အမုန်းတရား မပြန့်ပွားဖို့ မီဒီယာကို စောင့်ကြည့်မယ့် မီဒီယာကောင်စီ

ချစ်မင်းထွန်း
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ အတွင်းရေးမှူး ဦးသီဟစော / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

လက်ရှိ မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် ပေးရန် တောင်းဆိုလျက်ရှိနေသည်။ သို့သော် လွတ်လပ်စွာ သတင်းရေးသားခွင့်ဆိုသည်နှင့်တပြိုင်တည်း သတင်းအမှားများကို ရေးသား၍ ဝါဒဖြန့်နေခြင်းကြောင့် ပဋိပက္ခများ ဖြစ်ပွား လာမှုများ ရှိနေသည်။

အလားတူ Page အတုများကို ထောင်၍ မဟုတ်မမှန် သတင်းများကို ရေးသား ဖြန့်ဝေကာ ပဋိပက္ခ ဖြစ်ပွားအောင် လုပ် ဆောင်နေသကဲ့သို့ Hate Speech အမုန်းစကားဖြစ် ရေးသားနေခြင်းများလည်း များပြားလာခြင်းကြောင့် တရားဝင်သတင်း မီဒီယာများအပေါ် ထိခိုက်လာပြီး လူထုထံ သတင်းအမှားများ ရောက်ရှိသည်။

အဆိုပါ အခြေအနေများကို တားဆီးနိုင်ရန်အတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက Media Mornitoring ကော်မ တီတခု ဖွဲ့စည်းသွားရန် ဆောင်ရွက်နေခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ အတွင်းရေးမှူး ဦးသီဟ စောအား ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းက တွေ့ဆုံ မေးမြန်းထားသည်ကို ဖော်ပြလိုက် ပါသည်။

မေး ။ ။ Hate Speech တွေ၊ သတင်း အမှားတွေ၊ Page အတုတွေအပေါ်မှာ စောင့်ကြည့်မှုတွေ လုပ်မယ်ဆိုတော့လေ ဘယ်တော့လောက် စတင်ဖို့ရှိသလဲ။

ဖြေ ။ ။ ဘယ်တော့လောက် စမှာလဲဆို ကျနော်တို့က အမြန်ဆုံး စစေချင်တယ်။ ဒါပေမယ့် သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တွေနဲ့ အစည်းအဝေးမှာ ညှိနှိုင်းပြီးတော့ သူတို့ Media Monitoring ကော်မတီလို့ သူတို့ ဖွဲ့လိမ့်မယ်။

အဲဒီမှာ ကျွမ်းကျင်တဲ့ လူတွေပါမယ်။ ဖြစ်နိုင်ရင်တော့ တလအတွင်း သို့မဟုတ် တပတ် နှစ်ပတ်အတွင်း စချင်တယ်။ လော လောဆယ်တော့ မနက်ဖြန် (သြဂုတ် ၃၀ ရက်)ကို သတင်းမီဒီယာကောင်စီက မွန်ပြည်နယ်ကို သွားမယ်။ မွန်ပြည်နယ်မှာ မဏ္ဍိုင်လေးရပ်ဆွေးနွေးပွဲ လုပ်ဖို့ ရှိတယ်။

မနက်ဖြန် သွားကြမယ် သန်ဘက်ခါမှာ စပြီးတော့ လုပ်မှာပေါ့။ ဟိုမှာ သတင်းသမားတွေနဲ့ အရင်တွေ့မယ်။ မွန်ပြည်နယ် သတင်းသမားတွေနဲ့ ပြီးရင် ပြည်နယ်အစိုးရ ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ မွန်ပြည်နယ် တရားရေးပေါ့။ အဲဒီလူ တွေနဲ့ မီဒီယာသမားတွေနဲ့ ဆွေးနွေးပွဲကို Organise လုပ်ပေးမယ်။ အဲဒီ ကိစ္စတွေ ပြီးရင် ခဏပြောတဲ့ Media Monitoring ကော်မတီလိုမျိုး စဖွဲ့တော့မှာပဲ။

မေး ။ ။ ကော်မတီဝင် ဘယ်လောက်ထားပြီး ဖွဲ့မှာလဲ၊ ဘယ်လို ပုံစံနဲ့ စမှာလဲ။

ဖြေ ။ ။ ကျနော်တို့ ဒါက ဆရာ ဦးအောင်လှထွန်းရဲ့အကြံပြုချက်ပေါ့။ လုပ်သင့်တယ်ဆိုတဲ့ အကြံပြုချက် တကယ်ရှိတာ က သတင်းမီဒီယာကောင်စီမှာ ၂၃ ဦး ရှိတယ်။ ဥက္ကဌကြီးက ကျန်းမာရေး မကောင်းလို့ နားနေတာပေါ့နော်။ ဒုဥက္ကဌက စပြီး အတွင်းရေးမှူးတွေ အကုန် ၂၃ ဦး၊ ၂၃ ဦးမှာ ၅ ဦးနဲ့ ဖွဲ့မလား၊ ၁၀ ဦးနဲ့ ဖွဲ့မလား တာဝန်တွေကို တိတိကျကျ ဘယ်လို တာဝန်ယူကြမလဲ စသဖြင့် ဒါတွေကို အစည်းအဝေးမှာ ဆုံးဖြတ်ကြမှာပါ၊ လောလောဆယ်တော့ အတိအကျ ပြောလို့ မရ သေးပါဘူး။

မေး ။ ။ တကယ်လို့ Hate Speech (အမုန်းပွားအောင် ရေးသားခြင်း) တွေ များလာပြီး သတင်း မဟုတ်မမှန် ရေးသားမှု တွေနောက် Page အတုတွေ များလာတဲ့အခါ ဘယ်လို အရေးယူ ဆောင်ရွက်မှုတွေ လုပ်မှာလဲ။

ဖြေ ။ ။ အဲဒီကိစ္စက အရေးကြီးတယ်။ ဘယ်လို အရေးယူမလဲဆိုရင် ကျနော်တို့ သတင်း မီဒီယာကောင်စီက အဲဒါမျိုးတွေ ကို အရေးယူထားတဲ့ အခွင့်အာဏာ ယူထားတာမျိုးမဟုတ်ဘူး။ ကျနော်တို့က ထောက်ပြမှာ ဒီနေရာမှာတော့ ဒီသတင်းက သတင်းအမှားဖြစ်တယ်။

ဒီသတင်းက သတင်းသမားကို အန္တရာယ်ပြုတာ၊ ဘာကြောင့်လဲဆိုတာ အဲဒီလိုမျိုး သတင်းမှာပေါ်ထွက်နေတဲ့ Main Stream Media ရော၊ ဆိုရှယ်မီဒီယာရော၊ အဓိက Main Stream Media တွေကို အဓိကထားမယ်။ ဆိုရှယ်မီဒီယာလည်း တချို့ဟာ ကြည့်မှာပေါ့။

အဲဒါမျိုးတွေက ကျနော်တို့ လူအင်အား ဘယ်လောက်ရှိမလဲ၊ ငွေအင်အား ဘယ်လောက်ရှိမလဲပေါ့။ အဲဒီအပေါ် မူတည်ပြီး တော့ တတ်နိုင်သလောက် လုပ်မှာ၊ အဓိကကတော့ အရေးယူဖို့ထက် ဖော်ထုတ်ဖို့။ ကျနော်တို့က ဖော်ထုတ်ပြီးပြီဆိုလို့ရှိ ရင် အရေးယူတာက ရဲတို့၊ Cyber Law ရှိရင်လည်း Cyber Law တော့ မရှိသေးဘူးပေါ့။ တခြား ဥပဒေအရ အရေးယူတာ ရော၊ အရေးယူလို့ရတဲ့အဖွဲ့တွေက အရေးယူလိမ့်မယ်။

ဥပမာ Cyber Police ရှိရင် Cyber Police က ကျနော်တို့ ထောက်ပြရင် သူ သိသွားမှာပေါ့။ သူ သိသွားရင် သူဘာသာ လုပ်စရာရှိတာ ဆက်လုပ်သွားပေါ့။ ကျနော်တို့က ကိုယ်တိုင်တော့ အရေးယူမှာ မဟုတ်ဘူး။ ကျနော်တို့က ဖော်ထုတ်ညွန် ပြတဲ့ အလုပ်ကို လုပ်မှာပါ။

မေး ။ ။ ဒီတော့ ဆရာတို့နဲ့ အစိုးရ တာဝန်ရှိသူတွေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါသလဲ။

ဖြေ ။ ။ ပူးပေါင်းတာကတော့ အကုန်လုံးနဲ့ ပူးပေါင်းတာပဲ။ မဏ္ဍိုင်လေးရပ်စလုံး တိုင်းနဲ့ပြည်နယ် လေးခုလောက်ကို လုပ် ဖို့ရှိတယ်။ အခု နှစ်ခုရှိပြီးပေါ့နော်။ မော်လမြိုင်နဲ့ဆိုရင်ပေါ့။ နောက် နေပြည်တော်မှာလည်း လုပ်ပြီပြီး။ ဝန်ကြီးဌာနတွေက ရဲတို့၊ တပ်တို့၊ ပြန်ကြားရေးတို့ အကုန်လုံးနဲ့ ဆက်ဆံရေးတော့ ရှိပါတယ်။ ဒါပေမယ့် တိတိကျကျ ပူးပေါင်းဖို့ကတော့ သူတို့ ဒီကိစ္စအတွက်ပဲ ဆိုရင်တော့ ဘာမှ ပြောစရာမရှိပါဘူး။ ဆိုပါတော့ ကျနော်တို့ တခါတလေမှာ တလောက ဥပမာတခု ပေး ချင်တယ်။

ဿသနာရေးဝန်ကြီးဌာန ပတ်သက်တဲ့ အကောင့်တုတခု တက်လာတယ်။ သာသနာရေးဝန်ကြီးဌာန ဝန်ကြီးက ဖြေတယ်။ ညာဖြေတယ် ပြောဆိုတဲ့ဟာပေါ့။ အဲဒီမီဒီယာကို ကျနော်တို့က ကျင့်ဝတ်အရဆိုရင် အရေးယူလို့ ရတယ်။ ကျင့်ဝတ်နဲ့ အရေးယူဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ အဲ အကောင့်က မီဒီယာဌာနက အဲဒီ အကောင့်တု မရှိတော့ဘူး ပိတ်သိမ်းသွားတာ ကြာလှပြီ။ သူဟာ ပရင့်မီဒီယာမှာရော၊ အွန်လိုင်းမှာရော မရှိတော့ဘူး။ သူနာမည်နဲ့ တခြားလူက ပေါက်ကရ ရေးနေတာ။ အဲဒီတော့ အဲဒီလိုမျိုး ကိုယ်ယောင်ဖျောက်သွားတဲ့ဟာမျိုးကို ကျနော်တို့က ကျင့်ဝတ်အရ သွားပြောရင် သူက ကျင့်ဝတ် လိုက်နာမှာလည်း မဟုတ်ဘူးလေ။

သူက အကောင့်တုနဲ့ ပြဿနာရှာမယ်ဆိုရင် Cyber Law နဲ့ Cyber Police က ဘယ်လိုအရေးယူမလဲ။ သူတို့မှာ ဖော်ထုတ်နိုင်တဲ့ နည်းပညာတို့၊ ဖော်ထုတ် ဖမ်းဆီးခြင်းတော့ ရှိရမှာပေါ့။

အဲဒါမျိုးတော့ ကျနော်တို့နဲ့ ပြည်ထဲရေးနဲ့ ဆွေးနွေးဖို့တော့ အစီအစဉ်ရှိပါတယ်။ ဒါပေမယ့် ချက်ချင်း မြန်မြန် ဖြစ်လာဖို့ မလွယ်ဘူး။ လုပ်နိုင်သလောက်တော့ လုပ်တယ်။ အကောင့်အမှားဖြစ်သလား အကောင့်အမှန် ဖြစ်သလားဆိုတာတော့ ကျနော်တို့က ဖော်ထုတ်ပေးတယ်။ အကောင့်အမှားဆိုရင်တော့ သူလိုက်ရှာဖို့ လွယ်မှာ မဟုတ်တော့ဘူး။

ပထမ ကျနော်တို့ အကောင့်အမှန်နဲ့လူတွေကို Trace (နောက်ယောင်ခံလိုက်) လုပ်တယ်။ Trace လုပ်တဲ့အခါကျတော့ အဲဒီ လူတွေက လာပြီး ရှင်းပြတယ်။ မဟုတ်ဘူး ဒီဟာကို ဒီနေ့ ဒီလို ပိတ်သိမ်းလိုက်ပြီပြီး၊ အထောက်အထားရှိတယ်။ နောက် ဟာကတော့ ကျနော်လည်း မသိတော့ဘူး။ အဲဒါမျိုးတွေလည်း သတိထားမှာပေါ့။

မေး ။ ။ လက်ရှိ မြန်မာပြည်မှာ တရားဝင် မှတ်ပုံတင်ထားတဲ့ မီဒီယာ ဘယ်နှခု ရှိပါသလဲ။

ဖြေ ။ ။ အဲလို ပြောလို့ရှိရင် မူလ မီဒီယာတိုက်တွေကိုပဲ ပြောလို့ရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ Main Stream လို့ ပြောတဲ့အခါ တချို့ကလည်း ရောတယ်ဗျ။ ဆိုရှယ်မီဒီယာနဲ့ Main Stream မီဒီယာလို့ ပြောတဲ့အခါမှာ အွန်လိုင်းကဟာ တွေ အကုန်လုံးကို ဆိုရှယ်မီဒီယာလို့ ထင်တာ မဟုတ်ဘူး။

Main Stream Media ဆိုတာက ပရင့်မီဒီယာ၊ Broadcast မီဒီယာ၊ နောက် အွန်လိုင်းမီဒီယာ အွန်လိုင်းမှာ ကိုယ့်နာမည်နဲ့ ကိုယ်တင်နေ တပ်နေတဲ့ မီဒီယာတွေရှိတယ်။ သတင်းဌာနတွေ ရှိတယ်။ ဥပမာ CNA လည်း ဖြစ်မယ်။ မြန်မာနယူးကေ ဘယ်လည်း ဖြစ်မယ်။

ဒါပေမယ့် အဲသလို မဟုတ်ဘဲနဲ့ ရိုးရိုးသာမန် ကောက်တင်တာတွေ၊ အတု လုပ်တဲ့ဟာတွေ အဲဒါတွေကတော့ ဆိုရှယ်မီဒီယာမှာတော့ ဖြစ်ချင်တိုင်း ဖြစ်နေတာ၊ အဲဒီတော့ ကျနော်တို့က မှတ်ပုံတင်ထားတဲ့ ရေရေရာရာ ရှိတဲ့ဟာမျိုးကို တော့ Trace လုပ်ရ လွယ်တယ်။ လိုက်လို့ လွယ်တယ်။ အရေးယူလို့ရတယ်။ ခေါ်ပြီးတော့ ဖြေရှင်းညှိနှိုင်းလို့ ရတယ်။ အဲ ဒါတွေ အကုန်လုံးကတော့ မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ရုံးမှာ ရှိတယ်။ အဲဒီကလည်း ကျနော်တို့ကို တလတကြိမ်လောက် စာရင်း ပို့ပေးပါတယ်။ အခု လေးငါးရာလောက်တော့ ရှိလိမ့်မယ်။ ဒါပေမယ့် အတိအကျကြီးတော့ ကျနော် မသိသေးပါဘူး။

မေး ။ ။ မီဒီယာဥပဒေကို ပြန်သုံးသပ်ဖို့ဆိုပြီး ပြောကြတယ်။ အဲဒီအပေါ် ဘယ်လို သဘောထားရှိပါသလဲ။

ဖြေ ။ ။ အဲဒါ ကျနော်တို့ လုပ်တောင် လုပ်ပြီးနေပြီ။ တိုင်းနဲ့ပြည်နယ် ၁၄ ခုစလုံးကို လွှမ်းခြုံအောင်ဆိုပြီးတော့ ကျနော်တို့ လေးနေရာ ခွဲလုပ်တယ်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရန်ကုန်မှာ လုပ်တယ်၊ နောက် ရခိုင်၊ မန္တလေးမှာ လုပ်တယ်။ စစ်ကိုင်း၊ ကချင်၊ ရှမ်းပေါ့။

တိုင်းနဲ့ပြည်နယ် ၁၄ ခုစလုံး ပါဝင်အောင်လို့ ဆွေးနွေးပွဲတွေ လုပ်ပြီးပြီ။ သတင်းသမားတွေ တင်ပြတဲ့အချက်တွေလည်း ကျ နော်တို့ စုစည်းထားတယ်။

နောက်တခါ MJA တို့၊ MJN တို့၊ MJU တို့ရှိတယ်။ သူတို့ကိုလည်း တောင်းထားတယ်။ ခင်ဗျားတို့ရော ဘာတွေပြင်ချင်တာ လဲ။ အဲဒီအချက်တွေ အကုန်လုံး စုပြီးတော့မှ ကျနော်တို့ သတင်းမီဒီယာကောင်စီက စုစည်းမယ်။ တူတာ ရှိမယ်၊ သင့်တော် တာရှိမယ်၊ မသင့်တော်တာ ရှိမယ်။

အဲဒီ ပြင်ဆင်ချက်တွေ အကုန်လုံးကို စုစည်းပြီးတော့ ပြင်ဆင်ပြီးတော့ ပြန်ကြားရေးကို ပေးရမယ်။ ဘာဖြစ်လို့ ပြန်ကြား ရေးကို ပေးရလဲဆိုတော့ ကျနော်တို့က ပြန်ကြားရေးနဲ့ အဆက်အဆံရှိလို့တို့ ပံ့ပိုးလို့တို့ မဟုတ်ဘူး။ ပြန်ကြားရေးကသာ လျှင် လွှတ်တော်ကို တင်ခွင့်ရှိတယ်။

ဒီဥပဒေကို ပြန်ကြားရေးကပဲ တင်ခွင့်ရှိတယ်။ ဒီတော့ ကျနော်တို့က ပြင်ဆင်ချက်တွေကို စုစည်းပြီးတော့ ပြန်ကြားရေးကို ပို့မယ်။ ပြန်ကြားရေးက လွှတ်တော်ကို တင်မယ်။ အဲဒါလည်း လပိုင်းအတွင်း ပို့မယ်။ ကျနော်တို့ ဆွေးနွေးပွဲတွေက ပြီးသွား ပြီဆိုတော့ စုစည်းဖို့ပဲ ရှိတော့တာ။

Did you find apk for android? You can find new Free Android Games and apps.
Loading