“အမှောင်ထဲကနေ အလင်းကို ရောက်ရှိလာနိုင်တယ်”

ဧရာဝတီ
DPAG အဖွဲ့မှ ညှိနှိုင်းရေးမှူး ဒေါက်တာ နန်းပန်းအိခမ်း / သဇင်လှိုင် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

မူးယစ်ဆေးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေကို အမျိုးသား လွှတ်တော်တွင် သြဂုတ်လ အတွင်း ပြောင်းလဲပြင်ဆင်ခဲ့ပြီး လူမှုရေးအဖွဲ့အစည်းများ၊ ပညာရှင်များက ထောက်ပြထားသည့် မူးယစ်ဆေးဝါး သုံးစွဲ သူများအပေါ် အလွန်အကျွံ ပြစ်ဒဏ်များဖြင့် ဖမ်းဆီး ထောင်ချမှုများအစား ပြန်လည်ထူထောင်ရေး ပြုလုပ်ရန် ပြဋ္ဌာန်း ခဲ့သည်။

အဆိုပါဥပဒေသစ်နှင့် ပတ်သက်ပြီး မူးယစ်ဆေးဝါး ဥပဒေပြောင်းလဲပြင်ဆင်ရေး အစဉ်တစိုက် ဆောင်ရွက်လာသည့် မူးယစ်ဆေးဝါး မူဝါဒပြောင်းလဲခြင်း ထောက်ခံဆွေးနွေးရေး အဖွဲ့ (DPAG) ညှိနှိုင်းရေးမှူး ဒေါက်တာ နန်းပန်းအိခမ်း နှင့် ဧရာဝတီ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံ မေးမြန်း၍ ဖော်ပြလိုက်ပါသည်။

DPAG အဖွဲ့သည် မူးယစ်ဆေးဝါး ဆိုင်ရာ မူဝါဒများနှင့် အလေ့အထများအပေါ် စိတ်ဝင်စားမှုရှိသည့် အကျိုးသက်ဆိုင်သူ ပေါင်းစုံဖြင့် ဖွဲ့စည်းထားသော ဆွေးနွေး အဖြေရှာရေး အဖွဲ့တဖွဲ့ဖြစ်သည်။

DPAG ကို၂ဝ၁၄ တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်များတွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး သုံးစွဲသူများ ကွန်ရက် (NDNM)၊ မြန်မာနိုင်ငံ ဘိန်းစိုက် တောင်သူများ ညီလာခံ၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း (MANA) နှင့် HIV/AIDS Alliance၊ Medecins du Monde (MdM)၊ Population Save the Children ကဲ့သို့သော နိုင်ငံတကာ အဖွဲ့များလည်း ပါဝင် သည်။

မေး။ ။ အခု အမျိုးသားလွှတ်တော်မှာ ပြောင်းလဲပြင်ဆင် အတည်ပြုလိုက်တဲ့ မူးယစ်ဆေးဝါး ဥပဒေရဲ့ အဓိကပြောင်းလဲ သွားတဲ့ အနှစ်သာရက ဘာဖြစ်မလဲရှင့်။

ဖြေ။ ။ အခုထွက်ထားတဲ့ မူကြမ်းရဲ့ အနှစ်သာရက မူးယစ်ဆေးဝါး သုံးစွဲသူတွေကို မဖမ်းဆီးဘူး။ ထောင်ဒဏ်မချဘဲနဲ့ သူတို့ ဆေးဝါး ကုသမှုကို ခံယူစေမယ်ပေါ့။ အဲဒါက နံပါတ်တစ် ပြီးတော့ ဆေးဝါးကုသမှု နောက်ပိုင်းမှာမှ ပြန်လည် ထူထောင် ရေး လုပ်ငန်းတွေ ဆီကိုပေါ့၊ အဲဒီကနေပြီးတော့မှ နောက်ထပ် နောက်ဆက်တွဲ ပြဿနာတွေ ရှိနေဦးမယ် ဆိုရင် တော့ လူမှုရေး လုပ်ငန်းတွေမှာ လုပ်စေမယ်ပေါ့။

