နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ – ကပ်ပလန် (NSCN-K) အား အစိုးရဘက်မှ NCA တွင် ပါဝင် လက်မှတ် ရေးထိုးရန် ကမ်းလှမ်းထားသော်လည်း NSCN-K မှ အိန္ဒိယရှိ နာဂလူမျိုးများနှင့် မြန်မာနိုင်ငံရှိ နာဂလူမျိုးများကို လွှမ်းခြုံနိုင်သည့် စေ့စပ်ညှိနှိုင်းမှုရမှသာ NCA ထိုးရေး စဉ်းစားသွားမည်ဟု ဆိုထားသည်။
ထို့အပြင် ခန္တီးမြို့နယ်အား နာဂအပိုင်အဖြစ် ထည့်သွင်းပေးရန် နာဂအဖွဲ့အစည်းများက တောင်းဆိုနေရာ ရှမ်းနီ လူမျိုးများကလည်း ၎င်းတို့ အပိုင်ဟုဆိုကာ တောင်းဆိုမှုအပေါ် ကန့်ကွက်မှုများ ရှိနေကြသည်။
အဆိုပါ ကိစ္စရပ်များအပေါ် နာဂရိုးရာ စာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီ၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးအောင်ထွဋ် ကို ဧရာဝတီ သတင်းဌာနက သတင်းထောက် ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ NSCN – K နဲ့ အစိုးရ NCA လက်မှတ်ထိုးနိုင်ရေး ညှိနှိုင်းမှုတွေ ရှိတယ်။ NSCN-K က အိန္ဒိယက နာဂ လူမျိုးတွေနဲ့ မြန်မာနိုင်ငံက နာဂ လူမျိုးတွေ တစုတစည်းတည်း ဖြစ်မှာ လက်မှတ် ထိုးမယ်လို့ ပြောတယ်။ အဲဒီ အပေါ် နာဂလူမျိုးများက ဘယ်လို သဘောရှိကြပါသလဲ။
ဖြေ။ ။ ကျနော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ နာဂလူမျိုးတွေကတော့ အားလုံးကတော့ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေ ချင်တာပေါ့။ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တဲ့ ဆန္ဒရှိတယ်။ ဒီလက်နက်ကိုင် အဖွဲ့တွေကလည်း မြန်မာနိုင်ငံ မှာ ရှိတဲ့ လက်နက်ကိုင်အဖွဲ့ တခုတည်းပေါ်မှာ အမှီသဟဲပြုပြီးမှ သူက ထူထောင်ထားတာ မဟုတ်ဘူး။ လုပ်နေတာ မဟုတ်ဘူး။ အိန္ဒိယဘက်ခြမ်းမှာ ရှိတဲ့ နာဂတွေ ပါဝင်နိုင်မှ ကျနော်တို့ မြန်မာနိုင်ငံဘက်မှာရှိတဲ့ နာဂတွေ ကလည်း အားလုံးပါဝင်မှ ပါဝင်တယ်ဆိုတာ အကုန်လုံးက ကြည်ကြည်ဖြူဖြူ ဖြစ်မှပဲ လက်မှတ် ထိုးချင်တယ် ဆိုတဲ့ အစိတ်အပိုင်းပေါ့။
ကျနော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ နာဂကတော့ ကိုယ့်ဒေသဖွံ့ဖြိုး တိုးတက်ဖို့ ငြိမ်းငြိမ်းချမ်းချမ်းရှိဖို့ အတွက် ဆိုရင် တော့ ဒီဘက်ကတော့ ကောင်းပါတယ်။
မေး။ ။ ဆရာတို့ မြန်မာဘက်က နာဂလူမျိုးတွေအနေနဲ့ NSCN-K က NCA လက်မှတ်ထိုးမယ်ဆိုရင် ဘာမှ ကန့်ကွက်စရာ မရှိဘူးပေါ့နော်။
ဖြေ။ ။ ကျနော်ပြောသလို အပစ်အခတ်ရပ်စဲရေး ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ လက်မှတ်ထိုးမယ်ဆိုရင် တော့ ကျနော်တို့ဘက်ကတော့ကန့်ကွက်စရာ မရှိပါဘူး။ ထွေထွေထူးထူး ဘာမှမရှိဘူး။ ကျနော်တို့က ငြိမ်းချမ်း ဖို့ပဲ။ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့ပဲ ကျနော်တို့က လိုချင်တာကို ဖြစ်ချင်တာကို။
မေး။ ။ သူတို့(NSCN-K)က လတ်တလော အိန္ဒိယဘက်က ပါမလာသေးဘူးလို့ ပြောတယ်။ ဖြစ်နေတာက ကျနော်တို့ဘက်လေ။ ဆိုတော့ အိန္ဒိယနဲ့ ကျနော်တို့ဘက်က မတူညီဘူးလေ။ ဒါပေမယ့် နာဂမှာကျတော့ ဟိုဘက် ဒီဘက် နှစ်နိုင်ငံစလုံးမှာ နေတော့ သူ့မှာလည်း ပြဿနာရှိတော့ ဘယ်လို ဖြေရှင်းရင် ရနိုင်မလဲ။
ဖြေ။ ။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းရင် အဆင်ပြေနိုင်မလဲ ဆိုတော့ အခု တချို့ကိစ္စတွေကတော့ ကျနော် တို့လည်း ကိုယ့်အမျိုးသားရေးတော့ အတတ်နိုင်ဆုံးတော့ ညှိနှိုင်းပေါင်းစပ်နေတယ်ဗျ။ ဒါပေမယ့် အဲဒီအခြေ အနေ အထိတော့ ကျနော်တို့ အကုန်လုံး အလုံးစုံ ပြောဖို့ တော်တော်ကို အဆင်မပြေသေးဘူးဗျ။
အဆင်ပြေတဲ့ အခါကျရင်တော့ ကျနော်တို့က ဒီဟာကို အားလုံးကို ပြောပေးမှာပါ။ ကျနော်တို့ ကြိုးစားနေတဲ့ level တန်းတခုမှာ ဘာမှ ဖြစ်မလာသေးတော့ ကျနော်တို့ ပြောလို့မရသေးဘူး ဖြစ်နေတယ်။
မေး။ ။ NSCN – K က အိန္ဒိယအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ထားတာမှာ ၂၀၁၃ ခုနှစ်မှာ နုတ်ထွက် သွားတယ်လို့ သိရတယ်။ အဲဒါ ဘာကြောင့်ပါလဲ။
ဖြေ။ ။ အဓိက ကျနော်တို့ ရပ်တည်မှုက အိန္ဒိယ နာဂလန်းမှာ ရှိတဲ့ နာဂ ပြည်သူလူထုက တော်တော် လေး များတယ်ဗျ။ မြန်မာနိုင်ငံမှာရှိတဲ့ နာဂလူဦးရေက ဘာမှမှ မရှိတာ။ တနိုင်ငံလုံးပေါင်းမှ သုံးသိန်းခွဲလောက် ရှိတာ၊ ဟိုဘက်မှာ နာဂလူဦးရေက သန်းချီအောင် နေထိုင်နေတယ်။ အဓိက တချို့ ပြည်သူတွေပေါ့နော်။ ပြည်သူတွေ ရဲ့ လိုအပ်ချက် သွားချင်တဲ့ လမ်းကြောင်းတွေနဲ့ သူတို့ လက်နက်ကိုင်တွေရဲ့ သွားနေတဲ့ လမ်းကြောင်းတွေ ရှိတယ်ဗျ။ အဲဒါတွေကြောင့်မလို့လဲ ဒါမျိုးလေးတွေ ပြန်ပြန်ဖြစ်သွားတာဗျ။
မြန်မာနိုင်ငံမှာဆိုရင် ကျနော်တို့ ၂၀၁၂ မှာ ပြည်နယ်အဆင့် လက်မှတ် ရေးထိုးထားတယ်။ ပြည်ထောင်စု အဆင့် ကို မထိုးနိုင်သေးဘူး။ ပြည်ထောင်စုအဆင့် မထိုးနိုင်တာကလည်း လက်နက်ကိုင်တွေရဲ့ ရပ်တည်ချက် တွေကလည်း တမျိုးဖြစ်နေတယ်။ ကျနော်တို့ နိုင်ငံတော်အစိုးရကလည်း ပြည်ထောင်စုအဆင့် လက်မှတ်ထိုးဖို့ ဆိုရင် သူတို့မှာ ချမှတ်ထားတဲ့ မူဘောင်တွေရှိတယ်။ အဲဒီ မူဘောင်တွေနဲ့ အခု ကျနော်တို့ နာဂလက်နက်ကိုင် တွေရဲ့ မူဘောင်တွေနဲ့ ကွဲလွဲချက်တွေဖြစ်နေတယ်။ ဖြစ်နေတော့ ရှေ့ဆက်တိုးလို့ မဖြစ်ဘူး ဖြစ်နေတာ။
မေး။ ။ NSCN-K ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လာဖို့ဆိုရင် နာဂဒေသမှာ ဖွံ့ဖြိုးတိုးတက်ရေးတွေ လုပ်ဆောင် ပေးဖို့ လိုတယ်လို့ ပြောကြတယ်။ ဆရာကော ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ပေးဖို့ကတော့ ကျနော်တော့ မြင်တယ်။ ကျနော်တို့ ဘယ်လိုပြောမလဲ မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသားတွေထဲမှာ ကျနော်တို့ နာဂဒေသလောက် ဖွံ့ဖြိုးမှု နိမ့်ကျတာ ရောက်ဖူးရင် သိပါလိမ့်မယ်။ တကယ့်ကို အင်မတန်ကို တောင်းတတယ်။ ဖွံ့ဖြိုးရေးကို ကျနော်တို့ နာဂဒေသက ဒီ ၂၀၁၂ ခုနှစ် အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်းမှာ ကျနော်တို့ ဒေသမှာ တော်တော်ကို အဆင်ပြေလာတယ်လို့ ပြောရ မှာပေါ့ဗျ။ လမ်းတွေဘာတွေက တချို့ရွာတွေဆို နေ့သွားလမ်း တကြောင်းလမ်း အဖြစ်တော့ တချို့ရွာတွေ အထိ ဖောက်သွားပြီပေါ့။ အများစု ဖောက်တယ်လို့တော့ ပြောလို့မရဘူး။ ဒါပေမယ့် အများစုက အရင်တုန်းကနဲ့ ယှဉ်မယ်ဆိုရင်တော့ အခုက တော်တော်လေးကို မျှော်လင့်ချက် ရောင်ခြည်လေးတွေ ဖြစ်လာပြီ။
ကျနော်တို့ဒေသ အပစ်အခတ် ရပ်စဲသွားမယ်ဆိုရင်တော့ နိုင်ငံတော်အစိုးရလည်း သူတို့လည်း ငြိမ်းငြိမ်း ချမ်း ချမ်း လိုချင်ကြမှာပါ။ နောက် ကျနော်တို့ ဒေသလည်း ဖွံ့ဖြိုးတိုးလာလိမ့်မယ်လို့ မျှော်လင့်တယ်။
မေး။ ။ နာဂက ခန္တီးကို နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသထဲကို ထည့်ပေးဖို့ တောင်းဆိုထားတယ်လို့ သိရ တယ်။ ဒီအပေါ် အဲဒီက ဒေသခံတွေက ကန့်ကွက်မှုတွေ ရှိနေတယ်။ အထူးသဖြင့် ရှမ်းနီလူမျိုးတွေက ကန့်ကွက် တယ်။ အခု ရှမ်းနီက လက်နက်ကိုင်အဖွဲ့ ပေါ်လာနေပြီ ဆိုတော့ နာဂနဲ့ ပစ်ခတ်မှုလေးတွေ ရှိလာ နိုင် မလား အဖု အထစ်လေးတွေ ဖြစ်လာနိုင်မလား။
ဖြေ။ ။ ဒီအချိန်မှာ ကျနော်တို့ တိုင်းရင်းသားအချင်းချင်း သိပ်ပြီးတော့မှ ပြောရမှာတော့ အဆင်မပြေ လောက်ဘူးဗျ။ ဒါပေမယ့် ကျနော်တို့ ခန္တီးလို နေရာမျိုးမှာ ကြည့်လိုက်မယ်ဆိုရင် အခု အစ်ကိုပြောသလိုပေါ့ဗျ။ ရှမ်းနီကလည်း သူတို့ ဧရိယာဖြစ်တယ်။ ကျနော်တို့ နာဂကလည်း ကျနော်တို့ ဧရိယာဖြစ်တယ်ဆိုပြီးမှ ပြောနေ ကြတာ။ ဒါပေမယ့် ကျနော်တို့ကတော့ ချစ်ကြည်ရင်းနှီးစွာ မြေပြင်မှာလည်း အဲဒီလိုနေချင်တယ်။
ဒါပေမယ့် နိုင်ငံတော်အစိုးရရဲ့ ခန္တီးမြို့နယ်မှာ နာဂနဲ့ ရှမ်းနီရဲ့ နေထိုင်မှုကို ပြန်တွက်ကြည့်ရင်တော့ သိသာမယ် လို့ ထင်ပါတယ်ဗျ။ ကျနော်တို့ အစိုးရက တရားဝင် ထုတ်ပြန်ထားတာသည် ခန္တီးမြို့နယ်မှာ တရားဝင် နာဂ လူမျိုး တွေ နေထိုင်တဲ့ဟာက ၄၈ ရာခိုင်နှုန်းရှိတယ်။ ရှမ်းက ၁၅ ရာခိုင်နှုန်းရှိတယ်။ အခုနောက်ပိုင်း ကျနော်တို့ တရား ဝင် ကောက်ခံလိုက်တဲ့ အခါမှာ နာဂက ၅၄ ရာခိုင်နှုန်းကျော်တယ် နေထိုင်တာ ရှမ်းက ၂၂ ရာခိုင်နှုန်း လောက်ရှိတယ်။ အဲဒီလို အတိုင်းအတာလေးတွေတော့ ရှိတယ်။
အဲဒါကြောင့် ဘယ်သူ ပိုင်ဆိုင်သင့်တယ်၊ ဘယ်သူနေထိုင် သင့်တယ်ဆိုတာမျိုး ကျနော်တို့က သိပ်ပြီးတော့ ပြောတော့ မပြောချင်ဘူးပေါ့ဗျ။ ရှမ်းကလည်း သူ့နယ်မြေဆိုပြီးတော့မှ လိုချင်တာပဲ ကျနော်တို့ကလည်း ကျနော်တို့ နယ်မြေဆိုပြီးတော့မှ လိုချင်တာပဲ။ အနေအထားကတော့ အဲဒီလိုလေးတော့ သက်ရောက်မှု ရှိပါ တယ်ဗျ။
မေး။ ။ NSCN-K ကို မြန်မာအစိုးရက အကောင်အထည်ဖော်နေတဲ့ NCA ထဲမှာ ပါဝင်လာဖို့ နာဂလူထုနဲ့ ကော်မတီတွေက တိုက်တွန်း ပြောဆိုသွားဖို့ ရှိပါသလား။
ဖြေ။ ။ အရင်ကတည်းက ၂၁ ရာစု ပင်လုံ ကျင်းပနေတယ်။ ဒါကို ဘာပဲဖြစ်ဖြစ် လက်မှတ်ထိုးချင် မထိုးချင် ထက် လေ့လာသူအဖြစ် ခွင့်ပြုတယ်ဆိုရင် လေ့လာသူအဖြစ် ကျနော်တို့က တက်ရောက်ပေးဖို့ ကျနော်တို့ အနေနဲ့ လည်း သူတို့ကို တိုက်တွန်းတယ်၊ ပြောဆိုတယ်၊ ဆွေးနွေးခဲ့တယ်။
တကယ်လို့ သူတို့ အဖွဲ့ပဲမဖြစ်ဘဲ လူထုနဲ့ ပူးပေါင်းပြီးမှ သွားမယ်ဆိုရင်လည်း ကျနော်တို့ နာဂရိုးရာ စာပေနှင့် ယဉ်ကျေးမှု ဗဟိုအဖွဲ့နဲ့ နာဂ အမျိုးသားရေးရာ ကောင်စီအဖွဲ့ ဒီအဖွဲ့တွေလည်း ရှိတယ်။ ဒါတွေနဲ့ ဟန်ချက်ညီညီ ပြည်သူနဲ့ လက်နက်ကိုင်တွေနဲ့ ပေါင်းပြီးမှ သွားမယ်ဆိုလည်း သွားမယ်။ လေ့လာစရာရှိမယ်ဆိုလည်း လေ့လာ မယ်။ လက်နက်ကိုင် နိုင်ငံရေးအတွက် သူတို့လည်း တခြားအဖွဲ့အစည်းတွေလည်း တက်လာမယ်ဆိုတော့ ကိုယ် က ပါဝင်မဆွေးနွေးဘူး ဆိုရင်တောင် သူများအဖွဲ့တွေ ပါဝင်ဆွေးနွေးတဲ့ဟာကို လေ့လာပြီးမှ ကိုယ့်ရဲ့ ရည်မှန်းချက်က ဘာဖြစ်မလဲ၊ ဘယ်ဟာတွေ ပြုပြင်သင့်တယ်။ ဘယ်ဟာတွေ ပြောင်းလဲသင့်တယ်။
ဒါကတော့ ထပ်ဖြည့်သင့်တယ်။ ဒါကတော့ ပယ်ဖျက်သင့်တယ်ဆိုတဲ့ဟာမျိုး လေ့လာလို့ ရနိုင်မယ်ဆိုတဲ့ဟာမျိုး နဲ့ ကျနော်တို့ သူတို့ကို ပြောခဲ့တယ်။ တိုက်တွန်းခဲ့တယ်။ NSCN-K နဲ့ဆိုရင် ကျနော်တို့ နာဂရိုးရာ စာပေနှင့် ယဉ်ကျေးမှု ဗဟိုနဲ့ကော၊ နာဂအမျိုးသားရေးရာ ကော်မတီနဲ့ကော၊ အားလုံး သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးတယ်။ ကျနော်တို့ က ကိုယ့်အမျိုးသားရေး ဖြစ်တယ်ဆိုတော့ လက်နက်ကိုင်တခုတည်းရယ် မဟုတ်ဘဲ ပြည်သူလည်း ပါဝင်ဖို့ လိုအပ်တယ်ဆိုတဲ့ နေရာမှာလည်း ဖြစ်သင့် ဖြစ်ထိုက်တဲ့ ဟာတွေကို တိုက်တွန်းခဲ့ပါတယ်။ ။