တရားဥပဒေစိုးမိုးရေး ရရှိအောင် ဖော်ဆောင်မယ်

မင်းအောင်ခိုင်
ALD ပါတီ အထွေထွေ အတွင်းရေးမှူး ဦးမျိူးကျော် / စံပေါ် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (Arakan League for Democracy- ALD) ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တရားဝင် နိုင်ငံရေးပါတီ အဖြစ် ဇူလိုင်လ ၁၈ ရက်နေ့က မှတ်ပုံတင်ခွင့် ပြုခဲ့သည်။ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ၊ လူနည်းစုနှင့် လူမျိုးစု အခွင့်အရေးများကို ဖော်ဆောင်ပေးမည်ဆိုသော မူဝါဒများနှင့် ပတ်သက်ပြီး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးမျိူးကျော်အား ဧရာဝတီသတင်းဌာန သတင်းထောက် စံပေါ်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ ကျောက်တော်မြို့မှာ ပါတီဗဟိုရုံးဖွင့်ပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီတွေကို ဖွဲ့စည်းလိုက်ပြီ ဆိုတော့ ဘာကြောင့် ကျောက်တော်ကို အဓိကထား ရွေးချယ်ဖြစ်သလဲဗျ။

ဖြေ။ ။ အဓိကတော့ ကျနော်တို့အင်အားက ကျောက်တော်မှာ ကောင်းတယ်။ ကျနော်တို့ အင်အားရှိတဲ့ နေရာကို ကျနော်တို့ ရွေးလိုက်တာပါ။ ကျနော်တို့ CEC ကို ၁၇ ယောက်နဲ့ ဖွဲ့စည်းတယ်။ အဲဒီ CEC ၁၇ က ပါတီဖြစ်မြောက်ရေး ကော်မတီ ၅ ဦးကို ရွေးပေးပါတယ်။ အဲဒီမှာရွေးတဲ့ အခါ ကျနော်တို့ရဲ့ မူအရ ပါတီမှာ ရှိနေတဲ့ နိုင်ငံရေး ဝါရင့်တွေ၊ အမျိုးသမီးတွေ၊ ခေတ်ပညာတတ် လူငယ်တွေ လူအစုအဖွဲ့ ၃ ခုကို ကျနော်တို့ကနေပြီးတော့ အဓိက ထားပြီးရွေးတယ်။ နောက်တချက်က ကျနော်တို့ ဒေသ ရခိုင်ပြည်တောင်ပိုင်း၊ မြောက်ပိုင်း၊ ရခိုင်တွေ အများစုနေတဲ့ ရန်ကုန်ပေါ့ဗျာ ။ ဒီဧရိယာ ၃ ခုနဲ့ စောစောက လူအစု ၃ စုကို ကျနော်တို့ အခြေခံပြီး ရွေးပါတယ်။

မေး ။ ။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီထဲကို လက်ရှိ ရမ်းဗြဲ အမတ်တွေကလည်း ဝင်ရောက် ပူးပေါင်းပြီးတော့ ပါတီထဲဝင်မယ် ဆိုပြီး ကြေငြာသွားတယ်လို့လည်း ကြားထားတော့ အဲဒါ ဟုတ်ပါသလား။

ဖြေ။ ။ ဟုတ်တယ် ။ အဲဒါကတော့ ရမ်းဗြဲမြို့နယ်က တက်ရောက်လာတဲ့ ကိုယ်စားလှယ်တော်ကြီးကနေပြီးတော့ သူတို့မြို့နယ်ရဲ့ အနေအထားကို ပြောတဲ့အခါမှာ ပြောသွားပါတယ်။

မေး။ ။ ရမ်းဗြဲအမတ် ၄ ဦးလုံး ဝင်မယ် ဆိုပြီးတော့ ပြောသွားတာပါလား။

ဖြေ။ ။ ဟုတ်ကဲ့ ။ အဲဒီမျိုး ပြောသွားပါတယ်။ တက်ရောက်လာတဲ့ ရမ်းဗြဲမြို့နယ် ကိုယ်စားလှယ် ဦးအောင်ချစ်သန်းက ပြောသွားတာပါ။

မေ။ ။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီအနေနဲ့ ရခိုင်နိုင်ငံရေး လမ်းကြောင်းကို ဘယ်လိုမှုဝါဒမျိုးတွေ ချမှတ်ပြီး လျှောက်လှမ်းမလဲ ။

ဖြေ။ ။ အဲဒါကတော့ ALD မှာ မူလကတည်းက မူဝါဒတွေ ချမှတ်ထားတာ ရှိတယ်လေ။ မူဝါဒ ၁၉ ချက်ရှိတယ်။ အဲဒါကတော့ ရခိုင်တမျိုးသားလုံး အကျိုးစီးပွားကို တိုးတက်မြှင့်တင်ရေးတွေ ပါတယ်။ နောက်တခါ ကျနော်တို့ကနေပြီးတော့ တိုင်းရင်းသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် ရရှိ ရေး ဒါတွေပါတယ်။ နောက်တခါ လူနည်းစု၊ လူမျိုးစု ၊ လူ့အခွင့်အရေး ၊ ဒီမိုအရေစီအခွင့်အရေး ၊ တိုင်းရင်းသား အခွင့်အ ရေး ပါတယ်။ ဒါတွေကို ကျနော်တို့က တိုးတက်ကောင်းမွန်အောင် လုပ်မှာပေ့ါ။ နောက်ပြီး တရားဥပဒေစိုးမိုးရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သယံဇာတ အကျိုးခံစားခွင့်တွေထဲက ကျနော်တို့ ရရှိအောင် ဖော်ဆောင်မယ် ဆိုတဲ့မူတွေချမှတ်ပြီးသား ရှိတယ်။

မေး။ ။ ရခိုင်အခြေပြုပါတီတွေ တော်တော်များများ ရှိနေတယ် ။ နောက်ထပ် ပါတီတခုပေါ်ထွက်လာတယ် ဆိုတဲ့ အပေါ် ရခိုင်လူထုကြားမှာ ဝေဖန်မှုတွေ ရှိနေပါတယ် ။ အဲဒီအပေါ်မှာရော ဘယ်လိုမှတ်ချက် ပေးချင်လဲ ။

ဖြေ။ ။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟာ အခုမှ ပေါ်တဲ့ ပါတီ တခု မဟုတ်ပါ ။ ၁၉၈၈ ကတည်းကပေါ်ပေါက်ခဲ့တဲ့ ပါတီပါ ။ အဲဒီတော့ ပါတီအသစ်တခု မဟုတ်ဘူးဆိုတာကို သိတယ်ဆိုရင် လုံလောက်ပါတယ်။

မေး ။ ။ ၂၀၂၀ ခုနှစ် ရွှေးကောက်ပွဲအတွက်ရော ဘယ်လိုပြင်ဆင်ပြီး ယှဉ်ပြိုင်သွားမလဲ ။

ဖြေ။ ။ ဒါတွေကတော့လောလောဆယ် ပြောဖို့ စောပါသေးတယ်။ ကျနော်တို့ မြို့နယ်တွေမှာ ပါတီတွေကို အင်အားတည်ဆောက်ရပါအုံးမယ်။ အဲဒီအပေါ်မှာ မူတည်ပြီးမှ အဓိကတော့ ပြည်သူတွေကို ကျနော်တို့ ဘယ်လောက် အကျိုးပြုမလဲ ဆိုတဲ့ဟာပေါ့။

မေး ။ ပါတီနိုင်ငံရေးလမ်းကြောင်းမှာ ဘယ်ပါတီနဲ့ မဟာမိတ်ဖွဲ့ပြီး ဆရာတို့ လျှောက်လှမ်းမလဲ ။

ဖြေ။ ။ မဟာမိတ်ကတော့ ကျနော်တို့ အခုလည်း UNA နဲ့ မဟာမိတ်ပါ။ UNA က ကျနော်တို့ ALD ဖွဲ့ကတည်းကကို မဟာမိတ်။ အဲဒီ UNA ကို ကျနော်တို့ ကိုယ်တိုင် ဖွဲ့စည်းထားတဲ့ ဟာမျိုး ဖြစ်ပါတယ်။ ကျနော်တို့ဟာ UNA နဲ့ မဟာမိတ်အနေနဲ့ ဆက်လက်သွားပါမယ်။

မေး။ ။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်တဲ့အခါ ဆရာတို့ ပါတီရဲ့ တကယ့် အတိုက်အခံ ပြိုင်ဘက် ပါတီက ဘယ်ပါတီ ဖြစ်လာမလဲ ။

ဖြေ။ ။ ကျနော်ထင်ပါတယ်။ ပြည်မက ပါတီတွေပဲ ဖြစ်ပါလိမ့်မယ် ။

Did you find apk for android? You can find new Free Android Games and apps.
Loading