မေယုဒေသ လို့ခေါ်တဲ့ ရခိုင်ပြည်နယ် အနောက်ဘက်ခြမ်းက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်များတွင် သြဂုတ်လ ၂၅ ရက်နေ့က စတင်သည့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် ထောင်ချီသော ရခိုင်တိုင်းရင်းသားများနှင့် မျိုးနွယ်ဝင် တိုင်းရင်းသားများက နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရသည်။
အိုးပစ်၊ အိမ်ပစ် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်မှာလည်း တကြိမ် မဟုတ်၊ နှစ်ကြိမ်မဟုတ် မကြာခဏဆိုသလို အသက်လု ထွက်ပြေးနေကြရသည်။
ထိုအကြောင်းအရာများ နှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် မင်းအောင်ခိုင်က သမိုင်းပညာရှင် ဒေါက်တာ အေးချမ်း နှင့် တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ မေယုဒေသ (ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်) မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက် ခိုက် မှု အပေါ် ဆရာ့အနေနဲ့ ဘယ်လို သုံးသတ်မိလဲ။
ဖြေ။ ။ ဒါဟာ ၁၉၄၂ ခုနှစ်အတည်းက ဘင်္ဂါလီလူမျိုးခြားတွေက ရခိုင်လူမျိုးတွေကို မျိုးတုန်းစစ်ပွဲ ဆင်နွဲခဲ့တယ်။ အဲဒီကနေ ဆက်ပြီးတော့ ဆက်တိုက် ဆက်တိုက် ဖြစ်လာတယ်။ သူတို့ရဲ့မဟာဗျူဟာ တခုပဲ။ သူတို့ဟာ ရခိုင်ပြည်ကို သူတို့ရဲ့ တိုင်းပြည် အဖြစ် သိမ်းပိုင်ဖို့ ရည်ရွယ်ချက်ရှိတယ်။ အဲဒီတော့ အခုဆိုလို့ရှိရင် နှစ်ပေါင်း ၇၅ နှစ် ရှိပြီ။ ဒီ ၇၅ နှစ် အတွင်းမှာ သူတို့ ဗျူဟာတွေဟာ အမျိုးမျိုး ပြောင်းလဲလာတာကို တွေ့ရတယ်။ စောစောပိုင်းကတော့ အဲဒီလိုပေါ့ မူဂျာဟစ် သူပုန် ထတယ်။
ပြီးရင် နောက်ပိုင်းမှာ ရိုဟင်ဂျာ လှုပ်ရှားမှုဆို ဖြစ်လာတယ်။ နိုုင်ငံတကာမှာလည်း သူတို့က နေရာတိုင်းမှာ ဝင်တယ်။ မီဒီယာတွေကိုလည်း အများကြီး ဝင်တယ်။ ဒီမှာလည်းပဲ အခုပြောင်းလဲတယ်။ ဒီတခေါက် ဖြစ်တာဆိုလို့ ရှိရင် လူ အင်အား နဲ့ ရခိုင်ကျေးရွာတွေကို ခြိမ်းခြောက်ပြီးတော့မှ ရခိုင်တွေကို မောင်းထုတ်ဖို့ ရည်ရွယ်ချက်ရှိတယ် ဆိုတာကို တွေ့ရတယ်။
မေး။ ။ NLD အစိုးရအနေနဲ့ ဒီပြဿနာကို ဘယ်လိုကိုင်တွယ်၊ ဘယ်လို ဖြေရှင်းသင့်လဲ။
ဖြေ။ ။ ဒီအစိုးရမှာ အများကြီး တာဝန်ရှိတာပေါ့။ ဒီနေ့ထိ သူတို့ တက်လာကတည်းက ရခိုင်ပြည်နယ် တိုးတက်ဖွံ့ဖြိုးရေး ကော်မတီ ဆိုတာ ဖွဲ့စည်းထားတယ်။ အဲဒီကော်မတီက ဒီနေ့ထိ ဘာလုပ်သလဲ ဆိုတာ ကျနော် မသိဘူး။ ဘာမှလုပ်တာ လဲ မတွေ့ရဘူး။ ဒါဟာသူတို့အနေနဲ့ ဒီအနောက်ဘက် တံခါးဟာ ကျိုးပျက်လုလုကြီး ဖြစ်နေတာ။ ဒီနေရာမှာ အချိန်မရွေး ချိန်ကိုက်ဗုံးလို ပေါက်ကွဲနိုင်တယ် ဆိုတာ သူတို့ သိကိုသိရမယ်။
အခုပေါက်ကွဲလာတဲ့ အခါကျတော့ ဆီးလို့ မရ၊ တားလို့ မရဖြစ်လာတယ်။ အဲဒီတော့ အစိုးရကတော့ အခုကနေ စပြီး စဉ်းစား ရတော့မယ်။ ဘယ်လို ကိုင်တွယ်ရမလဲ။ ဘယ်လို ထိန်းသိမ်းထားရမလဲ ဆိုတာကို စဉ်းကိုစဉ်းစားရမယ် ဆိုတာကို အကြံပြုလိုတယ်။
မေး။ ။ မောင်တောဖြစ်စဉ်မှာ NLD အစိုးရအနေနဲ့ အကျပ်အတည်း ဖြစ်တာတွေရှိတယ်။ ထိထိရောက်ရောက် မကိုင်တွယ် နိုင်တာဟာ ဖွဲ့စည်းပုံကြောင့် လက်နက်ကိုင် အဖွဲ့တွေကို အမိန့်မပေး ညွန်ကြားလို့ မရဘူးလို့လည်း ပြောဆိုကြပါတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ ဟုတ်ပါတယ်။ ဒါကတော့။ ဖွဲ့စည်းပုံအရ တပ်မတော်ရော၊ ရဲတပ်ဖွဲ့ရော အားလုံးက ကာကွယ်ရေး ဦးစီးချုပ် ရဲ့ လက်အောက်မှာ ရှိနေတယ်။ ဒါပေမယ့် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ပူးပေါင်းဆောင်ရွက်မှု လိုတာပေါ့။ ဥပမာ ကာ/လုံ လို အဖွဲ့အစည်းမျိုးတွေကို အစည်းအဝေးခေါ်ရမယ်။ ခေါ်ပြီးတော့ ဒါကိုဆွေးနွေးရမယ်။ တဘက်က ပူးပေါင်းဆောင်ရွက် ရမယ့် နည်းလမ်းတွေရှိတယ်။ အဲဒီပူးပေါင်း ဆောင်ရွက်ရမယ့် နည်းလမ်းတွေ ရှိလျက်သားနဲ့ မဆောင်ရွက်နိုင်ဘူး ဆိုလို့ ရှိရင်တော့ တာဝန်မကျေဘူးလို့ပဲ ပြောရမှာပေါ့။
မေ။ ။ မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ နောက်ဆုံး အပြီးသတ် အစီရင် ခံစာ အပေါ်မှာရော ဘယ်လို မှတ်ချက်ပေးချင်လဲ။
ဖြေ။ ။ သိပ်ထူးထူး ခြားခြား ဘာမှ မပါပါဘူး။ ၁၉၈၂ နိုင်ငံသားဖြစ်မှု အက်ဥပဒေကို ပြန်ပြီး စဉ်းစားပါဆိုတာ ဒါကတော့ နိုင်ငံတကာ ကလည်း အမြဲတမ်း ပြောနေတာပဲလေ။ ဒီဥပဒေအတိုင်း နိုင်ငံသားဖြစ်သင့်သူကို ဖြစ်ခွင့်ပေးပါ ဆိုတာက လည်း ဒါလည်း နိုင်ငံတကာက အမြဲတမ်းပြောနေတဲ့ အချက်ပဲလေ။ နောက် ဒီလူမျိုးတွေကို လွတ်လွတ်လပ်လပ် သွား လာခွင့်ပြုပါ။ ဒီနေရာမှာ ပြဿနာတခုက ဒီလူမျိုးတွေဟာ နိုင်ငံသားဖြစ်လား၊ မဖြစ်လား ဆိုတာ စိစစ်ဖို့တောင် စိစစ် မခံဘူး။ စိစစ်မခံတဲ့ အခါမှာ သူတို့မှာ နိုင်ငံသားတယောက် ကိုင်ဆောင်သင့်တဲ့ နိုင်ငံအတွင်းမှာ နေထိုင်သူတယောက် ကိုင်ဆောင်သင့်တဲ့ မှတ်တမ်း၊ မှတ်ရာ ဘာမှ မရှိဘူး။ မရှိတော့ ဘယ်လိုမှ ခရီးသွားလို့ မရဘူး။ ခရီးသွားတယ်ဆိုတာ မှတ်တမ်း၊ မှတ်ရာ ပြရတာပဲ။ အနည်းဆုံး ကားမောင်းလိုင်စင် လောက်တော့ ပြရမှာပေါ့။ အဲဒီတော့ ဒီလို အစိစစ်မခံတဲ့ အခါကျတော့ သူတို့ကခရီးသွားလို့ မရဘူးပေါ့။ မရတာကို ဒါဟာ နိုင်ငံတော်ရဲ့အားနည်းချက်၊ ချို့ယွင်းချက်လို့ ပြောလို့ မရဘူး။
မေ။ ။ ၁၉၈၂ ခုနှစ်နိုင်ငံသား ဥပဒေဟာ နိုင်ငံတကာ စံချိန်၊ စံညွန်းနဲ့ မကိုက်ညီဘူး ဆိုပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေက ဝေဖန် ပြောကြားတာ ရှိပါတယ်။ အဲဒီအပေါ်မှာရော ဘာပြောချင်လဲ။
ဖြေ။ ။ ဘယ်နေရာမှာ မကိုက်ညီတာတွေ ရှိလဲ။ တခုပြောလိုက်မယ်။ ဂျပန်နိုင်ငံမှာ ၁၉၀၅ ကနေပြီးတော့ ၁၉၄၅ အထိ ကိုရီးယား ကို ဂျပန်က ကိုလိုနီအဖြစ် အုပ်ချုပ်တယ်။ အဲဒီတုန်းက ကိုရီးယားလူမျိုးတွေ ဂျပန်နိုင်ငံမှာ လာပြီးတော့ နေကြ တယ်။ ခေါ်ပြီးတော့ အလုပ်ခိုင်းတယ်။ ဒီကိုရီးယား လူမျိူးတွေဟာ အခုမျိုးဆက် ၃ ဆက်။ အခုထိ နိုင်ငံသား မဖြစ်သေးတဲ့ လူတွေ အများကြီးရှိတယ်။ ဒါဟာ ဂျပန်နိုင်ငံရဲ့ ဥပဒေပဲ။ ဂျပန်နိုင်ငံသည် တကယ့် ဒီမိုကရေစီ၊ လူ့အခွင့်ရေးရှိတဲ့ နိုင်ငံ။ နိုင်ငံသားပြုမှု ဥပဒေဆိုတာ ဘယ်နိုင်ငံမှာမဆို ရှိတယ်။
အမေရိကန် ပြည်မှာလည်းပဲ ပထမဆုံး နိုင်ငံခြားသား တယောက်က နိုင်ငံသားဖြစ်ချင်ရင် Nationalism ဆိုတာ နိုင်ငံသား ဖြစ်ဖို့ဆိုတာက Green ကတ်လို့ခေါ်တဲ့ အမြဲနေထိုင်ခွင့် ကတ် ရှိရမယ်။ အဲဒီကတ်ရပြီး ၅ နှစ်ကြာမှ နိုင်ငံသားပြုခွင့် ရှိ တယ်။ နိုင်ငံသား ဖြစ်တဲ့ အခါမှာလည်းပဲ အမေရိကန်နိုင်ငံရဲ့ စည်းဖွဲ့အုပ်ချုပ်ပုံ အခြေခံဥပဒေကို စာမေးပွဲ ဖြေရမယ်။ အမေရိကန်သမိုင်းကို စာမေးပွဲဖြေရတယ်။ အင်္ဂလိပ်စာ စာမေးပွဲ ဖြေရတယ်။ အင်္ဂလိပ်စာ အတော်အသင့် ပြောတတ်ရ တယ်။ အခု ဒီလူမျိုးတွေက ဗမာ စကားလည်း မတတ်။ ရခိုင် စကား လည်း မတတ်ဘူး၊ ဖွဲ့စည်းပုံ အကြောင်းကိုလည်း ဘာမှ မသိဘူး။ မြန်မာပြည်ရဲ့ သမိုင်းကိုလည်း ဘာမှ မသိဘူး။ ဒီလူမျိုး တွေသာ ဘယ်လိုလုပ် Nationalism ခေါ်တဲ့ နိုင်ငံသားဖြစ်ဖို့ထိ ဖြစ်စဉ်ထဲမှာ ဖြတ်သန်းဖို့ အတော် မခက်ဘူးလား။
မေး။ ။ လက်ရှိ ပြဿနာ ဖြစ်ပွားနေတဲ့ ဘူးသီးတောင်၊ မောင်တော ဒေသကို ဆရာက သွားရောက်ခဲ့ပြီး ပြန်လာခဲ့တယ် ဆိုတော့ ဒေသအခြေအနေကို ဘယ်လို မြင်တွေ့ခဲ့ရလဲ။
ဖြေ။ ။ လက်ရှိ အခြေအနေကတော့ အတော်လည်း ဆိုးတာပေါ့။ ဒီတခါ ဖြစ်တာဟာ ရခိုင် လူ့အဖွဲ့အစည်း အထူးသဖြင့် မောင်တောမြို့နယ်မှာ ရခိုင် လူ့အဖွဲ့အစည်းတွေဟာ လုံးဝ ပျက်စီးသွားတယ် လို့တောင် ပြောလို့ရတယ်။ လူတွေ မနေရဲ တော့ ဘူးလေ။ တခါမဟုတ်။ နှစ်ခါမဟုတ် အဲဒီလိုထွက်ပြေးရတဲ့ အခါမှာ ဘဝလုံခြုံမှု မရှိတော့ဘူး ဆိုတာပဲ။ ရောက် လာတဲ့အတွက် လူတွေ အကုန်လုံး အပြီးအပိုင် ဆုတ်ခွာဖို့ အထိတောင် စဉ်းစားလာကြတယ်။ ဒါကို ကျနော်တို့က စိတ်ပိုင်း ဆိုင်ရာ လုံခြုံမှုကို ပေးဖို့ ကြိုးစားရမယ်။
ဘူးသီးတောင်မှာတော့ ဒီလောက် မဆိုးဘူး။ ဒါပေမယ့် ဘူးသီးတောင်မှာ မြို့ပေါ်လောက်ပဲ တည်တည်ငြိမ်ငြိမ် အေးအေး ချမ်းချမ်း ရှိတယ်။ နယ်ဘက်တွေမှာတော့ ကျီးလန့်စာစား အခြေအနေပဲ။ ။