တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS/SSA)မှ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ဒုတိယ ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတကာ သံတမန်များနှင့် တွေ့ဆုံမှုများ ယခုရက်ပိုင်းအတွင်း ပြုလုပ်ခဲ့သည်။ အဆိုပါ ဆွေးနွေးမှု အခြေအနေများ၊ ငြိမ်းချမ်းရေး၊ ရခိုင်ဒေသဘက်မှ ပဋိပက္ခများနှင့်ပတ်သက်၍ သုံးသပ်ချက်များကို RCSS/ SSA ဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီး ယွက်စစ်ကို ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းမှ တွေ့ဆုံ မေးမြန်းထားပါသည်။
မေး ။ ။ တရုတ် သံတမန်တွေနဲ့ တွေ့ဆုံမှုက ဘာတွေ ဆွေးနွေးခဲ့လဲ။ သူတို့ဘက်က မြန်မာ့ငြိမ်းချမ်း ရေး အပေါ် ဘယ်လို သဘောထား ရှိပါသလဲ။
ဖြေ ။ ။ တရုတ် သံတမန်နဲ့ ကျနော်တို့ တွေ့ဆုံတဲ့ နေရာမှာ ခြုံပြီး ပြောရမယ်ဆိုရင်တော့ အချက် ၂ ချက်ပဲ ရှိပါတယ်။ ကျနော်တို့ ဆွေးနွေးတာကတော့ တရုတ်ပြည်အနေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ် ငြိမ်းချမ်းရေး ဖော်ဆောင်မှုအပေါ် အားပေးဖို့ လိုပါတယ်။ ပြီးတော့ တဖက်မှာလည်း တရုတ် နယ်စပ် တလျှောက်မှာ ရှိနေတဲ့ အဖွဲ့အစည်းတွေကို NCA လက်မှတ် ရေးထိုးလာနိုင်အောင် ဆောင်ရွက်ပေး နိုင်ဖို့ ကျနော်တို့ ဆွေးနွေးတာ ရှိပါတယ်။
မြန်မာနိုင်ငံထဲမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေအပေါ်မှာ ကျနော်တို့ အပြန်အလှန် ဆွေးနွေးကြခြင်း ဖြစ်ပါ တယ်။သူတို့ ဘက်က အမြင်သဘောထားရယ်၊ ကျနော်တို့ဘက်က အမြင် သဘောထားရယ် အပြန်အလှန် ဆွေးနွေးကြခြင်း၊ ဖလှယ်ကြခြင်း ဖြစ်ပါတယ်။
မေး ။ ။ မကြာခင် တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပတော့မယ်ပေါ့နော်။ အဲဒီမှာ NCA မထိုးရတဲ့ အဖွဲ့တွေက တက်လာမယ်ဆိုရင်လည်း ဆုံးဖြတ်ချက် ချပိုင်ခွင့်မရှိဘူးဆိုတော့ အဲဒါက ဘာကြောင့်လဲ၊ ဒီအပေါ်မှာ လက်မှတ်ထိုး (NCA ထိုးထားတဲ့အဖွဲ့တွေ) ထားတဲ့ အဖွဲ့တွေက ဘယ်လို ရပ်တည်ထားကြပါလဲ။
ဖြေ ။ ။ သူတို့ လာတက်ရောက်ခြင်း အားဖြင့်တော့ ကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့ ဒီနိုင်ငံ ရေး ဆွေးနွေးတဲ့ အပေါ်မှာ သူတို့ လာရောက် လေ့လာနိုင်ခြင်းလည်း ဖြစ်ပါတယ်။
မေး ။ ။ လက်မှတ် မထိုးရသေးတဲ့အတွက် သူတို့က ဆုံးဖြတ်ချက် ချပိုင်ခွင့်မရှိဘူး။ အဲဒီအပေါ်မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့ကရော အစိုးရ သဘောထားအတိုင်း ရပ်တည်တာလား ဘယ်လိုမျိုး ရပ်တည် ချက် ရှိတာလဲ။
ဖြေ ။ ။ ကျနော်တို့ အနေနဲ့ကတော့ ကျနော်တို့ ဘက်လိုက်ပြီးတော့ ရပ်တည်တယ်ဆိုတာ မရှိပါဘူး။ ကျနော်တို့ အဖွဲ့တွေ ရပ်တည်ချက် အတိုင်းပါပဲ။ သူတို့ အနေနဲ့လည်း ညီလာခံကို တက်ရောက်မယ် မတက် ရောက်ဘူးဆိုတာလည်း ဒါလည်း အစိုးရအပေါ်မှာပဲ မူတည်တာပါ။
မေး ။ ။ ဟိုမိန်းနဲ့ မုံးထကို RCSS ဘက်က ဗဟိုဌာနချုပ်အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုထား တယ်။ ပြည်ထောင်စုအဆင့် (ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှု သဘောတူညီချက်)မှာလည်း ဒါကို သဘောတူထားတယ်။တပ်မတော်ဘက်က သဘောတူညီမှု မရှိသေးဘူး။ ဒုတိယတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံတဲ့အခါမှာ ဘယ်လို သဘောထားမျိုး ရရှိခဲ့ပါသလဲ။
ဖြေ ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ အကျယ်တဝင့် ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ကျနော်တို့ သဘော တူချက်(ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတုန်းက)ရယူတုန်းက ဒါကတော့ ဗဟိုဌာနချုပ် နယ်မြေပဲ ဖြစ်ပါ တယ်။ ဒါပေမဲ့အခုက သူတို့က ကျနော်တို့ RCSS တပ်ဖွဲ့ဝင်တွေ အားလုံး လာနေဖို့ နေရာလို့ အဲဒီလို ဆိုပါတယ်။
အမှန်ဆို ကျနော်တို့ သဘောတူညီချက် ရကတည်းက တပ်အင်အား ၆၀ နဲ့ အကန့်အသတ်ထားပြီး နေဖို့ ဖြစ်ပါတယ်။ နယ်မြေ သတ်မှတ်ဖို့ဆိုတာ သတ်မှတ် ပိုင်းခြားဖို့ဆိုတာ ကျနော်တို့ ပြည်ထောင်စု အဆင့်တို့၊ ပြည်နယ်အဆင့်တို့၊ ဒီ NCA ထဲမှာတောင်မှ ကျနော်တို့ ဘာမှ သဘောတူညီထားတာ မရှိပါဘူး။
ကျနော်တို့ အနေနဲ့ နားလည်တာကတော့ အပစ်ရပ်ဆိုတာကတော့ တိုက်ခိုက်မှုတွေကို ရပ်စဲကြရမှာ ဖြစ်ပါ တယ်။ ကျနော်တို့ ရောက်ရှိတဲ့ နေရာမှာ အဲဒီ နေရာမှာပဲ ရပ်ထားပြီးတော့ ကျနော်တို့ တိုက်ခိုက်မှုတွေ အပေါ် အပြန်အလှန် တိုက်ခိုက်မှုတွေကို ရပ်စဲကြရမှာ ဖြစ်ပါတယ်။ ကျနော်တို့ ဒီကြားထဲမှာ အမြင်မှားမှုတွေ မရှိအောင် ဆက်ဆံရေးရုံးတွေ ထားရှိပါတယ်။
တောင်ကြီး၊ ခိုလမ်၊ ကျိုင်းတုံ၊ တာချီလိတ်၊ မူဆယ်၊ မိုင်းပန် အဲဒီစစ်တိုင်း နယ်မြေမှာရှိတဲ့ ကျနော်တို့ တပ်ဖွဲ့ ဝင်တွေဟာ အဲဒီစစ်တိုင်း နယ်မြေတွေမှာ ဆက်ဆံရေးရုံးတွေ ဖွင့်ခဲ့ရခြင်းပဲ ဖြစ်ပါတယ်။ဒါပေမဲ့ အပြန် အလှန် ကျနော်တို့ ဒီဆက်ဆံရေးရုံးတွေကို ဆက်သွယ်တာဆိုတာ နည်းပါးလှပါတယ်။ ကျနော်တို့ အနေနဲ့ ကတော့ ကျိုင်းတုံ စစ်တိုင်းထဲမှာရှိတဲ့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်ပြီးတော့ ဆက်သွယ်နိုင်အောင် ဆိုပြီးတော့ ကျိုင်းတုံမှာ ဆက်ဆံရေးရုံး ဖွင့်ထားခြင်းပဲ ဖြစ်ပါတယ်။ဒီလိုပဲ ကျနော်တို့ နားလည်တာပါ။
မေး ။ ။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ငြိမ်းချမ်းရေး အဟန့်အတား ဖြစ်မှာကို စိုးရိမ်မှုတွေ ရှိနေကြတယ်။ အဲဒီအပေါ်မှာ RCSS ဘက်က ဘယ်လို သဘောထားရှိပါသလဲ။
ဖြေ ။ ။ ရခိုင်မှာ ဖြစ်တဲ့ ပြဿနာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကလည်း သတင်းတွေထဲမှာပဲ တွေ့ ရတယ်။ ကျနော်တို့ တိတိကျကျလည်း မသိရသေးဘူး။ အမှန်တော့ ကျနော်တို့ သတင်းတွေ ကြည့်မယ်ဆိုရင်လည်းပဲ သတင်းကတော့ တော်တော်ကို ကြီးမားပါတယ်။ ကျယ်ပြန့်ပါတယ်။ တကယ် ပြန်ကြည့်မယ်ဆို ရင်တော့ ဒီဟာတွေက ကြီးကြီးမားမားလည်း မဟုတ်ပြန်ပါဘူး။
လက်နက်ကိုင် ဆိုတာကလည်း ကြီးကြီးမားမား တိုက်ပွဲတွေ ဖြစ်ကြတယ်ဆိုတာလည်း အဲဒီဘက် ဒေသမှာ ကျနော်တို့လည်း မတွေ့ရသေးပါဘူး။ ကျနော်တို့ သတင်းမီဒီယာ တွေထဲမှာ တွေ့ရတာကတော့ တုတ်တွေ၊ ဓါးတွေနဲ့ပဲ တိုက်ခိုက်နေကြတာ အဲဒီလောက်ပဲ တွေ့ရပါတယ်။ကျနော်တို့ အနေနဲ့ကတော့ ဒါကတော့ ဒေသ က ပြည်သူအချင်းချင်း ဖြစ်နေတဲ့ ပြဿနာတွေလို့ အဲဒီလိုပဲ မြင်ပါတယ်။
ဒါကြောင့်မလို့ ဒီအချက်အလက်တွေက ငြိမ်းချမ်းရေးကို လာရောက် ထိခိုက်လာနိုင်မယ်ဆိုတာကတော့ မထိခိုက်လာနိုင်ဘူးလို့ ထင်ပါတယ်။ အကယ်၍ ဒီငြိမ်းချမ်းရေးတွေသာ ရပ်တန့်သွားမယ်ဆိုရင် တိုင်းပြည်က ပိုပြီးတော့ ဆိုးရွားသွားမှာ ဖြစ်ပါတယ်။ ရခိုင်ပြည် အရေးဆိုတာကလည်း ဆွေးနွေးပြီးတော့ ဖြေရှင်းကြရာမှာ ဖြစ်ပါတယ်။ မဆွေးနွေးလို့ ရှိရင်တော့ ပြဿနာ ဖြေရှင်းရေးက မပြီးဆုံး နိုင်ပါဘူး။
အဓိကကတော့ ပြဿနာရဲ့ ရင်းမြစ်ကို ဇစ်မြစ်ကို သိဖို့ လိုပါတယ်။ ပြီးတော့ အဲဒီဖြစ်ပေါ်နေတဲ့ ပြဿနာရဲ့ ဇစ်မြစ်မှာ သွားပြီးတော့ ဖြေရှင်းရမှာ ဖြစ်ပါတယ်။လက်နက်စွဲကိုင်ပြီးတော့ ဖြေရှင်းရမယ့် ပြဿနာ မဟုတ်ပါဘူး။
မေး ။ ။ ရခိုင်မှာ ဖြစ်နေတဲ့ ပြဿနာမှာ တဖက်က ဘင်္ဂါလီတွေက သူတို့က ရိုဟင်ဂျာဖြစ်တယ်လို့ ပြောတယ်။ မြန်မာနိုင်ငံသားတွေက ရိုဟင်ဂျာမရှိဘူးလို့ ပြောတယ်။ ကျနော်တို့ နိုင်ငံမှာ ရိုဟင်ဂျာ ရှိ/မရှိ RCSS ဘက်က ဘယ်လို သဘောထား မှတ်ချက် ပြုနိုင်မလဲ။
ဖြေ ။ ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ မသိပါဘူး။ ကျနော်တို့ ဘာမှ အမြင် သဘောထား မရှိပါ ဘူး။ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ ဒီကိစ္စမှာ သတင်းတွေနဲ့လည်း အလှမ်းဝေးတယ်။ သမိုင်းတွေနဲ့လည်း အလှမ်းဝေးတယ်။ တိတိကျကျ မသိသေးတော့ ဒါကို မသုံးသပ်သေးဘူးပေါ့နော်။ အမြင် သဘောထား မရှိဘူးဆိုတဲ့ သဘောပါ။
မေး ။ ။ ရှမ်းနီအမျိုးသားတပ်မတော်(SNA)ကို RCSS က ထောက်ပံ့ပေးနေတယ်၊ ငြိမ်းချမ်းရေးမှာ ကြားခံ အဖြစ် အသုံးပြုနေတယ်လို့ စွပ်စွဲပြောဆိုနေ ကြတယ်။ အဲဒီအပေါ် ဘယ်လို သဘောထားရှိပါသလဲ။
ဖြေ ။ ။ ဒါကတော့ ကျနော်တို့နဲ့ လုံးဝ မသက်ဆိုင်ပါဘူး။ ဘာကြောင့်လဲဆို ဧရာဝတီမြစ်ကြီး တခုလုံးတောင်မှ ကျနော်တို့ ခြားနား နေကြတာကိုး။