ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအပေါ် သူတို့အမြင်

ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန – ၂ တွင် စက်တင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းက အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံတော် အခြေပြမိန့်ခွန်း တရပ်ကို အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုခဲ့သည်။

၎င်း၏ မိန့်ခွန်းထဲတွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မြောက်ပိုင်း က အခြေအနေများကို အဓိကထား ပြောကြားခဲ့ပြီး ထိုသို့ပြောကြားချက်များနှင့် ပတ်သက်၍ ရုရှားသံအမတ်ကြီး၏ ပြောဆိုချက် အပါအဝင် နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်များ၏ သဘောထား အမြင်များကို ဧရာဝတီ သတင်းထောက်များက ဆက်သွယ်မေးမြန်းထားချက်များကို စုစည်းဖော်ပြလိုက်သည်။

ဒေါက်တာ နီကိုလိုင်း လစ်တိုပါဒေါ့ဗ်
မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး

ရခိုင်ပြဿနာတွေ ဖြေရှင်းရန်အတွက် ကူညီဖို့ လက်တွဲဖို့ အတူရှိပါတယ်။ ဒါပေမယ့် အပြင်ကစွက်ဖက်မှုကို လက်မခံဘူး ထင်တယ်။ အဲဒါလည်း သဘာဝကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံက ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုပြဿနာတွေကို မြန်မာပြည်သူ ပြည်သား မြန်မာအစိုးရတွေပေါ်မှာ တာဝန်ရှိပါတယ်။ အပြင်က အဲပြဿနာတွေကို ဖြေရှင်းလို့ မရဘူး။ ဒါကြောင့်မို့ ရုရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ထောက်ခံပါတယ်။ အကြမ်းဖက်မှုကို ပြင်းပြင်းထန်ထန်ကို ရှုတ်ချပါတယ်။

နောက် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေကြတဲ့ ပြဿနာတွေကို ငြိမ်းချမ်းရေး နည်းလမ်းအရပဲ ဖြေရှင်းလို့ရပါတယ်။ နိုင်ငံရေးနည်းလမ်းအရပဲ ဖြေရှင်းလို့ရပါတယ်။ အကြမ်းဖက်မှုနည်းလမ်းအရ လုံးဝဖြေရှင်းလို့ မရဘူး။ ဒါကြောင့်မို့ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်က ပြောတဲ့မိန့်ခွန်းဆိုရင် အင်မတန်ကောင်းပါတယ်။ အပြုသဘောဆောင်တယ်မြင်ပါတယ်။

နောက် သံတမန်တွေက ရခိုင်ပြည်နယ်ကို သွားပြီး ကိုယ့်ဘာသာကိုယ် ဟိုမှာလေ့လာဖို့ ဖိတ်ခေါ်ပါတယ်။ အဲဒါကို ကျနော်တို့အများစုက တန်ဖိုးထားပါတယ်။ ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့ဆို ကျနော်ပြောတဲ့အတိုင်း ဒီရခိုင်ပြဿနာဟာဆို အလွန်သိမ်မွေ့တယ်။ ရှုပ်ထွေးတဲ့ ပြဿနာဖြစ်ပါတယ်။ ရှလွယ်ထိလွယ် ပြဿနာဖြစ်ပါတယ်။ ဒါကြောင့်မို့ အဲဒီ အကျိုးဘာမှရှိမယ်မထင်ဘူး။

မြန်မာနိုင်ငံဆိုရင်ကို တခြားနိုင်ငံတွေက ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်။ ဒါကြောင့် ဖြစ်ပေါ်နေကြတဲ့ ပြဿနာတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့လည်း ရပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံကို ပြဿနာနဲ့ ပတ်သက်ပြီး အပြင်းအထန် ရှုတ်ချတာဆိုရင်တော့ အကျိုးသိပ်မရှိဘူး။ အပြစ်တင်တာ၊ ရှုတ်ချတာ၊ ဝေဖန်တာဆိုရင် အဲဒီ ပြဿနာကို မဖြေရှင်းနိုင်ဘူး။ ဒါကြောင့် ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့တဲ့မိန့်ခွန်း အရေးကြီးပါတယ်။ ကျနော်က အဲဒီမိန့်ခွန်းကို ကြိုဆိုပါတယ်။ တခြား သံအမတ်ကြီးတွေက ဒီမိန့်ခွန်းကို အပြုသဘောဆောင်တဲ့ မိန့်ခွန်းဖြစ်တယ်လို့ ယူဆ နေပါတယ်။


ဒေါက်တာ သောင်းထွန်း
အမှုဆောင် ဒါရိုက်တာ
ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့

ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပြုချက်တွေကို တဆင့်ပြီး တဆင့် အကောင်အထည်ဖော်သွားမယ်။ နောက်တခုက လူမှုရေး အကူအညီနဲ့ ပတ်သက်လို့ ရခိုင်ဒေသမှာ ရှိနေတဲ့ ကွန်မြူနတီအားလုံးကို ပေးသွားမယ်ဆိုတဲ့ အပိုင်းတွေ ပါတာပေါ့နော်။ တဘက်မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အကောင်အထည်ဖော်မှု၊ လုပ်ကိုင်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ပိုပြီးတော့ ပွင့်လင်း မြင်သာမှုရှိအောင်လုပ်ဖို့တော့ လိုမယ်လို့ ကျနော်ထင်ပါတယ်။

အထူးသဖြင့် သတင်းမီဒီယာတွေနဲ့ ပတ်သက်လို့ပေါ့။ သတင်းမီဒီယာတွေရဲ့ လွတ်လပ်ခွင့်နဲ့ လက်လှမ်းမီဖို့ပေါ့။ မိန့်ခွန်းမှာ ပြောတဲ့ အချက်အလက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ သတင်းတွေကို နိုင်ငံတော်ရဲ့မီဒီယာတွေနဲ့ မလုံလောက် ပါဘူး။ တကယ့်ကိုလွတ်လပ်တဲ့ ပြည်တွင်း သတင်း မီဒီယာတွေရော၊ နိုင်ငံခြား သတင်းမီဒီယာတွေရော လွတ်လပ်စွာ သတင်းယူခွင့်တွေ၊ ယူနိုင်တဲ့ အနေအထားတွေ ဖြစ်လာအောင် အစိုးရကနေ ဖန်တီးပေးဖို့ မြင်ပါတယ်။

ကျနော်တို့က ပြည်တွင်းသတင်းတွေရော၊ နိုင်ငံခြားသတင်းတွေရော သတင်းတွေကြည့်ပြီးတော့ သုံးသပ်ရတာကိုး အဲဒီနေရာမှာ သတင်းထောက်တွေ သတင်းရယူမှု အပြည့်အဝ မရှိတဲ့ အခါမှာ အပြင်ကနေ ရေးနေကြတာတွေ တွေ့နေတာပေါ့။ အကြမ်းဖက်မှု နှိမ်နှင်းတာကတော့ နိုင်ငံတကာကလည်း လက်မခံပါဘူး။ အကြမ်းဖက်မှုကို ကျနော်တို့လည်း လက်မခံဘူး။ ဘယ်သူမှလည်း လက်ခံမှာ မဟုတ်ဘူး။

သို့သော် အကြမ်းဖက်မှုမှာ မပါဝင်တဲ့သူတွေကို ကိုင်တွယ်တဲ့ နေရာမှာ ဘယ်လောက် အတိုင်းအတာအထိ ထိန်းသိမ်းမှု ရှိသလဲ။ နိုင်ငံတကာကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်လို့ စွပ်စွဲတာပေါ့။ ဒါတွေကို ဖြေရှင်းဖို့လိုတယ်လို့လည်း မြင်ပါတယ်။ ယေဘုယျ ဆန်ဆန်နဲ့ မရှိပါဘူးဆိုတာကတော့ အဲလိုဖြေရှင်းမှုမျိုးက ထိရောက်မယ်လို့ မထင်ပါဘူး။ ကိစ္စအားလုံးကို တရာ ရာခိုင်နှုန်း ဖော်ထုတ်နိုင်မယ် မဟုတ်ပေမယ့်လို့ ဖော်ထုတ်နိုင်တဲ့ ကိစ္စကို ဖော်ထုတ်ပြီးတော့ ထိထိရောက်ရောက် အရေးယူမှု အပိုင်းလိုလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

ဦးမောင်မောင်စိုး
နိုင်ငံရေး သုတေသီ

ဒီမိန့်ခွန်းမှာ ကျနော်တို့တွေ့ရတာကတော့ ဘယ်သူ့ကိုမှ အပြစ်ဖို့သွားတာမဟုတ်ဘဲ အလယ်က ရပ်ပြောသွားတယ်လို့ မြင်ပါတယ်။ အခြေအနေအမှန်ကို သေချာကြည့်ပြီးတော့ ပြဿနာ ဖြေရှင်းဖို့ လမ်းကြောင်းတွေကို ချပြ သွားတယ်လို့ ထင်ပါတယ်။ ဒီနေ့ ဒီအခြေအနေမှာနဲ့ ကိုက်ညီအောင် သူ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း ဒီလောက်ပဲ ပြောနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

နောက်တခုကတော့ သူ့ရဲ့ပြောကြားချက်က နိုင်ငံတကာကို ရည်စူးတဲ့ အတွက်ကြောင့်မလို့ နိုင်ငံတကာရဲ့ ထောက်ခံမှု ပိုရနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ကျနော်ထင်မြင်ချက် ပြောရရင်တော့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေရဲ့ ထောက်ခံမှု ပိုရလာနိုင်တယ်လို့ မြင်ပါတယ်။

ဒါကလည်း တဘက်ကပြောရင်တော့ ဘင်္ဂါလီတွေဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်က သူတို့ဘက်က မရပ်ပေးလို့ ဆိုပြီး ဝေဖန်မှုတွေ ရှိနိုင်သလို တဘက်ကလည်း ARSA အကြမ်းဖက်သမားတွေကို ပြတ်ပြတ်သားသား ချေမှုန်းဖို့ မပါဘူးလို့ ပြစ်တင် ရှုတ်ချမှုတွေတော့ ရှိနိုင်ပါတယ်။ ကျနော် အထင်တော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူမ ပြောနိုင်တဲ့ အတိုင်းအတာ အရ အလယ်က ရပ်ပြောသွားတယ်လို့ ထင်ပါတယ်။

ဒေါက်တာ သန့်မြင့်ဦး
သမိုင်းပညာရှင်

မိန့်ခွန်းက အရေးကြီးဆုံး အပိုင်းကတော့ ဒုက္ခသည်တွေကို ၁၉၉၃ ခုနှစ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ထားရှိခဲ့တဲ့ သဘောတူညီချက် မူဘောင်အတိုင်း လက်ခံသွားမယ်လို့ ပြောသွားတာပေါ့။ တကယ့်တကယ်မှာ အဲ့မူဘောင်ကို ဘယ်လို အဓိပ္ပါယ်ဖွင့်ပြီး ဘယ်လို အကောင် အထည် ဖော်သွားမလဲကတော့ ဆက်စောင့်ကြည့်ရပါမယ်။ ကျနော်ထင်တာတော့ နိုင်ငံတကာက အစိုးရကို အပြင်းအထန် ဝေဖန်သူတွေကတော့ ကျေနပ်ကြမှာမဟုတ်ပါဘူး။ မြန်မာနိုင်ငံသားအများစုနဲ့ အနည်းဆုံး နိုင်ငံတကာ အစိုးရအချို့ကတော့ သူမ အနေနဲ့ ဒီလိုရှုပ်ထွေးတဲ့ အခြေအနေအောက်မှာ အတတ်နိုင်ဆုံး လက်တွေ့ကျကျပြောသွားတယ်လို့ တွေးမယ်ထင်ပါတယ်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ
ဦးဆောင် နာယက
ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)

ပထမဆုံးစရရင်တော့ မိန့်ခွန်းက ကုလသမဂ္ဂမှာပြောဖို့ ကြိုတင် လျာထားတဲ့ ပြင်ဆင်မှုမျိုးနဲ့ မိန့်ခွန်းဖြစ်နေတယ်။ အားလုံး ကတော့ ယေဘုယျ တော်တော်ဆန်တဲ့ဟာတွေ များပါတယ်။ အများအားဖြင့်တော့ ယေဘုယျ ဆန်ပါတယ်။ ယေဘုယျ ချဉ်းကပ်မှုနဲ့ ယေဘုယျ ကျနော်တို့ရဲ့လက်ရှိ အခြေအနေကို အရိုးခံ သဘောမျိုးနဲ့ ရှင်းလင်းတင်ပြတဲ့ ဟာလို့ အဲ့လိုတွေ့ရပါတယ်။

ဒီမိန့်ခွန်းရဲ့ နောက်ပိုင်းပေါ့လေ အဲဒီလိုပြောမှ သာလျှင် Update ဖြစ်တဲ့ သတင်းတွေ အပေါ်မှာ အစိုးရက ဘယ်လိုကိုင်တွယ် နေသလဲဆိုတဲ့ ဟာလေးကို ပြည်သူလူထုက စိတ်အေးချမ်းသာစွာနဲ့ နားထောင်နိုင်တာပေါ့။ အဲ့ဒါပါ အဲဒါလေးကိုကျနော် သုံးသပ်လို့ရတယ်။

နိုင်ငံတော် အကြီးအကဲတွေက ဒီလိုမိန့်ခွန်းပြောတဲ့ အချိန်မှာကောင်းပါတယ်။ ဖြစ်နိုင်ရင်တော့ ဒီတစ်ခါတော့ ထူးထူးခြားခြားပေါ့လေ။ နိုင်ငံတကာကိုရည်ညွန်းတာဖြစ်နေတယ်။ ဖြစ်နိုင်ရင်တော့ သမ္မတကြီး သို့မဟုတ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် သော်လည်းကောင်း တိုင်းပြည်သို့ ပြောသွားသောမိန့်ခွန်းပေါ့လေ။ အခါအားလျော်စွာကျနော်တို့ နိုင်ငံသားတွေကို ပြောသင့်တာတွေလည်းရှိတယ်။ ပြောလည်းပြောသင့်တယ် လို့ ထင်တယ်။ တခါတစ်လေကျတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပုဂ္ဂိုလ်တွေက မပြောဘူးဆိုရင် သတင်းအနေနဲ့ ကောလဟာလနဲ့ သို့လောသို့လောပေါ့ ဖြစ်တတ်တယ်။

ဦးထွန်းဇော်
အထွေထွေအတွင်းရေးမှူး
ရခိုင်အမျိုးသားကောင်စီ-(ANC)

သူ (ဒေါ်အောင်ဆန်းစုကြည်) ပြောတာကတော့ လက်တွေ့ကြပါတယ်။ ကျနော်တို့ဘက်ကတော့ ထောက်ခံပါတယ်။ မနက်ဖြန် (စက်တင်ဘာ ၂၀ ရက်) မှာကျင်းပမယ့် ကုလသမဂ္ဂအထွေထွေ ညီလာခံကို သူသွားမတတ်ဘူးလို့ ပြောသွားတယ်။ ပြီးခဲ့တဲ့နှစ်က သွားတက်တယ်။ သွားတက်တော့ သူသွားတတ်တဲ့အခါမှာ သူဘာတွေ ပြောခဲ့ တယ်ဆိုတာလည်း ထည့်ပြောသွားတယ်။ ဒါကသူရဲ့ သမာသမတ်ကျတဲ့ ပြောဆိုမှုလို့ပဲကျနော်ကတော့ ရှုမြင်ပါတယ်။

အဓိက ကတော့ မြေမြင်မှာရှိနေတဲ့ အနေအထားတွေကို နိုင်ငံတကာကနေပြီးတော့မှ ပိုမိုသိရှိနိုင်ဖို့အတွက်ပေ့ါ။ ထောင့်စေ့အောင်ပေါ့။ လက်တွေ့ အခြေအနေကို လေ့လာဖို့ ပြောတယ်။ နောက်ပြီးတော့ မြေမြင်မှာရှိနေတဲ့ အနေအထားကို သူပြောတဲ့အခါမှာ ကောင်းတဲ့အချက် တစ်ချက်လို့ တွေ့မိတာက ပြဿနာဖြစ်တဲ့ အပိုင်းကိုပဲမကြည့်ပဲနဲ့ ပြဿနာမဖြစ်ပဲနဲ့ ငြိမ်ငြိမ်ချမ်းချမ်းနဲ့ နေနေတဲ့ အပိုင်းကိုပါ ကြည့်ဖို့ပေါ့။

ထွက်သွားတဲ့လူတွေက ဘာကြောင့် ထွက်သွားလဲ။ မထွက်ပဲနဲ့ ငြိမ်ငြိမ်ချမ်းချမ်း နေနေတဲ့ လူတွေကဘာကြောင့် အဲ့မှာ နေနေတာလဲ။ နေနိုင်တာလဲ။ ဒါတွေကို နှစ်ဖက် အားလုံးထောင့်စေ့အောင် နေပြီးတော့ လေ့လာဖို့ မေးမြန်းဖို့ မြေပြင်မှာရှိနေတဲ့ လူထုတွေကိုမေးပါပေါ့။ ပြီးရင် အသံစုံကိုနားထောင်ပြီးမှ မျှမျှတတစဉ်းစားဖို့ နောက်ပြီးမှ အဖြေရရေးအပေါ်မှာရှေးရှုပြီးမှ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကို ဖိတ်ခေါ်ထားတာကိုတွေ့ရပါတယ်။

ဒါကတော့ တော်တော်လေး သမာသမတ်ကျတဲ့ ပြောဆိုမှုနဲ့ အဖြေပေါ်မှာ ဦးတည်တဲ့ အဖြေရှာရေးအပေါ်မှာ ဦးတည်တဲ့ ပြောဆိုမှု ဖိတ်ခေါ်မှု ဖြစ်တယ်လို့ ကျနော်ဘက်ကတော့ အဲ့လို ရှုမြင်တယ်။

နောက်တစ်ချက် ကောင်းတဲ့ တစ်ချက်ကဘာလဲဆိုတော့ နိုင်ငံတကာမှာ နားလည်မှုလွဲနေတာကို သိရှိဖို့အတွက် မြေပြင်နဲ့ ကျနော်တို့ လူမှုအသိုင်းအဝန်းရဲ့ အနေအထားကိုလည်း သူပြောပြသွားတယ်။ ကျနော်တို့ မြေပြင်မှာရှိတဲ့ လူမှု အသိုင်းအဝန်းက ယေဘုယျအားဖြင့် ကမ္ဘာကသိနေတာ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာလို့ သိနေတယ်။ ရခိုင်နဲ့ ဘင်္ဂါလီဆိုပြီးတော့ သိနေတယ်။

အဲ့ဒါ တစ်ခုတည်းမဟုတ်ဘူး။ အဲ့ဒီကြားမှာ ခံနေရတာကရခိုင်နဲ့ ဘင်္ဂါလီပဲမဟုတ်ဘူး။ အဲ့ကြားမှာခံနေရတဲ့ လူနည်းစုတွေလည်း ရှိတယ်။ မြိုတို့၊ သက်တို့၊ ဒိုင်းနက်တို့၊ ဟိန္ဒူဘာသာဝင်တွေ သူတို့လည်းပဲခံရတယ်။ ဒါတွေ သူတို့လည်းပဲ ကြားမှာညှပ်နေတယ် ဆိုတဲ့ ဟာတွေကိုသိနိုင်ဖို့အတွက် မြေပြင်ရဲ့လူမှုအသိုင်းအဝန်းရဲ့ ပကတိ အနေအထားကိုလည်း သူထည့်သွင်းဖော်ပြသွားတာ။

နိုင်ငံတကာ အတွက်တော့ တကယ့် အဖြေကိုဦးတည်ပြီးတော့မှ ငြိမ်းချမ်းရေးကို ဦးတည်ပြီးတော့ ပြောသွားတာဖြစ်လို့ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့တော့ ဒါကိုအလေးအနက် ထားရမယ့် မက်စ်ဆေ့လို့ပဲကျနော် မြင်ပါတယ်။

ဟာဂျီ ဦးအေးလွင်
အဖွဲ့ဝင်
ရခိုင်ပြည်နယ်ဆိုင်ရာ အထူးအကြံပေးကော်မရှင်

ကျနော်ကတော့ မိန့်ခွန်းကို အားရတယ်။ သူပြောသွားတာတွေသည် မျှမျှတတ ရှိတယ်။ သူက ပြည်တွင်း ဌာနေ သံတမန်တွေကို လာကြည့်ပါ။ အစိုးရနဲ့ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်မယ်ဆိုပြီး ပြောသွားတယ်။ ရခိုင်ကိစ္စမှာလည်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အပါအဝင် အစိုးရအဖွဲ့ဝင်တွေနဲ့ နှစ်ဖက် အုပ်စု ပူးပေါင်း ဖို့ကိစ္စကလည်း အင်မတန် အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်။

နောက်ပြီး ရခိုင်ပြည်နယ်မှ စိစစ်ရေးတွေ လုပ်မယ်ဆိုတဲ့ကိစ္စမှာ ကာယကံရှင်တွေကလည်း နားလည်အောင် ကျေကျေ လည်လည် ရှင်းပြဖို့ လိုတယ်။ အခုက ၃ ခေါက်ချိုးကဒ်တွေ၊ White card တွေလည်း လက်ထဲမှာ အထောက်အထားမရှိတော့ ဘယ်လို စစ်ဆေးမလဲဆိုတာတော့ မပြောတတ်သေးဘူး။ ကျနော်ကတော့ ဌာနေ သံတမန်တွေကို ဖိတ်ခေါ်လိုက်တဲ့ကိစ္စအပေါ် အားရကျေနပ်မှု ရှိတယ်။

ဒေါက်တာ နန္ဒာလှမြင့်
ပြောခွင့်ရပုဂ္ဂိုလ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)

နိုင်ငံတော်အတိုင်ပင်ခံရဲ့ မိန့်ခွန်းက အထူးသဖြင့် အပြုသဘောနဲ့ လက်တွေ့ကျကျ ပူးပေါင်းပါဝင်ကြဖို့ နိုင်ငံတကာကို အဓိက ပြောချင်တယ်လို့ နားလည်ထားပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်း အဝိုင်း ကနေ နားလည်ပြီးတော့မှ အပြစ်တွေ ပြောနေမယ့်အစား နားလည်း မှုပေးကြဖို့ တိုက်တွန်းချင်တာလို့မြင်ပါတယ်။

၁၉၈၂ နိုင်ငံသားဥပဒေနဲ့ အညီ ဟိုဘက်ကို ထွက်သွားသူတွေရော၊ ဒီဘက် ကျန်နေခဲ့တဲ့ သူတွေကိုပါ စိစစ်ပြီးတော့မှ စနစ်တကျ လက်ခံသွားမယ် ဆိုတာကလည်း ကောင်း မွန်ပါတယ်။ တခုရှိတာက ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မတီရဲ့ အကြံပြုချက်တွေ အတိုင်း အကောင်အထည် ဖော်မယ်ဆိုတာကတော့ အကြံပြုချက်တွေမှာ ပါဝင်တဲ့ တချို့အချက်တွေဟာ ဒေသခံတိုင်းရင်းသား တွေနဲ့ နိုင်ငံရဲ့အချုပ်အခြာ အာဏာနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာတော့ နည်းနည်းစဉ်းစားဖို့ သင့်တယ်လို့ထင်ပါတယ်။

ကျနော်တို့ စိတ်ပူနေတာက ရခိုင်ဒေသ တည်ငြိမ်အေးချမ်းဖို့လိုတယ်။ ဖြစ်နေတာတွေက ကျနော်တို့ တိုင်းရင်းသားချင်းဖြစ်နေတဲ့ ကိစ္စတွေမဟုတ်ဘူး။ နိုင်ငံသားမဟုတ်တဲ့သူတွေက ကျူးကျော်ဝင်ရောက်ပြီးတော့မှ တိုင်းရင်းသားတွေကို ရိုက်နှက်သတ်ဖြတ်ပြီး နယ်မြေလုယူချင်နေတဲ့ ပြဿနာတွေပါ။

ကော်မရှင်ရဲ့ အကြံပြုချက်တွေအတိုင်း လိုက်နာဆောင်ရွက်ရင် ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုနဲ့ နိုင်ငံ သားတွေရဲ့ အခွင့်အရေးတွေအပေါ်မှာ အန္တရာယ်ရှိလာနိုင်တယ်။ ဒါကို ကျနော်တို့က စိုးရိမ်တယ်။ ကော်မ ရှင်က နိုင်ငံသားဥပဒေကို ပြင်ဖို့စဉ်းစားသင့်တယ်လို့ ဆိုထားတာကလည်း ကျနော်တို့ဘက်က လက်မခံ ထားတဲ့ကိစ္စရပ်တွေဖြစ်တယ်။

သာတူညီမျှနဲ့ နှစ်ဖက်အသိုင်းအဝိုင်း ဟာမိုနီဖြစ်ဖို့ဆိုတာကတော့ အိမ်ရှင်နဲ့ ဧည့်သည်ကို တန်းတူအခွင့် အရေး ပေးဖို့ဆိုတာကတော့ ဘယ်နိုင်ငံကမှ လက်ခံမှာမဟုတ်ပါဘူး။ အဲ့ဒါကိုတော့ အိမ်ရှင်ရဲ့ အခွင့်အရေး၊ လုံခြုံရေး၊ ဒီဒေသမှာ အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ရန်ကို ကာကွယ်နေရတဲ့ တပ်မတော်သားတွေ၊ အစိုးရဝန်ထမ်းတွေနဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက်ကို အာမခံပေးရမယ်၊ စဉ်းစားပေးရမယ်။

ဘယ်နိုင်ငံမဆို အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းတင်ကြတာပါပဲ။ တပ်မတော်နဲ့ အတူ ပူးပေါင်းလုပ်ဆောင်သွားရမယ့် ကိစ္စတွေနဲ့ နိုင်ငံတကာ နားလည်ပြီးတော့ ပူးပေါင်းလာအောင် ပြောဆို သွားတာတွေကတော့ ကျနော်တို့က လက်ခံပါတယ်။ အခုချိန်က ကျနော်တို့နိုင်ငံသားတွေ အားလုံးစည်းလုံး ညီညွတ်စွာ လုပ်ဆောင်ကြရမယ့် အချိန်လည်း ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading