ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC)သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ချုပ်ဆိုနိုင်ရေး အတွက် ၎င်းတို့၏ အဆိုပြုချက် ၈ ချက်ကိုတင်ပြ၍ အစိုးရနှင့် ဆွေးနွေးလျက် ရှိသည်။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC)သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ချုပ်ဆိုနိုင်ရေး အတွက် ၎င်းတို့၏ အဆိုပြုချက် ၈ ချက်ကိုတင်ပြ၍ အစိုးရနှင့် ဆွေးနွေးလျက် ရှိသည်။
UNFC ဘက်က ထိုအဆိုပြုချက်များ သဘောတူညီမှု ရယူနိုင်ခဲ့ပါက NCA လက်မှတ်ထိုးမည်ဟုဆိုထားသော်လည်း လက်ရှိအခြေအနေထိ နိုင်ငံရေးမူဘောင် အပါအဝင် အဆိုပြုချက် အချို့သဘောတူညီမှု မရယူနိုင်သေးသဖြင့် NCA ထိုးရေးအတွက် ဆုံးဖြတ်ချက် မချနိုင်သေးဘဲဖြစ်နေသည်။
အဆိုပါ ကိစ္စရပ်များနှင့်ပတ်သက်ပြီး UNFC တပ်ပေါင်းစု၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းဇော် အား ဧရာဝတီသတင်းဌာန အကြီးတန်း သတင်းထောက် ချစ်မင်းထွန်း က တွေ့ဆုံ မေးမြန်းထားသည်ကို ဖော်ပြလိုက်ပါသည်။
မေး ။ ။ UNFC ကတင်ပြတဲ့ ၈ ချက်အနက် ၅၊ ၆၊ ၇၊ ၈ အချက်တွေ ကျန်နေသေးတယ်လို့ သိရတယ်။ ဒီနေ့ (သြဂုတ် ၁၁ ရက်) ဆွေးနွေးပွဲမှာဘယ်လို နားလည်မှုတွေယူနိုင်ခဲ့လဲ။ ယုံကြည်မှု တည်ဆောက်နိုင်ခဲ့လဲ။
ဖြေ ။ ။ ၅၊ ၆၊ ၇ နဲ့ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲမှာလည်း ပြောခဲ့တာပေါ့လေ။ နံပါတ် ၅ မှာဆိုရင် ကျနော်တို့ အဆိုပြုထားတဲ့ အချက်တွေက အပိုင်းသုံးပိုင်းရှိတယ်။ တစ်ပိုင်းက နိုင်ငံရေးမူဘောင်၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေး (JMC) ယန္တရားမှာပါတဲ့ CoC – ToR ဆိုတာရှိတယ်။ နောက်ပြီးတပ်ပိုင်းဆိုင်ရာ ပြန်လည် နေရာချထားရေး မူဝါဒဆိုတဲ့ သုံးပိုင်းရှိတယ်။
အဲဒီမှာကျနော်တို့ နံပါတ် ၆ နဲ့ ပြန်ချိတ်တယ်။ နံပါတ် ၆ မှာဘာပြောထားလဲဆိုတော့ JMC ယန္တရားမှာ နိုင်ငံတကာပါဝင်ဖို့ အဆိုပြုထားတယ်။ အဲဒါကအပေါ် ၅ နဲ့ ၆ ချိတ်နေတယ်။ ၇ ကျပြန်တော့လည်း အဲဒီအတိုင်းပဲ ၇ ကျတော့ ပြဿနာဖြစ်ရင် ပြဿနာရဲ့ ဘက်အချင်းချင်း ဖြေရှင်းရင် သူ့ဘက် ကိုယ့်ဘက် တွေးနေမယ်။ ဒီလိုဆို မျှတတဲ့အဖြေမရနိုင်ဘူး။ ပထမ ကျနော်တို့ အဆိုပြုတာက ကြားကခုံရုံးပေါ့။ ခုံရုံးဆိုတဲ့ သဘောသဘာဝက တရားသူကြီးတွေပါမယ်။ အဲဒါတွေက အရေးယူခြင်း ဆောင်ရွက်တာတွေ ပါလာမယ်။
နိုင်ငံတကာရဲ့ ခုံရုံးတစ်ခုမှာ အရေးယူခံရမှာ မလိုလားဘူး မြင့်လွန်အားကြီးတယ် ဆိုပြီးတော့မှ တုန့်ပြန်တယ်။ တုန့်ပြန်တော့ ကျနော်တို့က အဲဒါကိုနောက်တစ်ဆင့် ပြန်ဆုတ်တယ်။ ကြားဝင် ဖြန်ဖြေရေးခုံရုံးထက် ကြားဝင်ဖြန်ဖြေရေး ကော်မရှင်ဆိုပြီး တစ်ဆင့်ပြန် လျှော့ချလိုက်တယ်။ ဒါပေမဲ့ အဲဒီအဆင့်ကိုလည်းသူတို့က လက်မခံသေးဘူး။ သူတို့က နည်းလမ်း ပေးလာတာ က NCA မှာပူးတွဲ ယန္တယားတွေ ရှိတယ်။ အမြင့်ဆုံး ပူးတွဲယန္တရားက JICM (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး) မှာ ပဋိပက္ခတွေကို ဖြေရှင်းကြတယ်။
အောက်ခြေမှာ ဖြေရှင်းလို့ မရရင် JMC မှာ ဖြေရှင်းလို့မရရင် အဲဒီ JICM ကိုတက်ဖို့ပဲ ရှိတော့တယ်။ အဲဒီမှာဖြေရှင်းလို့မရရင် ဘာဖြစ်မယ်ဆိုတော့ ဒီနေ့အထိတော့ မရရအောင်ညှိမယ်ဆိုပြီးတော့ ပြောထားတယ်။ ဒါကအဖြေမဟုတ်ဘူး။ အခု RCSS ဘက်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ အဲလိုတိုက်ပွဲဖြစ်နေတာကို JICM ကဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ အဖြေမရှိသေးဘူး။
မေး ။ ။ နံပါတ် ၅ မှာတပ်ပိုင်းဆိုင်ရာ နေရာချထားရေး၊ နံပါတ်ခြောက်မှာ JMC၊ အဲဒီမှာ နိုင်ငံတကာအဖွဲ့ အစည်းတွေ ပါမယ်ဆိုရင် အစိုးရဘက်က အချုပ်အခြာအာဏာ ထိပါးတယ်ဆိုပြီးတော့ နားလည်သဘောပေါက်ထားတယ်။ ဒါကိုဘယ်လို အတိုးအလျှော့ လုပ်ထားလဲ။
ဖြေ ။ ။ ကျနော်တို့ကတော့ တိုင်းပြည်ထဲကို နိုင်ငံတကာ ဝင်ရောက်စွက်ဖက်မှု လုပ်အောင် ဖိတ်ခေါ် တာမဟုတ်ဘူး။ နိုင်ငံတကာမှာရှိတယ်လေ နိုင်ငံတစ်နိုင်ငံကိုဝင်ရောက်စွက်ဖက်တဲ့ ယန္တရားပုံစံတွေရှိတယ်။ ကုလသမဂ္ဂမှာဆိုရင် R2P လိုမျိုးရှိတယ်။ အခုမြောက်ပိုင်းမှာ ဖြစ်နေတဲ့ ကိစ္စတွေမှာ ပြည်ပက ရိုဟင်ဂျာကိစ္စ ကိုလော်ဘီ လုပ်နေတာရှိတယ်။ အဲဒီအဖွဲ့တွေက R2P ကိုတောင်းဆိုနေတာတွေရှိတယ်။
အခုပြောနေတာ ပြည်တွင်းမှာ ကျနော်တို့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ ဖြစ်စဉ်မှာ နှစ်ပေါင်း ၇၀ နီးပါးရှိနေပြီ။ ဒီပြဿနာကို ဖြေရှင်းတဲ့အခါ ဘာဖြစ်လို့ ဒီလောက်ကြာနေရတာလဲ။ ပြဿနာကိုဖြေရှင်းတဲ့အခါ နှစ်ဖက် ဖြေရှင်းလို့မရဘူး။ ဒါကယုံကြည်မှု အားနည်းလို့ ကျနော်တို့ ပြဿနာဖြေရှင်းတဲ့အခါ ယုံကြည်မှု ပိုတည်ဆောက်နိုင်ဖို့အတွက် နှစ်ဖက်က လက်ခံနိုင်တဲ့ နိုင်ငံတကာရဲ့ ပါဝင်မှုကိုအဆိုပြုတာပေါ့။
အဲလိုအဆိုပြုမှုကို ကျနော်တို့က အချုပ်အခြာ အာဏာ ထိပါးစေတယ်ဆိုတဲ့ အဲဒီအခြေအနေက မကြည့်ဘူး။ ပြဿနာ ပြေလည်ဖို့အတွက် သမာသမတ်ကျတဲ့ နိုင်ငံတကာကူညီမှုကိုပဲ ကျနော်တို့ လိုလားတာဖြစ်တယ်။ နှစ်ဖက် လက်ခံနိုင်တဲ့ အစိုးရကိုယ်စားလှယ်တွေကို ပြောတာဖြစ်တယ်။
မေး ။ ။ နိုင်ငံတကာအဖွဲ့တွေ ပါဝင်ဖို့ တင်ပြတယ်ဆိုတော့ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကကော ဒါကို သဘောတူညီမှု ပေးလား။ ဆရာတို့နဲ့ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ ဘယ်လိုနားလည်မှုယူထားလဲ။
ဖြေ ။ ။ ကျနော်တို့နဲ့ တစ်သဘောထဲရှိပါတယ်။ ဘာကြောင့်လဲဆို ကျနော်တို့ အခုအဆိုပြုမှုကအသစ် မဟုတ်ဘူး။ ဟို NCCT (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်မှု ရပ်စဲရေးညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့) ကတည်းကကို ရှိနေခဲ့တဲ့ မူလ အဆိုပြုချက် ဖြစ်တယ်။ အခုအဆိုပြုချက် ၉ ချက်ဖြစ်လာတာဘာကြောင့်လဲဆိုတော့ ပြောဖို့ရှိလာတယ်။ ဘာကြောင့်လဲ ဆိုရင် NCA မှာမကျေလည်မှုတွေရှိတယ်။
NCA ကို နိဂုံးချုပ်ခဲ့တာက ၂၀၁၅ ၊ သြဂုတ် အဲဒီမှာနိဂုံးချုပ်ပုံက အားလုံးရဲ့အဆိုပြုချက်တွေနဲ့ ချုပ်ခဲ့တာမဟုတ်ဘူး။ မကျေလည်မှုတွေ ရှိခဲ့တယ်။ ခုဒါတွေကို ကျေလည်အောင်လုပ်ဖို့၊ တစ်နည်းအားဖြင့် ပြောရရင် NCA ခိုင်မာဖို့။ NCA က အပစ်ရပ်တဲ့ အဆင့်ပဲရှိသေးတယ်။ အပစ်ရပ်တဲ့အဆင့်ကို ကျနော်တို့က ခိုင်မာအောင်လုပ်စေချင်တာ အဲလိုတွေးတယ် ကျနော်တို့ဘက်က အခုအဆိုပြုချက်တွေက NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရဲ့ လိုလားချက်၊ ရပ်တည်ချက်နဲ့ ကွဲလွဲမှုမရှိဘူး။ နဂိုမူလရပ်တည်ချက် ဖြစ်တယ်။ အတူတကွ ရပ်တည်ချက်တွေဖြစ်လို့ သူတို့အနေနဲ့လည်း ကန့်ကွက်မှု မရှိပါဘူး။
မေး ။ ။ ၂၀၁၅ ၊ သြဂုတ်မှာ NCA မူချောပြီးသွားတယ်။ ဒီဘက်က NCA က လိုအပ်ချက်တွေရှိတယ်လို့ ပြောထားတယ်။ ဘယ်အချက်တွေက မခိုင်မာတာလဲ၊ ဘယ်အချက်တွေက လိုအပ်ချက်တွေရှိနေတာလဲ။ ကျနော် သိရသလောက်တော့ မူချောပြီးတဲ့အချိန်မှာ အားလုံးပါဝင်လက်မှတ်ရေးထိုးခွင့် မရခဲ့တာပဲကျန်တယ်လို့ ဆိုတယ်။ ဘယ်လိုမျိုးကွဲလွဲမှုတွေရှိလဲ။
အဖြေ ။ ။ အေးပေါ့။ ကျနော်တို့ ချုပ်လိုက်ရင်တော့ အဲဒီဥစ္စာက အကြောင်းပြချက်လို ဖြစ်သွားတာပေါ့။ အားလုံးပါဝင်မှု မရှိဘူးဆိုတာ အကြောင်းပြချက် တစ်ခုဖြစ်တယ်။ NCA ကိုအချက်အလတ်အရ ပြောရမယ်ဆိုရင် အစိတ်အပိုင်းကြီး နှစ်ခုပေါ့ဗျာ။ NCA စာချုပ်သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်၊ အပစ်အခတ် ရပ်စဲရေးစာချုပ်မှာ သာမန်စာချုပ်မဟုတ်ဘူး။ တစ်နိုင်ငံလုံးနော်။ စာချုပ် နာမည်ကိုကျနော်တို့ ကိုယ်တိုင်ပေးတာ ဖြစ်တယ်။ အစိုးရက လက်ခံတယ်။ ပစ်ခတ်တိုက်ခိုက်မှုလား၊ အပစ်အခတ် တိုက်ခိုက်မှုလား စကားလုံးဝေါဟာရ ကွဲတာတွေ ရှိသေးတယ်။
ကျနော်တို့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို လိုချင်တာဖြစ်တယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဖြစ်စေချင်လို့ စာချုပ်နာမည်ကိုပဲ NCA လို့ပေးခဲ့တာဖြစ်တယ်။ Nationwide Ceasefire Agreement-NCA လို့ သုံးထားတာ နိုင်ငံတကာ အသိုက်အဝန်းတွေ ကသုံးတာရှိတယ် National Ceasefire Agreement တဲ့ မဟုတ်ဘူး။ ကျနော်တို့က Nationwide တစ်နိုင်ငံလုံး အတိုင်းအတာ ဆောင်ရမယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ လုပ်ခဲ့တာ။
ဦးသိန်းစိန်အစိုးရ လက်ထက် လုပ်ခဲ့တဲ့ NCA ရဲ့ အကောင်အထည်ဖော်မှုကို တစ်နှစ်ကျော် စောင့်ကြည့်ခဲ့တာ အဲမှာ အားနည်းချက်တွေ တွေ့လာရတယ်။ ဒီအားနည်းချက်တွေကို ပြင်ဖို့လိုလာတယ်ဆိုတဲ့ အချက် အလတ် အခြေခံအရ အဆိုပြုချက် ၉ ချက်ဆိုတာထွက်လာတယ်။
မေး ။ ။ ဦးသိန်းစိန် အစိုးရလက်ထက် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်မှာညီလာခံမှာပေါ့။ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ တန်းတူဆွေးနွေးခွင့်မရှိဘူး။ ဆုံးဖြတ်ချက် ချမှတ်ပိုင်ခွင့် မရှိဘူးဆိုပြီးတော့ တိတိကျကျ ပြဌာန်းထားတာမရှိဘူး။ ဒါပေမဲ့ တကယ်တမ်း ညီလာခံမှာတန်းတူ ဆွေးနွေးခွင့်မရဘူး။ ဆုံးဖြတ်ချက် ချခွင့်မရဘူး။ ဒါကဘယ်လိုကွဲလွဲမှုတွေ ရှိနေလို့လဲ။
ဖြေ ။ ။ ဒီလိုဖြစ်တယ်ဗျ။ ကျနော် ယုံကြည်မှု တည်ဆောက်ချင်တယ်ဆိုတဲ့ စကားလုံးကိုကျနော် ထပ်တလဲလဲသုံးတာ NCA စာချုပ်က ဦးသိန်းစိန် လက်ထက်မှာ ၂ နှစ်လောက်ကြာတယ်ပေါ့နော်။ ရေးဆွဲတာဘာလို့ အဲလိုအချိန်ယူခဲ့ရလဲဆိုတော့ ယုံကြည်မှုမရှိလို့ပဲ။ ဒီနေ့လည်းကျနော်တို့ NCA လမ်းကြောင်းပေါ်သွားမယ် ဒီအချက်တွေကိုလည်းပဲ ပြင်ဆင်ဖို့လိုမယ်။ သဘောတူညီဖို့လိုမယ် ပြောပြီးညှိနေတာဖြစ် တယ်။ ရိုးရိုးလေးပေါ့။
အဲဒီအချက်တွေကိုတောင် သူတို့ကသဘောတူညီဖို့ အခက်အခဲဖြစ်နေတာပါလဲပေါ့။ ယုံကြည်မှု ပြဿနာလို့ပဲ ကျနော်တို့ တွေ့တယ်။ NCA ပေါ်မှာအခြေခံပြီးတော့ အဲလိုဘာလို့ ကန့်သတ်ချက်တွေဖြစ်တာလဲ။ ဥပဒေကြောင်းအရ ပြန်ကောက် ကြည့်ဖို့ လိုမယ်။ NCA လက်မှတ်ရေးထိုးတာက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နဲ့ အစိုးရတပ်မတော်၊ အစိုးရ ၊ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းပဲထိုးတဲ့ ဘက်နှစ်ဘက်ပေါ့။ ဘက်နှစ်ဘက်ပဲ လက်မှတ်ထိုးထား ပြီးတော့ လက်မှတ်မထိုးထားတဲ့ နိုင်ငံရေးပါတီကျတော့ ဝင်ပါခွင့်ရနေတယ်။ တန်းတူရည်တူ ဥပဒေကြောင်းအရ ပြန်ထောက်ကြည့်တာ။
ဒီလိုဆိုရင် လက်မှတ်ထိုးမှ ဝင်ခွင့်ရမယ်ဆိုရင် ဥပဒေကြောင်းအရ မဆီလျော်ဘူး။ ထောက်ပြစရာတွေ အများကြီးရှိတယ်။ ဒါကိုကျနော်တို့ ဘယ်အခြေခံကနေ သွားနေလဲဆိုတော့ ယုံကြည်မှု တည်ဆောက်တဲ့ အခြေခံကနေ သွားနေတာဖြစ်တယ်။ ဥပဒေကြောင်းအရာ ထောက်ပြမယ်ဆို အများကြီးရှိတယ်။ ဒါပေမဲ့ ဒီလိုစကားလုံးအရ ထောက်နေပြီးတစ်ဆို့နေမယ့် အခြေအနေမျိုးကို ကျနော်တို့ မလိုလားဘူး။
နားလည်မှုပေးတဲ့ အချက်တွေကို နားလည်မှုပေးပြီးတော့ ကျနော်တို့က ကျော်လွှားဖို့ဆန္ဒနဲ့ ချဉ်းကပ်နေတာဖြစ်တယ်။ တစ်ဖက်က ပျော့ပြောင်းမှု မပြဘူးဖြစ်နေတယ်။ အထူးသဖြင့် တပ်မတော်ဘက်ကပေါ့။ ရပ်တည်ချက်ကို အခိုင်အမာ ဆုပ်ကိုင်ထားသလို ဖြစ်နေတယ်။ ဒါကြောင့် ကျနော်တို့ လမ်းကြောင်းမပွင့်ဘူး။ အခုဒီနေ့ (သြဂုတ် ၁၁ ရက်) အစည်း အဝေးက ၅၊ ၆၊ ၇ မပျက်ရခြင်းအကြောင်း အရင်းကလည်း အဲဒါပါတယ်။
မေး ။ ။ အခုမူဘောင်က ပြန်ရေးဆွဲနေတယ်လို့ သိရတယ်။ ဘယ်လို အကြောင်းအရာတွေကို ထည့်သွင်း ရေးဆွဲနေသလဲ။ ဘယ်လို အကြောင်း အရာတွေကို ပြင်ဆင်ဖြည့်စွက်ရေးဆွဲနေသလဲ။
ဖြေ ။ ။ မူဘောင်ရေးတုန်းကတော့ ကျနော်တို့ မပါခဲ့ဘူးပေါ့နော်။ မူဘောင်က NCCT ခေတ်ကတည်းက NCA ထိုးထားတဲ့ အဖွဲ့တွေနဲ့ အတူတကွ လုပ်ခဲ့ကြတယ်။ NCA ထိုးပြီးနောက်ပိုင်း အကောင် အထည်ဖော်မှု ဖြစ်စဉ်မှာကျနော်တို့ မပါခဲ့ဘူး။ မပါခဲ့တော့ လက်မှတ်ထိုးထားတဲ့ ၈ ဖွဲ့နဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ အတည်ပြုခဲ့တဲ့ မူဘောင်ပေါ့။ အဲဒီမူဘောင်ကို NLD အစိုးရတက်လာတော့ ပထမညီလာခံမှာ ပြန်သုံးသပ်တယ်။ ပြန်သုံးသပ်တဲ့ အချိန်မှာပါဝင်ခဲ့တယ်။ အားနည်းချက်တွေ တွေ့တယ်။ ဒါပေမဲ့ အားလုံးအကျေအလည် ညှိနှိုင်းခွင့်မရခဲ့ဘူး။ ဘာလို့လဲဆို ကျနော်တို့ NCA လက်မှတ် မထိုးထားရသေးတဲ့အတွက် ကန့်သတ်ခြင်းခံလိုက်ရတယ်။
ကျနော်တို့ သုံးပွင့်ဆိုင် ပုံသဏ္ဍာန်၊ ဆုံးဖြတ်ချက် ချမှတ်မှု ပုံသဏ္ဍာန်၊ ကိုယ်စားလှယ် အရေအတွက် အဲဒါတွေ သိပ်ကျေကျေ လည်လည် မရှိသေးဘူး။ ဒါကိုအားလုံး ပါဝင်ရေးဆိုတာနဲ့ ပထမညီလာခံမှာ ကျော်လွှားခဲ့တယ်။ ဒါပေမဲ့ ဒုတိယ အကြိမ် ကြတော့ ဆုံးဖြတ်ချက် ချမှတ်ရမယ့် ပုံသဏ္ဍာန်ဖြစ်လာတော့ ကန့်သတ်မှုတွေ ဖြစ်လာတယ်။
အဲမှာကျနော်တို့လည်း တက်နိုင်တဲ့ အနေအထားမရှိခဲ့ဘူး။ မူဘောင်ကဘာဖြစ်နေလဲဆိုတော့ လက်မှတ်ထိုးထားတဲ့ ၈ ဖွဲ့နဲ့ အစိုးရကြားသာလျှင် မူဘောင်က အတည်ပြုပြီးပြီလား၊ အတည်မပြုရသေးဘူးလား၊ နောက်ပြီးတော့ ဦးသိန်းစိန် လက်ထက် က အတည်ပြုထားတဲ့ မူဘောင်ကို အခြေခံပြီးသွားသလား၊ NLD အစိုးရသစ် တက်လာပြီး ပထမညီလာခံ မကျင်းပခင်က သုံးသပ်တဲ့ မူဘောင်အပေါ်မှာ အခြေခံပြီး လုပ်ခဲ့တာလား၊ အဲဒါကို ပြန်သုံးသပ်တဲ့ အခါမှာ ဒုတိယအကြိမ် ညီလာခံ ကျင်းပတဲ့အခါ အဲဒီမူဘောင်က နှစ်ခုစလုံးကိုအခြေခံတယ်လို့ သုံးသပ်မိတယ်။
ဦးသိန်းစိန်တုန်းက မူဘောင်ရယ်၊ အခုမူဘောင်ရယ်၊ နှစ်ခုစလုံးကိုပေါင်းစပ်ပြီးမှ လုပ်ခဲ့တယ်လို့ သိရတယ်။ အဲဒါကြောင့် ဒါကို အကျေအလည်မရှိသေးတဲ့ သဘောမှာ ဖြစ်နေတယ်။ လက်ရှိအခြေအနေက။
အမျိုးသားအဆင့် နိုင်ငံရေးကျင်းပခွင့် အခြေအနေကမူဘောင်ပေါ်မှာအဓိကမူတည်နေတယ်။တခြားနေရာမှာလုပ်ခွင့်ရတယ်။ တခြားနေရာမှာ လုပ်ခွင့်မရဘူးပေါ့နော်။ ကန့်သတ်ခြင်းခံရတာဘယ်မူဘောင် အခြေခံနဲ့လဲပေါ့။ နောက်ဒါမျိုးတွေ မဖြစ်အောင် မူဘောင်ကိုသုံးသပ်နေကြတယ်။
မေး ။ ။ ၂၀၁၇ ၊ အောက်တိုဘာ ၁၅ ဆိုရင် NCA လက်မှတ်ရေးထိုးမှု နှစ်နှစ်ပြည့် နှစ်ပတ်လည်ပေါ့။ အဲဒီမှာ UNFC လက်မှတ်ထိုးလာဖို့ မျှော်လင့်နေကြတယ်။ အဲဒီနေ့မှာ လက်မှတ်ထိုးလာနိုင်မယ့် နိုင်ငံရေးအခင်းအကျင်း ရှိပြီးလို့ မျှော်လင့်လို့ရမလား။
ဖြေ ။ ။ ကျနော်တို့ NCA လက်မှတ်ရေးထိုးနိုင်ဖို့ အချိန်ဇယားပေါ့နော်။ အချိန်ဇယားကဘာနဲ့ သက် ဆိုင်နေလဲဆိုတော့ ကျနော်တို့ အဆိုပြုထားတဲ့ အဆိုပြုချက် ၉ ချက်အပေါ်မှာအခြေခံထားတာဖြစ်တဲ့ အတွက် အဆိုပြုချက်ထဲမှာ နောက်ဆုံးနံပါတ် ၉ က NCA လက်မှတ်ရေးထိုးမယ်လို့ ပါပြီးဖြစ်တယ်။
NCA လက်မှတ်ရေးထိုးဖို့အတွက်ကို ဆွေးနွေးနေတာဖြစ်တယ်။ အပေါ်ကနံပါတ် ၁ ကနေနံပါတ် ၈ အထိ က ပြေလည်တယ် ဆိုတဲ့ သဘောတူညီမှု ရလဒ်ထွက်ရင် NCA လက်မှတ်ထိုးသွားဖို့ပဲ။ ဘယ်ကာလမှာထိုးမယ်ဆိုပြီးတော့ အဲဒီအချိန်ကိုတော့ ကန့်သတ်ဖို့ ခက်တယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ အဆိုပြုချက် အဆင်ပြေမှ အဲဒီအဆင့်ကို ရောက်မှာပေါ့။