ဆေးကုသမှု ခံယူစေမယ်ဆိုရင်လည်း သုံးစွဲသူတွေရဲ့ သဘော ဆန္ဒ အလျောက် ဆေးဝါးကုသမှု ကိုခံယူတဲ့ သဘောမျိုးပဲ ဖြစ်သင့်တယ်။ အဲဒါကို အစ်မတို့ အနေနဲ့ ဆက်ပြီး ဆွေးနွေးသွားမယ်၊ ဒီဥပဒေ ပြည်သူ့လွှတ်တော်မှာ အတည်မပြုခင် နဲ့ ဒီဥပဒေ အတည်ပြုပြီး နောက်ပိုင်းမှာလည်း ပြည်သူလူထုက သဘောထား ကျယ်ကျယ်ပြန့်ပြန့် ရှိအောင်လို့ ဆက်ပြီးတော့ ဆွေးနွေးသွားမယ်။

မေး။ ။ ပြစ်ဒဏ်မရှိဘူးဆိုရင် ဆေးသုံးစွဲသူတွေ ပိုးများလာနိုင်မလား ဆိုပြီး ပြောဆိုနေကြတာတွေ ရှိနေတဲ့ အပေါ်မှာကော ဘယ်လို ယူဆပါသလဲ။

ဖြေ။ ။ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ပြစ်ဒဏ်ပေးမယ့်အစား သူတို့ရဲ့ ဘဝပြန်လည် ထူထောင်ဖို့ အတွက် ဆေးဝါး ကုသ မှု လက်လှမ်းမီရေး အတွက် တောက်လျှောက် ဆွေးနွေးခဲ့တာတွေ ရှိတယ်။ နိုင်ငံတကာ အတွေ့အကြုံနဲ့ ယှဉ်မယ်ဆိုရင် လည်း၊ နိုင်ငံတကာရဲ့ အထောက်အထားတွေနဲ့ ကြည့်မယ်ဆိုရင်လည်း ဆေးဝါးသုံးစွဲ သူတွေကို ထောင်ထဲ ထည့်တယ်။ ထောင်ထဲ ရောက်သွားတဲ့ အခါဆိုရင် သူတို့အနေနဲ့ ဆေးကုသမှု ခံယူမှုကို မရရှိဘူး။ မူးယစ်ဆေးဝါး ပြဿနာတွေက ပိုတောင်မှ ဆိုးဝါးသွားနိုင်တယ်။

နောက်တခုက ထောင်ထဲမှာဆိုရင် တခြားကျူးလွန်တဲ့ သူတွေနဲ့ တွေ့ပြီးတော့မှ တခြားမကောင်းတာတွေကို ပိုပြီးတော့ သင်ယူမှုကို ရရှိလာမယ်။ နောက် ထောင်ကထွက်ပြီးရင် ဆေးသုံးဖို့ကို ၉၀ ရာခိုင်နှုန်း ဖြစ်နိုင်တယ်။ ဒါကြောင့်မို့လို့ ဆေး သုံး တဲ့သူတွေ ထောင်ထဲထည့်ခြင်း အားဖြင့်တော့ မူးယစ်ဆေးဝါး ပြဿနာက မပျောက်သွားနိုင်ဘူးပေါ့။

အခုကတော့ ထောင်ဒဏ် ၊ ကြီးလေးတဲ့ ပြစ်ဒဏ် မရှိတော့ဘူး ဆိုတော့ ဆေးကုသမယ့် လူတွေက ဆေးဝါးကုသမှုဌာနကို လက်လှမ်းမီမီ ရောက်ရှိနိုင်မယ်။ နောက်သူတို့က ရာဇဝတ်မှု ပြစ်ဒဏ်တွေ မရှိတော့ဘူးဆိုရင် ရာဇဝတ်သားတွေလည်း မဟုတ်တော့ဘူး။ အကျဉ်းထောင်တွေမှာလည်း လူတွေနဲ့ ပြည့်နက် နေတာမျိုးတွေ မရှိတော့ဘူး။ ကောင်းတဲ့ အချက်တွေ အများကြီးရှိတယ်။

မေး။ ။ ဒါဆိုရင် ဆိုးကျိုးထက် ကောင်းကျိုးတွေ ပိုများလာနိုင်မယ်လို့ ယူဆရတာပါလားရှင့်။

ဖြေ။ ။ အခုကြည့်မယ်ဆိုရင် တချို့ ထောင်ထဲမှာလည်း ၇ ရာခိုင်နှုန်းလောက်ကို မူးယစ်ဆေးဝါး ပြဿနာတွေနဲ့ပေါ့၊ အသေးစား မူးယစ်ဆေးဝါး သုံးစွဲသူတွေနဲ့ တချို့ကတော့ မူးယစ်ဆေး လက်ဝယ်တွေ့ရှိသူတွေ ဒီလိုလူတွေနဲ့ ပြည့်နေ တယ်။ မလိုအပ်ဘဲနဲ့လည်း ထောင်ရဲ့ လူဦးရေက အဆမတန် မြင့်မားနေတယ်။ အခုလို ဥပဒေပြင်လိုက်မယ်ဆိုရင် နိုင်ငံတော် အနေနဲ့လည်း ထောင်တွေမှာ လူဦးရေ ပမာဏတွေက လျော့နည်းသွားမယ်ပေါ့။ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ပြန်လည် ကုသတဲ့နေရာမှာ နိုင်ငံတော်ရဲ့ ဘဏ္ဍာကိုပြန်လည် သုံးစွဲလို့ရတာပေါ့။

မေး။ ။ ပြစ်ဒဏ်မရှိဘူးဆိုရင် ဆေးသုံးစွဲသူတွေ ပိုးများ မလာနိုင်ဘူးလား။

ဖြေ။ ။ အဲဒီလိုမျိုးတော့ မရှိဘူး။ မူဝါဒပြောင်းလဲတဲ့ အကြောင်း ပြောကြမယ်ဆိုရင် ပေါ်တူကီ နိုင်ငံ က ဟိုးအရင်တုန်းက ဒီနိုင်ငံလိုပဲ မူးယစ်ဆေးဝါးပြဿနာ ဘိန်းဖြူပြဿနာတွေက ပေါများတယ်။ ဒါကိုဖြေရှင်းမယ်ဆိုရင် ဒီလူတွေကို ထောင်ထဲ ကို ထည့်တာထက်စာရင် ဆေးဝါးကုသမှု စခန်းတွေကို သွားပြီးတော့မှ ပြင်ဆင်လိုက်မယ်။ နောက်ပြီးတော့မှ မူးယစ်ဆေး နဲ့ ပတ်သက်တဲ့ ပညာပေးတွေ လုပ်မယ်။ တဖက်ကလည်း တားဆီးကာကွယ်ရေး လုပ်ငန်းတွေမှာ လက်ကြီးသမားတွေကို ဖမ်းမယ်။

ဒီလိုမျိုး မူဝါဒတွေ ချမှတ်လိုက်တဲ့ အခါဆိုရင် မူးယစ်ဆေးဝါး ပြဿနာတွေက မများလာဘဲနဲ့ လျော့တောင် လျော့ကျသွား တယ်။ ပြည်သူလူထုက စိုးရိမ်ကြတယ်၊ ပြစ်ဒဏ်ကလည်း မချမှတ်တော့ဘူး ဆိုတော့ မူးယစ်ဆေးသုံးစွဲသူတွေ ပိုးများ လာမလားတော့ ထင်ကြတယ်။ တကယ်တော့ အဲ့ဒါတွေက မဟုတ်ဘူး။

မေး။ ။ တကယ်ကို တစိုက်မတ်မတ်နဲ့ ဆေးကုသမှု ဌာနတွေမှာ ကုသရင် ၁၀၀ ရာခိုင်နှုန်း ဆေးပြန်မသုံးစွဲတော့ဘူးလား။ အဲဒီလိုအခြေအနေကို ရောက်ပါ့မလားရှင့်။

ဖြေ။ ။ ဖြစ်နိုင်တာပေါ့။ အစ်မတို့နဲ့ အလုပ်တူတူတွဲလုပ်နေတဲ့ လုပ်ငန်းခွင်တွေထဲမှာ အများကြီးရှိတယ်။ ဆေးပြန်မသုံး တော့ဘူး၊ အလုပ်အကိုင်လည်း အတည်တကျ ရှိလာတယ်။ နောက်တခုက သူတို့ရဲ့ မိသားစုက သူတို့ကို ပြန်လက်ခံလာ နိုင် တယ်။ ဒီလိုမျိုး သာဓကတွေက အများကြီးရှိတာပေါ့၊ ပြစ်ဒဏ်ယူလိုက်တဲ့ အခါကျတော့ သူတို့ရဲ့ လမ်းကြောင်းက စောင်းသွားတာပေါ့။ ဆေးကုသမှု ခံယူတဲ့ဘဝကို တည့်မတ်ပေးလိုက်မယ်ဆိုရင်တော့ အမှောင်ထဲကနေ အလင်းကို ရောက်ရှိလာနိုင်တယ် ပေါ့။

မေး။ ။ မူးယစ်ဆေး သုံးစွဲသူတွေကို ဖမ်းဆီးထောင်ချမှာ မဟုတ်တော့ဘဲ ဆေးကုသရေး စခန်းတွေကို သွားတာတွေ များလာမှာ ဖြစ်တဲ့အတွက် အစိုးရအနေနဲ့ ဘယ်လိုတွေ ပြင်ဆင်ထားသင့်လဲ။

ဖြေ။ ။ ဆေးကုသရေး ဌာနတွေမှာ နိုင်ငံတော်အနေနဲ့ကလည်း ဒီထက်ကို ကျယ်ကျယ်ပြန့်ပြန့် ရှိသင့်တယ်။ အခု ဆေး ဖြတ် စခန်းတွေဆိုရင် မြို့ကြီးတွေမှာပဲ ရှိတယ်။ တောရွာမကျန် ဆေးသုံးစွဲသူတွေ လက်လှမ်းမီဖို့ နေရာတွေမှာ ရှိသင့် တယ်။

ဥပမာ ကချင်လို နေရာမျိုးမှာဆိုရင် မြို့ကြီးမှာ မဟုတ်ဘဲနဲ့ပေါ့၊ နယ်တွေ ကျေးရွာတွေ အထိကို ရောက်ရှိသင့်တယ်။ အစိုးရ က ဖွင့်တဲ့ ကုသမှုဌာနတွေ ရှိတယ်။ တခြား လူမှုရေးလုပ်ငန်းတွေက ဖွင့်လှစ်ထားတဲ့ ဌာနတွေရှိတယ်။ ဒါပေမယ့် ကုသမှု ဌာနေတွေက နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ကိုက်ညီရမယ်။ ဒီအတိုင်းပဲ ခေါ်ပြီးတော့ ၂ လတန်သည် ၃ လတန်သည် အစိမ်းဖြတ် ဖြတ်တာမျိုးတော့ မရှိသင့်ဘူး။ လူထုအခြေပြု စခန်းတွေကိုပြောတာပေါ့နော်။

NGO တွေက ဖွင့်လှစ်ထားတဲ့ ဆေးကုသ စခန်းတွေလည်း ရှိတယ်။ သူတို့ကတော့ ဆေးဖြတ်လက္ခဏာ ပေါ်ပေါက်လာ လို့ရှိရင် လျော့ကျသွားနိုင်ရေး နောက်တခုက မူးယစ်ဆေးဝါး အကြောထဲကို ထိုးတဲ့ လူတွေကြားထဲမှာ HIV တယောက်နဲ့ တယောက်ကို မကူးစက်နိုင် ရေး အတွက်ကို ပညာပေးလုပ်ငန်းတွေ၊ ကုသရေး လုပ်ငန်းတွေ၊ ဆေးတိုက်ကျွေး လုပ်ငန်း တွေ လုပ်နေတဲ့ NGO တွေ လည်း ရှိတယ်။ ဒီအဖွဲ့တွေနဲ့ အစိုးရနဲ့ ပူးပေါင်းပြီးတော့ ဒီ့ထက် ကျယ်ကျယ်ပြန့်ပြန့် ဆောင် ရွက် သင့်တယ်။

မေး။ ။ ပြန်လည်ထူထောင်တဲ့ နေရာတွေကို ပို့မယ်ဆိုတော့ ဒါတွေက တကယ်ကိုပဲ အကောင်အထည် ဖော်နိုင်မလား။ ဖြစ်နိုင်ခြေရော ရှိပါ့မလား။

ဖြေ။ ။ နိုင်ငံတော်ကတော့ ပြန်လည် ထူထောင်ရေး စခန်းတွေကို ဖွင့်လှစ်ဖို့ အစီအစဉ်ရှိတယ်။ ဒါပေမယ့်လည်း ပြန်လည် ထူထောင်ရေး စခန်းလို့ ဆိုတဲ့နေရာမှာ နိုင်ငံတကာ အတွေ့အကြုံနဲ့ပဲ ကြည့်မယ်ဆိုရင် လူအင်အား၊ ငွေအင်အားတွေ လိုအပ်တာပေါ့။ နောက်တခုက ရေရှည် ဘယ်လောက်ထိ မူးယစ်ဆေးဝါး သုံးစွဲတဲ့သူတွေကို ကူသမှု ပေးနိုင်မလဲ။ နောက် တခုက ဆေးကုသမှု ခံယူချင်တဲ့ သူတွေကကော ဒီစခန်းတွေကို ဘယ်လောက်ထိ လက်ခံနိုင်လဲ အဲဒါတွေပေါ်မှာ မူတည် တယ်။

နောက်တခုက ပြန်လည်ထူထောင်ရေး စခန်းတွေဆိုရင် အတင်းအကျပ် ပိတ်လှောင်ထားတာမျိုး နောက်တခုက ပြည့်စုံတဲ့ ဆေးဝါး ကိရိယာတွေ သူတို့ ဆေးစွဲမှု ပြဿနာနဲ့ကိုက်ညီတဲ့ ဆေးတွေ ရှိသင့်တယ်ထင်တယ်။ အရင်က ပြန်ထူစခန်းတွေ ရှိတယ်ဆိုပေမယ့် အဲဒီစခန်းတွေကလည်း မအောင်မြင်ခဲ့ဘူး။ ပြန်လည်ထူထောင်ရေး စခန်းတွေက နိုင်ငံတကာ စံချိန် စံညွှန်း နဲ့အညီ ဖြစ်သင့်တယ်။ သဘောကတော့ အနာနဲ့ ဆေးနဲ့ တွေ့တဲ့ ပြန်လည် ထူထောင်ရေး စခန်းတွေ ဖြစ်သင့်တယ်။

မေး။ ။ ဒါဆိုရင် အစိုးရ အနေနဲ့က ဥပဒေကိုတော့ ပြင်ဆင်ပြီးပြီဆိုတော့ ဒီဥပဒေအတိုင်း အကောင်အထည်ဖော်ဖို့ ဘာတွေ လုပ်ရဦးမယ် ထင်လဲ။

ဖြေ။ ။ ဥပဒေကို ပြင်ဆင်လိုက်တယ်ဆိုတာက အပေါ်ပိုင်းကို ပြင်ဆင်လိုက်တာပေါ့။ ဒါပေမယ့် လက်တွေ့လုပ်ငန်းတွေမှာ အကောင်အထည်ဖော်ဖို့ ဆိုတာက နိုင်ငံတော် အနေနဲ့ အများကြီး ဆောင်ရွက်ဖို့ လိုသေးတာပေါ့။ အန္တရာယ်လျှော့ချတဲ့ လုပ်ငန်း HIV လျော့ကျအောင် လုပ်နေတဲ့ လုပ်ငန်းတွေကို နိုင်ငံတကာက ထောက်ပံ့နေတာတွေ ရှိတယ်။ ဒီလုပ်ငန်းတွေ က နိုင်ငံတကာက အထောက်အပံ့နဲ့ ဆောင်ရွက်နေရတာတွေ ရှိတယ်။ ဒီလို နိုင်ငံတကာက အထောက်အပံ့တွေကလည်း လျော့နည်းလာတာတွေ ရှိတယ်။ နိုင်ငံတော် အနေနဲ့က ဒီလိုလျော့နည်းသွားတဲ့ အချိန်မှာ ပြန်လည် ဖြည့်တင်းပြီးတော့ စီမံကိန်းတွေကို များများ ဆောင်ရွက်ဖို့ လိုတယ်။

နောက်ပြီးတော့ ဒီဥပဒေကို ပြည်သူတွေအနေနဲ့ ပိုမိုနားလည် သဘောပေါက် လာအောင်လို့လည်း နိုင်ငံတော်က ဆောင် ရွက် သင့်တယ်။ ဒီလိုမဟုတ်ရင် လူတွေက ဥပဒေကတော့ ပြင်ဆင်လိုက်တယ်။ ဒါပေမယ်လို့ ဒီဥပဒေရဲ့ ကောင်းကျိုး တွေကို ကွက်ကွက်ကွင်းကွင်း မမြင်ရဘူး၊ မျက်ဝါးထင်ထင် မြင်ရမယ်ဆိုရင် ဒီဥပဒေမှာ အားနည်းချက်တွေကို ပိုပြီး ထောက်ပြနိုင်မယ်ပေါ့။ ကောင်းတဲ့အတွက် ပြင်ဆင်ပေမယ့်လို့ တကယ်တမ်း လက်တွေ့မှာ မထိရောက်ဘူး ဆိုရင် ကျတော့ ကောင်းတဲ့ မူဝါဒတွေ ဥပဒေတွေ မအောင်မြင်မှာ စိုးတယ်။

မေး။ ။ ဒီဥပဒေမှာ အားနည်းချက်တွေကကော ဘာရှိမလဲ။ ဘာတွေ ထပ်မံပြင်ဆင်သင့်သေးတယ်လို့ ထင်လဲရှင့်။

ဖြေ။ ။အားနည်းချက်ဆိုတာထက် ထပ်ပြီးဖြည့်စွက် ပြောချင်တာကတော့ စိုက်ပျိုးသူ ပြည်သူတွေအတွက် ကိုတော့ ဒီဥပဒေ မူကြမ်းမှာတော့ ဆွေးနွေးထားခြင်း ပြင်ဆင်ထားခြင်း မရှိဘူး။ ဒါကတော့ တချက်၊ နောက်ပိုင်းမှာ ဆက်ပြီး ဆွေးနွေးမယ် ဆိုရင်လည်း အသေးစား စိုက်ပျိုးသူတွေအတွက် ပြင်ဆင်တဲ့ ဥပဒေတော့ ရှိသင့်တာပေါ့။

နောက်တခုကတော့ သေဒဏ်ပေါ့ သူကပြင်ဆင်တဲ့ထဲမှာ မပါဘူး။ မပါတော့ သေဒဏ်ကတော့ နိုင်ငံတကာမှာ လူ့အခွင့် အရေး စံချိန်စံညွှန်းတွေနဲ့ ကြည့်မယ်ဆိုရင် သေဒဏ်ကတော့ ခေတ်မမီတော့ဘူးပေါ့။ အစ်မတို့ဆီမှာလည်း သေဒဏ်က ရှိတယ်။ ဒါပေမယ့် လက်တွေ့ကျင့်သုံးတာ မရှိဘူး။ အဲဒီတော့ သေဒဏ်ကို လက်တွေ့မကျင့်သုံးတဲ့ အတွက်ကြောင့်ကို ပယ်ဖျက်သင့်တယ်လို့ ထင်တယ်။ ဒါကို ဥပဒေမူကြမ်းမှာ ပြင်ဆင်ထားခြင်း မရှိဘူး။

မေး။ ။ ဒီလိုဆို ဥပဒေမူကြမ်းမှာ ပြင်ဆင်ရမယ့် အချက်တွေ လုပ်ဖို့ တော်တော်များများ ကျန်သေးတယ်ပေါ့။

ဖြေ။ ။ ကျန်သေးတာပေါ့။

မေး။ ။ အခုမြန်မာနိုင်ငံက ဆေးသုံးစွဲသူတွေကို စစ်တမ်းကောက်ပြီး ရာခိုင်နှုန်းနဲ့ တွက်တာမျိုးရှိလား။

ဖြေ။ ။ တကယ်တမ်း စစ်တမ်းကောက်မယ်ဆိုရင် မူးယစ်ဆေးဝါး အမျိုးအစားအမျိုးမျိုးကို တအိမ်တက်ဆင်း ကောက်ယူရ မယ်။ အစ်မတို့ဆီမှာတော့ မရှိသေးဘူး ။ UNODC ကတော့ စစ်တမ်းကောက်ယူဖို့ကို စတင်နေပြီ။ အစ်မတို့ဆီမှာ အကြော ထဲ ထိုးသွင်း လူဦးရေကတော့ ၈ သောင်း ၃ထောင် ရှိတယ်။ တကယ်တမ်း မူးယစ်ဆေးဝါးကို ဘယ်လောက် အတိုင်း အတာ ထိ သုံးစွဲနေလဲဆိုတာ တိတိကျကျ အချက်အလက်ကတော့ မရှိဘူးပေါ့။

မေး။ ။ နောက်ဆုံးအနေနဲ့ ဒီဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွက် ပြောချင်ပါသေးလဲရှင့်။

ဖြေ။ ။ ဒီဥပဒေမူကြမ်းကို အတည်ပြုလိုက်တာကတော့ ဝမ်းသာစရာကောင်းတဲ့ အချက်ပေါ့။ ဒါပေမယ့်လည်း ဒီဥပဒေကို လက်တွေ့မှာ အကောင်အထည် ဖော်ရင် အဓိက မူးယစ်ဆေးဝါး သုံးစွဲသူတွေအတွက် ကျန်းမာရေး ဝန်ဆောင်မှုတွေ ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သင့်တယ်။ နိုင်ငံတော်အနေနဲ့ က တတတ်တအား ပါဝင်ပြီးတော့ လုပ်ဆောင်သင့်တယ်။ အစ်မတို့လို လူထု အခြေပြု အဖွဲ့အစည်းတွေနဲ့လည်း ဒီလိုလုပ်ငန်းတွေအတွက် နိုင်ငံတော်နဲ့ ပူးပေါင်း ပါဝင်ဖို့ အတွက်ကို လက်ကမ်းကြိုဆိုပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading