အင်တာဗျူး

“အမျိုးသမီးတွေကို အများကြီးဆွဲခေါ်ရဦးမယ်”

Want create site? Find Free WordPress Themes and plugins.

ပြည်တွင်းရှိ အမျိုးသမီးများ အခွင့်အရေး ရရှိမှု ပိုမိုလာစေရေး၊ အရည်အချင်းများ ပြည့်မီလာစေရေး၊ စစ်ဘေးရှောင်နှင့် တိုင်းရင်းသား ကျေးရွာများရှိ အမျိုးသမီးများ အရေး၊ နိုင်ငံရေးဖြစ်စဉ်အတွင်း အမျိုးသမီးများ ပါဝင်လာနိုင်မှု အခြေအနေ၊ ပြည်တွင်းငြိမ်းချမ်းရေး ကဏ္ဍများနှင့် ပတ်သက်ပြီး အမျိုးသမီးများကို သင်တန်းများ ပို့ချခြင်း၊ ဥပဒေရေးရာနှင့် စပ်ဆက် ကဏ္ဍများအပေါ် အတွေ့အကြုံများ မျှဝေခြင်း စသည်တို့ကို ပြုလုပ်လျက်ရှိသည့် ရှမ်းပြည်နယ် တောင်ပိုင်း အခြေစိုက် အမျိုးသမီးနှင့် ငြိမ်းချမ်းရေး ကွန်ရက် တည်ထောင်သူ မသန္တာဦး ကို ဧရာဝတီ အကြီးတန်း သတင်းထောက် မေစစ်ပိုင်က တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။ ။ မသန္တာဦးတို့ ကွန်ရက်က ရှမ်းပြည်နယ် တဝိုက် တိုင်းရင်းသားရွာတွေ၊ စစ်ဘေးရှောင် ဒေသတွေက အမျိုးသမီး တွေ အတွက်ကို ဘာတွေ လုပ်ဆောင်ပေးနေပါသလဲ။

ဖြေ။ ။ အစ်မတို့ ကွန်ရက်က၂၀၁၄ မေလက စပြီးတော့ လုပ်ခဲ့တယ်၊ Rule of law training တွေလုပ်တယ်၊ သိထားသင့် တဲ့ အခြေခံဥပဒေ ပညာတွေကို သင်ပေးတယ်၊ အဲဒီလို သင်တန်းပေးရာမှာ Development field ထဲက အမျိုးသမီးတွေပါ တယ်၊ နောက်ပြီးတော့ လက်ရှိနိုင်ငံရေးဖြစ်စဉ်၊ ငြိမ်းချမ်းရေး ဖြစ်စဉ်က ဘယ်လိုဖြစ်နေသလဲ ဆိုတာတွေကို ကျမတို့အနေ နဲ့ သင်ပေးတယ်။

မေး။ ။ သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်ရော NLD အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးကိစ္စတွေ သူတို့လုပ်နေတာ တွေ ရှိတယ်ပေါ့၊ ဒါပေမယ့် တိုက်ပွဲတွေက ဖြစ်ပွားနေဆဲ နေရာတွေ ရှိနေတယ်။ ရှမ်းပြည်နယ်ကလည်း တိုက်ပွဲဖြစ်ပွားရာ ဒေသထဲ ပါဝင်နေတော့ အဲဒီအပေါ်မှာ ဘယ်လို သုံးသပ်ချင်သလဲ။

ဖြေ။ ။ NCA (တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်) ထိုးထားပြီးတော့မှ တချို့က NCA ကို လက်တွေ့ အကောင် အထည် ဖော်နေတယ်။ တချို့လည်း NCA နဲ့ ပတ် သက်ပြီး ဖော်ဆောင်နေတာတွေလည်း ရှိတယ်။ သေချာတဲ့ လုပ်ဆောင်ချက်တွေ မဖြစ်သေးဘူးပေါ့။ NCA ထဲမှာ စနစ် တကျ ကြားကာလ အစီအစဉ်တွေကိုလည်း သေချာ အစီအစဉ် ချဖို့လိုတယ်။ အခုက ကျမတို့ ကြားကာလ အစီအစဉ်မှာ သေချာ မလုပ်ဆောင်နိုင်သေးတဲ့ အတွက်၊ နောက်ပြီး NCA စာချုပ် ပါ အချက်အလက်တွေအတိုင်း ကောင်းကောင်း မလုပ်ဆောင်နိုင်သေးတဲ့ အတွက်လည်း ဖြစ်မယ်ပေါ့။

ကျမတို့ဆီမှာက အခုကာလသည် ဆွေးနွေးဆဲကာလဖြစ်တဲ့ အတွက်ကြောင့် သဘောတူညီချက် ဘာမှ သိပ်ပြီးတော့ မယူနိုင်သေးဘူး၊ ပင်လုံ ၂ ကြိမ်၊ UPC (Union Peace Conference) တကြိမ် ဖြစ်သွားပေမယ့်လို့ အဲဒီအတွက် ကျမတို့ ဆီမှာ နားလည်မှု မယူနိုင်သေးတဲ့ အခါမှာ နယ်မြေ အပိုင်းအခြားက အစ ကောင်းကောင်း မဆွေးနွေးနိုင်သေးတဲ့ အခြေ အနေတွေ အဲဒါနဲ့ပတ်သက်ပြီး ပြန်လည်ထိတွေ့နေတဲ့ အခြေအနေတွေ ရှိတယ်ပေါ့။

မေး။ ။ တိုက်ပွဲဖြစ်နေသရွေ့ အဓိက စိုးရိမ်မှုတွေရှိကြတာ စစ်ဖြစ်နေတဲ့ ဒေသက အမျိုးသမီးတွေပေါ့၊ သူတို့ဆိုရင် အစစ အရာရာ လိုအပ်ချက်တွေရှိနေတော့ ဒီဒေသက အမျိုးသမီးတွေ ကလေးငယ်တွေအတွက် ဘယ်လိုမျိုး ပံ့ပိုးပေးရင် အထိုက် အလျောက် အဆင်ပြေမယ်လို့ ယူဆပါသလဲ။

ဖြေ။ ။ ပထမကတော့ ကျမတို့အနေနဲ့ ဘယ်လို အစီအစဉ်ရှိသလဲ ဆိုတော့ ဥပဒေအကြောင်းအရာက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့၊ တချို့ကလည်း အကြမ်းဖက်ခံရတာတွေရှိတယ်၊ အကြမ်းဖက်ခံရတဲ့အခါ ဥပဒေအကြောင်းအရ ဘယ်လို မျိုး ကိုယ့်ကိုယ် ကာကွယ်နိုင်သလဲ ဆိုတာကို လိုက်ပြီးတော့မှ ဟောပြောတာမျိုးရှိတယ်၊ အကယ်၍ သူတို့ဆန္ဒရှိလို့ ဥပဒေ အကြောင်းအရာတွေပါ တက်ဖို့ ဆန္ဒရှိတယ်ဆိုရင် ကျမတို့ လိုက်ပါ ကူညီပေးတာမျိုးတွေရှိတယ်။ တခါတလေ သူတို့ဆီကို စစ်ဘေးဒုက္ခသည်လိုမျိုးတွေ၊ ယာယီပြောင်းရွှေ့ လာတာမျိုးတွေဆို ကျမတို့သွားပြီးတော့မှ တတ်နိုင်သမျှ အလှူငွေ ထည့် ပေးတာတွေရှိတယ်။ ပံ့ပိုးမှုလုပ်ပေးတာတွေရှိတယ်၊ အခုဆိုရင် သူတို့နဲ့ တိုက်ရိုက်ဖြစ်စေ၊ ပြန်စဉ်းစား ကြည့်ရင် တိုက်ရိုက် ဆိုရင် တချို့က ပစ္စည်းလက်ထဲ ရောက်မယ့်ကိစ္စမျိုးမှပေါ့၊ ကျမတို့ အခုလောလောဆယ် အသိပညာ ပေးတာရှိတယ်။ Monitoring နဲ့ပတ်သက်တဲ့ကိစ္စကို လူထုက ကောင်းကောင်း သိသွားပြီဆိုရင် သူတို့သည် ဖြစ်စဉ်ကို ကိုယ်တိုင် စောင့် ကြည့် နိုင်တယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျ စောင့်ကြည့် မှတ်တမ်းတင်ပြီးတော့မှ သက်ဆိုင်ရာ အဖွဲ့ ကို အကူအညီ တောင်းနိုင်တယ်ပေါ့။

မေး။ ။ စစ်ဘေးဒုက္ခ ခံစားနေရတဲ့ အမျိုးသမီးတွေ၊ ရွာငယ်လေးတွေဆီက ဒေသခံ အမျိုးသမီးတွေက သူတို့ရဲ့ အခွင့် အရေးကို တောင်းဆိုဖို့ မသိတာများကြတယ်ပေါ့၊ အဲဒီအပိုင်းတွေရော အစ်မ သူတို့ကို အသိပညာပေးတာမျိုးတွေ ရှိလား။

ဖြေ။ ။ အခုလောလောဆယ် Monitoring နဲ့ပတ်သက်လို့ အသိပညာပေးနေတာက အခွင့်အရေးကို ဘယ်လိုတောင်းဆိုရ မလဲ၊ ဘာအခွင့်အရေးတွေရှိသလဲ ဆိုတာသိဖို့ လိုမယ်၊ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို သိဖို့လို မယ်။ နိုင်ငံတော် အတိုင်ပင်ခံကလည်း ပြောထားတာရှိတယ်လေ၊ ၂၀၁၇ ကို ငြိမ်းချမ်းနှစ် ဖြစ်ချင်တယ်ဆိုတာမျိုး၊ အဲဒီလို ဖြစ်ဖို့ ဆိုတာ ကျမတို့ဆီမှာ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်လိုမျိုးရှိနေသလဲဆိုတာ သိထားဖို့လိုတယ်လေ၊ ကျမတို့ ၂၀၁၂ ကနေ စပြီး ငြိမ်းချမ်းရေးကို လုပ်တဲ့အချိန်မှာ လက်ရှိငြိမ်းချမ်းရေး အခြေအနေက ဘယ်လိုဖြစ်နေသလဲ၊ လက်ရှိ နိုင်ငံရေး အခြေအနေ ရှိနေသလဲ ဆိုတာကို အမြဲတမ်းသူတို့ကို Update Sharing လုပ်ပေးနေတယ်။ နောက်ပြီး တော့ သူတို့ရဲ့အခွင့်အရေးတွေက ဘာတွေရှိနေသလဲ။

အထူးသဖြင့် အမျိုးသမီးတွေ အတွက်ကို အခွင့်အရေး ဘာတွေရှိနေသလဲ ဆိုတာကို အမြဲတမ်း အသိပညာ ပေးတယ်။ သူတို့အခွင့်အရေးကို ဘယ်လိုကာကွယ်နိုင်မလဲ ဆိုတာကို အသိပညာပေးတယ်။ ရှမ်းပြည်နယ် တပြည်လုံးမှာရှိတဲ့ ဒေသခံ တွေ၊ ကျေးရွာသားတွေကို သူတို့သိသင့်တဲ့ မြန်မာ့ဥပဒေတွေကို အသိပညာပေးတာပေါ့။

မေး။ ။ တချို့ဒေသခံ အမျိုးသမီးတွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်ကြား ပတ်ဝန်းကျင်ထဲမှာ နေရ တယ်။ အနိုင်ကျင့် စော်ကားခံရတဲ့ ကိစ္စမျိုးတွေရှိတယ်ပေါ့၊ အဲဒါမျိုးတွေ လျော့နည်းသွားအောင် ဘယ်လိုမျိုး လုပ်ဆောင် သင့်တယ်လို့ မြင်ပါသလဲရှင်။

ဖြေ။ ။ တရားဥပဒေ စိုးမိုးဖို့လိုမယ်၊ အခုက ဥပဒေတွေက အမျိုးမျိုးပြဋ္ဌာန်း နေကြတာပေါ့နော်၊ နဂိုဥပဒေတွေလည်း အသက် ဝင်ဖို့လိုမယ်။ Implementation ကောင်းကောင်း လုပ်ဖို့လိုမယ်၊ တကယ့်ကို ဒီလိုမျိုး ဥပဒေစိုးမိုးဖို့ ဆိုတာက လည်း ပြည်သူတွေက ဥပဒေအကြောင်း၊ ကိုယ့်အခွင့်အရေး အကြောင်းကို သိဖို့လိုသလို၊ ဥပဒေဆိုတာ ဥပဒေစာအုပ်ကြီး တအုပ်လုံး မသိရင်တောင်မှ ကိုယ့်ကိုကာကွယ်နိုင်မယ့် ဥပဒေ၊ ကိုယ့်အခွင့်အရေးက ဘာဆိုတာကို အနည်းဆုံးတော့ သိထားဖို့ လိုမယ်၊ ပါဝင်ပတ်သက် နေတဲ့ လူမှုအဖွဲ့အစည်း အားလုံးကလည်း ပူးပေါင်းဆောင်ရွက်ဖို့ လိုမယ်။

တရားဥပဒေ စိုးမိုးဖို့လိုမယ်ဆိုရင် ကျမတို့ မျက်စိထဲမှာ ပြေးမြင်မိတာက တရားရုံး၊ ရှေ့နေ၊ ရဲနဲ့ကပဲ လုပ်ရမယ် ဆိုတာမျိုး ပြေးမြင်ကြတယ်ပေါ့၊ ဒီလိုမျိုးမဟုတ်ဘဲနဲ့ ကျမတို့ လူထုကိုယ်တိုင်ရော၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဖြစ်တဲ့ ရဲတွေ၊ တရားရုံးတွေ၊ ရှေ့နေတွေ အကုန်လုံးကလည်း ပွင့်လင်းမြင်သာစွာနဲ့ ဒါတွေအကုန်လုံးကို အားလုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုမယ်လို့ထင်တယ်။

မေး။ ။ အမျိုးသမီးတွေ အနိုင်ကျင့် စော်ကားခံနေရတဲ့ အပိုင်းကလေ ဒီတိုင်းရင်းသားတွေမှာတင် မဟုတ်ဘူး၊ မြို့ပေါ်မှာ လည်း အများကြီးဖြစ်နေတယ်ပေါ၊့ အဲဒီအပိုင်းမှာ တရားဥပဒေစိုးမိုးမှုက ဘယ်လောက်ထိ လုပ်ဆောင်ဖို့လိုမလဲ။

ဖြေ။ ။ ရားဥပဒေစိုးမိုးမှုနဲ့ ပတ်သက်တယ်၊ စစ်ဖြစ်နေတဲ့ ဒေသမှာဆိုရင် အထူးသဖြင့် လုံးဝ မလုံခြုံတဲ့အခါ ပိုပြီးတော့မှ ထိခိုက်ခံစားရတယ်၊ ကျမတို့ မြို့ပေါ်မှာကြည့်လိုက်ရင်၊ ဥပမာ ကျမတို့ သင်တန်းတွေ တောက်လျှောက်ပေးနေတဲ့ အချိန် မှာဆိုရင် အွန်လိုင်းကနေမှ ဖေ့စ်ဘုတ်ရဲ့ အသုံးပြုတာလေးနဲ့ ပတ်သက်ပြီး လင်မယားတွေ စကားများတာ၊ ရိုက်နှက်ခံရ တာ၊ ဒါလည်း လင်မယားကိစ္စဖြစ်တယ် ဆိုလို့ရှိရင် လူမှုရေးကိစ္စဖြစ်တဲ့ အတွက်ကြောင့် ဝင်ပါစရာမလိုဘူး ဆိုတာမျိုး ဒါက အိမ်တွင်း အကြမ်းဖက်မှု။ ကျမတို့ဆီမှာ အသိပညာ အားနည်းသေးတယ်၊ အစဉ်အဆက်က ဥပဒေဆိုတာ ၊ ဥပဒေပညာရပ် ကို လေ့လာတဲ့ကျောင်းသားနဲ့ ရှေ့နေကလွဲလို့၊ ရှေ့နေလုပ်တဲ့သူကပဲ ဒီဟာကို လေ့လာသင့်တဲ့ဟာလို့ ထင်မြင်ခဲ့ကြတယ် ပေါ့။

တကယ်ဆို ဥပဒေအကြောင်းအရာကို ကျမတို့ အကုန်လုံး သိထားဖို့လိုတာ၊ မြို့ပေါ်မှာဆိုရင်လည်း တရားဥပဒေ စိုးမိုးဖို့ လိုတယ်ဆိုတာ ခုနပြောသလိုမျိုး ပဋိပက္ခဖြစ်တဲ့ ဒေသမှမဟုတ်ဘူး၊ ပါဝင်တဲ့ အခြေခံဥပဒေတွေကို ကျမတို့ သိထားသင့် တယ်၊ ကျမတို့ အခွင့်အရေးတွေကို ကျမတို့သိထားသင့်တယ်။ ပါဝင်တဲ့ State holder တွေကလည်း မြို့ပေါ်ကဖြစ်ဖြစ်၊ ပဋိပက္ခဖြစ်နေတဲ့ ဒေသမှာပဲဖြစ်ဖြစ် အကုန်လုံး ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။

မေး။ ။ အခုနောက်ပိုင်းက အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ပြောလာကြတာ များလာတယ်ဆိုတော့ အမျိုးသမီးတွေ သည် သူတို့ရဲ့ အခွင့်အရေးတွေ တောင်းဆို တတ်လာပြီလား။ မေးခွန်း ထုတ်တတ်လာပြီလား၊ ဘယ်လိုရှိလာသလဲ ဆိုတာ အစ်မရဲ့ အမြင်လေး ပြောပြပေးပါဦး။

ဖြေ။ ။ ကျမထင်တယ် နည်းနည်းလေးတော့ မျက်စိပွင့်လာကြပြီ၊ ကျမတို့ဆိုရင်လည်း နယ်ဘက်တွေကို ဆင်းတဲ့အခါ ကျ တော့ အမျိုးသမီး၊ လူ့အခွင့်အရေးအကြောင်း တော်တော်ပြောလာကြပြီ၊ လုံးစေ့ပတ်စေ့ မသိရင်တောင်မှ နည်းနည်းတော့ ပိုပြီးတော့မှ ပိုပြောလာတယ်ပေါ့၊ ကျမတို့အဖွဲ့ ရှမ်းပြည်နယ်ဘက် ဟောပြောပွဲသွားတဲ့ အချိန်မှာ ဟောပြောပွဲ မလုပ်ခင် ကလေးလေး လက်ဆွဲပြီး အမျိုးသမီးအဖွဲ့ကဆိုရင် ဆရာမရယ် ကျမသမီးက အမျိုးသား နှိပ်စက်ခံနေရလို့ ကွဲပေးပါ ဆိုတာ မျိုး။ ဒီဟာသည် ကျမတို့ လူမှုအဖွဲ့အစည်းတွေ၊ ထွေအုပ်တွေ၊ ရပ်ကွက်လူကြီးတွေက ကွဲပေးလို့ရတဲ့ဟာ မဟုတ် ဘူး၊ တရားရုံး ဖြစ်စဉ်သွားပါ ဆိုတာမျိုး စနစ်တကျ အဲဒါလေးတွေ သိဖို့လိုတယ်ပေါ့။

သဘောတရားက ပြောချင်တာက အစောပိုင်း ကာလတွေမှာဆိုရင် အမျိုးသမီးတယောက် နှိပ်စက်ခံနေရတယ်၊ အနိုင်ကျင့် ခံနေရတယ်ဆိုရင် အိမ်ထဲမှာပဲ တိတ်တိတ်လေးနေမှာ၊ ဒါပေမယ့် အခုအချိန်ဆိုရင် သူတို့က စပြီးတော့ ကွာရှင်းပေးဖို့ တောင်းဆို တတ်လာတာမျိုးရှိတယ်။ အဲဒါကလည်း အရမ်းကြီး ပွင့်လင်းလာတာလား ဆိုတော့ မဟုတ်သေးဘူး။ ခုနပြော သလို အမျိုးသမီး ခေါင်းဆောင်တွေ၊ ကွန်ရက်တွေက လုပ်နေပေမယ့်လို့ သူတု့ိသည် ဒီလို အသိပညာကိုရဖို့ဆိုတာ အများ ကြီးလုပ်ရဦးမယ်၊ Community ထဲမှာရှိတဲ့ အမျိုးသမီးတွေကို အများကြီးဆွဲခေါ်ရဦးမယ်၊ အများကြီး တွန်းအားပေးဖို့တော့ လို သေးတယ်၊ ဆက်လက်ပြီးတော့ လုပ်ဆောင်နေရဦးမယ်။

မေး။ ။ အစ်မတို့လို အဖွဲ့အစည်းတွေလုပ်တာက တိုင်းရင်းသားဒေသတွေမှာ များတယ်ပေါ့၊ အညာဒေသတွေလိုပေါ့၊ သူတို့ သည် စစ်ဘေးဒုက္ခတွေတော့ ခံစားရတာတော့ မဟုတ်ဘူး၊ သူတို့ရဲ့ ပညာရေးပိုင်း၊ အသိပညာပိုင်းကလည်း အများ ကြီး လိုအပ်နေတဲ့ အပိုင်းတွေရှိတယ်ပေါ့၊ အဲဒီအပိုင်းကိုရော ဘယ်လိုမျိုးများ ဆက်ပြီးသွားရင် ရမယ်လို့ အစ်မမြင်သလဲ။

ဖြေ။ ။ ပြီးခဲ့တဲ့အပတ်ကလည်း ကျမတို့ ဆွေးနွေးဖြစ်ကြတယ်၊ သက်ဆိုင်ရာ ဒေသအသီးသီးသည် မတူညီတဲ့ဒုက္ခကို ခံစား နေရတာ။ မြန်မာပြည် အလယ်ပိုင်းမှာရှိတဲ့ အမျိုးသမီးတွေသည် ထိုနည်းလည်းကောင်း တခြား ပတ်ဝန်းကျင်ဆိုင်ရာ ဆက် စပ်မှု၊ ယဉ်ကျေးမှုဆိုင်ရာ ဖိနှိပ်မှုတွေက အများကြီးရှိတယ်။ သူတု့ိကိုလည်း တခြားဘယ်ဒေသကြောင့်မို့လို့ ပိုဖြစ်မယ်၊ ဘယ် ဟာက လျှော့ဖြစ်မှာပဲဆိုပြီး မဟုတ်ဘဲနဲ့ လိုအပ်တဲ့ လိုအပ်ချက်တွေကို လိုက်လံဖြည့်ဆည်းပြီး တွန်းအားပေး လုပ်ဆောင်ဖို့လိုမယ်ပေါ့။

ဒေသ အသီးသီးမှာရှိတဲ့ အထူးသဖြင့် အမျိုးသမီးတွေကို ကျမတို့က ဘယ်လောက်ပဲ မြို့ပေါ်မှာနေလို့ ဘယ်လောက်ပဲ ပွင့် လင်းနေပါတယ်လို့ ပြောပေမယ့် တကယ်တမ်း အကြမ်းဖက်ခံရမယ်၊ တခုခု လုပ်ခံရမယ်ဆိုရင် ဖွင့်ပြောဖို့အတွက် အရမ်း ရှက်နေ သေးတယ်၊ နှစ်ပေါင်းများစွာ အရိုးစွဲလာတဲ့ ယဉ်ကျေးမှုအရရော၊ ငယ်စဉ်ကတည်းက အရှက်အကြောက်ကြီးမားတဲ့ အတွက်ကြောင့်ရော လမ်းပေါ်မှာထွက်ပြီး ပြောမယ်ဆို ကိုယ်က ယောက်ျားလေးဆန်ဆန် နေခဲ့ရင်တောင်မှ ဒါကို ရုတ် တရက် တုံ့ပြန်ဖို့ဆိုရင် ငါတယောက်တည်းလား ငါ့ကို ဘယ်သူကူညီမှာလဲ၊ ငါပြောလိုက်လို့ရှိရင် ဘယ်သူတွေက ဝိုင်း ဝေဖန် မှာလဲ၊ ငါပြောလို့ရှိရင် ငါ့ကိုသူများတွေက ဝိုင်းရယ်ကြမှာလား၊ ငါအရှက်ရမှာလား ဆိုတဲ့ဟာတွေပဲ ဖြစ်နေသေး တယ်။

ကျမတို့ဆီမှာဆိုရင် အိမ်တွင်းအကြမ်းဖက်မှုတွေ အကြမ်းဖက်ခံရတာတွေ ရှိတယ်၊ မတရား အလုပ်ခံရတွေ ရှိပေမယ့်လို့ အခုအချိန်အထိ မထွက်လာနိုင်သေးတဲ့ ပျောက်ကွယ်နေတဲ့ အသံတွေအများကြီး ရှိသေးတယ်။ တကယ့်တကယ် တရားရုံး ဖြစ်စဉ်တွေကို ရောက်လာတာ အနည်းအကျဉ်းပဲ ရှိသေးတယ်ပေါ့၊ ဒါတောင်မှ သူတို့တွေသည် သူတို့ကိုယ်တိုင် ရဲရဲ ဝံ့ဝံ့ မခံချင်လွန်းလို့ ပေးထွက်လာတာတွေ၊ သူတို့ကို ကူညီပေးမယ့် အဝိုင်းအဝန်းနဲ့ နီးစပ်လာတာတွေကြောင့်ပဲ ထွက်လာတယ် လို့ ကျမကတော့ ယူဆပါတယ်။

မေး။ ။ NLD အစိုးရ လက်ထက်မှာဆိုရင် လွှတ်တော်ထဲမှာ အမျိုးသမီးကိုယ်စားလှယ် ပါဝင်လာနှုန်းက ပိုများလာတဲ့အခါ လွှတ်တော်တွင်း အမျိုးသမီးတွေ အရေးကိစ္စနဲ့ ပတ်သက်ပြီး ပြောဆိုလာတာတွေ အရင်ထက် ပိုတွေ့ရလား။ အားရမှု ရှိ လား။

ဖြေ။ ။ ကော်မတီဖွဲ့လာတာမျိုးတွေ ရှိတယ်၊ အခုဆိုရင် CSO တွေက ပိုပြီးတော့ တွန်းအားပေးတာမျိုးတွေရှိတယ်၊ လွှတ်တော် ထဲက ကိုယ်စားလှယ်ကလည်း ဒီဟာတွေကို ပြန်ပြီးတော့မှ စိတ်ဝင်စားတဲ့ကိစ္စတွေတော့ ရှိတယ်။ ပြီးခဲ့တဲ့ အပတ်က NLD က အမျိုးသမီးအဖွဲ့ ဖွဲ့လိုက်တာတော့ တွေ့တယ်ပေါ့၊ အဲဒီအဖွဲ့တွေ ပေါ်လာလို့ရှိရင် ပွင့်ပွင့်လင်းလင်း ပိုပြောလာနိုင်မယ်လို့ မျှော်လင့်တယ်ပေါ့။ ဒါပေမယ့် ဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတာတော့ အမျိုးသမီးကော်မတီ ပေါ့။ လွှတ်တော်ထဲမှာလည်း ဆွေးနွေးစရာ အကြောင်းအရာတွေ များတဲ့အခါမှာ အကန့်အသတ်လေးတွေတော့ ရှိတယ်။

မေး။ ။ အရင်ကထက် လွှတ်တော်ထဲမှာ အမျိုးသမီး ကိုယ်စားလှယ်တွေ များလာတော့ လွှတ်တော်ထဲမှာ အမျိုးသမီးကိစ္စနဲ့ ပတ်သက်ပြီး ပိုပြီးတော့ အားကောင်းလာမယ်၊ ပိုပြီးတော့ ပြောဆိုနိုင်မယ်လို့ အစ်မတို့ မျှော်လင့်ခဲ့တာတွေရှိလား။

ဖြေ။ ။ မျှော်လင့်ခဲ့ပါတယ်၊ လူမှုအဖွဲ့အစည်းထဲက အရမ်းတက်ကြွတဲ့ အမျိုးသမီးတွေ ပါသွားတာလည်း ရှိတယ်ပေါ့၊ ကိုယ်တိုင် ကလည်း အမျိုးသမီးဖြစ်တယ်၊ လူမှု အဖွဲ့အစည်းထဲကလည်း ဖြစ်တယ်ဆိုတော့ မျှော်လင့်ပါတယ်၊ ဒါကလည်း Issue စုံတဲ့ အခါကျတော့ အကန့်အသတ်ရှိနိုင်တယ်ပေါ့၊ အရင်ဦးသိန်းစိန် အစိုးရလက်ထက်မှာထက် စာရင် ဒီမှာက အမျိုးသမီးဆိုတဲ့ ကဏ္ဍလေးကို ပိုပြီးတော့ အာရုံစိုက်လာမြင်တယ်ပေါ့ ခုနလို ကော်မတီဖွဲ့တာတို့၊ အမျိုးသမီးနဲ့ ကလေး သူငယ်ကိစ္စတို့၊ အမျိုးသမီးကိစ္စ အတွက် ကော်မတီလေးတွေ ဖွဲ့လာတာတော့ ကောင်းတဲ့ကိစ္စပေါ့နော်။

မေး။ ။ NLD အစိုးရ လက်ထက်မှာ အမျိုးသမီးကိစ္စ၊ အမျိုးသမီး အသံတွေနဲ့ပတ်သက်ပြီး ပိုပြီးတော့ အားကောင်း လာ တယ် လို့ အစ်မမြင်သလား၊ သူတို့လုပ်ဆောင်နေတဲ့ အပိုင်းထဲကပေါ့။

ဖြေ။ ။ လွှတ်တော်ပိုင်းမှာ ဆိုရင်တော့ ခုနပြောသလို Positive လေးတွေရှိတယ်၊ Community ပိုင်းမှာဆိုရင်လည်း ပိုပြီး ကျယ်ကျယ် လောင်လောင် ပြောလာကြတယ်။ အမျိုးသမီးနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေမှာဆိုရင်လည်း ကျယ်ကျယ် လောင် လောင် ပြောလာ ကြတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ကိုယ်တိုင်က အမျိုးသမီးဖြစ်နေတဲ့အတွက် အများစုသော ကျမတို့ Community က လူတွေကတော့ ယောက်ျား၊ မိန်းမ အကုန်လုံး သူ့ကို လေးစား အားကျပြီးတော့မှ ဝိုင်းဝန်းပြီးတော့မှ ကြိုးစား အားထုတ်လာတာ၊ သူ့ကို Idol တခုအနေနဲ့ ထားပြီးတော့မှ ဝိုင်းဝန်းပြီးတော့မှ ကြိုးစား အားထုတ်လာတာရှိတယ်၊ မြင်တွေ့ရတယ်ပေါ့၊ လေးစား စရာကောင်းတဲ့ ခေါင်းဆောင် တယောက်ရလာတယ်ဆိုပြီး ဂုဏ်ယူနေတာတွေရှိတယ်ပေါ့၊ Community ထဲမှာလည်း တော်တော်များများတော့ အမျိုးသမီးကိစ္စတွေ ပြောလာတာတွေရှိတယ်ပေါ့။ အရင်ထက် စာရင် တော့ နည်းနည်းပို အသံ ထွက်လာနိုင်တယ်ပေါ့။

မေး။ ။ တချို့က သုံးသပ်ကြတာတော့ အရင်တုန်းက အမျိုးသမီးလှုပ်ရှားသူတွေက လွှတ်တော်ထဲ ရောက်သွားရော အသံ တိတ် သွားတယ်။ အားမရဘူးပေါ့။ အရင်လုပ်ဆောင်နေကြ လှုပ်ရှားမှုတွေမှာ အားနည်းသွားတယ်လို့ ပြောကြတာတွေ ရှိတော့ အစ်မရော ဘယ်လို သုံးသပ်ချင်ပါသလဲ။

ဖြေ။ ။ အားမရတဲ့အပိုင်းမှာတော့ တယောက်က အထဲရောက်သွားတဲ့အချိန်မှာ နောက်အဖွဲ့တွေတော့ ပေါ်လာတဲ့ သဘော တော့ ရှိတယ်။ ဒါပေမယ့် ခုနပြောသလိုမျိုး သူတို့သည် လွှတ်တော်ထဲ ရောက်သွားတဲ့အခါ ရှုထောင့် ပေါင်းစုံနဲ့ လုပ်ရတဲ့အခါ အမျိုးသမီးကိစ္စကိုပဲ Guide-line လုပ်ပြီးမှ မပြောနိုင်တဲ့ အနေအထားလေးတွေအပေါ်မှာ လွှတ်တော်ထဲမှာ သူ့ရဲ့ သက်ဆိုင်ရာ အခြေအနေ အချိန်အခါအပေါ်မှာ ကြည့်ပြီးတော့မှ လှုပ်ရှားပြောဆို နေရတဲ့အခါမှာ အမျိုးသမီးကဏ္ဍကို အမြဲတမ်း Focus မလုပ်နိုင်တဲ့အပေါ် အားမလိုအားမရတဲ့ အပိုင်းလေးတွေတော့ ရှိတာပေါ့။ ဒါပေမယ့်လည်း သူက ဘယ် လို အဝိုင်းအဝန်းထဲမှာ ကျင်လည်နေရသလဲ၊ တခြား Issue ပေါင်းစုံတွေမှာ ကိုယ့်အတွက် အခွင့်သာမယ့် အခြေအနေတွေ ကို စောင့်မျှော်နေရတာမျိုးလား ဆိုတာ ကျမတို့ စိတ်ရှည်လက်ရှည် စောင့်ကြည့်ဖို့ လိုလိမ့်မယ်ထင်တယ်။

မေး။ ။ အမျိုးသားတွေကရော အမျိုးသမီးတွေရဲ့ Rights ပေါ့။ ဒီလိုမျိုးဟာ သူတို့ နားလည်ပေးနိုင်လာပြီလား။

ဖြေ။ ။ ပထမအဆင့်အနေနဲ့ နားလည်လာသလား ဆိုတော့ သြော် ဒါပေးရမှာလားပေါ့၊ တချို့ကလည်းPositive အမြင်နဲ့ ဒါပေးသင့်တယ်၊ သူတို့ရဲ့ Rights ကိုပေးသင့်တယ်၊ သူတို့လည်း လူသားတယောက်ပဲလေ သူတို့ပါလို့ရှိရင် ငါ့တို့အတွက် ပိုတောင် အားကောင်းတယ် ဆိုတာမျိုး၊ တချို့ကျတော့လည်း အင်း၊ ပေးရမှာပေါ့ ဆိုတာမျိုး၊ နားလည်လက်ခံလာပုံချင်း ကတော့ မတူဘူးပေါ့လေ၊ ဒါပေမယ့် ပြောတော့ပြောလာပြီ Positive နဲ့ Negative လား ဆိုတာမျိုး တချို့ကကျတော့လည်း စောင့်ကြည့် လိုက်မယ် နင်တို့ ဘယ်လောက်လုပ်နိုင်မလဲ ဆိုတဲ့ အနေအထားမျိုးတော့ ရှိတယ်ပေါ့။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading