ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှု များ စတင်ဖြစ်ပွားနေသည့် အချိန်တွင် လူမှုကွန်ရက် များတွင် ရခိုင် ပြည်သားတွေကို ကာကွယ်မယ့် AA (ရက္ခိုင့် တပ်မတော်) ဘာလုပ်နေလဲ ဆိုတဲ့ မေးခွန်းတွေ ပျံ့နှံ့နေပါတယ်။
အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေစဉ်မှာပဲ တဖက်မှာလည်း AA က တပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါ တယ်။
အကြမ်းဖက် တိုက်ခိုက်မှုတွေ မဖြစ်ပွားခင် ရက်ပိုင်းအလိုမှာတော့ AA က ရခိုင်ပြည် လွတ်မြောက်ရေး တပ် (ALP/ALA) ကို တိုက်ခိုက်ပြီး ALA ဌာနချုပ်ကို သိမ်းယူထားပါတယ်။
AA က လက်ရှိမှာ အစိုးရနဲ့ အပစ်ရပ်ပြီး နိုင်ငံရေး ဆွေးနွေးနိုင်ဖို့ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၇ ဖွဲ့ စုပေါင်းထားတဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) မှာ ပါဝင်ထားပါတယ်။
အထက်ပါ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်က အကြမ်းဖက်တိုက်ခိုက်တွေကို AA ရဲ့ သဘောထား က ဘယ်လိုရှိလဲ၊ ALP နဲ့ဘာ့ကြောင့် တိုက်ပွဲဖြစ်ရတာလဲ၊ FPNCC က ဘာတွေ လုပ်ဆောင်နေလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို ဆက်သွယ် မေးမြန်း ထားပါတယ်။
မေး။ ။ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) ရဲ့ သြဂုတ်လ ၁၈ ရက် – ၂၄ ရက် အစည်းအဝေး တွေမှာ ဘာတွေ ဆွေးနွေးဖြစ်လဲ။
ဖြေ။ ။ FPNCC အစည်းအဝေးမှာ ကျနော်တို့ အတွင်းရေးမှူး အဖွဲ့၊ ရုံးဖွဲ့စည်းခြင်း၊ ရုံးလုပ်ငန်းပိုင်းဆိုင်ရာ ရှေ့လုပ်ငန်း စဉ် တွေအတွက် စီမံကိန်းတွေကို ဆွေးနွေးတာပေါ့။ ပြီးရင် မီဒီယာကဏ္ဍပါ။ ဆွေးနွေးမှုနဲ့ဆိုင်တဲ့ မူဘောင်တွေ ကျနော် တို့ ပြောချင်တဲ့ အကြောင်းအရာတွေကို ဘယ်လို အသိပေးမယ်။ နိုင်ငံတကာနဲ့ချိတ်ဆက်ပြီး ဘယ်လိုဆောင်ရွက်မယ် ဆိုတာ တွေကို ကျနော်တို့ ပြင်ဆင်ကြပါတယ်။
မေး။ ။ အစိုးရနဲ့ FPNCC တွေ့ဆုံဖို့ အကြောင်းကို အစိုးရဘက်ကို မေးတဲ့အခါ ရေရာတဲ့အဖြေမရဘူး။ FPNCC ဘက် က ရော အစိုးရနဲ့ ရှေ့ဆက်ဆွေးနွေးဖို့ အခြေအနေ ဘယ်လိုရှိလဲ ပြောပြပါဦး။
ဖြေ။ ။ လောလောဆယ်မှာတော့ အဆက်အသွယ်က နည်းနေတဲ့ အနေအထားရှိပါတယ်။ ကျနော်တို့ဘက်ကလည်း အဲ့ဒါနဲ့ပတ်သက်ပြီး ထိတွေ့ဆက်ဆံဖို့ ဘယ်လို လမ်းကြောင်းတွေရှိလဲ ဆိုတာ ရှာဖွေ သွားမယ်။ ဆက်လက်ပြီး ကျနော် တို့ ချပြထားတဲ့ လမ်းကြောင်းအတိုင်း ကြိုးစားသွားဖို့ ပြင်ဆင်ထားကြပါတယ်။
မေး။ ။ မေလ ပင်လုံညီလာခံတုန်းက FPNCC နဲ့ တွေ့ဖို့ ကော်မတီသစ် ဖွဲ့ပေးမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပြောဆို ထားတဲ့ ကိစ္စ အခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ အဲ့ဒါက သူ့ဘက်က ပြောကြားမှုတော့ ရှိခဲ့ပါတယ်ဆိုပြီး တွေ့ခဲ့တဲ့ ကိုယ်စားလှယ်တွေရဲ့ မှတ်တမ်းမှာတော့ ပါပါတယ်။ ကျနော်တို့အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့တဲ့အတိုင်း အမြန်ဆုံး အကောင်အထည် ဖော် ပေးဖို့ မျှော်လင့်ထားကြပါတယ်။
မေး။ ။ FPNCC ရဲ့ ထုတ်ပြန်ချက်မှာ တရုတ်ကို ပိုမိုပါဝင်ပေးဖို့ တောင်းဆိုထားတာ တွေ့တယ်။ မြောက်ပိုင်းအင်အား စု တွေနဲ့ အစိုးရ၊ တပ်မတော်တို့ကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရုတ်က ဘယ်လောက်အရေးကြီးတဲ့ အခန်းကဏ္ဍ မှာ ပါနေတာလဲ။
ဖြေ။ ။ တရုတ်ကတော့ မြန်မာစစ်အစိုးရ အဆက်ဆက်မှာလည်း စစ်ရေးရော နိုင်ငံရေးရော သြဇာလွှမ်းမိုးမှု အများကြီး ရှိတယ်။ ဒေသတွင်း အင်အားကြီးနိုင်ငံလည်း ဖြစ်တယ်။ မြန်မာနိုင်ငံနဲ့ ပထဝီ အရရော ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု နိုင်ငံရေး အစစအရာရာပေါ့။ အင်မတန် အရေးပါတဲ့ တိုင်းပြည်တပြည်ဖြစ်တယ်။ နောက် မြောက်ပိုင်းမဟာမိတ်နဲ့ နယ်နိမိတ် ဆက်စပ်နေတယ်။ လွန်ခဲ့တဲ့ အစည်းအဝေးရဲ့ အခြေအနေကိုပဲကြည့်ပါ။ အဲ့ဒီမှာ မဖြစ်နိုင်တဲ့ အခြေအနေ ကို မြန်မာအစိုးရက တရုတ်ကို ပြောပြီး အကူအညီတောင်းခဲ့တာပဲ။ တရုတ်ကလည်း မြောက်ပိုင်းက FPNCC အဖွဲ့ အစည်း တွေကို ညီလာခံကို တက်ရောက်အောင် စီစဉ်ခဲ့တာပဲလေ။ ဒါကို ကြည့်ရင် အစိုးရကိုသော်လည်းကောင်း ဒီဘက်မှာလည်း ဆက်ဆံရေးအရရော အရေးပါတဲ့ တိုင်းပြည်တပြည်ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ကို ဆက်လက်ပြီး ကူညီ ဆောင်ရွက်ဖို့ အတွက် ဖော်ပြခဲ့တာ ဖြစ်တယ်။
မေး။ ။ တပ်မတော်နဲ့တရုတ်က ခေတ်အဆက်ဆက် ဆက်ဆံရေးအရ ခိုင်မာတဲ့ ရင်းနှီးမှုတွေရှိတယ်။ ဒီတော့ တရုတ်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါလာခြင်းအားဖြင့် တပ်မတော်ဘက်က မြောက်ပိုင်းအဖွဲ့တွေအပေါ် သဘောထား ပျော့ပြောင်း လာမယ် ပြောင်းလဲလာမယ်လို့ ထင်ပါသလား။
ဖြေ။ ။ သူကတော့အခုထိ သူ့ရပ်တည်ချက်ကို ကိုင်စွဲထားတုန်းပဲ။ ပြီးခဲ့တဲ့ မေလ ညီလာခံမှာလည်း သူ့ဘက်က ပြော စရာ ရှိတာကိုတော့ ပြောသွားတာကို ကျနော်တို့ တွေ့တယ်။ ဒါပေမယ့် သူတို့နဲ့ တရုတ်နဲ့ဆက်စပ်မှု ကြားတွေ ထဲမှာ ဘယ် အတိုင်းအတာထိ ရှိတယ်ဆိုတာကို ကျနော်တို့ မသိနိုင်တဲ့ အတိုင်းအတာတွေလည်း ရှိရင် ရှိမယ်။ ကျနော်တို့ ကတော့ ပျော့ပြောင်းသွားမယ် ဆိုတာထက် တိုင်းပြည်ရဲ့ပြဿနာကို တကယ်တမ်း ပြေလည်အောင်ထိ ဖြေရှင်းဖို့ စေတနာ ရှိမယ်ဆိုရင် တနည်းနည်းနဲ့တော့ စဉ်းစားရမှာပဲ။ တရုတ်ပါလို့ ပျော့ပြောင်းရမယ် ဆိုတာထက် အချင်းချင်း ကြားမှာ မှန်ကန်တဲ့ စေတနာနဲ့ ကြိုးကြောင်း ညီညွတ်တဲ့လမ်းကြောင်း ရှာဖွေမှုပေါ်မှာပဲ ပိုပြီး မူတည် ပါလိမ့်မယ်။
မေး။ ။ FPNCC အဖွဲ့ဝင်တွေက ဝ ရဲ့ အထွေထွေမူဝါဒ စာတမ်းပေါ်မှာ ရပ်တည်ဆွေးနွေးမယ်လို့ ကနဦး ပြောထားတယ် နော်။ တကယ်လို့ အစိုးရနဲ့ ဆွေးနွေးရတော့မယ်ဆိုရင် FPNCC ပါ ၇ ဖွဲ့က အသီးသီး ဆွေးနွေးလိုတဲ့ မူဝါဒတွေ တစောင်စီ ထွက်မလား။ ဝ ရဲ့ မူဝါဒပေါ်မှာပဲ ပေါင်းပြီး ဆွေးနွေးကြမှာလား ဆိုတာ ရှင်းပြပေးပါဦး။
ဖြေ။ ။ အဲ့ဒါကတော့ အရင်အစိုးရ ရေးထားတဲ့ NCA နဲ့ နည်းနည်းနှိုင်းယှဉ်ပြီး ပြောရမှာပဲ။ အရင် NCA မှာတော့ အပစ်ရပ် စာချုပ်နဲ့ နိုင်ငံရေးဆွေးနွေးမှုကို တပေါင်းတည်း ရေးထားတယ်။ အဲ့ဒီအပေါ်မှာ မရှင်းလင်းဘဲ ရောနေတဲ့ အချက်တွေ ရှိတယ်။ နိုင်ငံခြားက ပညာရှင်တွေလည်း ပြောတယ်။ ဘယ်နိုင်ငံမှာမှမရှိတဲ့ အပစ်ရပ် စာချုပ် ပုံစံမျိုး ဖြစ် တယ်။ အပစ်ရပ်တခုတည်း မဟုတ်ဘဲ နိုင်ငံရေး သဘောတူညီချက်တွေကိုပါ ထည့်ထားတဲ့ အတွက် တချို့ကိစ္စ တွေမှာ ကျတော့ ရှင်းလင်းမှုပိုင်းမှာ အားနည်းတယ်လို့ ထောက်ပြကြတာတွေရှိတယ်။
ကျနော်တို့ FPNCC ဘက်က ကမ်းလှမ်းချက်မှာကျတော့ အပစ်ရပ်စာချုပ်ကို သီးခြားစီ လက်မှတ်ထိုးပြီးမှ နိုင်ငံရေး သဘောတူညီမှုတွေ အတွက် ဆက်လက်ဆောင်ရွက်မယ်။ ဒါက အခြေခံကွဲပြားမှုပေါ့လေ။ နောက် ဝပြည်က တောင်း ဆိုတဲ့ အထွေထွေ မူဝါဒနဲ့ အသေးစိတ် တောင်းဆိုချက်များကို အခြေခံထားတယ်။ လူမျိုးတခုချင်းစီရဲ့ ရပိုင်ခွင့်နဲ့ ပြည်ထောင်စု အာဏာ ခွဲဝေမှု ပုံစံကိုကျနော်တို့က ရှင်းလင်းအောင် ပြောကြားခြင်း ဖြစ်တယ်။ လွန်ခဲ့တဲ့ အစည်းအဝေး မှာ ကျနော်တို့ရဲ့ မူတွေမှာ ကျန်တဲ့ အဖွဲ့ဝင်တွေလည်း လိုက်လျောညီထွေအောင် ဘယ်ဟာတွေကို ပြန်ပြီး သုံးသပ်မလဲ ဆိုတာတွေကို တိုင်ပင် ဆွေးနွေးတာ ရှိပါတယ်။ ဒါ့ကြောင့် အခြေခံမူကိုလည်း ပိုပြီး ပြီးပြည့်စုံပြီးမှ အခြားသော အဖွဲ့ဝင် တွေနဲ့လည်း လိုက်လျော ညီထွေအောင် ကျနော်တို့ ကြိုးစားသွားဖို့ ရှိပါတယ်။ ဒါပေမယ့်အခြေခံ အများကြီးတော့ များများ စားစား ပြောင်းလဲဖို့ မဟုတ်ပါဘူး။ လိုက်လျောညီထွေအောင် လုပ်သွားမှာပါ။
မေး။ ။ ဝ ၊ မိုင်းလားတို့ လက်ရှိရထားတဲ့ အခြေအနေက ဟောင်ကောင်ထက်တောင် မြင့်နေတယ်။ ဝ ရေးသားထားတဲ့ မူဝါဒကလည်း ဖက်ဒရယ်ထက် မြင့်တဲ့ ကွန်ဖက်ဒရိတ် အဆင့် ဖြစ်နေတယ်။ ကျန်တဲ့အဖွဲ့တွေက အခုမှ အပစ်ရပ်စာချုပ် အဆင့်ကို သွားရမယ့် အခြေအနေဆိုတော့ အတူတူ မူဝါဒတခုကိုဆွေးနွေး ဖို့ အဆင်ပြေပါ့မလား။ ဘယ်လိုညှိနှိုင်းသွားဖို့ ရှိပါသလဲ။
ဖြေ။ ။ ဒီမှာ မိုင်းလား ဖြစ်ဖြစ် ဝ ဖြစ်ဖြစ် အခုလက်ရှိ ရထားတဲ့ လုပ်ပိုင်ခွင့်တွေက အခြေခံဥပဒေက အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့် မဟုတ်သေးဘူး။ ပြောရမယ်ဆိုရင် အပစ်ရပ်စာချုပ် ချုပ်ခဲ့တယ်။ အခြေအနေပေါ် မူတည်ပြီးတော့မှ နားလည်ပြီး လုပ်ဆောင်ခဲ့တယ်။ ဒီအနေအထား ရောက်နေတယ်။ ဘာပဲပြောပြော လူမျိုးတခုချင်းစီအလိုက် နိုင်ငံ တိုင်း မှာ ဆိုရင်တော့ ခိုင်မာတဲ့ ဥပဒေနဲ့ လုပ်ပိုင်ခွင့်တွေကို သေသေချာချာ ပြဌာန်းထားဖို့တော့ လိုတာပေါ့ဗျာ။ ဝ ပြည် တွေ မိုင်းလားဒေသတွေ တိုးတက် သွားတယ်ဆိုတာ လူမျိုးတခုချင်းစီအလိုက် လုပ်ပိုင်ခွင့်တွေ ပေးထားလို့ တိုးတက် သွားတာ။ ကျနော်တို့လည်းဒါမျိုး တိုးတက်ဖို့ လိုအပ်တယ်။ ဒါမျိုး တိုးတက်တာမျိုး ရအောင် ကြိုးစားရမှာပဲ။ လောလာ ဆယ် အပစ်မရပ် သေးရင်လည်း ကျနော်တို့ ရသင့်တာကိုတော့ ရအောင် ဆက်လက်ပြီး ကြိုးစားသွားမှာပဲ။ တိုင်းပြည် တပြည်မှာ လူမျိုးတမျိုးကိုကျ ပိုပေး၊ တမျိုးကိုကျ လျှော့ပေးလို့ မရဘူး။ အခြေခံဥပဒေမှာ ညီမျှတဲ့ တန်းတူ ပြဌာန်းခွင့် အပြည့်အဝကို ကျနော်တို့ ရအောင်တော့ ညှိနှိုင်းပြီး ဆောင်ရွက်ရလိမ့်မယ်။
မေး။ ။ ဗိုလ်ချုပ်တို့ သဘောထားတွေကို လေ့လာမိသလောက် အပစ်ရပ်စာချုပ် ချုပ်မယ်။ ပြီးရင် နိုင်ငံရေး ကို ပြည်ထောင်စု အစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးပြီး ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုမယ် ဆိုတော့ နိုင်ငံရေး ဆွေးနွေး မှုမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ထည့်သွင်း မစဉ်းစားထားဘူးလား။ အဲ့ဒါကို ရှင်းပြ ပေးပါဦး။
ဖြေ။ ။ တပ်မတော်နဲ့လည်း ညှိရမှာပဲ။ အဲ့ဒီဘက်က ဆွေးနွေးမယ့် အတိုင်းအတာမှာ ဘယ်လို စုဖွဲ့လာမလဲဆိုတာ မူတည် ပါတယ်။ လွန်ခဲ့တဲ့ အခေါက်တွေမှာ အတွေ့အကြုံတွေအရ တိုင်းရင်းသားဘက်နဲ့ အစိုးရဘက်နဲ့ ဆွေးနွေးပြီ ဆိုရင် လွှတ်တော်အစုအဖွဲ့တို့ တပ်မတော်အစုအဖွဲ့တို့ အရေအတွက်တွေနဲ့ စနစ်တကျ လုပ်လိုက်တဲ့အချိန်မှာ မဲခွဲ ဆုံးဖြတ်ရမယ့် အနေအထားတွေမှာကျတော့ ဘယ်လိုပဲလုပ်လုပ် ကိုယ်လိုအပ်တဲ့ အနေအထားကို မရောက်နိုင်ဘူး။ ဒီမိုကရေစီမှာ Simple Majority တမျိုးနဲ့ အစစအရာရာကို ဆုံးဖြတ်သွားမယ် ဆိုရင် လူနည်းစုတွေရဲ့ရပိုင်ခွင့် အထူး အခွင့်အရေးတွေကို ဘယ်လိုမှ အကောင်အထည်ဖော်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် ကျနော်တို့က ဒီအခြေအနေတွေကို ကြိုတင်ထည့်သွင်း စဉ်းစားပြီးတော့မှ ဒီ Simple Majority ရဲ့ အနိုင်ကျင့် မခံရဖို့အတွက် လူမျိုးစုတွေရဲ့ ရပိုင်ခွင့် ကတော့ အထူးအခွင့်အရေး အဖြစ်နဲ့ ပြဌာန်းပေးဖို့၊ ဒါတွေပေါ်မှာ အခြေခံပြီး ပြောထားကြတာ ဖြစ်ပါတယ်။
မေး။ ။ FPNCC မှာဆိုရင် မြောက်ပိုင်း မဟာမိတ်က ဝ နဲ့ နိုင်ငံရေး ပူးပေါင်းလိုက်တာပေါ့နော်။ စစ်ရေး အရရော ပူးပေါင်း ဖို့ စီစဉ်မှုတွေ ရှိပါသလား။
ဖြေ။ ။ FPNCC ရဲ့ အဓိက မူလစုဖွဲ့ရခြင်းရဲ့ ရည်ရွယ်ချက်က နိုင်ငံရေး ဆွေးနွေးဖို့အတွက် ကော်မတီ စုဖွဲ့ခြင်းဖြစ် တယ်။ အဲ့ဒီ ကော်မတီမှာလည်း နိုင်ငံရေး Ideology ပေါ့နော်။ ဖက်ဒရယ်နဲ့ ပတ်သက်ပြီး တိုင်းပြည်ကိုဘယ်လို တည် ဆောက် မယ်ဆိုတာ ဖက်ဒရယ် သဘောတရားတွေကို နိုင်ငံရေး အယူအဆတွေကို ကျနော်တို့ ညှိနှိုင်းထားကြတယ်။ စုပြီး စစ်တိုက် မယ်ဆိုတဲ့ သဘောဘက်ကတော့ ကျနော်တု့ိ ကြားထဲမှာ လုပ်ထားတာ အခုချိန်ထိမရှိသေးပါဘူး။ ဒါပေမယ့် ဒီဘက်က ကွန်မြူနစ် အယူအဆဆိုရင် အပြောများတဲ့ စကားတော့ရှိတာပေါ့ဗျာ။ နိုင်ငံရေးဆိုတာက သွေး မထွက်တဲ့ စစ်မြေပြင်ဖြစ် ပြီး စစ်မြေပြင်ဆိုတာက သွေးထွက်တဲ့ နိုင်ငံရေး ဖြစ်တယ်ပေါ့လေ။ ဒါကတော့ အပြန်အလှန် ဆက်စပ်မှု တော့ ရှိကောင်း ရှိနိုင်ပါတယ်။ သို့သော်လည်း FPNCC ရဲ့ ပင်မရည်ရွယ်ချက်ကတော့ နိုင်ငံရေး ဆွေးနွေးမှု ကော်မတီပါပဲ။ ။