ဆရာသိုက်ထွန်းသက် ပြောပြတဲ့ ဝတ္ထုတိုရွှေခေတ်နဲ့ သရော်စာ အကြောင်း

ဧရာဝတီ
သန်းနိုင်ဦး / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

မြန်မာစာပေလောကမှာ ဝတ္ထုတို ရွှေခေတ်ရယ်လို့ စာပေဝေဖန်ရေးဆရာတွေ ရည်ညွှန်းတဲ့ ခေတ်တခေတ် ရှိခဲ့ဖူးပါတယ်။ ဝတ္ထုတို ရွှေခေတ် စာရေးဆရာတွေထဲမှာ စာရေးဆရာသိုက်ထွန်းသက်လည်း အပါအဝင်ဖြစ်ပြီး၊ ဂျီသြမေတြီဂေါဝိန်၊ ဆိုင်ကယ်တစီးနဲ့ အမျိုးသမီး အပါအဝင် ဝတ္ထုတိုပေါင်းများစွာ ရေးသားခဲ့သူဖြစ်တယ်။ ဝသုနြေ္ဒလက်ရေး ၊ ၁၂ မျက်နှာ နာရီစင် ဝတ္ထုတိုများ၊ ခရမ်းနုရောင်ပွင့် စတဲ့ စာရေးဆရာတွေ စုပေါင်းထုတ်ဝေတဲ့ စာအုပ်တွေမှာလည်း သိုက်ထွန်းသက် ပါဝင်ခဲ့တယ်။ သူနဲ့ ခေတ်ပြိုင်ရေးဖော်ရေးဖက်တွေက ဝတ္ထုတိုကောင်းတွေ ရေးဖွဲ့နိုင်သူအဖြစ် အသိအမှတ်ပြုခံရသူလည်း ဖြစ်ပါတယ်။မြန်မာစာပေလောကမှာ ဝတ္ထုတို ရွှေခေတ်ရယ်လို့ စာပေဝေဖန်ရေးဆရာတွေ ရည်ညွှန်းတဲ့ ခေတ်တခေတ် ရှိခဲ့ဖူးပါတယ်။ ဝတ္ထုတို ရွှေခေတ် စာရေးဆရာတွေထဲမှာ စာရေးဆရာသိုက်ထွန်းသက်လည်း အပါအဝင်ဖြစ်ပြီး၊ ဂျီသြမေတြီဂေါဝိန်၊ ဆိုင်ကယ်တစီးနဲ့ အမျိုးသမီး အပါအဝင် ဝတ္ထုတိုပေါင်းများစွာ ရေးသားခဲ့သူဖြစ်တယ်။ ဝသုနြေ္ဒလက်ရေး ၊ ၁၂ မျက်နှာ နာရီစင် ဝတ္ထုတိုများ၊ ခရမ်းနုရောင်ပွင့် စတဲ့ စာရေးဆရာတွေ စုပေါင်းထုတ်ဝေတဲ့ စာအုပ်တွေမှာလည်း သိုက်ထွန်းသက် ပါဝင်ခဲ့တယ်။ သူနဲ့ ခေတ်ပြိုင်ရေးဖော်ရေးဖက်တွေက ဝတ္ထုတိုကောင်းတွေ ရေးဖွဲ့နိုင်သူအဖြစ် အသိအမှတ်ပြုခံရသူလည်း ဖြစ်ပါတယ်။

ဝတ္ထုတို ရွှေခေတ်မှာ အတူ ရေးခဲ့ကြသူတွေ ခေတ်အချိုးအကွေ့မှာ မျက်နှာဖုံးဆောင်းပါးရှင်တွေ၊ ပင်တိုင် ဆောင်းပါးရှင် တွေ အဖြစ် ပြောင်းလဲသွားခဲ့ကြတယ်။ ဆရာ သိုက်ထွန်းသက် ကိုယ်တိုင်လည်း ဂျာနယ်ခေတ်မှာ ရန်ကုန်က ဂျာနယ် တစောင်မှာ ပင်တိုင်ဆောင်းပါးရှင်အဖြစ် အပတ်စဉ် ရေးသားခဲ့တယ်။ မန္တလေးမြို့ အခြေစိုက်ထုတ်ဝေတဲ့ ရွှေမန္တလေး ဂျာနယ်ရဲ့ အယ်ဒီတာချုပ် အဖြစ် လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းမှာ ထုတ်ဝေသူ အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်ခဲ့တယ်။ လက်ရှိ အချိန်မှာ နေ့စဉ်ထုတ် သတင်းစာနဲ့ အပတ်စဉ်ထုတ် ဂျာနယ်တွေမှာ ပင်တိုင်ဆောင်းပါးတွေ ရေးသားနေပါတယ်။

