ရခိုင် ပဋိပက္ခတွေက ရင်းနှီးမြှုပ်နှံမှုတွေ အပေါ် သက်ရောက်မှု မရှိပါဘူး

ဧရာဝတီ
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး
Want create site? Find Free WordPress Themes and plugins.

၂၀၁၇ ခုနှစ် သြဂုတ်လကုန် အထိ မြန်မာနိုင်ငံတဝန်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု သန်း ၃၉၀၀ ရှိတာကြောင့် ယမန်နှစ်ကထက် အများအပြား တိုးတက်လာပါတယ်။ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံများ အကြောင်းနဲ့ ရင်းနှီး မြှုပ်နှံမှု အများဆုံးကဏ္ဍအကြောင်း၊ အစိုးရက ဖော်ဆောင်နေတဲ့ Investment Promotion ခေါ် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး လုပ်ငန်းအကြောင်း၊ အခြေခံ အဆောက်အအုံ ပြည့်စုံရေးနှင့် PPP ခေါ် ပုဂ္ဂလိကနဲ့ အစိုးရ မိတ်ဖက်အသွင်နဲ့ ပူးတွဲ လုပ်ဆောင်မှုများ စသည့် အကြောင်းအရာများနဲ့ ပတ်သက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး အား ဧရာဝတီ သတင်းမီဒီယာမှ ရုပ်/သံ သတင်းထောက် ရွှေလေးက တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။ ။ ရင်းနှီးမြှုပ်နှံမှုက မနှစ်ကနဲ့ ယှဉ်ရင် ဒီနှစ်မှာ တက်လာတယ် လို့ကြားရတယ်၊ ဒီနှစ် Update ရင်းနှီးမြှုပ်နှံမှု ဘယ်လောက်လောက် ဝင်ပြီးပြီလဲ၊ နောက် ဘယ်နိုင်ငံတွေက အများဆုံးဖြစ်မလဲ၊ ဘယ် ကဏ္ဍတွေက အများဆုံးဖြစ်မလဲ။

ဖြေ။ ။ ကျနော်တို့ ဒီနှစ် ၈ လပိုင်း သြဂုတ်လကုန် အထိ ကျနော်တို့ MIC က ခွင့်ပြုပေးလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၇၀၀ ကျော်လောက် ရှိပါတယ်၊ တဖက်ကလည်း သီလဝါအထူးစီးပွားရေးဇုန် ကလည်း သန်း ၂၀၀ လောက် ခွင့်ပြုထားတာ ရှိတယ်၊ ဒါ အထူးစီးပွားရေးဇုန် ဥပဒေအရ ပေါ့၊ သီလဝါရော ကျနော်တို့ MIC ပေးတာရော အားလုံးပေါင်းလိုက်ရင် ကျနော်တို့ သန်း ၃၉၀၀ လောက် တိုင်းပြည်ထဲကို ရင်းနှီးမြှုပ်နှံမှု ဝင်လာတယ်၊ မနှစ်ကတော့ သန်း ၈၀၀ ကျော် ၉၀၀ နီးနီးလောက်ပဲ ဝင်တာပေါ့၊ ဒီနှစ်နဲ့ မနှစ်နဲ့ ယှဉ်လိုက်ရင် သန်းပေါင်း ၃၉၀၀ ဆိုတော့ အများကြီး သိသာထင်ရှားတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ့ ရပါတယ်၊ Sector အလိုက် ပြန်ကြည့်ရင်တော့ ကုန်ထုတ်လုပ်မှုကဏ္ဍက အများဆုံး ဝင်ပါတယ်။

ကုန်ထုတ်လုပ်မှု ကဏ္ဍမှာ ကျနော်တို့ ခွင့်ပြုသမျှ ရင်းနှီးမြှုပ်နှံမှု ရာခိုင်နှုန်းတွေ အားလုံးရဲ့ ၃၂ ရာခိုင်နှုန်းလောက် ကုန်ထုတ်လုပ်မှု ကဏ္ဍမှာ ဝင်ပါတယ်။ ဒုတိယကတော့ အိမ်ယာဆောက်လုပ်ရေး ကဏ္ဍက ကျနော်တို့ ခွင့်ပြုသမျှ အားလုံးရဲ့ ၂၄ ရာခိုင်နှုန်း ဝင်ပါတယ်။ တတိယကတော့ ဝန်ဆောင်မှုကဏ္ဍပေါ့၊ ဝန်ဆောင်မှုကဏ္ဍ ကတော့ ကျနော်တို့ ခွင့်ပြုသမျှ ရာခိုင်နှုန်းရဲ့ ၁၆ ရာခိုင်နှုန်းလောက် ဝင်ပါတယ်။

