မြန်မာနိုင်ငံအတွင်း တိုင်းရင်းသား ဒေသများတွင် လူအခွင့်အရေး ချိုးဖောက်မှုများ ရှိနေဆဲ ဖြစ်သဖြင့် အမေရိကန် အပါ အဝင် အနောက်နိုင်ငံများက တပ်မတော်နှင့် စစ်ဘက်ဆက်ဆံရေး တိုးမြှင့်လာသည့် အပေါ် စိုးရိမ်ကြောင်း တိုင်းရင်းသူ အမျိုးသမီး အဖွဲ့အစည်းများက ပြောဆိုသည်။
ထိုအခြေအနေများနှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် အမျိုးသမီးနှင့် ကလေး သူငယ် အခွင့်အရေး လှုပ်ရှား ဆောင်ရွက်နေကြသော အမျိုးသမီး အဖွဲ့အစည်းများမှ ပြောခွင့်ရ ပုဂ္ဂိုလ်များကို ဧရာဝတီ သတင်း ထောက် ကျော်ခ က ဆက်သွယ် မေးမြန်းထားသည်။
ဆန်ထွယ်
ကချင် အမျိုးသမီး အစည်းအရုံး (KWAT) ပြောခွင့်ရ ပုဂ္ဂိုလ်
အဓိကကတော့ နိုင်ငံတကာ စစ်တပ်ဆိုတဲ့နေရာမှာ ကျမတို့က ဗြိတိသျှ (UK) နဲ့ အမေရိကန် ပြည်ထောင်စု (US) ကနေ မြန်မာအစိုးရ စစ်တပ်ကို စစ်တပ်အချင်းချင်း ဆက်ဆံရေး (Military to Military Engagement) တွေ လုပ်တယ်။ အဲဒီဟာ ကို ကျမတို့က ရပ်ခိုင်းစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုအခြေအနေက တပ်မတော်ကနေ ဆက်လက်ပြီးမှ လူ့အခွင့် အရေးချိုး ဖောက်မှုတွေ ဆက်လုပ်နေမယ်ဆို သူတို့ရဲ့ ဒီမိုကရေစီလို့ ပြောနေတဲ့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ မကိုက်ညီတဲ့ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသရွေ့ သူတို့က အဲဒီဟာကို ပံ့ပိုးပြီး ဆက်လုပ်နေရင် ဒါ လူ့အခွင့်အရေး ချိုးဖောက် မှု အတွက် လုပ်နေတယ်လို့ ကျမတို့က ပြောထားတယ်။
နောက်တခုက သူတို့ နိုင်ငံတကာကို သွားတဲ့အခါ အဓိက တပ်မတော်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေါ့နော်။ နိုင်ငံတကာ သွားတဲ့အချိန်မှာ။ အရင်တုန်းက မြန်မာ တပ်မတော်ကို အဲဒီလောက်ထိ ပံ့ပိုးမှု မရှိခဲ့ဘူး။ အဲဒါ ကျမတို့ မြန်မာနိုင်ငံ အတွက် ဒီမိုကရေစီ လှုပ်ရှားမှုတွေအတွက် အများကြီး ခွန်အားဖြစ်ခဲ့တယ်။
အခုက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တပ်မတော်က ဆက်လက် ကျူးလွန်နေတဲ့အချိန်မှာ နိုင်ငံ တကာ က ဒါမျိုး မြန်မာနိုင်ငံ စစ်ဘက်က စစ်ခေါင်းဆောင်တွေကို အရမ်းကြီးကို ကြိုဆိုနေတဲ့ ဟာက ဒီလူ့အခွင့်အရေး ချိုးဖောက်မှုကို ဆက်ပြီးမှ ချိုးဖောက်ဖို့အတွက် အားပေးနေသလိုပဲလိုု့ မြင်တယ်။ ချိုးဖောက်မှုတွေကို ရပ်ခိုင်းစေချင်တယ်။
ဒါကြောင့် နိုင်ငံတကာကလည်း အဲဒါကို အဓိက မြန်မာနိုုင်ငံရဲ့ တပ်မတော်ကို ပိတ်ပင်ဖို့ ကျမတို့က တောင်းဆိုထားတာ။
ယိင်းဟန်ဖ
ရှမ်း လူထုအခြေပြု လူမှုအဖွဲ့အစည်း (SCBO)
အနောက်နိုင်ငံတွေ က မြန်မာ့ တပ်မတော်ကို စစ်တပ်ချင်း ဆက်ဆံရေးတွေ တိုးလုပ်လာတာ မြန်မာပြည် အတွက်တော့ ကောင်း ပါတယ်။ ဒါပေမယ့် မြန်မာ တပ်မတော်က Standard Army အရည်အချင်း ပြည့်ဝတဲ့ တပ်မတော် ဖြစ်လာလိမ့် မယ်လို့တော့ မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ မပြင်မချင်း သူတို့မှာ လုပ်ပိုင်ခွင့်ပါဝါတွေအပြင် ၂၅ ရာခိုင်နှုန်း ရှိနေတဲ့အတွက် လွှတ်တော်မှာ အာဏာ အပြည့်အဝ ရှိနေတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေတော့ လျော့နည်းလာဖို့ လမ်းမမြင်ဘူး ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ အပတ်ကပဲ မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ စစ်ဆင်ရေးလုပ်မယ်လို့ ကြေညာထားတော့ အဲဒါကို အကြောင်းပြပြီး တိုက်ပွဲတွေ ပိုဖြစ်လာမယ် လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ ပိုဖြစ်လာမှာမို့လို့ တိုင်းရင်းသား ပြည်သူ လူထုအတွက် စိုးရိမ်မိပါတယ်။
နော်ကညောဖော
ကရင် အမျိုးသမီး အစည်းအရုံး (KWO) အတွင်းရေးမှူး
ကျမအနေနဲ့ ကတော့ Military to Military Engagement ကိစ္စမှာ မြန်မာ့ တပ်မတော်က ပရော်ဖက်ရှင်နယ် ဖြစ်လာဖို့ ဆိုတာ မလွယ်သေးဘူးလို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က နှစ်ပေါင်းကြာလာပြီ အခုထိ ပြောင်းလဲမှု မရှိသေး ဘူး။ လွယ်လွယ်လေးနဲ့ ပြောင်းလို့မရဘူး။ နိုင်ငံတကာအနေနဲ့ အခုလိုမျိုး မြန်မာအစိုးရ တပ်မတော်နဲ့ စစ်တပ်အချင်းချင်း ဆက်ဆံရေး လုပ်တာက မြန်မာ့တပ်မတော်ကို ပိုပြီးတော့ Legitimacy ရစေတယ်လေ။
နိုင်ငံတကာ အသိုက်အဝန်းနဲ့ အတူတူ လက်တွဲလုပ်နေတယ် ဆိုပေမယ့် မြန်မာ့ တပ်မတော်က တကယ့်တကယ်မှာတော့ အပြောင်းအလဲ မရှိသေးဘူး။ တကယ့်တကယ် အဲဒီလို လုပ်မယ်ဆိုရင် ချထားတဲ့မူတွေ ပြောင်းရမှာလေ။ အခုက ကျမတို့ နိုင်ငံက ဒီမိုကရေစီနိုင်ငံ ဆိုပြီးတော့မှ တပ်မတော်က အစိုးရ အပေါ်မှာပဲ ရှိနေသေးတာကိုးနော်။ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ဆို တော့ သူတို့ရဲ့ တာဝန်က ရှိသေးတယ်လေ။ ဒါကြောင့် တပ်မတော်က အပြောင်းအလဲတွေ လုပ်ရမယ်လေ။
တပ်မတော်က လက်ရှိလည်း တိုင်းရင်းသား နယ်မြေတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ရှိနေဆဲပဲ။ အခုချိန်ထိ ဘာမှ အပြောင်းအလဲ မရှိသေးဘူး။ တပ်တွေတိုးချတာ၊ နယ်မြေတိုးချဲ့တာတွေ ရှိနေတယ်။ အပစ်အခတ် ရပ်စဲရေး ရှိနေ တဲ့ နေရာတွေ တောင်မှ အခုထိ လုပ်နေတာပဲလေ။
ဒေါ်ခွန်ဂျာ
ကချင် ငြိမ်းချမ်းရေး ကွန်ရက် (KPN) ပြောခွင့်ရ ပုဂ္ဂိုလ်
မြန်မာ့ တပ်မတော်က တိုင်းရင်းသား ဒေသတွေမှာ ကျူးလွန်မှုတွေ ရှိနေတယ်ဆိုတာဟာ သူ့ရဲ့ စည်းမျဉ်း ဥပဒေတွေကို မသိလို့ ကျူးလွန်တာ မဟုတ်ဘူးလို့ ကျမအနေနဲ့တော့ မြင်ပါတယ်။ ဖြစ်သွားတဲ့ အခါမှာ အရေးယူမှု မရှိဘဲ လွတ်မြောက် နေတဲ့ အခါမှာကြတော့ ထပ်ခါ ထပ်ခါ ကျူးလွန်ဖို့အတွက် အားပေးနေသလို ဖြစ်နေတယ်။ ဒါကြောင့်မလို့ အဲဒီကဏ္ဍ အပိုင်း မှာတော့ အမေရိကန် အပါအဝင် တခြားနိုင်ငံတွေကလည်း ဝင်ရောက်စွက်ဖက်နိုင်မှု မရှိတဲ့ အတွက်ကြောင့်မလို့ ပရော်ဖက်ရှင်နယ် တပ်မတော်ဖြစ်ရေးအတွက် သက်ရောက်မှုရှိလိမ့်မယ်လို့ မမျှော်လင့်ဘူး။
ဒါကြောင့်မို့လို့ တိုင်းရင်းသားတွေ အတွက်ကတော့ ပိုကောင်းမယ်ဆိုတာထက် အမေရိကန် အပါအဝင် တခြားနိုင်ငံတွေ ဟာ တပ်မတော်ကို တရားဝင်သလို လုပ်ပေးလိုက်တာဖြစ်တဲ့ အတွက်ကြောင့်မလို့ ကမ္ဘာပေါ်မှာ မြန်မာ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာဟာ ပိုကောင်းလာပြီး ဒေသတွင်းမှာတော့ ကျူးလွန်မြဲပဲလို့ ယူဆပါတယ်။
အနောက်နိုင်ငံတွေအနေနဲ့ အခုလိုမျိုးလုပ်တာ အားပေးအားမြောက် လုပ်တာမျိုးလည်း သက်ရောက်ပါတယ်။ နောက်တခု က မသိချင်ယောင်ဆောင်ပြီးတော့မှ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေကလည်း ဒီထဲက အကျိုးအမြတ် ရရှိလို့ပဲ လုပ်ဆောင်တယ်လို့ ယူဆပါတယ်။ အကျိုးအမြတ်လို့ ပြောတဲ့အခါမှာ သူတို့ရဲ့ တိုင်းပြည်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေလည်း ဖြစ်မယ်။ သူတို့ရဲ့ နိုင်ငံရေး ပေါ်လစီအရလည်း ဖြစ်တယ်ပေါ့။ ဒါတွေက မြန်မာနိုင်ငံက ပြည်သူ ပြည်သားတွေ အတွက် ကတော့ သိပ်မထူးခြားဘူးလို့ပဲ မြင်ပါတယ်။
ဒီဒီပိုးကျိန်
ပလောင် (တအာင်း) အမျိုးသမီး အဖွဲ့ (TWO)
အမေရိကန်ပဲဖြစ်ဖြစ်၊ အနောက်နိုင်ငံတွေပဲဖြစ်ဖြစ်၊ EU နိုင်ငံတွေပဲဖြစ်ဖြစ်ပေါ့။ မြန်မာ့တပ်မတော်နဲ့ စစ်ဘက်ဆက်ဆံရေး တိုးမြှင့်ဖို့ လုပ်မယ်ဆိုရင် စောသေးတယ်လို့ မြင်ပါတယ်။ လုပ်တော့ လုပ်ရမယ်၊ အခုအချိန်မှာ လုပ်မယ်ဆိုလို့ ရှိရင်တော့ အကျိုးမရှိနိုင်ဘူး။ အကျိုးမရှိနိုင်တဲ့ အပြင် ပိုပြီးမှ Standard Army ဆိုလို့ရှိရင်တော့ ဒီမိုကရေစီ ခိုင်ခိုင်မာမာ ကျမတို့ နိုင်ငံ က ပြုပြင်ပြောင်းလဲမှု ရှိနေပြီဆိုလို့ ရှိရင်တော့ ပြဿနာ မရှိဘူး။
အခုအချိန်မှာ ဆိုလို့ရှိရင် ကျမတို့နိုင်ငံမှာ အရမ်းကို ရှုပ်ထွေးတဲ့ အခြေအနေမှာ ရှိနေတာပေါ့။ ပြီးလို့ရှိရင် လက်ရှိ တပ်မတော် ကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တိုင်းရင်းသား ဒေသတွေမှာ အခုလက်ရှိဆိုလို့ရှိရင် ထိုးစစ်တွေ လုပ်လာတဲ့ အပိုင်းတွေ ရှိနေသေးတယ်။ ဒီလိုအနေအထားမှာ ဆိုလို့ရှိရင် ကျမအနေနဲ့ကတော့ မဖြစ်စေချင်သေးဘူး။
လူ့အခွင့်အရေးပိုင်းတွေကို ကြည့်မယ်ဆိုလို့ရှိရင်လည်း ပိုတိုးလာတဲ့ အပိုင်းတွေပဲ တွေ့ရတယ်။ အထူးသဖြင့် ကျမတို့ ရှမ်းမြောက်ဒေသ အပိုင်းမှာဆိုလို့ရှိရင် တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေက အရင်ကထက်စာလို့ရှိရင် ပိုဆိုးလာတယ်။ နိုင်ငံတကာက တပ်မတော်ကို အခုလိုမျိုး လုပ်ပေးလိုက်မယ်ဆိုလို့ရှိရင် သူတို့ကို တရားဝင်ပုံစံလိုမျိုး ပြီးလို့ရှိရင်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုကလည်း တရားဝင် ချိုးဖောက်ခွင့်ရတဲ့ ပုံစံမျိုး ဖြစ်သွားမှာကို ပိုပြီးတော့ စိုးရိမ်တာပေါ့။
ဘာဖြစ်လို့လဲ ဆိုတော့ အခုလက်ရှိ အခြေအနေက တပ်မတော်ရဲ့ ပုံရိပ်ပဲကြည့်ကြည့် လုပ်ရပ်ပဲကြည့်ကြည့် ပြုပြင် ပြောင်း လဲမှု တခုမှ မတွေ့ရသေးတဲ့ အနေအထားမှာပဲ ရှိနေတုန်းပဲ။ အဲဒါကြောင့်မလို့ ကျမတို့ အနေနဲ့ကြည့်ရင်တော့ နိုင်ငံတခု အတွက် လုပ်ဖို့တော့ လိုအပ်ပေမယ့် အခုချိန်မှာက လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ရှိနေသေးတယ်။ အဲဒီလိုမျိုး အခြေအနေမှာ နိုင်ငံတကာက ထောက်ခံထားတဲ့ တပ်မတော်က လုပ်တယ်ဆိုတာမျိုး ဖြစ်သွားမှာကို စိုးရိမ်တာပေါ့။ ။