ် ကိုယ်စားပြုတဲ့သူတွေ အမှန်တကယ်တက်ရောက်နိုင်ပြီးတော့ ကိုယ်စားပြုထားတဲ့သူကလည်း ကိုယ့်ရဲ့အဖွဲ့အစည်း လူတန်းစားတွေ အပေါ် ပြန်ပြီးသစ္စာရှိဖို့ လိုပါတယ်။
စစ်ဖက် အရပ်ဖက်ဆက်ဆံရေးကလည်း ထိလွယ်ရှလွယ်စိတ်အခံမျိုးနဲ့တော့ မဖြစ်ဘူးဗျ၊ ဘာလို့လဲဆိုတော့ အမှန်တရားတွေကို ပြောကြတဲ့အခါမှာ နာကျင်တွေ၊ ခါးသီးတာတွေပါလာတတ်တယ်။ ကျနော်တို့မှာ ပြုလုပ်သူဘက်နဲ့ ခံစားခဲ့ရသူဘက် ဒီနှစ်ဘက်ပဲ ရှိတာ။ ခံစားရသူတွေဘက်က သည်းခံနိုင်သေးရင် ပြုတဲ့သူတွေဘက်ကလည်း သဘောထားတွေက ရင့်ကျက်ဖို့ လိုပါတယ်။
ဦးကျော်ဝင်း (နိုင်ငံရေးလေ့လာသုံးသပ်သူ)
စစ်ဘက် အရပ်ဘက် ဆက်ဆံရေးဆိုတာ တည့်တည့်ပြောရရင် အဖွဲ့အစည်းချင်းပြိုင်ရတာ။ တနည်းပြောရရင် ပညာချင်းပြိုင်ရတာ။ စစ်ဘက် အဖွဲ့အစည်းတွေက အားကောင်းနေရင် စစ်ဘက်က လွှမ်းမှာပဲ။ အရပ်ဘက်အဖွဲ့အစည်းတွေက အားကောင်းနေရင် တဖြည်းဖြည်းနဲ့ အရပ်ဘက်က ထိန်းချုပ်နိုင်အောင် ကြိုးစားလို့ရတယ်။ နံပါတ်တစ် အရေးကြီးတာက အရပ်ဖက် အဖွဲ့အစည်းတွေ အားကောင်းဖို့ပဲ။ လက်ရှိမြန်မာပြည်ရဲ့ အနေအထားကတော့ စစ်ဘက်က အတော်ကိုအားကောင်းနေပြီး အရပ်ဘက်ကတော့ စလုံးရေစရုံ ပဲ ရှိသေးတယ်။ ကိုယ့်ဘက်က အဖွဲ့အစည်းတွေအရင် ခိုင်အောင်လုပ်ဖို့လိုတယ်။ အဲဒါမခိုင်ပဲ စစ်ဘက်ကို အရပ် ဘက် အောက်ထားရမယ်ဆိုတာတွေက လူကြိုက်များအောင် ပြောနေတာပါပဲ။ လက်တွေ့တော့ဘာမှဖြစ်မှာ မဟုတ်ဘူး။
အဓိကကတော့ စီးပွားရေးပေါ့။ တိုင်းနဲ့ပြည်နယ်အဆင့်တွေမှာ စွမ်းရည်ကောင်းဖို့က လိုကောင်းလိုတယ်။ ဒါပေမယ့် တကယ် လက်တွေ့အနစ်နာခံခဲ့တဲ့ သူတွေဆိုတော့ မှားဦးတော့ လူထုကလက်ခံနိုင်တယ်။ ပြည်ထောင်စု အဆင့်မှာကျတော့ အဲဒီလို အနေအထား မရှိတဲ့အတွက် လက်ရှိအခြေအနေကို လူထုက နည်းနည်း စိတ်ပျက်တာတော့ ရှိတယ်။
ဦးသိန်းထွန်းဦး (ဒါရိုက်တာ) သေနင်္ဂ အင်စတီကျူ
စစ်ဘက်အရပ်ဘက်ဆက်ဆံရေးဟာ ဒီမိုကရေစီအကူးအပြောင်းမှာ တော်တော်လေးအရေးပါတဲ့ကိစ္စဖြစ်လာတယ်။ ကျနော်တို့ နိုင်ငံရဲ့ သမိုင်းကြောင်းတွေက ကျန်တဲ့နိုင်ငံတွေနဲ့ မတူကြဘူး။ လွတ်လပ်ရေး ကြိုးပမ်းတာကစလို့ တပ်မတော်ရဲ့အခန်းကဏ္ဍက ပါလာတဲ့အခါကျတော့ သူတို့မှာလည်း စိုးရိမ်မှုလေးတွေ ရှိနေတယ်။
အဲဒါပျောက်ဖို့အတွက်က ယုံကြည်မှုတည်ဆောက်ဖို့လိုမယ်။ ဒီမှာ ထိပ်ပိုင်းခေါင်းဆောင်တွေကတော့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံမှုရှိမယ်လို့ သုံးသပ်တယ်။ လူမှုကွန်ရက်ကို ပြန်တွေးတဲ့အခါကျတော့ နှစ်ဖက်စလုံးရဲ့ တချို့သော အင်အားစုတွေမှာတော့ နည်းနည်း အစွန်းရောက်မှုလေးတွေရှိတာ တွေ့ရတယ်။ အဲဒီလို ရေးသားမှုတွေက စစ်ဘက်အရပ်ဘက်ဆက်ဆံရေးမှာ တစုံတခုလွဲချော်မှုတွေ ဖြစ်သွားစေနိုင်ပါတယ်။ ထိပ်ပိုင်းခေါင်းဆောင်တွေ ရင်းရင်းနှီးနှီးဆက်ဆံသလို ပြည်သူလူထုရဲ့ အသိပညာလည်းမြှင့်လာဖို့လိုလိမ့်မယ်။ ကျနော်တို့ရဲ့ Mindset တွေလည်း ပြင်ဖို့ လိုပါတယ်။
တပ်ဖက်က ငြိမ်းချမ်းရေး ဆွေးနွေးနေတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း အများကြီး ရှိနေတယ်။ ဒီအပြင် ရခိုင်ဒေသ ခြိမ်းခြောက်မှုတွေလည်း ဖြစ်နေတယ်။ ဒါက မလုပ်တတ်မကိုင်တတ်ရင် ကျနော်တို့နယ်မြေဒေသ ပါသွားပြီး ဆုံးရှုံး သွားမယ့်အထိ ဖြစ်စေနိုင်တယ်။ ဒါကို အရပ်သားအစိုးရဘက်က စည်းမျဉ်းစည်းကမ်းတွေနဲ့ မဟာဗျူဟာကျကျ တွေးခေါ်နိုင်ပြီလား။ လုပ်ဖို့အဆင့်သင့်ဖြစ်နေပြီလား။ အဲဒီလိုဖြစ်ရင်တော့ အရပ်သားရဲ့ ဦးဆောင်မှုအောက်ထဲကို တပ်မတော်က တဖြည်းဖြည်းနဲ့ ဝင်သွားမှာပါပဲ။ အဲဒါကိုအောင်မြင်ဖို့ တပ်မတော်နဲ့အစိုးရကြားထဲမှာ အများကြီးဆက်ဆံရေးကောင်းဖို့၊ တူညီသော လမ်းကြောင်းတခုပေါ်မှာ အတူတကွလျှောက်ဖို့ လိုပါတယ်။
ဦးပြုံးချို (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ တောင်အာဖရိကလိုနိုင်ငံရဲ့ သူ့ရဲ့ transform ကို လူထုကို မထုတ်ပြခင် တရားဝင် ဆွေးနွေးပွဲတွေကော လျှို့ဝှက်ဆွေးနွေးပွဲတွေလည်း လုပ်တယ်။ အောင်မြင်မှုတွေကိုလည်း ရဲရဲတင်းတင်း တိုင်းပြည်ကို ကြေညာရဲတယ်။ မိမိပါဝင်နေတဲ့အခန်းကဏ္ဍရဲ့သဘောက ဘယ်လိုလဲဆိုတဲ့ သဘောထားတွေ ထုတ်ပြန်ပြီး လုပ်ခဲ့ကြတယ်။
အင်ဒိုနီးရှားမှာဆို စစ်တပ်ထဲမှာရှိတဲ့ အရာရှိကြီးကိုယ်တိုင်က ပြုပြင်ပြောင်းလဲရေးရဲ့ မော်ဒယ်အကြမ်းတွေကို ရေးဆွဲပြီးတော့ လုပ်ခဲ့ကြတဲ့အတွက် အထောက်အကူတွေ အများကြီးရခဲ့တယ်။ ဒါကနိုင်ငံတကာရဲ့ ပြုပြင်ပြောင်းလဲမှုတွေဖြစ်ခဲ့တဲ့ ပုံစံပါ။ ကျနော်တို့နိုင်ငံမှာကျတော့ စစ်ဘက်နဲ့ အရပ်ဘက် ကူးပြောင်းရေးထက်ကို ဆက်ဆံရေးက တစုံတရာရရှိလာခဲ့ပြီ။
အဲဒီဆက်ဆံရေးကို အခြေပြုပြီးတော့ စစ်ဘက်အုပ်ချုပ်ရေးကနေ အရပ်ဘက်အုပ်ချုပ်ရေးဘက်ကို ပြောင်းလဲဖို့ နားလည်မှုရှိရှိနဲ့ စွမ်းဆောင်နေကြတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ အားလုံးပါစေချင်တယ်။ စစ်ဘက်ကနေ အရပ်ဘက်အကူးအပြောင်းမှာ အုပ်ချုပ်ရေး အကူးအပြောင်းကိုပါ တပါတည်းခေါ်သွားနိုင်တယ်။ ပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုပါ ထပ်ရနိုင်တယ်။ ပြီးတဲ့အခါမှ Constitutional reform ကို ထပ်ရမယ်။
တိုင်းရင်းသားခေါင်းဆောင်တွေအားလုံး အတူတကွအဖြေရှာကြတဲ့အတွက် တန်းတူညီမျှဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်နိုင်မယ်။ ဒါတွေကို ကျော်ဖြတ်နိုင်မယ်ဆိုရင် ဒီမိုကရက်တစ် အကူးအပြောင်းဟာ အများကြီးအောင်မြင်မှုတွေ ရရှိလာနိုင်မယ်။ သို့သော်လည်းပဲ ဒါတွေကိုဖြစ်စေချင်တဲ့ဆန္ဒက တချိန်တည်းနဲ့ ပြီးချင်မှပြီးမယ်ပေါ့။ မမျှော်မှန်းနိုင်တဲ့ စိန်ခေါ်မှုတွေပေါ်လာနိုင်တယ်။ အဲဒီလိုစိန်ခေါ်မှုတွေ ပေါ်လာတိုင်းမှာ ဘုံရည်မှန်းချက်ကိုပဲ အခြေပြုပြီး ကျော်ဖြတ်သွား စေချင်တယ်။
ဦးသန်းစိုးနိုင် (နိုင်ငံရေး လေ့လာသုံးသပ်သူ)
တပ်မတော်ကတော့ သူ့မူနဲ့သူရပ်တည်တာပဲ၊ NLD ကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးစိတ်ဓာတ်နဲ့ လက်ခံတဲ့အခါကျတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးက မညီမျှဘူး ဖြစ်နေတယ်။ NLD က အမျိုးသား လိုက်လျောရေး ဖြစ်နေတယ်။ ရင်ကြား မစေ့နိုင်ဘူးဖြစ်နေတယ်။ NCA မှာ အားလုံးသဘောတူကြရင်တော့ ငြိမ်းချမ်းရေးရနိုင်ပါတယ်။ အဲဒီလို အနေအထားကို ရောက်ဖို့ကတော့ တော်တော်အချိန်ယူရဦးမယ်။
အကွေ့အကောက်တွေကို ရှောင်ရဦးမယ်။ အမြင်မတူတာတွေ ညှိနှိုင်းကြတဲ့အခါမှာ တပ်မတော်ရဲ့သဘောထားက အဓိကဖြစ်နေတဲ့အခါကျတော့ သူတို့ကပါဝင်ဆောင်ရွက်မှုရှိမှဖြစ်မယ့်အနေအထားဖြစ်နေတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံရဲ့ အတွင်းသဘောကိုက နိုင်ငံရဲ့ကံကြမ္မာရဲ့ အဆုံးအဖြတ်ဟာ တပ်မတော်ဖြစ်တယ်ဆိုတာ ပြဌာန်းထားတာလေ။ သူတို့သဘောထားကြီးလာမှ တိုင်းပြည်ဟာငြိမ်းချမ်းရေးရမယ်။သက်သာမယ်။ သူတို့မှာလည်း စိုးရိမ်မှုတွေရှိတယ်။
အရပ်သားအစိုးရက လွှတ်တော်ကနေ သူတို့ရဲ့ဘက်ဂျက်တွေလျော့ချတာ။ ရာထူးရွေးချယ်တွေမှာ လွှတ်တော်ကနေ ဖွဲ့စည်းပုံကို ပြင်လာမှာတွေပေါ့။ ဒီမိုကရေစီအစိုးရ အစစ်အမှန်ဖြစ်လာရင် ဒါတွေက အရပ်သားရဲ့ ခေါင်းဆောင်မှုအောက်မှာပဲ ရှိရမယ်။ အခု ဟာက ကာကွယ်ရေးဌာနတင်မဟုတ်ဘဲ အရေးကြီးတဲ့ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဌာနတွေပါ ယူထားတဲ့အခါကျတော့ တပ်မတော်ကယူထားတဲ့အာဏာက ပိုများနေတယ်။
ဒီလိုအခြေအနေမှာ အရပ်သားအစိုးရအနေနဲ့ လွတ်လွတ်လပ်လပ်လုပ်ဖို့က တော်တော်အခက်အခဲရှိတယ်။ အဲဒါကြောင့် ဒီမိုကရေစီ မပြည့်စုံဘူးလို့ပြောတာပေါ့။ နိုင်ငံတကာရဲ့ ဖိအားတွေနဲ့ စီးပွားရေးကလည်း မအောင်မြင်တဲ့အခါကျတော့ အစိုးရရဲ့ အကြပ်အတည်းက တော်တော်ကြီးတယ်။ လူထုရဲ့စီးပွားရေးအနေအထားက ပေါက်ကွဲမထွက်ဖို့ မနည်းထိန်းနေရတဲ့အခြေအနေဖြစ်တယ်။ လူမှုစီးပွားရေးဖိအား သိပ်ကြီးတယ်။