ဒီကဏ္ဍကြီးသုံးခုက အဓိက ဦးဆောင်နေတဲ့ ကဏ္ဍကြီး သုံးခုပေါ့၊ နိုင်ငံအလိုက် ပြန်ပြောရင်တော့ ဒီနှစ်မှာ အများဆုံး ဝင်တာကတော့ စင်ကာပူက အများဆုံးဝင်ပါတယ် ခွင့်ပြုသမျှ ရာခိုင်နှုန်းရဲ့ ၄၀ ရာခိုင်နှုန်းလောက် ဝင်ပါတယ်။ ဒုတိယကကတော့ တရုတ်နိုင်ငံကပေါ့၊ ခွင့်ပြုသမျှ ရာခိုင်နှုန်းရဲ့ ၁၆ ရာခိုင်နှုန်းလောက် တရုတ်နိုင်ငံက လာတယ်၊ ကျန်တာတွေ ကတော့ တခြားနိုင်ငံမှာ ရှိတဲ့ အာရှနိုင်ငံတွေပေါ့ ကိုရီးယားတို့၊ ဂျပန်တို့၊ ဟောင်ကောင်တို့ပေါ့၊ ဥရောပ ဆိုရင်လဲ နယ်သာလန်တို့ ဘာတို့ ဖြန့်ပြီးတော့ ဝင်ပါတယ်။

ဒီနှစ်နဲ့ ယှဉ်ပြီး ပြောရရင် ကုန်ထုတ်လုပ်မှု ကဏ္ဍကနေ အများဆုံးဝင်တာ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့ တိုင်းပြည် အတွက်လိုအပ်တဲ့ ကဏ္ဍအတွက် အများဆုံး ဝင်တာ တွေ့ရတဲ့ အတွက်ကြောင့်မို့ ကျနော်တို့သည် ဥပဒေသစ် ပြဋ္ဌာန်းပြီးတော့ ဒီနှစ် တနှစ်သာ လုပ်ကိုင် ဆောင်ရွက်မှုတွေမှာ ငါးလသာ ကာလအထိ လုပ်ဆောင်ပြီးတဲ့ကာလမှာ ကျနော်တို့ မူလရည်မှန်းထားတဲ့ လမ်းကြောင်းပေါ်ကို ရောက်နေပြီ ဖြစ်တယ် လို့ ပြောလို့ရပါတယ်။

မေး။ ။ ဒီ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်က ၂၀၁၆ အောက်တိုဘာလမှာ ပြဋ္ဌာန်းခဲ့တယ်၊ အခု ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်မှာ ကျမတို့ ဖတ်မိသလောက် လုပ်ထုံးလုပ်နည်းတွေ ပိုလွယ်လာမယ်၊ အခွန်ကောက်ခံမှု ပုံစံတွေ ပြောင်းလဲ လာတယ်။ ဗဟို ချုပ်ကိုင်မှုတွေ လျော့နည်းလာတယ် ပေါ့၊ အဲဒီ အတွက် ဆရာတို့အနေနဲ့ တိုင်းနဲ့ ပြည်နယ်မှာ ရုံးခွဲတွေ ဖွင့်လှစ်လာတယ်၊ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ပေးနေတာတွေ ရှိတယ်၊ ဒီလိုမျိုး ဖွင့်လှစ်ပေးလိုက်တော့ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းတွေ ပိုပြီးတော့ ဝင်ရောက်လာဖို့ အတွက် ဖြစ်စေသလား။

ဖြေ။ ။ ဖြစ်စေပါတယ်၊ ဘာလို့လဲ ဆို အရင်တုန်းက တိုင်းဒေသကြီး၊ ပြည်နယ်တွေက လုပ်ပိုင်ခွင့်တွေ မရှိတဲ့ အတွက် ကြောင့်မို့လို့ ဘာလုပ်ချင် လုပ်ချင် MIC ကိုပဲ သူတို့ တင်ပြရတယ်ပေါ့၊ အဲတော့ တိုင်းဒေသကြီး ပြည်နယ်တွေမှာ ဘာ အားနည်းလဲ ဆိုတော့ ရင်းနှီးမြှုပ်နံှမှုကို ကိုယ့်တိုင်းဒေသကြီးမှာ မြှင့်တင်ဖို့ အတွက် လုပ်ခွင့် ဘာမှ မရှိဘူးပေါ့၊ အခုမှ လုပ်ပိုင်ခွင့် ခွဲပေးလိုက်တဲ့ အတွက်ကြောင့်မို့လို့ ပထမ အချက် မိမိတို့က မိမိတိုင်းထဲမှာ လုပ်မယ့်သူတွေကို ကိုယ်တိုင် စီစစ်ပြီးတော့မှ မိမိကိုယ်တိုင် လိုလားချက်တွေကို ရင်းနှီးမြှုပ်နံှသူတွေကို ပြောပြပြီးတော့မှ မိမိကိုယ်တိုင် ထိန်းကျောင်းနိုင်တဲ့ အဆင့်တခုကို တိုင်းဒေသကြီး၊ ပြည်နယ်တွေက ကိုယ်တိုင် ရသွားတယ်။

နောက်တချက်က မိမိ တိုင်းဒေသကြီးမှာ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ဖို့ အတွက် မိမိ ကိုယ်တိုင် မိမိ အခြေအနေ ဖန်တီးနိုင် မယ့် လုပ်ပိုင်ခွင့် တခု ရသွားတယ် ပေါ့၊ အရင်တုန်းက ကိုယ့်တိုင်းပြည်နယ်ကြီးမှာ လုပ်ချင်ရင်တောင်မှ ဖိတ်ခေါ်ပြီးတော့ ကိုယ်က ခွင့်ပြုလို့ မရဘူး။ ဖိတ်ခေါ်ပြီးရင် MIC သွား MIC ကို တင်ပြဆိုတာပဲ လုပ်ခွင့် ရှိတယ် ပေါ့၊ အခုကျတော့ ဖိတ်ခေါ်လို့ ရတယ် သူတို့ကိုယ်တိုင်လဲ သူတို့ တတ်နိုင်သမျှ ဒေါ်လာ ၅ သန်း အထိကို ပေးလို့ ရအောင်လို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နံှမှု မြှင့်တင်ရေး၊ တနည်းအားဖြင့် တိုင်းဒေသကြီးအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ဒါအများကြီး အထောက်အကူ ဖြစ်သွားပါတယ်။

မေး။ ။ မဖွံ့ဖြိုးသေးတဲ့ နေရာတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ဖို့ အတွက် ဆရာ့ အနေနဲ့ လုပ်မယ်လို့လည်း ပြော ထားတာပေါ့လေ၊ အခုဆိုရင် ရခိုင်တို့ ချင်းတို့လို နေရာမျိုးတွေမှာ ဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာဖို့ အတွက် ဆရာတို့ အနေနဲ့ ဘယ်လို နည်းဗျူဟာတွေ သုံးပြီးတော့ လုပ်ဆောင်နေလဲ။

ဖြေ။ ။ ကျနော်တို့ ဥပဒေမှာ မဖွံ့ဖြိုးသေးတဲ့ ဒေသတွေနဲ့ ပတ်သက်ပြီးတော့မှ ဥပဒေ အရ ကျနော်တို့က အထောက်အပံ့ ပေးပြီးတော့ ဝင်လာအောင် လုပ်ထားတာ ရှိတယ်၊ အဲဒါဘာလဲ ဆိုတော့ တိုင်းဒေသကြီး၊ ပြည်နယ်တွေ လုပ်ပိုင်ခွင့် ပေးတယ် ဆိုတဲ့ ရည်ရွယ်ချက်ထဲကိုမှ ကိုယ့်ဒေသကို ဖွံ့ဖြိုးအောင်လုပ်ဖို့ အတွက် လုပ်ပိုင်ခွင့် ရသွားအောင် လုပ်ပေးလိုက်တဲ့ သဘော၊ ဒါ ဥပဒေအရ ပေးတဲ့ ပထမ အချက်ပေါ့၊ ဒုတိယ အချက်က ကျနော်တို့ ဘာလုပ်လဲ ဆိုတော့ အခွန်အခနဲ့ ပတ်သက်တဲ့ မက်လုံးတွေ၊ ဥပမာ အားဖြင့် ကျနော်တို့ ဥပဒေသစ်ကို ကြည့်လိုက်ရင် တွေ့လိမ့်မယ်။

တဇုန်စီ ခွဲထားတယ် ဇုန်-၁၊ ဇုန်-၂၊ ဇုန်-၃ ဆိုပြီးတော့ ဇုန်-၁ ဆိုတာသည် မြန်မာနိုင်ငံ အနေနဲ့ ဖွံ့ဖြိုးမှု အနည်းဆုံး မြို့နယ်တွေ ပေါ့၊ ဒါကို ကျနော်တို့က ဇုန်-၁ လို့ သတ်မှတ်တယ်၊ ဇုန်-၂ ကတော့ အသင့်အတင့်ရှိပြီးသား မြို့နယ်တွေပေါ့၊ ဇုန်-၃ ဆိုတာက ဖွံ့ဖြိုးပြီးသား မြို့နယ်တွေပေါ၊့ အဲလိုသတ်မှတ်တာ၊ သတ်မှတ်တော့ ခုန ချင်းနဲ့ ရခိုင်ပြည်နယ်ကို ပြန်ကောက်ရင် ချင်းနဲ့ ရခိုင်ပြည်နယ်နှစ်ခုစလုံးမှာ ရှိတဲ့မြို့နယ်တွေ အားလုံးကို ကျနော်တို့က ဇုန်-၁ ထဲမှာ ထည့်ထားတယ်၊ ဇုန်-၁ ထဲမှာ ထည့်တဲ့အခါ ကျတော့ သူက ဝင်ငွေခွန် ကင်းလွတ်ခွင့် ပိုရတယ် ပေါ့။

ဥပဒေအရ ဇုန်-၁ မှာလုပ်တဲ့ ရင်းနှီးမြှုပ်နံှသူတွေသည် ကျနော်တို့ သတ်မှတ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု မြင့်တင်တဲ့ ကဏ္ဍထဲမှာ ပါတယ် ဆိုရင် ၇ နှစ် အထိ ကျနော်တို့က ဝင်ငွေခွန် ကင်းလွတ်ခွင့် ပေးတယ်။ ဇုန်-၂ ဆိုရင် ၅ နှစ်၊ ဇုန်-၃ ဆိုရင် ၃ နှစ် ပေါ့၊ ဥပမာအားဖြင့် ရန်ကုန်တိုင်း လှိုင်သာယာမှာလုပ်ရင် ၃ နှစ်ပဲ ရမယ်၊ အဲလုပ်ငန်းကို ရခိုင်ပြည်နယ်သွားလုပ်မယ်၊ ချင်းပြည်နယ်မှာ သွားလုပ်မယ် ဆိုရင် ၇ နှစ် သူ့ကို ဝင်ငွေခွန် ကင်းလွတ်ခွင့်ပေးတယ်၊ မဖွံ့ဖြိုးသေးတဲ့ ဒေသတွေကို ကျနော်တို့ ပိုပြီးတော့ ပေးထားတယ်၊ ရင်းနှီးမြှုပ်နံှသူတွေကို မက်လုံး ပေးထားတယ် ပေါ့။

နောက်တခုက ဘာလဲ ဆိုတော့ မြေပေါ့၊ မြေနဲ့ ပတ်သက်လာရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ တယောက်ကို ကနဦးအရ နှစ် ၅၀ ပေးတယ်၊ ပြီးတော့ ထပ်ဆောင်း ၂ ကြိမ်ပေါ့၊ နှစ် ၇၀ ပေါ့၊ အကယ်၍ အဲဒီ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသည် ချင်းပြည်နယ်မှာ လုပ်မယ် ဆိုရင် ကျနော်တို့က နှစ် ၇၀ အပေါင်း ကျနော်တို့က ထပ်ဆောင်းပေးလို့ ရတယ်၊ ဒီလုပ်ငန်း သည် ချင်းပြည်နယ် အတွက်၊ ရခိုင်ပြည်နယ် အတွက် သိပ်ပြီး အကျိုးရှိနေတယ်၊ ပြည်နယ်အစိုးရကလည်း လိုလားတယ် ဆိုရင်၊ ပြည်သူလူထုကလည်း ဒီလ ုပ်ငန်းကို လိုလားတယ် ဆိုရင် ပြည်နယ်မှာလည်း ဒီလုပ်ငန်းရှိတဲ့အတွက်ကြောင့်မို့လို့ ဖွံ့ဖြိုးတိုးတက်မှုတွေ ရတယ် ဆိုရင် ကျနော်တို့က နှစ် ၇၀ ထက် ပိုပြီးတော့ ပေးခွင့်ရှိတယ်။

ဒါပေမယ့် ပေးတာတော့ MIC က ကိုယ့်သဘောနဲ့ ကိုယ်မပေးဘူး၊ လွှတ်တော်ကို တင်ပြမယ် လွှတ်တော်ရဲ့ သဘော တူညီချက်နဲ့ နှစ် ၇၀ ထက်ကျော်ပြီး ကျနော်တို့က ပေးလို့ရတယ် ပေါ့၊ နောက် MIC ကလည်း ဘာလုပ်လဲ ဆိုတော့ ကျနော်တို့ Investment Promotion အရ တိုင်းဒေသကြီး၊ ပြည်နယ် တခုချင်းကို လိုက်ပြီးတော့မှ ကျနော်တို့က လုပ်ပေးနေတာ ရှိတယ်။

မနှစ်က ကျနော် ရှမ်းပြည်နယ်ကို သွားပြီးတော့ ရှမ်းပြည်နယ် Investment Fair ဆိုပြီးတော့မှ ပြပွဲကို သွားလုပ်ပေးတယ်၊ ဒီနှစ်ဆိုရင် ကရင်ပြည်နယ်မှာ နိုဝင်ဘာလမှာ လုပ်ဖို့ ရှိတယ်၊ ကရင်ပြည်နယ်ကို အထူးပြုပြီး တော့မှ ကရင်ပြည်နယ်ကို စိတ်ဝင်စားတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ခေါ်သွားမယ်၊ ကရင်ပြည်နယ်ကို ကျနော် မြင့်တင်ပေးမယ်၊ အဲလိုမျိုးပေါ့ တိုင်းဒေသကြီး တခုချင်းစီ တခုချင်းစီကို လုပ်သွားမယ့် အစီအစဉ်တွေ ကျနော်တို့မှာ ရှိပါတယ်။

ချင်းပြည်နယ် ဆိုရင် မကြာခင် ကျနော်တို့ အင်္ဂလိပ် အစိုးရ အကူအညီပေးတဲ့ ကျနော်တို့ ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့အစည်းနဲ့ ပေါင်းပြီးတော့မှ ချင်းပြည်နယ်ကို သွားပြီးတော့ လုပ်ပေးဖို့ရှိတယ်၊ ရခိုင်ပြည်နယ်မှာ စက်တင်ဘာ ၃၀ ရက်နေ့မှာ ရုံးဖွင့် ပေးမယ်၊ ကျနော်တို့ရုံးက ရခိုင်အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှု ကော်မတီကို အကူအညီပေးမယ်၊ ချင်းပြည်နယ်ကို အောက်တို ဘာလထဲမှာ ရုံးဖွင့်ပေးမယ်၊ အဲဒီရုံးက ချင်းပြည်နယ်အစိုးရကို အနီးကပ် အကူအညီပေးမယ် ပေါ့၊ ဒါက ကျနော်တို့ လုပ်နေတဲ့ အစီအစဉ်ပေါ့။ အဲဒီတော့ ကျနော်တို့မျှော်မှန်းချက်ကတော့ ရင်းနှီးမြှုပ်နှံမှုသဘော သဘာဝအရ ၁ နှစ်၊ ၂ နှစ် အတွင်းမှာ ဝုန်းခနဲ့ ပြောင်းလဲ သွားတာမျိုး မဖြစ်နိုင်သော်ငြားလည်း ဒါ long terms ပေါ့၊ ရေရှည်မှာ တဖြည်းဖြည်းနဲ့ သိသာ ထင်ရှားတဲ့ တိုးတက်မှုတွေ၊ မဖွံ့ဖြိုးသေးတဲ့ ဒေသတွေမှာ ရလာမယ်လို့ ယုံကြည်ထားပါတယ်။

မေး။ ။ အခုလက်ရှိ ရခိုင်မှာလည်း ပဋိပက္ခတွေ ဖြစ်သွားနေတော့ ဒါ ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာရော အဟန့်အတားဖြစ်စေ နိုင်သလား။

ဖြေ။ ။ ကျနော့် အမြင်ကတော့ မဖြစ်ဘူးလို့ပဲ မြင်တယ်၊ ဘာကြောင့်လဲ ဆိုတော့ ရခိုင်မှာ နံပတ် ၁ က ရှိနေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေသည် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကမ်းလွန်ရေနံသဘာဝဓာတ်ငွေ့ လုပ်ငန်းတွေ ဖြစ်တယ်၊ ကုန်းပေါ်မှာ လုပ်တဲ့ လုပ်ငန်းတွေ မဟုတ်ဘူး၊ အဲဒီ ဒေသတွေမှာလည်း ဘေးမှာ ဘာ Community မှ မရှိဘူး၊ မရှိတဲ့ အတွက်ကြောင့် မို့လို့ ခုနပြောတဲ့ မငြိမ်သက်မှုတွေက ရင်းနှီးမြှုပ်နံှမှု အပေါ်မှာ သက်ရောက်မှု မရှိဘူးပေါ့။ ဒုတိယအချက်က အခုဖြစ်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုရော၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုရော ဘာမှ ကျနော်တို့ ခွင့်ပြု ထားတာ မရှိဘူး။

အဲဒီတော့ ဖြစ်တဲ့ ပဋိပက္ခတွေသည် ကျနော်တို့ ရင်းနှီးမြှုပ်နှံမှုတွေ အပေါ်မှာ ဘာမှ သက်ရောက်မှု မရှိဘူး၊ ဒါကြောင့် ကျနော်တို့ အနေနဲ့ စိတ်ပူစရာ မရှိဘူးပေါ့။ နံပတ် ၃ အချက်အနေနဲ့ ပြောချင်တာက ရခိုင်ပြဿနာသည် အခုဖြစ်တာ မဟုတ်ဘူး၊ ယခင်အစိုးရ လက်ထက်တွေ ကတည်းက တစ တစ၊ ၂၀၁၂ ခုနှစ် ကတည်းက ဖြစ်လာခဲ့တာ၊ ဖြစ်လာခဲ့တော့ ယခင် အစိုးရ လက်ထက်မှာရော၊ ယခုအစိုးရလက်ထက်မှာရော၊ ဒီပြဿနာတွေဖြစ်ခဲ့တဲ့အတွက်ကြောင့်မို့လို့ Investment တွေ ကျသွားသလား ဆိုတော့ ကျမသွားဘူး၊ တက်တောင် တက်နေသေးတယ်၊ တက်နေသေးတဲ့ အတွက်ကြောင့်မို့လို့ ရခိုင်မှာ ဖြစ်တဲ့ Image တွေက ကျနော်တို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လာရင် သိပ်ပြီးတော့ ကြီးကြီးမားမား သက်ရောက်မှု မရှိဘူး။

နောက်တချက်ကလည်း လူ့သဘာဝပေါ့၊ အဓိက စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ သဘောဝပေါ့၊ စီးပွားရေးကို နိုင်ငံရေးထက် ပိုပြီး စိတ်ဝင်စားပါတယ်၊ စိတ်ဝင်စားတဲ့ အတွက်ကြောင့်မို့လို့ သူတို့အတွက်သည် နိုင်ငံရေးက သူတို့အတွက် စဉ်စားတဲ့ အချက်က တိုင်းပြည်တည်ငြိမ်မှုတော့ ကြည့်တာပေါ့၊ သို့ပေမယ့် သူတို့ စီးပွားရေးကို ပိုပြီးတော့ စဉ်းစားတဲ့ထဲမှာ နိုင်ငံရေးထက် ပိုပြီးတော့ ဦးစားပေးလေ့ ရှိပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ ရခိုင်မှာ ဖြစ်တဲ့ပြဿနာသည် ရင်းနှီးမြှုပ်နှံမှုကို ဘာမှ ကြီးမားတဲ့ သက်ရောက်မှုတွေ မရှိနိုင်ဘူးလို့ ကျနော့် အနေနဲ့ မြင်ပါတယ်။

မေး။ ။ ဆရာတို့ ရခိုင်နဲ့ ချင်းမှာလည်း ရုံးခွဲတွေ ဖွင့်တော့မယ် ဆိုတော့ စိန်ခေါ်မှုပိုင်း အနေနဲ့ ဘယ်လိုမျိုးတွေ ရှိနိုင်မလဲ။

ဖြေ။ ။ စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်၊နံပတ် ၁ က နယ်မြေရဲ့ စိန်ခေါ်မှုပေါ့၊ ချင်းပြည်နယ် ဆိုရင် ကျနော်တို့က လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ပြည်နယ်ဖြစ်တယ်၊ နောက်တခု ချင်းပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား မရှိသေးဘူး၊ ရခိုင်ပြည်နယ် ဆိုရင်လဲ ခုနပြောတဲ့ ပြည်နယ်ထဲမှာ မတည်ငြိမ်မှုတွေက စိန်ခေါ်မှုတွေ ဖြစ်နေတယ်၊ စိန်ခေါ်မှုတွေက ကျနော်တို့ဆီမှာ ရှိနေပါတယ်၊ ပြည်နယ်ရဲ့ ပကတိ အခြေအနေအရ ဖြစ်နေတဲ့ စိန်ခေါ်မှု ပေါ့။

ဒုတိယ စိန်ခေါ်မှုကတော့ ရင်းနှီးမြှုပ်နှံမှု ကော်မတီတွေ အဆုံးအဖြတ် ပေးရမယ့် ကော်မတီတွေက အခုမှ မြန်မာနိုင်ငံမှာ စပြီးတော့ ကျင့်သုံးလာတဲ့ စနစ်သစ် ဖြစ်တယ်၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ အဆုံးအဖြတ် ပေးမယ့် ကော်မတီတွေမှာ လုံလောက်တဲ့ အတွေ့အကြုံ မရှိသေးတဲ့ အတွက်ကြောင့်မို့လို့ ဒါသည် သူတို့ ဆုံးဖြတ်ပေးလိုက်တဲ့ အခါမှာ အချိန်အဆ မှားသွားမလား ဆိုတဲ့ စိုးရိမ်ပူပန်မှု မျိုးနဲ့ ချိန်ဆ လုပ်နေရတာမျိုးတွေ ရှိကောင်းရှိနိုင်တယ် ပေါ့။ ဒါရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ အာဏာပိုင်အဖွဲ့အစည်းမှာ ဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုပေါ့၊ နံပတ် ၃ အချက်ကတော့ ခုန ပြောသလို ပြည်နယ်တွေမှာ စီးပွားရေး အရ အားကောင်းကောင်းနဲ့ မရှိသေးတဲ့ အတွက်ကြောင့်မို့လို့ ပြည်နယ်တွေမှာ လာပြီးတော့ ရင်းနှီးမြှုပ်နှံတဲ့ သူတွေမှာ ဒေသတွင်းမှာ ရှိတဲ့ မိတ်ဖက်တွေကို ရှာရ၊ ပြုရတာ နည်းနည်း ခက်ကောင်း ခက်ပါလိမ့်မယ်။

ဒါကတော့ တွေ့ကြုံဖြစ်ပျက်နေတဲ့စိန်ခေါ်မှုတွေပေါ့၊ စိန်ခေါ်မှုနဲ့ အတူ တဖက်ကလည်း အခွင့်အလမ်းတွေ ရှိပါတယ်၊ ကျနော် ခုနပြောတဲ့ စိန်ခေါ်မှု Infrastructure အားမကောင်းဘူး ဆိုတာသည် ကျနော်တို့ အတွက် စိန်ခေါ်မှုဖြစ်ပေမယ့် ရင်းနှီးမြှုပ်နှံသူ အတွက် အခွင့်အလမ်း ဖြစ်ပါတယ်။ ကျနော်တို့ လျှပ်စစ်ဓာတ်အား မရှိဘူး ဆိုရင် လျှပ်စစ်ဓာတ်အတွက် လုပ်ချင်တဲ့ သူက သူ့အတွက် အခွင့်အလမ်းပဲ ပေါ့။

မေး။ ။ ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့ အခါမှာ အများစု တောင်းဆိုကြတာက အခြေခံအဆောက်အအုံ အပိုင်းပေါ့၊ လက်ရှိ မြန်မာနိုင်ငံမှာ လည်း အခြေခံအဆောက်အအုံနဲ့ ပတ်သက်ရင် အားနည်းချက်တွေက ရှိနေတုံးပဲ ဆိုတော့ ယခု လက်ရှိ အခြေအနေ အရ အခြေခံ အဆောက်အအုံနဲ့ ပတ်သက်ပြီးတော့ လုပ်သာကိုင်သာ ရအောင် ဘာတွေ လိုအပ်မယ် လို့ ထင်ပါသလဲ။

ဖြေ။ ။ ပထမဆုံး တချက်ကတော့ အခြေခံအဆောက်အအုံ ကောင်းလာဖို့ အတွက်ကတော့ ငွေလိုတာ ပေါ့၊ ငွေရှိမှ အခြေခံအဆောက်အအုံ ကောင်းအောင်လုပ်လို့ ရမှာပေါ့၊ ကျနော်တို့ အစိုးရရဲ့အနေအထားကို အခြေခံအဆောက် အအုံ ကောင်းအောင် နိုင်နိုင်နင်းနင်း လုပ်နိုင်မလား ဆိုတာကို ပြန်ကြည့်လိုက်ရင် အစိုးရမှာ နှစ်တိုင်း လိုငွေပြနေတယ် ပေါ့၊ အစိုးရ တခုတည်းနဲ့ အချိန်ကာလတို အတွင်းမှာ အခြေခံအဆောက်အအုံ ကောင်းလာအောင် ဘယ်လိုမှ မလုပ်နိုင်ဘူး၊ ဒါ သေချာတယ်၊ ကျနော်တို့က ဘာစဉ်းစားသလဲ ဆိုတော့ အစိုးရ မလုပ်နိုင်ဘူး ဆိုရင် အခြေခံအဆောက်အအုံ ကဏ္ဍမှာ ပုဂ္ဂလိကရဲ့ ရင်းနှီးမြှုပ်နှံ မှုတွေ ထည့်မယ်၊ ထည့်ခြင်းအားဖြင့် ကျနော်တို့က အခြေခံအဆောက်အအုံတွေသည် အစိုးရ တယောက်တည်း လုပ်တာထက် စာရင် ပိုပြီးတော့ မြန်မြန်လုပ်နိုင်မယ်၊ ပိုပြီးတော့ များများလုပ်နိုင်မယ်၊ Private Investment ပေ့ါ၊ အဓိက ရင်းနှီးမြှုပ်နှံမှု ကျနော်တို့က ထည့်ရမယ်၊ ထည့်ရမယ် ဆိုရင် ဘယ်လိုထည့်ရမလဲ ဆိုတဲ့ မေးခွန်းတခု ရှိလာတယ်၊ အဲဒီတော့ ကျနော်တို့က နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ အားလုံး နားလည်ထားတဲ့ PPP ဆိုတာ ရှိပါတယ်။

PPP ဆိုတာ Private Public Partnership ပေါ့ အစိုးရနဲ့ ပုဂ္ဂလိက ကျနော်တို့က မိတ်ဖက်အသွင် ဆောင်ရွက်တာပေါ့၊ ကျနော်တို့ ပတ်ဝန်းကျင် အာဆီယံနိုင်ငံတွေကြည့်လိုက်ရင် နိုင်ငံတိုင်း နိုင်ငံတိုင်း တော်တော်များများ ပေါ့၊ ဥပမာ- အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်း စသည်ဖြင့်ပေါ့၊ နာမည်ကြည့်လိုက်ရင် Infrastructure ကောင်းတဲ့ နိုင်ငံကြီးတွေပဲ။ ပြန်ကြည့်လိုက်မယ် ဆိုရင် အဲနိုင်ငံတိုင်းမှာ Private Investment တွေကို Infrastructure တွေထဲမှာ ထည့်ထားတာ ရှိတယ်။

ကျနော်တို့ နိုင်ငံမှာကျတော့ ယခင်အစိုးရခေတ်တည်းက BOT ဆိုပြီးတော့ လမ်းတွေ လုပ်ခဲ့တာရှိတယ်။ BOT ဆိုပြီးမှ ဆိပ်ကမ်းတွေ ဖောက်ခဲ့တာ ရှိတယ်။ BOT ဆိုပြီးတော့မှ လေယာဉ်ပျံကွင်းတွေ လုပ်ခဲ့တာ ရှိတယ်။ BOT ဆိုပြီး လျှပ်စစ် ဓာတ်အားပေး လုပ်ငန်းတွေ လုပ်ခဲ့တာရှိတယ်၊ ဒါပေမယ့် ဘာအားနည်းချက် သွားတွေ့ရလဲ ဆိုတော့ ပေးခဲ့သမျှ အရာအားလုံးသည် မိမိဝန်ကြီးဌာန အစီအစဉ်နဲ့ မိမိ သင့်သလို ကောင်းသလို စဉ်းစားပြီးတော့ ပေးခဲ့ကြတာပါ။ သူ့မှာ တိကျတဲ့ မူဘောင် ကျနော်တို့ တိုင်းပြည်မှာ မရှိသေးဘူး၊ တချို့နိုင်ငံတွေမှာ PPP နဲ့ ပတ်သက်လာရင် framework တိကျတဲ့ မူဘောင် ရှိတယ်၊ တချို့ပိုပြီးတော့ ရှေ့ရောက်တဲ့ နိုင်ငံတွေမှာ PPP နဲ့ပတ်သက်ပြီးတော့ ဥပဒေတွေတောင် ပြဋ္ဌာန်းထားတာ ရှိတယ်။

ကျနော်တို့ဆီမှာ မူဘောင်လည်း မရှိသေးဘူး၊ ဥပဒေလည်း မရှိသေးဘူး၊ ဒါကြောင့်မို့လို့ ကျနော်တို့က မူဘောင်တွေနဲ့ ဥပဒေတွေကို တိုင်းပြည်မှာ ပေါ်ထွန်းလာအောင် ပထမအဆင့်တော့ မူဘောင် ပေါ့၊ ဒါနဲ့ပတ်သက်ပြီးကျနော်တို့က လုပ်နေတာရှိပါတယ်၊ ကျနော်တို့ဌာနကပဲ ဦးဆောင်ပြီးတော့မှ PPP နဲ့ ပတ်သက်တဲ့ framework တခုကို ရေးနိုင်ဖို့၊ မူဘောင်တခုကို ရေးနိုင်ဖို့ အတွက်ကို ကျနော်တို့က JICA ရဲ့ အထောက်အပံ့ အကူအညီနဲ့ ကျနော်တို့ ယူပါတယ်၊ JICA အကူအညီနဲ့ ဒေသတွင်းမှာ ရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့အစည်းတွေကို အာရှဖွံ့ဖြိုးရေးဘဏ်တို့နဲ့ ကျနော်တို့ ပေါင်းစပ်ပြီးတော့ ဆောင်ရွက်နေတယ်၊ နောက် နိုင်ငံတွင်းမှာ ရှိတဲ့ ကျွမ်းကျင်တဲ့ ပညာပိုင်းဆိုင်ရာ အဖွဲ့အစည်းတွေ ပေါင်းပြီးတော့လုပ်နေတယ်၊ ကျနော်တို့ ဘာလုပ်နေသလဲ ဆိုတော့ လုပ်ငန်းအဖွဲ့တခု ဖွဲ့ထားတာ ရှိတယ်။

ကျနော်က Task Force မှာ ခေါင်းဆောင်အနေနဲ့ တာဝန်ယူတယ်။ ကျနော်တို့ဌာနက အရာရှိကြီးတဦး ပါတယ်။ နောက် PPP နဲ့ပတ်သက်တဲ့ ဆက်စပ်တဲ့ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးပေါ့၊ နောက်တခုက စွမ်းရည်၊ စီမံဘဏ္ဍာရေးဌာနပေါ့၊ အဲဒီလို ဝန်ကြီးဌာနပေါင်းစုံက သက်ဆိုင်ရာ အရာရှိကြီးတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ငန်းတခု ဖွဲ့တယ်၊ အဲဒီ အဖွဲ့ကြီးက ဘာလုပ်နေလဲ ဆိုတော့ PPP နဲ့ ပတ်သက်တဲ့ Framework တခု ဆွဲနိုင်အောင် ကျနော်တို့ ပြင်နေတယ်၊ မူကြမ်းတခု ကျနော်တို့ ပြီးသွားပြီ၊ ဒီမူကြမ်းအပေါ်မှာ အခြေခံပြီးတော့မှ လိုအပ်တဲ့ ညှိနှိုင်းမှုလေးတွေဆက်ပြီးတော့ ဆောင်ရွက်နေတယ် ပေါ့၊ အဲတော့ Infrastructure ပိုင်းမှာ အစိုးရ အပြင်ကို ပုဂ္ဂလိကပါ ပါနိုင်တဲ့ မူဘောင်တခု ဒါမကြာခင် ထွက်နိုင်တယ် လို့ ယုံကြည်ပါတယ်။

တဖက်ကလည်း ဒုသမ္မတကြီး ဦးမြင့်ဆွေ ဦးဆောင်တဲ့ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီရဲ့ လုပ်ငန်းစဉ်ထဲမှာ လည်း PPP နဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေ ပါတယ်၊ အဲဒီအဖွဲ့နဲ့ ကျနော်တို့ ပူးပေါင်းပြီးတော့ လုပ်ရမယ်၊ ရည်ရွယ်ချက်က တော့ မြန်မာနိုင်ငံမှာ အစိုးရ ရနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အခွင့်အလမ်း ရစေမယ့် ဒီမူဘောင်တခုပေါ့၊ အခြေခံအဆောက်အအုံ နဲ့ ပတ်သက်တာပေါ်အောင် ကျနော်တို့ လုပ်နေတယ်၊ နောက်တဆင့် ရည်မှန်းချက်ကတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု PPP ဥပဒေတခုပေါ် လာအောင် ဆက်လုပ်မယ်၊ ကျနော်တို့ ဝန်ကြီးဌာနမှာ အခု စီမံကိန်း၊ စိစစ်ရေး ဦးစီးဌာန ဆိုတဲ့ ဝန်ကြီးဌာန တခုရှိတယ်၊ အဲဦးစီးဌာန အောက်မှာ PPP ယူနစ်ဆိုတာ ကျနော်တို့က ဖွဲ့နေတယ်၊ အနာဂတ်မှာ အဲဒီဌာနကနေ ပြီးတော့ PPP ပေါ့ အခြေခံအဆောက်အအုံမှာ အစိုးရ၊ ပုဂ္ဂလိက အကျိုးတူပူးပေါင်း ဆောင်ရွက်တဲ့ မိတ်ဖက်အသွင် ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တွေ အားလုံး အဲဒီဌာနက ကြီးကြပ်ပြီးတော့မှ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading