သြဂုတ်လ ၂၅ ရက်နေ့တွင် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) က ရခိုင်ပြည်နယ်မှ ရဲစခန်း ၃၀ ခန့်နှင့် တပ်မ တော် စခန်းတခုကို တိုက်ခိုက်ခဲ့ခြင်းကြောင့် မြန်မာ့တပ်မတော်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ ပေါ်ပေါက်လာစေ ခဲ့သည်။ အသစ်ပြန်ဖြစ်လာသော ပဋိပက္ခကြောင့် ထောင်နှင့် ချီသော မွတ်ဆလင်များ နှင့် ရခိုင် ဗုဒ္ဓဘာသာဝင် များ သူတို့၏ နေအိမ်များကို စွန့်၍ ဒေသတွင်းမှ ယာယီစခန်းများသို့ သို့မဟုတ် နယ်စပ်ကိုကျော်ဖြတ်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံ သို့ ထွက်ပြေးခဲ့ကြရသည်။
ပဋိပက္ခ ပြန်လည်ပေါ်ပေါက်လာသည့် အချိန်တွင် ဧရာဝတီက ရခိုင်သမိုင်းပညာရှင် ဒေါက်တာ Jacques P. Leider နှင့် ၂၀၁၂ ခုနှစ် ဇူလိုင်လက တွေ့ဆုံမေးမြန်းခဲ့သည်ကို ပြန်လည်ဖော်ပြလိုက်ပါသည်။ ဒေါက်တာ Jacques P. Leider သည် ရခိုင်ပြည်နယ် နှင့် ပတ်သက်၍ သုတေသနပြုလုပ်ခြင်း နှင့် ပညာရပ်ဆိုင်ရာ ဂျာနယ်များတွင် ဆောင်းပါးများ ရေးသား ခြင်း များကို ဆယ်စုနှစ် ၂ ခုကျော် ပြုလုပ်ခဲ့သူ ဖြစ်ပါသည်။
မေး။ ။ ရိုဟင်ဂျာ ဆိုတာ ဘယ်လို အဓိပ္ပါယ်ရပါသလဲ။
ဖြေ။ ။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးက ၁၈ ရာစု ကုန်ခါနီးလောက်မှာ စစ်တကောင်းဒေသနဲ့ ရခိုင်ဒေသကို သွားရောက် ခဲ့တဲ့ အင်္ဂလိပ် လူမျိုးတယောက်ရဲ့ အစီရင်ခံစာမှာ စတွေ့ခဲ့ရပါတယ်။ သူ့နာမည်က Francis Buchanan-Hamilton ပါ။ သူက ဆရာဝန်တယောက် ဖြစ်ပြီးတော့ သူ ထုတ်ဝေခဲ့တဲ့ စာတမ်းတွေထဲက တခုမှာ ဒီအသုံးအနှုံး ကိုဖော်ပြထားတာ ဖြစ် ပါ တယ်။ အခု ကျနော်တို့ စကားလုံးရဲ့ သိပ္ပံနည်းကျ ဖွင့်ဆိုမှုနဲ့ အရင်းအမြစ်ကို ပြောတဲ့ အချိန်မှာ အဲဒါက နိုင်ငံရေး အ ကြောင်း လုံးဝ မပြောပါဘူး။ ၂၀ ရာစုနှစ်မှာ ခင်ဗျားကိုယ် ခင်ဗျား မည်သူမည်ဝါ ဖြစ်ကြောင်း အထောက်အထားပေး နိုင်ဖို့ အတွက် နိုင်ငံရေး အမှတ်တံဆိပ်တခု အနေနဲ့ ဒီစကားလုံးကို ခင်ဗျားဖာသာ သုံးတာ ဖြစ်ပါသည်။ အခု ၁၉၅၀ နှစ် တွေက စလို့ ဒီအသုံး အနှုံးကို ဘယ်လိုသုံးခဲ့သလဲ။ အဲဒါက ရှင်းပါတယ်။ ဒီစကားလုံးကို သုံးတဲ့သူတွေက အဲဒီမှာနေတဲ့ အသိုင်း အဝိုင်းတခုကို ဒီဟာ(မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြမှု)ကို ပေးချင်လို့ပါ။
မေး။ ။ ရခိုင်ပြည်နယ်က မွတ်ဆလင် အသိုင်းအဝိုင်းရဲ့ သမိုင်းက ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ အရှေ့တောင်အာရှ ရဲ့ နေရာတိုင်းမှာ၊ ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနဲ့ နေရာတိုင်းမှာ မွတ်ဆလင် အသိုင်းအဝိုင်းတွေ ခင်ဗျားတွေ့ပါလိမ့်မယ်။ ၁၅ ရာစုနှစ်မတိုင်မီက အစ္စလမ်ဘာသာ မရှိခဲ့တဲ့ တခြားနေရာတွေမှာ အစ္စလမ်ဘာသာက တိုးပွား လာခဲ့ပါတယ်။ အင်ဒိုနီးရှား၊ မလေးရှား အစရှိသဖြင့်ပေါ့လေ။ မြန်မာနိုင်ငံမှာ မွတ်ဆလင် အသိုင်းအဝိုင်းတခု ရှိနေတာက အံ့သြစရာ မဟုတ်ပါဘူး။ ၁၅ ရာစုနှစ်မှာ မွတ်ဆလင်အသိုင်းအတခု ပေါ်ပေါက်လာတယ်။ မွတ်ဆလင် အသိုင်းအဝိုင်းရဲ့ ဒုတိယ အစိတ်အပိုင်းကတော့ ကိုလိုနီခေတ်နဲ့ ဆိုင်ပါတယ်။ Bengal ဘင်္ဂလားနယ် (နောက်ပိုင်းတွင် အိန္ဒိယ ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် ဖြစ်လာသောဒေသ) နဲ့ အဲဒီဒေသကလူတွေ က ရခိုင်မှာ လာပြီးတော့ အခြေချကြတယ်။
မေး။ ။ ရခိုင်ပြည်နယ်က ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်ဆလင်တွေရဲ့ ကြားက လက်တွေ့ အခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ရခိုင်ပြည်နယ်က သွားခွင့်ပေးတဲ့ဒေသတွေကိုပဲ သွားနိုင်ခဲ့တဲ့ နိုင်ငံခြားသားတယောက်အတွက် အဲဒါက တော် တော်ခက်တဲ့ မေးခွန်းပါ။ ရခိုင်ဗုဒ္ဓဘာသာဝင်တွေက မွတ်ဆလင်တွေကို လူမျိုးရေးခွဲခြားတယ်လို့ ကျနော်ပြောမှာ မဟုတ် ပါဘူး။ အဲဒါက ခံစားချက်ကို ဖော်ထုတ်ပြသမှုရှိတဲ့ပုံမျိုးပါပဲ။ ခံစားချက်ကို တုန့်ပြန်မှုက အလွန်ပြင်းထန်ပါတယ်။ ကျနော် အဲဒီလိုပဲ သံခင်းတမန်ခင်း ဆန်ဆန်ပြောပါရစေ။ အရမ်းကို ပြင်းထန်တဲ့ ခံစားချက်အရ တုန့်ပြန်မှုတခုပါ။
မေး။ ။ ဒီတုန့်ပြန်မှုရဲ့ အရင်းအမြစ်က ဘာတွေပါလဲ။
ဖြေ။ ။ ကောင်းပါပြီ။ ကျနော်က သမိုင်းဆိုင်ရာ ရှုထောင့်ကနေ စဉ်းစားပါတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မွတ်ဆ လင်တွေရဲ့ အခြေအနေကို ခင်ဗျားကြည့်တဲ့အခါ ကြီးမားတဲ့ ခြားနားချက်က ရခိုင်ပြည်နယ်က မွတ်ဆလင်တွေက အခြေချခဲ့ကြပါတယ်။ သူတို့က လယ်သမားတွေပါ။ သူတို့က ကိုလိုနီခေတ်မတိုင်ခင်ကာလကထဲက လယ်သမားတွေ ဖြစ် ခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ရခိုင်ဘုရင်တွေက ဘင်္ဂလားနယ်က လူတွေကို ရခိုင်ပြည်နယ်ကို ခေါ်လာပြီး အခြေချပေးခဲ့ပါတယ်။ ၁၇ ရာစုက အရင်းအမြစ်တခုအရ ကျနော်တို့ သိရပါတယ်။ အဲဒီမှာ မွတ်ဆလင်တွေချည်းပဲ ရှိတဲ့ ကျေးရွာတွေ ရှိခဲ့ပါတယ်။ အဲဒီမှာ သူတို့ကို ရခိုင်ဘုရင်တွေက အခြေချပေးခဲ့တာပါ။ ကိုလိုနီခေတ်အတွင်းမှာ အင်္ဂလိပ်က အိန္ဒိယက လာရောက်နေထိုင်မှုကို ရပ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီမှာ နယ်စပ် မရှိလို့ပါ။ ဒါကြောင့် လူတွေ ဘင်္ဂလားနယ်ကနေ ရခိုင်ကို သွားနိုင်လာနိုင်ကြတာ ခင်ဗျားတွေ့ရမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ လူဦးရေ တိုးပွားမှုက အရမ်းကြီးမားပါတယ်။ ၁၉၂၀ နှစ်တွေတုန်းက ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာဝင် ရခိုင်တွေ ဒီအတွက် အလွန်ကို စိတ်ကသိကအောင့် ဖြစ်ခဲ့ရပါတယ်။
မေး။ ။ လေ့လာစောင့်ကြည့်သူတွေက ပဋိပက္ခရဲ့နောက်ကွယ်မှာ တတိယ အင်အားစုတခု ရှိနေတယ်လို့ ပြောကြတာ ကို လက်ခံပါသလား။
ဖြေ။ ။ ပဋိပက္ခကို ရှင်းပြဖို့၊ ပုံဖော်ဖို့နဲ့ အဖြေတွေ အကြောင်းပြောဖို့ တတိယ အင်အားစုတခုကို ရှာစရာ အကြောင်း မရှိပါဘူး။ ရခိုင်ကိစ္စနဲ့ ပတ်သက်ရင် လုံးဝ ရှင်းလင်း သေချာတာတခု ရှိပါတယ်။ အဲဒါကတော့ အဲဒီမှာ တခြားလူနည်းစု ဒေသတွေမှာ မရှိတဲ့ အလွန်ကို သီးခြားလက္ခဏာဆောင်တဲ့ အခြေအနေတခု ရှိပါတယ်။ ကရင်၊ ကချင် သို့မဟုတ် ချင်း ပြည်နယ်တွေမှာ များသောအားဖြင့် လူများစုဗမာတွေက ဒေသခံလူနည်းစုတွေကို အတိုက်အခံလုပ်တယ်လို့ ကျနော်တို့က ပြောလေ့ရှိကြပါတယ်။ အမှန်တကယ်တော့ အဲဒီဒေသတွေမှာ ဒေသခံတွေက လူများစုပါ။ ဒါပေမယ့် ရခိုင်ကိစ္စမှာတော့ ပတ်သက်နေတာ ၃ ခုရှိပါတယ်။ ရခိုင်ဗုဒ္ဓဘာသာဝင်တွေ ရှိမယ်။ နောက်တဘက်မှာ မွတ်ဆလင်တွေ ရှိမယ်။ ပြီးတော့ အစိုးရ ရှိနေပါတယ်။ ၃ ခုရှိနေပြီဆိုရင် ၂ ခုက ကျန်တဲ့ ၁ ခုကို ဆန့်ကျင်တာမျိုး ဖြစ်ဖို့ အမြဲတမ်း လွယ်ကူပါတယ်။ အခုဆိုရင် မွတ်ဆလင်တွေက သူတို့ကို ရခိုင် ဗုဒ္ဓဘာသာတွေနဲ့ ဗမာဗုဒ္ဓဘာသာတွေက ဆန့်ကျင်နေတယ်လို့ ပြောလိမ့်မယ်။ အဲလိုပြောဖို့က အမြဲတမ်းလွယ်ပါတယ်။
မေး။ ။ ဒါဆိုရင် ပဋိပက္ခရဲ့နောက်ကွယ်မှာ တိမ်မြုပ်နေတဲ့ အကြောင်းပြချက်က ဘာဖြစ်မလဲ။
ဖြေ။ ။ ကျနော်ထင်တယ်။ အဲဒါဖြစ်နေတဲ့ မြေပေါ်မှာပေါ့လေ။ လူအရေအတွက်က တိုးနေတယ်။ ရခိုင်မှာ နေနေတဲ့ မွတ်ဆလင် လူဦးရေက တိုးလာနေခဲ့တယ်။ မေးခွန်းကတော့ သူတို့ ဘယ်လောက်အထိ တိုးလာခဲ့သလဲပေါ့။ ထင်ရှားတာကတော့ သူတို့ လူဦးရေတိုးတာက အရမ်းကို လျှင်မြန်တဲ့ ပုံရှိပါတယ်။ သူတို့ လူဦးရေတိုးလာတယ် ဆိုတဲ့ ခံစားချက်တခု ရှိတယ်။ သူတို့တွေ အဲဒီမှာရှိတယ်။ မွတ်ဆလင်တွေ အဲဒီမှာ ရှိနေတာကို ဘယ်သူကမှလည်း မဖြေရှင်းဘူး ဆိုတဲ့ မခံမရပ်နိုင်တဲ့ ခံစားချက်မျိုးက အဲဒီမှာ ရှိနေတာ ကာလတွေကြာခဲ့ပါပြီ။ ပြင်းထန်တဲ့ ပဋိပက္ခတခု ဆိုတာက ထပ်ပြီး သည်းမခံနိုင်တော့တဲ့ အခြေအနေတခု ရှိနေတယ်လို့ ပြောတာမျိုးပါပဲ။
မေး။ ဒါက လူမျိုးရေး ကိစ္စမဟုတ်ဘူးလို့ ပြောချင်ပါသလား။
ဖြေ။ ။ မဟုတ်ပါဘူး။ ရိုဟင်ဂျာတွေဘက်က လူမျိုးရေးခွဲခြားတဲ့ ဗုဒ္ဓဘာသာတွေလို့ သုံးရင် တခြားဘက်ကလည်း အဲဒါကို သုံးလိမ့်မယ်။ ပဋိပက္ခတွေ ဖြစ်ခဲ့တယ်။ တခြားစကားလုံးတွေ အများကြီးရှိပါတယ်။ ဒီစကားလုံးတွေ သုံးတာနဲ့ ပတ်သက်လို့ ကျနော်တို့ သတိထားသင့်ပါတယ်။ အခုဆိုရင် တချို့တွေက မွတ်ဆလင်တွေ နဲ့ ပတ်သက်လို့ “လူမျိုးတုန်း သတ်ဖြတ်မှု” လို့ သုံးလာတဲ့အချိန်မှာ အဲဒါကလည်း လက်တွေ့အခြေအနေနဲ့ မကိုက်ညီပါဘူး။ ပိုလွန်းနေပါတယ်။ ဒီကိစ္စမှာ အများသုံး စကားလုံး တခု အနေနဲ့ အသုံးပြုနိုင်တဲ့ “အမုန်း” ဆိုရင် အဆင်ပြေမယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် “လူမျိုးရေး ခွဲခြားမှု” ဆိုတာက သဘောတရားရေးတခု၊ ဝါဒတခုလိုမျိုးလို့ ယူဆလို့ ရပါတယ်။ ဗုဒ္ဓဘာသာဝင်တွေကြားမှာ ဒီလို သဘောတရားမျိုး ကျနော်မတွေ့မိပါဘူး။ မကြိုက်တဲ့ သဘောမျိုးပါပဲ။ လူစိမ်းကြောက်ခြင်းလို့ သုံးလို့ရပါတယ်။ ကျနော်တို့ မြင်နေရတဲ့ အတိုင်း ပိုပြီး မှန်ကန်စွာ၊ တည့်မတ်စွာ ဖော်ပြဖို့ အတွက် သုံးနိုင်တဲ့ စကားလုံးတွေ အများကြီး ရှိပါတယ်။
မေး။ ။ နိုင်ငံတကာ မီဒီယာတွေက “ရိုဟင်ဂျာများ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှု” ဆိုတဲ့ အသုံးမျိုးသုံးမယ် ဆိုရင် အမှား ဖြစ်မလား။
ဖြေ။ ။ အရမ်းမှားတာပေါ့။ ဂျာနယ်လစ်တွေ အနေနဲ့ သူတို့ရဲ့ သတင်းရင်းမြစ်တွေ စုံလင်မှုရှိရေး အတွက် ပိုပြီး အလေး ပေးသင့်ပါတယ်။ အဲဒီလို လုပ်ဖို့ မလွယ်ကူနိုင်ဘူးဆိုတာကိုတော့ ကျနော် သဘောတူပါတယ်။ မြန်မာနိုင်ငံ တံခါးဖွင့်လာတဲ့ အခုအချိန်မှာ မြန်မာနိုင်ငံက မီဒီယာတွေရဲ့တာဝန်က အရမ်းကို ကြီးမားတယ်လို့ ကျနော်ထင်ပါတယ်။ မြန်မာစာရေးဆရာ တွေ၊ မြန်မာတိုင်းရင်းသားတွေမှာ တာဝန်ရှိပါတယ်။ တကယ်လို့ သူတို့က တဖက်ဖက်ကို လိုက်မယ်ဆိုရင်တော့ အထောက် အကူ ဖြစ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဝေဖန်သုံးသပ်မှုရှိဖို့ ကိုယ့်ကိုယ်ကို သုံးသပ်ဖို လိုပါတယ်။
မေး။ ။ ပဋိပက္ခကို ဖြေရှင်းဖို့ ဘယ်နည်းလမ်းက အကောင်းဆုံး ဖြစ်ပါသလဲ။
ဖြေ။ ။ လူတွေ ထိုင်ပြီး သူတို့ဘာတွေလိုချင်သလဲ၊ ဘယ်မှာ ပြဿနာရှိနေသလဲ ဆိုတာ စကားပြောသင့်တယ်လို့ ကျနော်ပြောရမယ် ထင်ပါတယ်။ သူတို့ ငြိမ်းချမ်းတဲ့ ဘဝကို ရချင်ပါတယ်။ သူတို့ ပျော်ရွှင်တဲ့ ဘဝတခုကို ရချင်ပါတယ်။ သူတို့ ကလေးတွေရဲ့ အနာဂါတ်ကို မြင်ချင်ပါတယ်။ ခင်ဗျားမှာ မရှိတဲ့ဟာတွေ ရှိနေတဲ့ သူတွေကို ခင်ဗျား မြင်ပါတယ်။ တခြားအသိုင်းအဝိုင်းတခုမှာ သူတို့ စိတ်ထဲမှာ အကောင်းဆုံးက တခြားလူတွေက ပျောက်ကွယ်သွားမှာ မဟုတ်ဘူး ဆိုတာ သူတို့ သိကြတယ်။ ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ သူတို့က ပျောက်သွားမှာ မဟုတ်ဘူး။ သူတို့ အနေနဲ့ အတူ တကွနေနိုင်ဖို့ နည်းလမ်း တခုမဟုတ် တခုကို ရှာဖွေဖို့ လိုတယ်။ အဲဒီမှာ နေနေတဲ့သူတွေ ဘယ်လို ဘာသာရေး ဖြစ်စေ ဝေမျှလို့ရတဲ့ ကိစ္စတွေ အများကြီး ရှိပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင် အကျိုးစီးပွားနဲ့ ရခိုင်ပြည်နယ်ရဲ့ အနာဂါတ်အတွက်၊ အဲ ဒီမှာ နေတဲ့သူတွေ အတွက် သူတို့ ရင်ဆိုင်ကြမယ်။ တကယ်လို့ သူတို့ အနေနဲ့ တိုက်ခိုက်နေမယ့် အစား အတူတကွ အလုပ်လုပ်နိုင်မယ် ဆိုရင် ပိုပြီး အလုပ်ဖြစ်နိုင်တယ်။
မေး။ ။ ရိုဟင်ဂျာ တွေ မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးစု တခုလား။
ဖြေ။ ။ ကျနော့် အဖြေကတော့ ရိုဟင်ဂျာ ဆိုတာ လူမျိုးစု သဘောတရားတခု မဟုတ်ပါဘူး။ ကောင်းပါပြီ ။ သူတို့ အနေနဲ့ ပြောနိုင်ပါတယ်။ ကျနော်တို့က မြန်မာနိုင်ငံထဲက တိုင်းရင်းသား လူမျိုးစု တခုပါလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အဲဒါက အကောင်းဆုံးလမ်း မဟုတ်ဘူးလို့ ကျနော်ထင်တယ်။ ကျနော်တို့က မွတ်ဆလင်တွေပါ။ ရခိုင်ပြည်နယ်မှာ မျိုး ဆက်နဲ့ ချီပြီး နေထိုင်လာခဲ့ပါတယ်လို့ ပြောရင် ဘယ်သူမှာ မညင်းနိုင်ပါဘူး။ ကျနော့် အတွက်ကတော့ ရိုဟင်ဂျာဆိုတာ အသုံးအနှုံးတခုပါ။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရပြီးနောက်မှာ နိုင်ငံရေး အမှတ်တံဆိပ် တခုထက်ပိုပြီးတော့ ပြောခဲ့ ကြတဲ့ စကားလုံးဟောင်းတခုပါ။ အခုအချိန်မှာ လူအားလုံးက တခုတည်း၊ အမှတ်တံဆိပ် တခုတည်း ဖြစ်ဖို့ အဆင်သင့် ဖြစ်နေတာကို ကျနော်မတွေ့ဘူး။ ကျနော် ဘင်္ဂလားဒေ့ရှ်မှာ တုန်းက အရင်က ရခိုင်မှာနေခဲ့တဲ့ မွတ်ဆလင်တွေကို လူ တွေက ကျနော့်ကို ပြတယ်။ သူတို့က အခု ဘင်္ဂလားဒေ့ရှ်ကို ပြောင်းခဲ့ကြတယ်။ သူတို့ကို “ခင်ဗျားတို့က ရခိုင်ပြည်နယ်က လာတဲ့ ရိုဟင်ဂျာတွေလား” လို့ မေးတဲ့ အခါ သူတို့က “ မဟုတ်ဘူး။ ကျနော်တို့က ရခိုင်မှာနေတဲ့ မွတ်ဆလင်တွေ၊ ကျနော့်တို့ကိုယ်ကျနော်တို့ ရိုဟင်ဂျာလို့ နာမည်မတပ်ဘူး” လို့ ပြောကြတယ်။
( History Behind Rakhine State Conflict ကို ဘာသာပြန်ဆိုသည်)