NCA လက်မှတ်ထိုးထားသော မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF မှ အဖွဲ့ဝင် ရဲဘော်မင်းဌေးအား မတရားအသင်းနဲ့ဆက်သွယ်သည် ဟုဆိုကာ ပုဒ်မ ၁၇(၁)ဖြင့် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလက ဖမ်းဆီးခဲ့သည်။ သို့သော် ၂၀၁၇ ခုနှစ်၊စက်တင်ဘာ ၁ ရက်က ပုဒ်မ ၁၇(၁)ဖြင့် မညှိစွန်း ကြောင်း ဗန်းမော်တရားရုံးက အမိန့်ချမှတ်ကာ ရဲဘော်မင်းဌေးကို တရားသေ လွတ်မြောက်ခွင့် ပြုခဲ့ရာ အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ ရဲဘော်မင်းဌေးကို ဧရာဝတီသတင်းဌာန အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ ဦးမင်းဌေးကို မနေ့က အပြီးသတ် အမိန့်ချတဲ့ ကိစ္စ အပေါ် ပြောပြပေးပါဦးဗျ။
ဖြေ ။ ။ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ဖမ်းပြီး ၈ လကျော်မှာ ကျနော့်ကို အမိန့်ချတယ်။ တရားလို ဘက်ကလည်း တရားစွဲဆိုတယ်ဗျာ။ ကျနော်တို့ သက်သေ အထောက်အထားတွေ တင်တယ်။ အဲဒီတော့ ကျနော့်ဆီက ဖမ်းဆီးရမိတဲ့ Badge တံဆိပ်တွေတင်တယ်။ အဲဒါတွေက ကျနော်တို့ ABSDF Badge တံဆိပ်တွေ ဖြစ်တယ်။နောက်ပြီး ဓာတ်ပုံတွေပေါ့ဗျာ။ ဓာတ်ပုံမှာက ကျနော် Facebook မှာတင်တာတွေ ရှိတယ်။ သေနတ်နဲ့ ဓာတ်ပုံ ရိုက်ထားတာရှိတယ်။ အဲဒါတွေနဲ့ သူတို့က စွဲချက် တင်တာပေါ့။
စွဲချက်တင်တော့ သူတို့က မတရားအသင်းဆက်သွယ်မှုနဲ့ မြောက်နေတယ်ပေါ့။ အဲဒါကို ကျနော်တို့ဘက် ကလည်း ကျနော်တို့က မတရားအသင်းကနေ ပယ်ဖျက်ထားပြီးသားဖြစ်တယ်။ နောက်ပြီးတော့ NCA (တ နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်) လည်း လက်မှတ်ထိုးပြီးသားဖြစ်တယ်။ကျနော်တို့ မှာ အပြစ်မရှိကြောင်း လျှောက်ထားတယ်။ နှစ်ဖက်က ဟိုဘက် ဒီဘက် တရားရင်ဆိုင်တော့ အပြီးသတ်မှာ မတရားအသင်းနဲ့ ဆက်သွယ်မှု မမြောက်ဘူးဆိုတဲ့ အချက်အလက်ကို တရားရုံးကနေမှ ချမှတ်လိုက်တာ ပေါ့။
မေး ။ ။ အခုလို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ ဖမ်းဆီးမှုတွေက ငြိမ်းချမ်းရေးတည် ဆောက်ရာမှာ ဘယ်လို ထိခိုက်မှုတွေရှိလာစေမလဲ၊ ဒါကို ဘယ်လို ရှောင်ရှားသင့်တယ်လို့ မြင်ပါသလဲ။
ဖြေ ။ ။ ကျနော်တို့ အခုကာလက ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ ကာလလေ၊ ကျနော်တို့က ယုံ ကြည်မှု တည်ဆောက်ရတာကိုး။ ငြိမ်းချမ်းရေးရဖို့က တဖက်နဲ့တဖက် ယုံကြည်မှုတွေ တည်ဆောက်ရ တယ်။ယုံကြည်မှုတွေ တည်ဆောက်တဲ့အခါမှာ ဒီလို သံသယတွေနဲ့ ပုဒ်မတွေ တပ်ပြီးတော့ ဖမ်းဆီးတဲ့ ကိစ္စတွေတော့ မရှိသင့်တော့ဘူး။ နောက်ပြီး ၁၇(၁)လို ပုဒ်မမျိုးလည်း မရှိသင့်တော့ဘူး။ ဒါက အင်္ဂလိပ် ခေတ်ကတည်းက ချမှတ်ထားတဲ့ ဥပဒေဖြစ်နေတယ်လေ။
ဒါက အမြင်ကပ်ရင် စွဲလု့ိရတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေတော့ ဒီပုဒ်မတွေကို လွှတ်တော်က ဖျက်သိမ်းသင့် တယ်လို့ ကျနော် ပြောချင်ပါတယ်။ဘာပဲ ပြောပြော ယုံကြည်မှု တည်ဆောက် နေတဲ့ ကာလမှာ ဘယ်သူ မပါနဲ့ ဘယ်သူပါဆိုတာမျိုးနဲ့ သွားမယ့်အစား ကျနော်တို့ တိုင်းပြည်က အားလုံး အတူတကွ ပူးပေါင်း ဆောင်ရွက်ပြီးတော့ ငြိမ်းချမ်းရေးကို ပူးပေါင်းဆောင်ရွက်သင့်တယ်။ ငြိမ်းချမ်းရေးရမှ တိုင်းပြည် ဖွံ့ဖြိုးရေးကိစ္စတွေက သွားလို့ရမှာ။ အဲဒီလိုမဟုတ်ဘူးဆိုရင် တဖက်နဲ့တဖက် တဖွဲ့နဲ့တဖွဲ့ အပြစ် ပြောနေကြမယ်ဆိုရင် ကျနော်တို့က ငြိမ်းချမ်းရေးလည်း မရနိုင်ဘူး။ တိုင်းပြည်လည်း ငြိမ်းငြိမ်းချမ်းချမ်း မတည်ဆောက်နိုင်ဘူးဆိုရင်တော့ ကမ္ဘာ့အလယ်မှာ ကျနော်တို့ကတော့ အမြဲတမ်း နိုင်ငံတကာရဲ့ ဝေဖန် ရှုံ့ချတာတွေ ခံနေရအုံးမှာပဲ။ အဲဒီတော့ ဝေဖန်ခံရမှုတွေက လွတ်မြောက်ဖို့ဆိုရင် ယုံကြည်မှုတွေ တည်ဆောက်ဖို့လိုတယ်။ အားလုံး ပါဝင် ပူးပေါင်းပြီး ဆောင်ရွက်သင့်တယ်လို့ ကျနော်ကတော့ ယူဆတယ်။
မေး ။ ။ အချုပ်ထဲမှာ ၈ လကျော်လောက်နေခဲ့ရတဲ့ အခြေအနေလေး ပြောပြပေးပါအုံး။
ဖြေ ။ ။ အဲဒီ ၈ လမှာ သူတို့ကတော့ ကျနော့်ကို အခန်းတခန်းထဲမှာ တယောက်တည်း ထားတာပေါ့။ ကျန်တဲ့ အကျဉ်းသားတွေနဲ့ ရောမထားဘူး။ ကျန်တဲ့ ၁၇(၁)တို့ ဘာတို့ အမှုတွေတော့ရှိတယ်။ ဒါပေမယ့် ကျနော် တို့နေတဲ့ အကျဉ်းထောင်က မူးယစ်ဆေးဝါးသမားများတယ်။ အဲဒီတော့ တခြားလူတွေတော့ ပေါင်းထားတာပေါ့။ကျနော်ကိုတော့ တိုက်ခန်းထဲမှာ တိုက်ဆောင်မှာပေါ့။ ဗန်းမော်အကျဉ်းထောင်ပါ။ မနက်ဆိုရင် ၆ နာရီဆိုရင် တံခါးလာဖွင့်ပြီ။ အဲဒါဆိုရင် ကျနော်တို့ ခြေဆန့် လက်ဆန့်လေး လမ်းလျှောက်ရင် လျှောက်လို့ရတယ်။
အဲဒါပြီးလို့ ၁၁ နာရီခွဲဆိုရင် ပြန်လာပိတ်ပြီး အခန်းထဲ ပြန်ဝင် တံခါးပိတ်။ပြီးရင် ၂ နာရီမှာ ပြန်ဖွင့် ရေချိုး မိုးချိုးပေါ့။ အဲဒါပြီးတာနဲ့ ညနေ ၅ နာရီခွဲဆိုရင် ပြန်ပိတ်ပြီပေါ့။ အခက်အခဲကတော့ မရှိပါဘူး။ ကျန်းမာရေးကတော့ ကိုယ့်ဘာသာကို ဂရုစိုက်ရတာပေါ့။ ကျန်းမာရေးကောင်းအောင် လိုအပ်တဲ့ ဆေးဝါးတွေ အထဲကို ကိုယ့်ဘာသာကို ထည့်နိုင်အောင် ကြိုးစားပြီးမှ ကိုယ့်ဘာသာနေရတာပေါ့။
မေး ။ ။ တချို့က ဆရာက စတားလုံး(ရမ်ဘို)နဲ့ရိုက်ထားတဲ့ ဇာတ်ကားထဲမှာ တပ်မတော်သား တဦးအဖြစ် သရုပ်ဆောင်ထားတဲ့အတွက် တပ်မတော်က သိပ်သဘောမတွေ့လို့ ဖမ်းခံရတာလို့လည်း သုံး သပ်မှုတွေရှိတယ်။ ဒီအပေါ်ဘယ်လို မြင်ပါသလဲ။
ဖြေ ။ ။ အဲဒါကတော့ဗျာ။ ဘယ်လိုပြောမလဲ သူတို့ ရုံးတော်မှာတော့ တရားလိုသက်သေတွေက တော့ ထွက်ဆိုတာပေါ့။ အဲဒီဇာတ်ကားရိုက်ထားတဲ့အပေါ်လည်း သူတို့ ကျေလည်တဲ့ပုံတော့ မရှိဘူး။ ဒါပေမယ့် အဲဒီအမှုနဲ့တော့ မပတ်သက်ဘူးပေါ့နော်။ သူ့ဘက်ကလည်း ရန်သူလို သဘောထားတယ်။ ကိုယ့်ဘက်ကလည်း ရန်သူလိုသဘော ထားတဲ့အခါကျတော့ တိုက်ပွဲတွေဖြစ်နေကြတယ်။ သေနတ်တွေနဲ့တောင် ပစ်ကျသေးတာ ဒီလိုမျိုးဇာတ်ကားတွေထဲမှာ ဝင်ပါတာလည်း ကျနော်တို့က လုပ်ရမှာပဲ။
အခုနောက်ပိုင်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီး သွားပြီဆိုတော့ ကျနော်လည်း ပြန်လာတယ်။ သူတို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ပြောထားတာပဲဗျာ။ နောက်ကြောင်းပြန်လှည့်လို့ မရဘူးဆိုတော့ သူတို့ ရုပ်ရှင်ဇာတ်ကားနဲ့တော့ လုပ်လို့မရတာ။ ကျနော် ကို ပြန်ပြီးတော့မှ လုပ်လို့တော့ မရပါဘူး။
မေး ။ ။ လက်ရှိ ငြိမ်းချမ်းရေးက ထိထိရောက်ရောက် မသွားနိုင်ပဲဖြစ်နေတယ်။ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့လည်း တချို့ အကောင်အထည်ဖော်မှုတွေက မလုပ်ဆောင်နိုင်ဖြစ်နေတဲ့အပေါ် ဘယ်လို သဘောထားရှိလဲ။
ဖြေ ။ ။ အဲဒါကတော့ဗျာ အခုက ကျနော်တို့က ယုံကြည်မှုတည်ဆောက်နေတဲ့ ကာလကိုး။ ယုံကြည် မှုတည်ဆောက်နေတဲ့ ကာလမှာ ကျနော်တို့ သံသယတွေရှိနေရင်တော့ ငြိမ်းချမ်းရေးက ရှေ့သွားဖို့က နည်း နည်း တုံ့ဆိုင်းနေအုံးမှာပဲ။ အဲဒီတော့ သံသယတွေ ကင်းကင်းရှင်းရှင်းနဲ့ ယုံယုံကြည်ကြည်နဲ့ အားလုံး ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ရှေ့ဆက်သွားနိုင်မယ်လို့ ယုံကြည်တယ်။
မေး ။ ။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဆိုပြီး ပေါ်လာတဲ့ FPNCC ပေါ့။ သူက ခုနှစ်ဖွဲ့စလုံး တွေ့ခွင့်ရမှ တွေ့မယ်။ အစိုးရဘက်က တဖွဲ့ချင်း သို့မဟုတ် အုပ်စု တစုခြင်း စုဖွဲ့မှုကို တွေ့မယ်လို့ အပြန် အလှန်ပြောနေကြတော့ ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ ကျနော်တို့ တိုင်းပြည်ကို ပြန်လည်တည်ဆောက်တဲ့အခါမှာ ဘယ်အဖွဲ့မပါနဲ့ ဘယ်အဖွဲ့ ပါရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေနဲ့ ကန့်သတ်နေလို့တော့ မရဘူး။ ဒီဘက်မှာလည်း အစိုးရဘက်ကတော့ ပြောထားတာ ရှိတယ်။ တဖက်မှာလည်း သူတို့ဘက်က အားလုံးပါဝင်မှ တွေ့နိုင်မယ်ဆိုတဲ့ဟာတွေကတော့ ရှိတာပေါ့ဗျာ။ဒီကြားထဲမှာ ကျနော်တို့က ဖြေးဖြေးချင်း စိတ်ရှည်ရှည်ထားပြီးတော့မှ နည်းလမ်းတွေ ရှာဖွေရ မှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အပစ်အခတ်ရပ်စဲရေးတွေ ဖြစ်လာအောင် ငြိမ်းချမ်းရေးတည်ဆောက်လို့ရအောင် ကြိုးစားရမှာပေါ့။