ဝတ္ထုတိုရွှေခေတ် ဖြစ်ပေါ်လာစေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ၊ ဘာကြောင့် ဝတ္ထုတိုရွှေခေတ်လို့ သတ်မှတ်ခဲ့ကြ တာလဲ၊ ဝတ္ထုတိုရွှေခေတ် အလွန်ကာလတွေမှာ ဘာတွေပြောင်းလဲခဲ့သလဲစတဲ့ အကြောင်း ခင်းရာတွေ သိနိုင်ဖို့ ဆရာသိုက်ထွန်းသက်ကို ဧရာဝတီရဲ့ ပင်တိုင်ဆောင်းပါးရှင် သန်းနိုင်ဦးက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ ဆရာကိုယ်တိုင် စာပေနယ်ထဲ ရောက်လာပုံက စပြီး ပြောပြပေးပါခင်ဗျာ။

ဖြေ။ ။ ၁၉၆၉ ခုနှစ် ထူးစာစောင်မှာ ကဗျာ စ,ပါလာတယ်။ အဲဒီတုန်းက ထူးစာစောင်က ၁၅ ပြားတန်ပေါ့။ ဆရာ မောင်သင်းပန်က ခင်ဗျား စကားပြေ ရေးကြည့်ပါလား ဆိုလို့ နောက်တော့ စကားပြေ ပြောင်းရေး ဖြစ်ရာက ဝတ္ထုတိုတွေ ရေးဖြစ်လာတာပါပဲ။ ကျနော် စာရေးနေတာကို အဖေက သဘောမကျဘူး။ မိုးေ၀ မဂ္ဂဇင်းမှာလည်း ရေးဖြစ်လာတယ်။ (၁၉၈၃ ခုနှစ်လောက်မှာ) ခရမ်းနုရောင်ပွင့်သစ် ဆိုပြီး ဒဂုန်တာရာ၊ ဂျာနယ်ကျော်မမလေး၊ ပါရဂူ၊ မြသန်းတင့်၊ ခင်ဆွေဦး၊ အောင်ခက်၊ ခင်မြဇင်တို့နဲ့ အတူ ဝတ္ထုတို ပေါင်းချုပ်မှာလည်း ပါခဲ့တယ်။ အဲဒီတုန်းက စာရေးဆရာတွေ စုထုတ်တဲ့ ဝတ္ထုတို ပေါင်းချုပ်ဆိုတာ သိပ်မရှိသေးဘူး။ စာအုပ် တအုပ် ဖြစ်ဖို့ ဆိုတာ လွယ်တာ မဟုတ်ဘူး။

မေး။ ။ မြန်မာစာပေ အနုပညာမှာ ဝတ္ထုတိုရွှေခေတ်ရယ်လို့ ဝေဖန်ရေးဆရာ အချို့က သတ်မှတ်ခဲ့ကြတယ်။ ဆရာ ကိုယ်တိုင်လည်း ခေတ်ပြိုင် ဝတ္ထုတိုတွေ ရေးသားခဲ့တယ်။ ဝတ္ထုတိုရွှေခေတ် ဖြစ်ပေါ်လာပုံလေး ပြောပြပေးပါဆရာ။

ဖြေ။ ။ ကျနော်တို့နဲ့ ခေတ်ပြိုင်တွေက မိုးဝေနဲ့ ရှုမဝမှာ ဝင်တိုးကြတာ များတယ်။ မဂ္ဂဇင်းတွေကလည်း အဲဒီကာလမှာ သိပ်များများစားစား မရှိသေးဘူး။ ဆိုရှယ်လစ်ခေတ် နှောင်းပိုင်းမှာ အာဏာပိုင်နဲ့ နီးစပ်သူတွေ မဂ္ဂဇင်းထုတ်ဝေခွင့်တွေ ရလာတယ်။ သပြေ၊ မဟေသီ၊ မြတ်လေးနဲ့ ချယ်ရီတို့ အပြိုင် ထွက်ပေါ်လာတယ်။ ၁၉၈၅ ခုနှစ်မှာ စာရေးဆရာမ မလေးလုံ အတွက် လုံမလေး၊ ဆရာမဒေါ်ခင်ဆွေဦး အတွက် စံပယ်ဖြူ၊ ဆရာမ ဒေါ်ကလျာက ကလျာ မဂ္ဂဇင်း ဆိုပြီး ထုတ်ဝေခွင့် ရခဲ့ကြတယ်။ အဖွဲ့အစည်း အသင်းအပင်းတွေ အတွက်လည်း မဂ္ဂဇင်း ထုတ်ဝေခွင့်တွေ ချထားပေးခဲ့ရာမှာ ဂီတ၊ သဘင်၊ ရုပ်ရှင်၊ စာပေ၊ ရိုးရာပန်းပညာရှင်များ အစည်းအရုံး၊ စစ်မှုထမ်းဟောင်းတွေ အတွက် စစ်ပြန် စတဲ့ မဂ္ဂဇင်းတွေလည်း ထုတ်ဝေခွင့် ရခဲ့ကြတယ်။

၁၉၈၅ ခုနှစ်မှာ စံပယ်ဖြူ မဂ္ဂဇင်းထုတ်ဝေခွင့် ရတော့ ဆရာမ ဒေါ်ခင်ဆွေဦး ကိုယ်တိုင် မန္တလေးတက်လာတယ်။ လူထု တိုက်မှာ မန္တလေးက စာရေးနေသူတွေနဲ့ တွေ့ခဲ့တယ်။ စံပယ်ဖြူ မဂ္ဂဇင်း ထွက်တော့မှာမို့ မန္တလေးက စာရေးနေကြ သူတွေနဲ့ လာတွေ့တာ။ မဂ္ဂဇင်း ထုတ်ဝေခွင့်တွေ အပြိုင်အဆိုင် ရလာတယ် ဆိုတော့ စာမူ လိုအပ်ချက်တွေက ရှိလာပြီ။ မဂ္ဂဇင်း ထွက်လာတော့ မှတ်မှတ်ရရ ညီပုလေးရဲ့ လျှက်ဆားတစ်တို့ ဆိုတဲ့ ဝတ္ထုပါလာတယ်။

ဝတ္ထုတိုရွှေခေတ် ဖြစ်လာရတာ ကျနော်တို့ တော်လွန်းလို့ ဖြစ်လာရတာ မဟုတ်ဘူး။ အပျော်ဖတ် လုံးချင်းတွေ မဖတ်ချင်တဲ့ စာဖတ် ပရိတ်သတ်က ဖတ်စရာ ရှာရင်း မဂ္ဂဇင်းတွေ ကောက်ဖတ်မိရာက ဖြစ်သွားတာ။ ခေတ်က တောင်းဆိုလို့ ဖြစ်လာရ တာပါ။ မဂ္ဂဇင်းတွေ ကလည်း အများကြီးထွက်လာ၊ ထည့် စရာစာမူကလည်း ရှားလာတဲ့ အချိန်  စာမူ လိုအပ်ချက် အရ ကလောင်သစ် တွေကို သုံးလာရတယ်။

အယ်ဒီတာတွေ ကလည်း စလုတ်တိုက်ပြီး ရွေးချယ်လာတယ်။ သဘင်မဂ္ဂဇင်းမှာ ဆရာ ဦးအောင်သင်းရဲ့ စာပေနဲ့ ပတ်သက်တဲ့ သုံးသပ်ချက်တွေ ရေးနေပြီ။ ဆရာဦးအောင်သင်းရဲ့ သုံးသပ်ချက်တွေက ဒေါင့်စုံတယ်။ အဓိကက ဝတ္ထုတို အတတ်ပညာနဲ့ သုံးသပ်ပြတာပဲ။ အဲဒီမှာ တထောင့်တနေရာက စာမူတွေ ကောင်းတယ် ပြောကြရင်း ဝတ္ထုတို ရွှေခေတ် ရယ်လို့ ဖြစ်လာရတော့တာပါပဲ။

မေး။ ။ ဝတ္ထုတိုရွှေခေတ် ဖြစ်စေခဲ့တဲ့ ရေခံမြေခံတွေက ဘာတွေဖြစ်မလဲ ဆရာ။

ဖြေ။ ။ ၁၉၈၀ ဝန်းကျင်လောက်မှာ စာအုပ်အငှားဆိုင်တွေ ထွန်းကားလာတယ်။ အဲဒီမတိုင်ခင်ကတော့ စာအုပ် စာစောင်ဆို ဝယ်ဖတ်ကြတာ များတယ်။ အပျော်ဖတ်တွေက တော်တော် တွင်ကျယ်နေပြီ။ စာဖတ်ပရိတ်သတ်က အပျော်ဖတ်တွေကို ဖတ်ရမှာပျင်းလာတဲ့အချိန်ပေါ့။ ၁၉၈၅ ခုနှစ် ဝန်းကျင်မှာ မဂ္ဂဇင်းထုတ်ဝေခွင့်တွေ အပြိုင် ကျလာတော့ စာမူ လိုအပ်ချက်အရ ကလောင်သစ်တွေ လက်စွမ်းပြခွင့် ရလာတယ်။ အပျော်ဖတ် စာပေတွေကြားမှာ ရသစာပေ ဖတ်ချင်တဲ့ ပရိတ်သတ်က မဂ္ဂဇင်းတွေ ကောက်ကိုင်လာရတယ်။ စာဖတ်ပရိတ်သတ် ကလည်း အားပေးတယ်။

စာပေစိစစ်ရေး တင်းကျပ်ချိန် ဆိုတော့ သတင်း အချက်အလက်တွေ စာဖတ်ပရိတ်သတ်က မသိရဘူး။ အစိုးရ ထုတ်ပြန် ပေးသလောက်ပဲ သိရတဲ့ အချိန်။ အဲဒီခေတ် ဝတ္ထုရေးဆရာတွေက သတင်း အချက်အလက်တွေကို ဝတ္ထုတွေထဲ ထည့်ရေးတာတွေ ရှိတယ်။ လောကစိမ်းတွေကို ဝတ္ထုတွေထဲ ထည့်ရေးလာကြတယ်။ ဘဝသရုပ်ဖော် ဖတ်တယ် ဆိုတာ ကိုယ်က အချက်အလက် သိချင်တာလည်း ပါတယ်။ ဥပမာ ကျောက်စိမ်းမှော်နဲ့ ပတ်သတ်တဲ့ သတင်း အချက်အလက် ဘယ်ကမှ မရနိုင်တဲ့ အချိန် ဝတ္ထုရေးဆရာက ကျောက်စိမ်းမှော် အကြောင်း သူ့ဝတ္ထုထဲမှာ ထည့်ရေးတဲ့အခါ စာဖတ် ပရိတ်သတ်က ကျောက်စိမ်းမှော်ဆိုတာ ဒီလိုပါလားဆိုတာ သိလာရတာပေါ့။ အဲဒီခေတ်ကတော့ သတင်း ဝတ္ထုလို့တောင် ဆရာတချို့က အမည်ပေးခဲ့ကြတာ ရှိတယ်။

မေး။ ။ ဝတ္ထုတိုရွှေခေတ်မှာ ပါဝင်ခဲ့တဲ့ စာရေးဆရာတွေ အများစုက ဘာကြောင့် လုံးချင်း ဝတ္ထုလိုင်းဘက် ရောက် မလာတာလဲ။

ဖြေ။ ။ အဓိကက လုံးချင်းဝတ္ထု ထုတ်ပေးမယ့်သူ မရှိတာပဲ။ ဖြတ်သန်းလာတာတွေ ရေးချင်တာပေါ့။ စာပေစိစစ်ရေး ကလည်း တင်းကျပ်လွန်းတော့ ဘယ်သူမှ ထုတ် မပေးရဲဘူး။ အထူးသဖြင့် အမျိုးသား စာရေးဆရာတွေထဲက ဝတ္ထုတို ရွှေခေတ် သမားတွေ လုံးချင်းလိုင်းကို ရောက် မသွားရတဲ့ အကြောင်း ရင်းက ထုတ်ဝေသူ မရှိတာပဲ။ စာပေစိစစ်ရေးရဲ့ တင်းကျပ်တဲ့ ဆင်ဆာအောက်မှာ မသေချာတဲ့ လုံးချင်းလိုင်းကို ထုတ်ဝေသူတွေ ကလည်း မစွန့်စားရဲကြဘူး။ အမျိုးသမီး စာရေးဆရာမတွေ ထဲက ဂျူးတို့၊ နုနုရည်(အင်းဝ)တို့ ကတော့ လုံးချင်းဝတ္ထုလိုင်းမှာပါ အောင်မြင်ခဲ့ကြတယ်။

မေး။ ။ ဝတ္ထုတို ရေးကြသူတွေ ဆောင်းပါးလိုင်းဘက် ဘယ်လိုကြောင့် ကူးသွားရတာလဲ ဆရာ။

ဖြေ။ ။ ၁၉၉၀ ဝန်းကျင်မှာ မဂ္ဂဇင်းအသစ်တွေ ထုတ်ဝေခွင့်တွေ ထပ်ရတယ်။ နိုင်ငံတော် ကလည်း တံခါးဖွင့် စီးပွားရေး စနစ် ကျင့်သုံးလာတယ်။ စာပေလိုင်း အသစ်ကြောင့် တံခါးတွေ ပွင့်ကုန်တယ်။ ဓန၊ မြန်မာ့ဓန၊ ကြီးပွားရေး၊ ကြော်ငြာနှင့် ဈေးဝယ်လမ်းညွှန်၊ နွယ်နီ၊ ရနံ့သစ်၊ စတဲ့ မဂ္ဂဇင်းတွေ ထွက်လာတော့ ပင်တိုင်ဆောင်းပါးရှင်တွေ လိုအပ်လာပြန်တယ်။ စီးပွားရေး မဂ္ဂဇင်းတွေရဲ့ ပင်တိုင် ဆောင်းပါးရှင် ဆိုတာ စီးပွားရေးစနစ် အကြောင်းသိတဲ့ သူ၊ အချိန်မှန် စာမူ ပို့နိုင်သူ၊ စာရေးခြင်း အတတ်ပညာမှာ ကျွမ်းကျင်တဲ့သူ၊ ခေတ်စနစ်ကို မျက်ခြည် မပြတ်သူ ဖြစ်ဖို့ လိုတယ်။ ဝတ္ထုတို ပရိတ်သတ်က အပျော်ဖတ်စာတွေ မဖတ်ချင်ကြတော့ဘူး။ သတင်းငတ်တဲ့ ပရိတ်သတ်က မဂ္ဂဇင်းကို ကောက်ကိုင်တော့တာပဲ။ စာပေစိစစ်ရေးကလည်း သတင်းတွေကို တည်းဖြတ်တာပဲ။ အဲဒီမှာ ဝတ္ထုတိုဆရာတွေက ဆောင်းပါးဆရာတွေ ဖြစ်ကုန်တယ်။

မေး။ ။ ဝတ္ထုတိုရွှေခေတ် ဘာဖြစ်လို့ ပျောက်ကွယ်သွားရတာလဲ ဆရာ။

ဖြေ။ ။ ကွာလတီမဂ္ဂဇင်းတွေ ထွက်လာတော့ စာနည်းနည်း၊ အရုပ်များများ၊ ကြော်ငြာများများ ထည့်လာကြတယ်။ ဝတ္ထုတိုတွေကို နေရာမပေးနိုင်တော့ဘူး။ တကယ်တော့ အယ်ဒီတာ အလုပ်က အနုပညာမြောက်တဲ့ အလုပ်။ စာပေ အကြောင်းအရာစုံကို ထည့်သွင်း ဖော်ပြနေရတာ။ အယ်ဒီတာ ကောင်းဆိုတာ သုတဖြစ်စေ ရသဖြစ်စေ တည်းဖြတ်နိုင်ရ တယ်။ စာပေဝမ်းစာ ပြည့်ရတယ်။ တချို့မဂ္ဂဇင်းတွေက နီးစပ်ရာလူကို အယ်ဒီတာ ခေါ်ခန့်တော့ ပျက်တော့တာပဲ။ သူတို့က စောင်ရေနဲ့ ထိုးဖောက်တာ မဟုတ်ဘဲ ကြော်ငြာနဲ့ ထိုးဖောက်တာ ဖြစ်နေတယ်။

မေး။ ။ ဆရာကိုယ်တိုင် ဇန်မြင့်၊ မောနင်းကိုကို စတဲ့ ကလောင်တွေနဲ့ သရော်စာတွေ ရေးခဲ့တော့ ဒီနေ့ခေတ် သရော်စာကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ သရော်စာနဲ့ ကလော်စာက နံရံပါးပါးလေးပဲ ခြားတယ်။ အရေးခံရသူက သရော်စာကို သရော်စာလို့ ခံယူရင် ဘာမှ မဖြစ်ပေမဲ့ ကလော်စာလို့ ခံယူလိုက်ရင် ပြသနာတွေ ဖြစ်နိုင်တယ်။ ရေးသူကလည်း နစ်နာပါစေ ဆိုတဲ့ စိတ်နဲ့ မရေးရ ဘူး။ ကျနော်တို့တုန်းကတော့ စိစစ်ရေးကြောင့် စာပေနဲ့ အနုပညာကိုပဲ သရော်ခွင့် ရခဲ့တယ်။ ဒါကြောင့်လည်း  စာပေ အနုပညာသမား အချင်းချင်း သရော်ရတာ မလုပ်ချင်တော့ဘူး။ နောက်ပိုင်းမှာ ဇန်မြင့် ကလောင်နဲ့ သရော်စာ မရေးတော့ဘဲ ဖတ်ညွှန်းတွေပဲ ရေးဖြစ်ခဲ့တယ်။ ဒီနေ့ခေတ် သရော်စာ ရေးသူတွေကတော့ နိုင်ငံရေးတွေကိုပါ သရော်ခွင့် ရလာတယ်။

မေး။ ။ဝတ္ထုတို ရွှေခေတ်နဲ့ ပတ်သတ်လို့ ဘာများပြောချင်ပါသေးလဲဆရာ။

ဖြေ။ ။ ကျနော်တို့ မန္တလေး စာရေးဆရာတွေက ဝတ္ထုတိုရွှေခေတ်ကို ဦးဆောင်တယ်လို့ မပြောခဲ့ပါဘူး။ စာပေဖြစ်ဖြစ် ပညာရေး စီးပွားရေး ကျန်းမာရေး အားကစားမှသည် နိုင်ငံရေးအထိ နိုင်ငံတဝှမ်းမှာ နိမ့်ရင် မန္တလေးလည်း နိမ့်မှာပဲ။ မြင့်ရင် မန္တလေးလည်း လိုက်မြင့်မှာပဲ။ မန္တလေးမို့ ထူးပြီး နိမ့်ခြင်း မြင့်ခြင်း ရှိနေမှာ မဟုတ်ဘူး။ အခုအခါ ရသစာပေ နိမ့်ဆင်းတယ် ဆိုတာထက် စာဖတ်ပရိတ်သတ် လျော့လာတယ် လို့ပဲ ပြောချင်ပါတယ်။ လက်ရှိ မျိုးဆက်ဟောင်း မျိုးဆက်သစ် စာရေးသူတွေ ထဲမှာ အနုပညာ အရည်အသွေး မြင့်သူတွေ တပုံကြီးပဲ။

ကျနော်တို့ခေတ်ကို ဝတ္ထုတိုရွှေခေတ် အဖြစ် ခေါ်ထိုက် မခေါ်ထိုက်၊ သတ်မှတ်သင့် မသတ်မှတ်သင့် ဒီနေ့ထုတ်နေတဲ့ ဝတ္ထုတိုပေါင်းချုပ်တွေကိုကြည့်ပေါ့။ ကျနော်တို့ တခေတ်ထဲက ညီပုလေး၊ ကြူးနှစ်၊ ရဲသျှမ်း၊ ကျော်စွာထက် တို့ရဲ့ ဝတ္ထုတို စုစည်းမှု ပေါင်းချုပ် အထူကြီးတွေ ထုတ်ဝေပြနေတာက သက်သေခံ ပါလိမ့်မယ်။ အဲဒီစာရေးဆရာတွေက အသက် ၆၀ ဝန်းကျင် စာရေးဆရာ ဆရာမတွေ၊ ကိုယ့်စာအုပ်ကို ကိုယ့်ပိုက်ဆံနဲ့ကို ထုတ်နေကြတာ မဟုတ်ဘူး။ ထုတ်ဝေသူတွေက ထုတ်နေကြတာ။ စာဖတ်ပရိတ်သတ် ရှိလို့သာ ထုတ်နေကြတာပေါ့။

မေး။ ။ သီးခြား ဖြည့်စွက် ပြောစရာရှိရင် ပြောကြားစေလိုပါတယ်။

ဖြေ။ ။ စာဖတ်ခြင်းမှာ ပျော်မွေ့တဲ့သူတွေ ဖြစ်လာအောင် ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ပေးကြရမယ်။ အခုခေတ်က ဖေ့စ်ဘုတ် သုံးကြတာများတယ်။ ဖေ့စ်ဘုတ်မှာတောင် စာရှည်ရှည် ရေးရင် မဖတ်ချင်ကြတော့ဘူး။ ကျနော်တို့ ငယ်ငယ်ကတော့ စာပေဖြစ်ဖြစ် ရုပ်ရှင်ဖြစ်ဖြစ် ဖတ်ပြီး ကြည့်ပြီး ခံစားတာပဲ။ ကျနော့်အဖေက အစိုးရရုံးဌာနက ရုံးအုပ်ကြီး။ အဖေက လစဉ် စာအုပ်တွေ ဝယ်တယ်။ စန္ဒာ၊ ငွေတာရီ၊ တို့ကျောင်းသား၊ ရှေ့ဆောင်၊ အိုးဝေ၊ ရှုဒေါင့် အဖေ ဝယ်လာလို့ ဖတ်ရတာ။

ကျနော် ၁၆ နှစ်သား ရှိသေးတယ်။ အိုးဝေမှာ ဆရာဦးညိုမြရဲ့ စာတွေပါတော့လည်း ဖတ်လိုက်တာပဲ။ အရသာ မခံတတ် သေးဘူး။ နောက်မှ ဆရာဦးညိုမြရဲ့ စာတွေကို အရသာရှိရှိ ဖတ်ဖြစ်လာတာ။ ရုပ်ရှင်တွေ ကြည့်တော့လည်း ရုပ်ရှင် ကော်ပိုရေးရှင်းက နိုင်ငံခြားက တင်သွင်းလာတဲ့ကားတွေ ကြည့်ခဲ့တာပဲ။ တချို့ နိုင်ငံခြား ရုပ်ရှင်ကားတွေက သောကြာ တရက်ပဲ ပြတဲ့ကားတွေ။ အဲဒီလို ကားတွေထိ မလွတ်တမ်းကြည့်ခဲ့တာပေါ့။ ဒီခေတ်ကလေးတွေကို အနုပညာ ခံစားတက်အောင် ငယ်ငယ်ထဲက ပြုစုပျိုးထောင်ပေးဖို့ လိုမယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading