“ဒီမိုကရေစီကို ခြိမ်းခြောက်ခံနေရပြီ” လို့ ဆိုလိုက်တဲ့ ဦးကိုကိုကြီး

ဇူးဇူး
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးကိုကိုကြီး / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ပြည်တွင်းအခြေစိုက် လွှတ်တော်လေ့လာစောင့်ကြည့်ရေး အဖွဲ့တခု ဖြစ်တဲ့ ပွင့်လင်း မြန်မာ့ရှေ့ဆောင် (Open Myanmar Initiative – OMI) ရဲ့ သုတေသန စာစဉ်တခုမှာ ပါတဲ့ မှတ်ချက်နဲ့ ပတ်သက်လို့ မှားယွင်း ထုတ်ပြန်ခဲ့ကြောင်း ရှင်းလင်း ပေးဖို့နဲ့ မှားယွင်းမှုအတွက် တောင်းပန် စာပေးပို့ဖို့ ပြည်ထောင်စုလွှတ်တော်ရုံးက သြဂုတ် ၂၄ ရက်မှာ OMI ကို အကြောင်းကြားစာ ပေးပို့ခဲ့သလို တပတ်အတွင်း မလုပ်ဆောင်ပါက ဥပဒေနဲ့ အညီ ဆက်လက် ဆောင်ရွက်သွားမယ် လို့လည်း ပါရှိပါတယ်။

ပြည်ထောင်စု လွှတ်တော်ရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ နိုင်ငံရေး အသိုင်းအဝိုင်းက အကယ်၍ သုတေသန အဖွဲ့အစည်း ဘက်က မှားနေတယ် ဆိုရင်တောင် ပြန်လည် ရှင်းလင်း ထောက်ပြလိုက်ရုံနဲ့ လုံလောက်ကြောင်း၊ အခုလို ခြိမ်းခြောက်တဲ့ ပုံစံမျိုး မလုပ်သင့်ကြောင်း ဝေဖန်တာတွေလည်း ရှိနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ OMI မှာ အကြံပေး ပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်နေတဲ့ ဦးကိုကိုကြီး (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း) ရဲ့ တသီးပုဂ္ဂလ အမြင်၊ ၈၈ မျိုးဆက်တွေ ပါဝင်မယ့် နိုင်ငံရေး ပါတီကိစ္စနဲ့ လက်ရှိ ရခိုင်ပြည်နယ် မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုအပေါ် ဦးကိုကိုကြီးရဲ့ အမြင်သုံးသပ် ချက်တွေကို ဧရာဝတီ သတင်းထောက် ဇူးဇူးက မေးမြန်းထားပါတယ်။

မေး။ ။ ပြည်ထောင်စုလွှတ်တော်ရုံးက OMI ကို ၇ ရက်အတွင်း တောင်းပန်စာ ပို့ဖို့နဲ့ အဲဒီလိုမဟုတ်ရင် ဥပဒေနဲ့ အညီ ဆောင်ရွက်မယ် ဆိုပြီး စာပို့တဲ့ အပေါ် ဦးကိုကိုကြီးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ကျနော် တော်တော် အံ့အားသင့်တယ်။ စိတ်မကောင်းလည်း ဖြစ်တယ်။ ဒီစာက ရုံးစာပို့တာ ဆိုရင် ရုံးစာနဲ့ တုံ့ပြန်ဖို့။ အခုက လူသိရှင်ကြား လွှတ်တော်ရုံး website ကနေ တင်တယ်။ နောက်တခါ ပြန်တမ်းအဖြစ်ပါ ဖော်ပြပြီး ထုတ်ပြန်လာတဲ့ အပေါ်မှာ ကျနော်လည်း စာလုံး တလုံးချင်း အပေါ် လေ့လာဖတ်ရှုပြီးတော့ ကျနော့်ရဲ့ တသီးပုဂ္ဂလ အမြင်ကိုပဲ ပြောချင်တယ်။

ဒီနေရာမှာ “ပွင့်လင်း မြန်မာ့ရှေ့ဆောင်ဟာ အဆိုပါ ဥပဒေကြမ်း ဆောင်ရွက်မှု လုပ်ငန်းစဉ်ကို ဂဃနဏ သိရှိအောင် လေ့လာ ဆန်းစစ်ခြင်း မပြုဘဲ” ဆိုတာက လက်မှတ်ထိုးထားတဲ့ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး ပြည်ထောင်စုလွှတ်တော်ရုံး။ သူနဲ့ ပတ်သက်တဲ့ လွှတ်တော်တာဝန်ရှိသူနဲ့ လွှတ်တော်ရုံး တာဝန်ရှိသူများက ကောက်ချက် သုံးသပ်ချက်။ အကြောင်း အရာ တခုကို ပြောပြီဆို အချက်အလက်ကို ဖော်ပြတာ ရှိတယ်။ အဲဒီ အချက်အလက် အပေါ်မှာ ကောက်ချက်တွေ သုံးသပ်ချက်တွေ ဖော်ပြတာ ရှိတယ်။ ဂဃနဏ သိရှိအောင် လေ့လာဆန်းစစ်ခြင်း မပြုဘဲ ဆိုတာက လက်မှတ်ထိုးထားတဲ့ ဦးကျော်စိုး အပါအဝင် လွှတ်တော်ရုံး တာဝန်ရှိသူများရဲ့ ကောက်ချက်ဖြစ်တယ်။ ဒါ အချက်အလက် မဟုတ်ဘူး ဆိုတာ အရင်ဆုံး ပြောပြချင်တယ်။

နောက်တခုက “ဒီလို ဆောင်ရွက်ခဲ့ခြင်းဟာ ဥပဒေပြုရေး တာဝန်ထမ်းဆောင်နေသည့် လွှတ်တော်အသီးသီးအပေါ် မထီမဲ့မြင် ပြုရာရောက်သည်” ဆိုတာလည်း ကောက်ချက်။ ဘာကြောင့် ဒီလို ကောက်ချက်မျိုးကို တာဝန်ကြီးကြီး ယူထားတဲ့သူတွေက သတ်မှတ်သလဲ ဆိုတာ စိတ်ဝင်စားတယ်။ လွှတ်တော်အသီးသီး အပေါ် ဆိုတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အပြီး ပေါ်ပေါက်လာတဲ့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ လွှတ်တော် အစိုးရကိုပါ မထီမဲ့မြင် လုပ်ပါတယ်လို့ ကောက်ချက်ချလိုက်တယ်။ ဒါကျတော့ စွပ်စွဲတာ ဖြစ်သွားပြီ။

ဒီဖြစ်ရပ်က ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ဦးသိန်းစိန်အစိုးရ သူရဦးရွှေမန်း ဦးခင်အောင်မြင့်တို့ လွှတ်တော်လက်ထက်မှာ ပေါ်ပေါက်ခဲ့တဲ့ ကိစ္စ။ အသေးစိတ်ဆိုရင် လွှတ်တော်အလွှဲအပြောင်း မလုပ်ခင်အထိ ပထမလွှတ်တော် သက်တမ်းမှာ ပေါ်ပေါက်ခဲ့တဲ့ ကိစ္စ။ ပထမလွှတ်တော်မှာမှ အစည်းအဝေး အကြိမ်ပေါင်း ၁၃ ကြိမ်ပြုလုပ်ခဲ့တဲ့ အနက် ၁၂ ကြိမ်မြောက် အစည်းအဝေး တကြိမ်မှာမှ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာများ အနက်က အကြောင်းအရာတခုအပေါ်မှာ သုတေသန အဖွဲ့အစည်း တခုက နေပြီးတော့ သူ့ရဲ့ ရှာဖွေတွေ့ရှိချက်ကို ပြန်ဖော်ပြတာ ဖြစ်တယ်။

သုတေသနအဖွဲ့ အစည်းတခုရဲ့ သုံးသပ်ချက်ဆိုတာ တယောက်နဲ့ တယောက် ကွဲလွဲမှုတွေ ရှိနိုင်တယ်။ ကွဲလွဲမှုတွေရှိတယ် ဆိုရင်တောင် အကျိုးသင့် အကြောင်းသင့် ပြန်ရှင်းပြရင် လေ့လာစောင့်ကြည့်တဲ့ အဖွဲ့အစည်းက နောက်တကြိမ် ထုတ်ပြန် တဲ့ အခါ ကာယကံရှင် အဖွဲ့အစည်း ဖြစ်တဲ့ လွှတ်တော်ကနေ “ဒီလိုမျိုး အကြောင်းပြန်စာ ပို့လာပါတယ်။ ဒါကို အများပြည်သူ ဆက်လက် နှိုင်းယှဉ်လေ့လာနိုင်ရန် သိရှိနိုင်ရန် ထည့်သွင်းဖော်ပြအပ်ပါတယ်” ဆိုရင် လေ့လာတဲ့သူတွေ အနေနဲ့ ရှုထောင့်နှစ်မျိုး သိနိုင်တယ်။

အများပြည်သူတွေက လေ့လာပြီးတဲ့ အခါ “သူတို့ ကောက်ချက်ကတော့ လွဲနေတယ်။ ဒါကတော့ ဒီလိုဖြစ်နိုင်တယ်” စသဖြင့် အတွေးအခေါ်လွတ်လပ်မှု freedom of thought ဖြစ်ဖို့။ နောက်တခါ freedom of information သတင်း အချက် အလက် လွတ်လပ်ခွင့် ရှိဖို့ ဆိုတဲ့ ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ် အဖြစ် ကျနော်တို့ ကြိုးစားနေတဲ့ကာလမှာ “အများပြည်သူ ထင်ယောင် ထင်မှားဖြစ်အောင် လွှတ်တော် အသီးသီးကို မထီမဲ့မြင် ပြုရာရောက်ပါသဖြင့်” ဆိုတာက “သုတေသန အဖွဲ့အစည်းတခုကို အများပြည်သူ အထင်မြင်လွဲမှားမှု ဖြစ်အောင် ဖော်ပြတာဖြစ်နေတယ်” လို့ မြင်တယ်။

နောက်တခုက အပိုဒ် ၄ မှာ ဖော်ပြတဲ့ အချက်ဆိုရင် ခြိမ်းခြောက်တာ၊ ရာဇသံပေးတာ ဖြစ်သွားပြီ။ “(က) သတင်းမီဒီယာနဲ့ သက်ဆိုင်ရာများအား ဖိတ်ကြားပြီး သတင်းစာရှင်းလင်းပွဲ ပြန်လည် ပြုလုပ်ရန်။ (ခ) သတင်းစာရှင်းလင်းပွဲမှာ အဆိုပါ ဥပဒေနှင့် စပ်လျဉ်း၍ မှားယွင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း” ဆိုတာက မှားကို မှားတယ်လို့ ပြောပေးရမယ်။

အဲလို မှားယွင်းခဲ့မှု အတွက် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်ရုံးသို့ တောင်းပန်စာ ပေးပို့မည် ဖြစ်ကြောင်း ရှင်းလင်းထုတ်ပြန်ပေးရန်။ ရက်ပါကန့်သတ်ပေးတယ်။ “(ဂ) အကြောင်းကြားစာပေးပို့သည့် နောက်တရက်မှ ၇ ရက်အတွင်း ဆောင်ရွက်သွားရန်။ မဆောင်ရွက်ဘူး ဆိုရင် ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း။” အခု ဒီမိုကရေစီ အစိုးရ၊ ဒီမိုကရေစီလွှတ်တော်လို့ ပြောလို့ရတဲ့ အချိန်မှာ သုတေသန အဖွဲ့စည်းတခုကို ခြိမ်းခြောက်ခြင်းဟာ သုတေသနလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မှုကို ခြိမ်းခြောက်တာလို့ မြင်တယ်။

ဒီနိုင်ငံမှာ သုတေသနတွေ လူထုစစ်တမ်းတွေ ကောက်ယူတဲ့ ယဉ်ကျေးမှု အကုန်လုံး ချိုးဖျက် ခံထားရတယ်။ အာဏာရှင် စနစ်ဟာ လွတ်လပ်တဲ့ သုတေသန လုပ်ငန်းတွေကို အင်မတန် ကြောက်တယ်။ အင်မတန်လည်း ရွံမုန်းတယ်။ သူတို့ လိုချင်တဲ့ အဖြေထွက်ဖို့ အတွက် တည်ဆောက်တဲ့အလုပ်မျိုးတွေကိုပဲ လုပ်တယ်။ တကယ့်လွတ်လပ်တဲ့ သုတေသနတွေ ကို ပိတ်ပင်တားဆီးတယ်။ ခြိမ်းခြောက်တယ် ဆိုတာမျိုးတွေ နှစ်ပေါင်းများစွာ ကြုံခဲ့ပြီးပြီ။ OMI ကနေ ပြောပြနေတဲ့ ဟာတွေကို တခါတရံ အကောက်အယူ လွဲတယ် ဆိုရင်လည်း ဆွေးနွေးဖြေရှင်းလို့ ရတယ်။

ဒါကို ဥပဒေအရ အရေးယူမယ် ဆိုတော့ တပ်ထားတဲ့ ခေါင်းစဉ်က လွှတ်တော်အသီးသီးကို မထီမဲ့မြင် ပြုတယ်။ လွှတ်တော် ဆိုတာက ၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံတော်ဆိုတဲ့ စကားရပ်မှာ အကျုံးဝင်တယ်။ နိုင်ငံတော်ဆိုတာ အုပ်ချုပ်ရေးနဲ့ ဥပဒေ ပြုရေးကို နိုင်ငံတော်လို့ သတ်မှတ်တယ်။ ဒါဆိုရင် နိုင်ငံတော်ကို မထီမဲ့မြင်ပြုတယ်။ အယုံအကြည်ပျက်စေမှု ဆိုတဲ့ ဧရာမပုဒ်မကြီးလောက်ထိ သုတေသန အဖွဲ့အစည်းတခုကို ခြိမ်းခြောက်လာတယ် ဆိုတာ တော်တော်စိုးရိမ်စရာကောင်းတယ်။ OMI အတွက် စိုးရိမ်တာ မဟုတ်ဘူး။ ဒီမိုကရေစီအတွက် တော်တော်စိုးရိမ်စရာ ကောင်းတဲ့ လုပ်ရပ်လို့ မြင်တယ်။

လက်ရှိလွှတ်တော်အကြီးအကဲတွေရော အစိုးရပိုင်းတွေရော သာမန်ပြည်သူတွေရော ရှင်းရှင်းလင်းလင်းဖြစ်ဖို့အတွက်က ယခုအစိုးရ ယခုလွှတ်တော်နဲ့လုံးဝမပတ်သက်ဘူး။ ယခင်လွှတ်တော် အစည်းအဝေးတခုရဲ့ ဆွေးနွေးချက်တခုအပေါ်မှာ သုတေသနအဖွဲ့အစည်းတခုက အပြုသဘောဆောင်တဲ့ သူ့ရဲ့တွေ့ရှိချက် ထုတ်ပြန်ခြင်းအပေါ်မှာ အခုလိုမျိုး ခြိမ်းခြောက်ခံရခြင်းသည် သုတေသနလုပ်ငန်းတွေကိုပါ ဖွံ့ဖြိုးမှုမရှိအောင် ခြိမ်းခြောက်ခံရတယ်လို့ မြင်တယ်။ ဒါ ကျနော့်တဦးချင်းရဲ့ ခံစားချက်ပါ။

တကယ်တော့ သုတေသန အဖွဲ့အစည်းတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုသင့်တယ်။ အပြန်အလှန် မိတ်ဖက် အဖွဲ့အစည်း တွေ အဖြစ်နဲ့ ပူးပေါင်း ဆောင်ရွက်တာမျိုး လုပ်သင့်တယ်လို့ မြင်တယ်။ လူတွေကို မပြောရဲ မဆိုရဲဖြစ်အောင် လုပ်တာတွေ သိပ်များလာပြီ ဆိုရင်တော့ ဒီမိုကရေစီကို ခြိမ်းခြောက်ခံနေရပြီလို့ပဲ ကျနော်မြင်တယ်။

မေး။ ။ လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဦးကိုကိုကြီး အနေနဲ့ ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ။ ကိုယ်တိုင်လည်း ပြီးခဲ့တဲ့ အစိုးရလက်ထက် ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ ပါဝင်ခဲ့တော့ ကျနော်တို့တုန်းက ကိုင်တွယ် ချဉ်းကပ်တဲ့ ပုံစံကို အရင်ဆုံး ပြောချင်တယ်။ ကျနော်တို့က ဒီကိစ္စကို ကိုယ့်ရဲ့ ပြည်တွင်းရေး ကိုယ့်ရဲ့ အချုပ်အခြာ အာဏာပိုင်နက် ကိစ္စလို့ ရှုမြင်သုံးသပ်တယ်။ ဒါကြောင့်မို့ ကျနော်တို့ ကော်မရှင်မှာ ပြည်တွင်းက ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်း အသီးသီးနဲ့ ပညာရှင်တွေ ပါဝင်ဖွဲ့စည်းပြီးတော့ မျှမျှတတ ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစား ထုတ်ပြန်ခဲ့တယ်။ ဒါက အခြေခံကျတဲ့ concept ။ ကျနော်တို့ မြင်တာက ဒါ ပြည်တွင်းရေး။ ကျနော်တို့ရဲ့ အချုပ်အခြာအာဏာ ကိစ္စလို့ မြင်တယ်။

အခုလည်းပဲ အဲဒီ အခြေခံပေါ်ကနေ ရပ်တည်ပြီးတော့ ပြောချင်တယ်။ နိုင်ငံတကာ ပြဿနာ ဖြစ်အောင် ဖန်တီးတာသည် သွေးရိုးသားရိုး ဖြစ်ပေါ်လာတာ မဟုတ်ဘူး။ တမင်တကာ ရည်ရွယ်ပြီး ဖန်တီးထားတာ ဖြစ်တယ်။ အဲဒီဖန်တီးထားတာကို အသိအမှတ်ပြုပြီး လက်ခံဖြေရှင်းဖို့ စဉ်းစားတဲ့ စဉ်းစားချက်မျိုး မဖြစ်သင့်ဘူး။ ကျနော်တို့ ပြည်တွင်း နယ်မြေပိုင်နက် အချုပ်အခြာ အာဏာပိုင်နက် ကိစ္စ ဖြစ်တယ်။ ဒါကြောင့် အတတ်နိုင်ဆုံး မျှတတဲ့ နည်းလမ်းရှာဖွေမယ်။ ဖြေရှင်းမယ်။

အဲဒီ အတွက် တကယ် စိတ်ကောင်းစေတနာရှိတဲ့ မျှမျှတတရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အတွက် ဖိတ်ခေါ်တာပဲ ရှိတယ်။ ကာယကံရှင်ကတော့ နိုင်ငံတော်ကသာ အဓိက လုပ်ရမယ်လို့ မြင်တယ်။ တမင် လုပ်ထားတဲ့ နိုင်ငံတကာ ပြဿနာ ဖန်တီးနေတဲ့ ကိစ္စကြီးကို အသိအမှတ်ပြုပြီး ဖြေရှင်းရင် ကျနော်တို့ ပိုင်နက်နယ်မြေ အချုပ်အခြာကို ကျော်လွန်ပြီး စဉ်းစားသလို ဖြစ်နေတယ်။ ဒါ အခြေခံကျဆုံး ကျောရိုးကို ပြောတာ။

နောက်တခုက ပြီးခဲ့တဲ့ ကြံ့ခိုင်ရေး အစိုးရ လက်ထက်ကတောင်မှ အခုလို အကြမ်းဖက် တိုက်ခိုက်မှုမျိုး လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ဝင်စီးတာမျိုးတွေ မရှိဘူး။ အခု ဒီလိုဖြစ်လာတယ် ဆိုတဲ့ ကိစ္စက သွေးတိုးစမ်းလာတယ်။ နိုင်ငံရေးထိုးစစ်နဲ့ အရင်စပြီး တိုက်ခိုက်တယ်။ နိုင်ငံတကာ ဖိအားတွေ ဖြစ်လာအောင်လုပ်တယ်။ ပြီးတဲ့ အချိန်မှာ စစ်ရေးထိုးစစ်ပါ ဖြစ်လာတယ် ဆိုတော့ ဒါဟာ သာမန်ကိစ္စ ဆိုတာထက် အကြမ်းဖက်မှုကိစ္စ ဖြစ်လာပြီ။ အကြမ်းဖက်မှု ဖြေရှင်းပြီ ဆိုရင်တော့ ကျနော်တို့က strong leadership လိုတယ်။ ခိုင်မာပြတ်သားတဲ့ ခေါင်းဆောင်မှုလိုတယ်။

ကျနော်ကတော့ နိုင်ငံရေးလုပ်တာ နိုင်ငံချစ်လို့ လုပ်တာ။ ကျနော့် နိုင်ငံနယ်နမိတ် နိုင်ငံသားတွေနဲ့ ပတ်သက်လို့ ပထမ ဦးစားပေးပဲ။ ဒီလိုဖြေရှင်းတဲ့ခါမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အတတ်နိုင်ဆုံးဂရုစိုက်ဖို့။ လူသားချင်း စာနာမှု အကူအညီ ပေးတဲ့ ကိစ္စရပ်တခုအနေနဲ့ စဉ်းစားသော်လည်း အကြမ်းဖက်မှုကို တုံ့ပြန်တဲ့အခါ၊ တရားဥပဒေစိုးမိုးမှု လုပ်တဲ့အခါမှာတော့ လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့လိုတယ်။ ဒါနဲ့ပတ်သက်လို့ ရှင်းလင်း ပြတ်သားတဲ့ မူဝါဒတွေ ရှိဖို့ လိုတယ်။

ဒီနိုင်ငံတော်မှာ နှစ်ရှည်လများ ဖြစ်ခဲ့တဲ့ ပြဿနာတွေနဲ့ ပတ်သက်ရင် အစိုးရတဖွဲ့ကို ပုံစံတမျိုးနဲ့ လျှောက်ပြီးတော့ လုပ်နေရင် ပြဿနာတွေက တခါတလေမှာ ရှင်းရာမရောက်ဘဲ ပိုပိုပြီး ရှုပ်ရာ ရောက်မယ်။ ဒါမျိုးနဲ့ ပတ်သက်ရင် ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီချင်း အားပြိုင်မှုတွေ စစ်ဘက်အရပ်ဘက် အားပြိုင်မှုတွေ ဆိုတာထက် နိုင်ငံတော်အနေနဲ့ စဉ်းစားသင့်တယ်။ တသမတ်တည်း ဖြစ်ဖို့ လိုတယ်။ ပေါ်လစီမငြိမ်ဘဲနဲ့ အစိုးရတရပ် တက်လာလိုက်၊ ပုံစံတမျိုး ဖြေရှင်းလိုက်နဲ့ ဆိုရင် ကျနော်တို့လို အင်အားနည်းတဲ့ နိုင်ငံလေးဟာ အင်အားကြီးတဲ့ ကွန်ရက်ကြီးတဲ့ အင်အားစုကြီး တွေရဲ့ အသုံးချတာကို ခံသွားရနိုင်တယ်။ ဒီကိစ္စတွေ ဖြေရှင်းတဲ့အခါမှာ နောက် ဘယ်အစိုးရတက်တက် ခိုင်မာတဲ့ မူဝါဒတခု တိတိကျကျ ရှိထားဖို့ လိုတယ်။ အစိုးရ တဖွဲ့ တမျိုး ရှင်းနေရင် သူများရဲ့ကစားကွက်ထဲမှာ ထောင်ချောက်ထဲမှာ ပိုပိုပြီး ခံသွားရနိုင်တယ် လို့ မြင်တယ်။

မေး။ ။ ရခိုင်ပြည်နယ် ဖြစ်စဉ်တွေနဲ့ ပတ်သက်တဲ့ အစိုးရနဲ့ တပ်မတော်ရဲ့ သတင်းထုတ်ပြန်မှုတွေ အပေါ်ရော အားရကျေနပ်မှု ရှိလား။ ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ။ ဒီနေရာမှာ သတင်းမီဒီယာတွေနဲ့ ဆက်ဆံရေးကို အစိုးရက ဂရုတစိုက် လုပ်သင့်တယ်။ ဒါကို လုံခြုံရေး အကြောင်းပြချက်နဲ့ သိပ်ပြီးတော့ ထိန်းချုပ်လို့ ရှိရင် ကောလာဟလတွေ ပိုပြန့်တယ်။ လုပ်ကြံသတင်းတွေ ပိုဖြစ်နိုင်တယ်။ ဒါကြောင့်မို့ ကိုယ်ဆောင်ရွက်နေတာတွေ အားလုံးဟာ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ စည်းမျဉ်း ဥပဒေတွေနဲ့ အညီ ဆောင်ရွက်နေတယ် ဆိုတာကို မီဒီယာတွေကို ပွင့်ပွင့်လင်းလင်း ရှင်းလင်းထုတ်ပြန်ဖို့ လိုတယ်။ အများပြည်သူက တဦးချင်း အဲဒီ နေရာတွေကို သွားပြီး မကြည့်နိုင်ဘူး။ မီဒီယာတွေဟာ အများပြည်သူနဲ့ ဆက်ဆံဖို့ အတွက် တကယ့် အဓိကကျတဲ့ လမ်းကြောင်းပဲ။ ဒါကြောင့် မီဒီယာတွေကို စိုးရိမ်တာမျိုး၊ ထိန်းချုပ်တာမျိုး လုပ်မယ့်အစား မီဒီယာတွေကို စနစ်တကျ ဘယ်လို ဆက်ဆံမလဲ ဆိုတာကို ပိုပြီးတော့ ဂရုစိုက်သင့်တယ် လို့ မြင်တယ်။

မေး။ ။ လုံခြုံရေးပိုင်းဆိုင်ရာ ဆောင်ရွက်နေမှုတွေကိုရော ဘယ်လို မြင်ပါသလဲ။ ရခိုင့်အရေးကိစ္စနဲ့ ပတ်သက်ပြီး ဘာများ အကြံပြုချင်တာရှိပါသလဲ။

ဖြေ။ ။ ဒါ ပြီးခဲ့တဲ့ ရခိုင်ကော်မရှင်မှာ ကတည်းကိုက ဆွေးနွေးဖြစ်တာတွေ ရှိတယ်။ လျှပ်တပြက်တုံ့ပြန်နိုင်တဲ့ (Rapid Arm Force) အဖွဲ့အစည်းမျိုးတွေကို သာမန်စစ်တပ် သာမန်ရဲစခန်းမျိုး မဟုတ်ဘဲနဲ့ အရေးပေါ် ချက်ချင်း တုံ့ပြန်နိုင်တဲ့ တပ်ဖွဲ့ အထူးတပ်ဖွဲ့ လိုမျိုး အဲဒီဒေသမှာ ပြင်ဆင်ထားဖို့ လိုတယ်။ နောက်တခုက လမ်းပန်း ဆက်သွယ်ရေး။ ဖြစ်ရင် ချက်ချင်းသွား နိုင်ဖို့ဆိုတာ အဲဒီမှာရှိတဲ့ လမ်းပန်းဆက်သွယ်ရေးကို ဖွံ့ဖြိုးရေး ရှုထောင့်တင် မဟုတ်ဘဲ လုံခြုံရေး ရှုထောင့် အရ ဒါတွေကို သေသေချာချာ တည်ဆောက်ဖို့ လိုတယ် လို့ မြင်တယ်။

နောက်တခုက ဒေသခံတွေကို စည်းရုံးဖို့ လိုတယ်။ အဲဒီမှာ ရိုးရိုးသားသား အတိဒုက္ခရောက်နေတဲ့ ဘင်္ဂါလီတွေ နိုင်ငံတော်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး သူတို့ နားလည်လာအောင် ပူးပေါင်း ဆောင်ရွက်လာအောင်၊ ဒေသခံ ဘင်္ဂါလီတွေထဲမှာ၊ ကျနော်တို့ နိုင်ငံမှာ မျိုးဆက်နှစ်ဆက် သုံးဆက် နေနေတဲ့သူတွေကို နိုင်ငံသားစိစစ်ပြီး ခွင့်ပြုသင့်တာ ခွင့်ပြု။ အဲဒီသူတွေကို နိုင်ငံတော်အပေါ်မှာ သစ္စာစောင့်သိလာအောင် နိုင်ငံတော်နဲ့ ပူပေါင်း ဆောင်ရွက်လာအောင် တဖက်က ပညာပေးတာတွေ စည်းရုံးတာတွေ အရှိန်မြှင့်ပြီး ဆောင်ရွက်ဖို့ လိုတယ်လို့ မြင်တယ်။

ရခိုင်လူမှု အဖွဲ့အစည်းအနေနဲ့ ကလည်း မျှတတဲ့ လက်တွေ့ကျတဲ့ ဖြေရှင်းမှုမျိုးကို အမြင်ကျယ်ကျယ်နဲ့ ရှာဖွေဆောင် ရွက်ဖို့ လိုတယ်။ တခါတလေ ကျတော့ စိတ်ခံစားမှုနဲ့ တုံ့ပြန်တာတွေဟာ ပြဿနာကို ဖြေရှင်းရာ မရောက်ဘဲ ပိုပြီးတော့ ကြီးထွား စေတယ်။ ဒါကြောင့် ရခိုင်မိတ်ဆွေတွေကို ပြောချင်တာက နိုင်ငံရဲ့ ပကတိ အခြေအနေရော သမိုင်းကြောင်းတွေကိုပါ ဆက်စပ်ပြီးတော့ အနာဂတ် အတွက် သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းကို ဘယ်လို တည်ဆောက်ကြမလဲ ဆိုတာ ရခိုင် နိုင်ငံရေး ခေါင်းဆောင်တွေ လူမှုအဖွဲ့အစည်းခေါင်းဆောင် ဘာသာရေးခေါင်းဆောင်တွေ အမြင်ကျယ်ကျယ်နဲ့ ဝိုင်းဝန်း အဖြေရှာဖို့လိုပါတယ်။

မေး။ ။ ၂၀၁၅ တုန်းက ဦးကိုကိုကြီးတို့ အနေနဲ့ NLD နဲ့ ပူးပေါင်းမယ်။ NLD မှာ ပါဝင်ဖို့ ဆိုတာမျိုးတွေ ရှိခဲ့ပေမယ့် ဖြစ်တော့ မလာဘူးပေါ့ နော်။ ဒါပေမယ့် အခု ပါတီသီးသန့် ထောင်ဖို့ လုပ်နေတယ် ဆိုတော့ အဓိက ဘယ်လို ရည်ရွယ်ချက် များကြောင့်ပါလဲ။

ဖြေ။ ။ ခုနက ပြောသလိုပဲ ၂၀၁၅ ရွေးကောက်ပွဲမှာ ကျနော်တို့ အရွေးချယ် မခံခဲ့ရဘူး။ ကိုယ်စားလှယ်လောင်း အရွေးချယ် မခံခဲ့ရဘူး ဆိုတာတောင်မှ ပါတီအောင်နိုင်ရေး အတွက် ဒီမိုကရေစီ အင်အားစုများ အောင်နိုင်ရေး အတွက်ကို နောက်ဆုံးအချိန်အထိ ဆောင်ရွက်ပေးခဲ့တယ်။ ဒါ ကျနော်တို့ရဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေ။ စကားလုံးတွေနဲ့တောင် ပြောစရာ မလိုပါဘူး။

အခု ပါတီ ဘာကြောင့်ထောင်သလဲ လို့ ပြောရင် နိုင်ငံရေးက ကျနော့်အတွက်တော့ ဝဋ်နာကံနာပဲ။ မလုပ်ရ မနေနိုင်လို့။ တကယ့်ကို ယုံယုံကြည်ကြည်နဲ့ တဘဝလုံး ပေးပြီး ဖြတ်ခဲ့တာ။ ဒီတော့ ကျနော့် ယုံကြည်ချက် နိုင်ငံတော်နဲ့ ပတ်သက်တဲ့ စိတ်ကူးစိတ်သန်းတွေ လေ့လာဆည်းပူးမှုတွေကို လက်တွေ့ အကောင်အထည် ဖော်နိုင်ဖို့ ဆိုတာ ကိုယ့်ဘာသာ ပါတီထောင်ပြီး လုပ်မှပဲ ဖြစ်တော့မယ် ဆိုတဲ့ အခြေအနေအရ တွန်းပို့မှုကြောင့် ကျနော်တို့ ပါတီထောင်ရတယ်။ ဒါပါပဲ။

နောက်တခုက ၈၈ မျိုးဆက် ဆိုတာ အင်မတန်ကျယ်ပြန့်တယ်။ ၈၈ မျိုးဆက်ဟာ သမိုင်းမှာ တို့အရေး တို့အရေး အော်ပြီးတော့ ပျောက်သွားတာမျိုး။ ပျောက်ဆုံးမျိုးဆက် အဖြစ် အဖြစ်မခံနိုင်ဘူး။ ကျနော်တို့ဟာ မလုပ်နိုင်လို့လည်း မဟုတ်ဘူး။ လုပ်ခွင့် မရခဲ့တာ။ ကျနော်တို့ ဖြတ်သန်းမှု နှစ် ၃၀ အတွေ့အကြုံတွေ။ လေ့လာမှုတွေ။ နိုင်ငံတကာ အတွေ့အကြုံတွေ။ စာပေဖတ်ရှု လေ့လာတာတွေ။ အရင့်အရင်မျိုးဆက်တွေဆီက ကြားနာမှတ်သားခဲ့တာတွေ အစရှိသဖြင့် နိုင်ငံရေး အတွက် ဖြည့်ဆည်းခဲ့တာတွေ အများကြီးရှိတယ်။ ဒါတွေ လုပ်ခွင့်မရသေးဘူး။ အကောင်အထည် ဖော်ခွင့် မရသေးဘူး။ ကိုယ့်စေတနာ အတွေ့အကြုံ ဖြတ်သန်းမှုတွေကို အကောင်အထည် ဖော်နိုုင်ဖို့ အတွက် မဖြစ်မနေ ပါတီထောင်မှ ဖြစ်မယ် ဆိုတဲ့ အခြေအနေကြောင့် ပါတီထောင်ရတာ ဖြစ်တယ်။

ညီငယ် ညီမငယ် နောက်မျိုးဆက်တွေ အတွက် နိုင်ငံရေး လုပ်ချင်ရင် တကယ့်ကို နိုင်ငံအတွက် အားကောင်းမောင်းသန် ဖြစ်တဲ့ နိုင်ငံရေး မျိုးဆက်တွေ ပေါ်ပေါက်ဖို့ အတွက် ဒီအိမ်ကိုတော့ ဆောက်မှ ဖြစ်တော့မယ်။ ဒီအုတ်မြစ်ကိုတော့ ချမှ ဖြစ်တော့မယ်။ ကျနော်တို့ ကျန်းမာရေး အရ သက်တမ်းအရ ဘယ်လောက်လုပ်နိုင်မလဲ။ နောက် ၁၀ နှစ်လား။ ၁၅ နှစ် လား။ ဒီထက် အများကြီးကိုပဲ နောက်မျိုးဆက်တွေအားလုံး တကယ့်ကို အဖွဲ့အစည်းနဲ့ မူဝါဒနဲ့ အခြေခံတဲ့ နိုင်ငံရေး ပုံသဏ္ဍာန် တခုဖြစ်လာဖို့ အတွက် ကျနော်တို့ လက်ထက်မှာ တတ်နိုင်သလောက် လုပ်သွားမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။

ဆောင်ရွက်တဲ့ အခါမှာလည်း ဒီမိုကရေစီ အင်အားစုများ တိုင်းရင်းသား အင်အားစုများနဲ့ မဟာမိတ်ပုံစံ ဆောင်ရွက်သွားဖို့ ဆိုတာ စ,စဉ်းစား ကတည်းက ကျနော်တို့မှာ အခြေခံ ရှိပြီးသား။ မဟာမိတ်လုပ်ဖို့ ဆန္ဒရှိတဲ့ အဖွဲ့အစည်းများနဲ့ လုပ်ဖို့ လိုအပ်တယ်လို့ ခံယူတဲ့ အဖွဲ့စည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိတယ်။ NLD အနေနဲ့ကလည်း ရေရှည်နိုင်ငံရေး အများကြီး ဖြတ်ကြရဦးမယ်။ နှစ် ၃၀ လည်း ဖြတ်ခဲ့ပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ဘဝမှာ NLD ရုံးခန်းတွေ ပိတ်ခံနေရတဲ့ အချိန်မှာ လူထု နိုးကြားတက်ကြွလာအောင် နိုင်ငံရေး ပြန်လည် လှုပ်ရှား လာအောင် လိုအပ်တဲ့ ကွက်လပ်တွေမှာ အများကြီး ဖြည့်ခဲ့ပြီးပြီ။ ဒါတွေဟာ NLD နဲ့ ကျနော်တို့နဲ့ ရှိခဲ့ပြီးသား ဆက်ဆံရေးတွေပဲဖြစ်တယ်။

အခုလည်းပဲ ကျနော်တို့က ပြောသင့် ပြောထိုက်တာတွေကို ပြောဖို့တော့ အားမွေးနေပြီ။ ဘာကြောင့်လဲ ဆိုတော့ ဝိုင်းပြီး ကျီးကန်းအာသလို အာနေရင်တော့ ကိုယ်ချစ်တဲ့ သူတွေ ကိုယ့်ရဲ့ ယုံကြည်တဲ့ ခေါင်းဆောင်တွေကို ချစ်ရာ မရောက်ဘဲ နှစ်ရာ ရောက်နေတယ် ဆိုတာကို အဲဒီလူတွေလည်း လေးလေးနက်နက် စဉ်းစားဖို့လိုနေပြီ။ ခေါင်းဆောင်ဆိုတာ သတင်းအချက်အလက် များများရဖို့လိုတယ်။

နောက် public opinion လူထုအသံ အစစ်တွေကို ကြားဖို့လိုတယ်။ လော်ဘီတွေရဲ့ အသံကိုပဲ ကြားနေရင် အဲဒီ ခေါင်းဆောင်ကို ချောက်တွန်းတာ ဒုက္ခရောက်အောင် လုပ်တာ ဖြစ်လိမ့်မယ် လို့ အခု ကျနော် စ,ပြောချင်ပြီ။ ကျနော်လည်း မပြောဘူး။ တနှစ်ခွဲကျော်ကျော် ထိန်းတယ်။ တိုင်းပြည်အတွက် အန္တရာယ်ရှိလာပြီလို့ မြင်တဲ့ အတွက်ကြောင့် ဒီစကားတွေကို ပြောတာ။

မေး။ ။ ဦးကိုကိုကြီးတို့ ပါတီ စ,ထောင်မယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်လာတုန်းက ဒီပါတီကို တတိယအင်အားစု ဖြစ်လာ မလား ဆိုပြီး မျှော်လင့်သူတွေ ရှိသလို စောင့်ကြည့်နေတဲ့ သူတွေလည်း ရှိပါတယ်။ ဒီအပေါ်မှာ ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ။ အရင်ဆုံး ဒီဝေါဟာရ အသုံးအနှုန်းတွေ ပေါ့။ ဒီမှာက ပါတီတခု ထောင်ပြီ ဆိုရင် ဒါက တတိယပါတီ ဒါက အတိုက်အခံ ပါတီဆိုတာမျိုး ပေါ့။ စပြီး ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ချင်တယ်။ တကယ်တော့ ကျနော်တို့ နိုင်ငံရေး စလုပ်တဲ့ အချိန်တုန်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီက လွဲပြီး ဘာပါတီမှ မရှိဘူး။ ပထမပါတီ ဒုတိယပါတီလည်း မရှိဘူး။ ကျနော်တို့ စလုပ်ခဲ့တယ်။ အခု အခြေအနေထိ ရောက်လာတယ်။ ပီတိဖြစ်တယ်။ ဘာကြောင့်လဲဆို နှစ်ပေါင်း ၅၀ လောက် အတွင်းမှာ ပထမဦးဆုံး လူထုရွေးကောက်တဲ့ သမ္မတ တယောက်ရတယ်ဆိုတာ အရင်က အိပ်မက် မမက်နိုင်တဲ့ အခြေအနေပဲ။ ဒီအခြေအနေ အထိ ဖြစ်လာခဲ့ခြင်း အပေါ်မှာ ပီတိဖြစ်တယ်။ ကျေနပ်တယ်။ သို့သော် ပြန်လျှော မကျသွားဖို့ တော့ အရေးကြီးတယ်။

ဒါကြောင့် ပါတီတခုထောင်တဲ့အချိန်မှာ တတိယ ပါတီဆိုတဲ့ဟာ တခါတလေကျရင် ဘာသာပြန်တာ အဓိပ္ပာယ်လွဲသွားရင် အများကြီး မေးခွန်းထုတ်စရာတွေ ဖြစ်တယ်။ ဒီတော့ ကျနော်တို့က ပါတီထောင်တာပဲ။ အခုနက ပြောသလို တတိယတို့ အတိုက်အခံတို့ ဆိုတာက သတ်မှတ်သူတွေနဲ့ပဲ ဆိုင်တယ်။ ကျနော်တို့နဲ့ မဆိုင်ဘူး။ ကျနော်တို့က ကျနော်တို့ယုံကြည်တဲ့ မူဝါဒ သဘောထားတွေကို ထုတ်ပြန်ကြေညာမယ်။ အဲဒီအတိုင်း ဆောင်ရွက်မယ်။ ဒီအပေါ်မှာ တူညီတဲ့သူတွေနဲ့ ပူးပေါင်း ဆောင်ရွက်မယ်။ ကျနော်တို့က ကိုယ့်အလုပ် ကိုယ်လုပ်သွားမှာပဲ။ မှတ်ချက်တွေက သတ်မှတ်သူတွေနဲ့ပဲ ဆိုင်တယ်။

တတ်နိုင် သလောက်တော့ ကျနော်တို့ကို မျှော်လင့်နေတဲ့ အင်အားစုတွေ အတွက်လည်းပဲ ဖြည့်ဆည်း ပေးနိုင်ဖို့ ကြိုးစား သွားမယ်။ နောက်တခုက ကျနော်တို့ချည်းပဲ ကြိုးစားသွားလို့ မရဘူး။ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်ဖို့ဆိုတာ ခုနက မျှော်လင့် နေသူတွေကလည်း မျှော်လင့်နေရုံ မဟုတ်ဘဲနဲ့ သူတို့ပါ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်တယ်။ တကယ့် တကယ်က နိုင်ငံရေးကို တင်းပြည့်ကျပ်ပြည့်လုပ်နိုင်တဲ့ professional နိုင်ငံရေးသမားတွေ အများကြီးလိုတယ်။ စွမ်းဆောင်ရည် ရှိတဲ့သူတွေကို လာဖို့ ဖိတ်ခေါ်သလို အသံသာ ပြုလိုက်ပါ။ ကျနော်တို့ လိုက်စည်းရုံးမယ်။ လိုက်ခေါ်မယ်။ ကျနော်တို့ဆီ လာတဲ့ အထိအောင် စောင့်မနေပါဘူး။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading