“ရခိုင်ပြည်နယ်အစိုးရမှာ တိကျတဲ့ မူဝါဒ မရှိသေးဘူး”

ဧရာဝတီ
အနောက်ဘက် နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည် တည်ဆောက်ရေး အထောက်အကူပြု ယာယီကော်မတီ၏ အကြံပေး အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော / မင်းအောင်ခိုင် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

စက်တင်ဘာလ ပထမပတ်တွင် စစ်တွေမြို့၌ ရခိုင်တိုင်းရင်းသား အဖွဲ့ဝင် ၂၀ ဦး ပါဝင်သော အနောက်ဘက် နယ်စပ် ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည် တည်ဆောက်ရေး အထောက်အကူပြု ယာယီကော်မတီ တရပ်ကို ဖွဲ့စည်း ခဲ့သည်။ ထိုကော်မတီ၏ ရည်ရွယ်ချက်မှာ ဘက်ပေါင်းစုံ ပျက်စီး ပြိုကွဲနေသော အနောက်ဘက် နယ်စပ်ဒေသ ရခိုင် အမျိုးသားနယ်မြေကို အခိုင်အမာ ပြန်လည်တည်ဆောက်ရန် ဖြစ်သည်။

ထိုအကြောင်းအရာများ အပါအဝင် ရခိုင် ပြည်နယ်အရေးကို ဘယ်လိုဖြေရှင်းကြမည်လဲဆိုသည့် ကိစ္စများနှင့် ပတ်သက်ပြီး ယင်းကော်မတီ၏ အကြံပေး အဖွဲ့ဝင် လည်းဖြစ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးဦးလှစောအား ဧရာဝတီ သတင်းဌာနမှ သတင်းထောက် မင်းအောင်ခိုင်က တွေ့ဆုံ မေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်။

မေး။ ။ အနောက်ဘက်နယ်စပ် ရခိုင်အမျိုးသားနယ်မြေ ပြန်လည်ထူထောင်ရေးကော်မတီ အနေနဲ့ လတ်တလော အခြေအနေအရ ဘယ်အတိုင်းအတာထိ လုပ်ဆောင်နိုင်မယ်လို့ ယူဆထားပါသလဲ။

ဖြေ။ ။ အခုဟာက လတ်တလော အခြေအနေမှာက ကျနော်တို့က ဒီလူတွေကို ရုပ်ပိုင်းဆိုင်ရာ လိုအပ်မှုပေါ့၊ စားဖို့၊ နေဖို့၊ အိပ်ဖို့ ဆိုတာကို မြို့နယ်တိုင်းမှာရှိတဲ့ ကော်မတီတွေ၊ ပါတီတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တော့ လုပ်တယ်။ အစိုးရကလည်း သူ့အတိုင်းအတာနဲ့သူ၊ သူ့အကန့်အသတ်နဲ့သူ လုပ်နေတာတွေ ရှိတယ်။ ဒါပေမယ့် ကာလ ရှည်ကြာမယ်ဆိုရင် ဘာလုပ်မလဲဆိုတာကို ကျနော်တို့ ဒီကော်မတီကိုယ်စားလှယ်တွေထဲက ဦးညီပုနဲ့ သွားဆွေး နွေးပြီးပြီ။ ဦးညီပုမှာ တိကျတဲ့ အဖြေမရှိဘူး၊ အဲဒီတော့ ဗဟိုက ဘာလုပ်မယ်ဆိုတာ ကျနော်တို့ မသိဘူး။

ကျနော်တို့မှာ လုပ်စရာတွေရှိတယ်။ တကယ်တော့ အဲဒီ ဘူးသီးတောင်၊ မောင်တောနယ်မြေဟာ အုပ်ချုပ်ရေး ယန္တရား ပျက်သွားပြီ၊တရားဥပဒေ စိုးမိုးမှုမရှိတော့ဘူး၊ ဒါပေမယ့် စစ်ဆင်ရေးဧရိယာ တခုပဲ။ အဲဒီတော့ အဲဒီ စစ်ဆင်ရေးဧရိယာမှာ ရခိုင်တွေ ဂုဏ်သိက္ခာရှိရှိ ပြန်လည်နေထိုင်ဖို့၊ လုပ်ကိုင်စားသောက်ဖို့၊ ဂုဏ်သိက္ခာရှိတဲ့ စီးပွားရေးတွေနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံဖို့၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိဖို့ အတွက်ဆိုလို့ရှိရင် ပြည်နယ်အစိုးရမှာ ဘာအစီအစဉ်ရှိသလဲ၊ ကျနော်တို့မှာလည်း စဉ်းစား ထားတဲ့ စဉ်းစားချက်တွေရှိတယ်၊ အဲဒါကိုတော့ ညှိနှိုင်းရမှာပဲ၊ တင်ပြရမှာပဲ။ ဒါပေမယ့် ကျနော်တို့မှာ အာဏာ မရှိဘူး၊ အာဏာမရှိတဲ့ကြားထဲက မလုပ်မဖြစ်လို့ ဒီအလုပ်ကို လုပ်ရတာပဲ ။

မေး။ ။ ဒီကော်မတီရဲ့ လုပ်ငန်းစဉ်တွေကို ဘယ်အချိန်အထိ လုပ်မယ်လို့ စီမံထားတာ ရှိပါသလဲ။

ဖြေ။ ။ ဒီစစ်ပွဲကြီးဟာ ဘယ်အချိန် ပြီးမလဲဆိုတာ မပြောနိုင်ဘူး။ ဘာလို့လဲဆိုတော့ ဒါဟာ အကြမ်းဖက်လုပ်ရပ်။ အကြမ်းဖက် လုပ်ရပ်ဆိုတာ မြုပ်ချင်မြုပ်သွားမယ်၊ ပြန်ပေါ်ချင် ပေါ်လာမယ်။ အချိန်မရွေး ထဖောက်လို့ ရတယ်။
ပုံမှန် နေရာယူ စစ်ပွဲကြီး လုပ်နေတာ မဟုတ်ဘူး။ ဥပမာ – ကချင်လို၊ ရှမ်းလို၊ ပလောင်လို စခန်းတခု တည်ဆောက်ပြီး လုပ်နေတာမဟုတ်ဘူး။ အဲဒီအကြမ်းဖက် စစ်ပွဲကြီးဟာ မြုပ်ချင်မြုပ်သွားမယ်၊ တခြားနေရာမှာ ပေါ်ချင်ပေါ်လာမယ်။
အဲဒီတော့ ကျနော်ထင်တယ်၊ နိုင်ငံတကာမှာ အစ္စလာမ် မိုင်းဇေးရှင်း လှိုင်းလုံးကြီး ရှိနေသမျှ ကာလပတ်လုံး ရခိုင် ပြည်နယ်ဟာ အင်မတန်စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်။

မေး။ ။ ဆိုတော့ ဒီကော်မတီကို LongTime လုပ်မှာပေါ့။

ဖြေ။ ။ LongTime plan လုပ်ရမယ်၊ သုတေသန အချက်အလက်တွေအရဆိုရင် အဲဒီ ဘူးသီးတောင်၊ မောင်တောမှာ ရှိတဲ့ လယ်မြေဧကပေါင်းများစွာရဲ့ ၃ ရာခိုင်နှုန်းလောက်ကိုတောင်မှ ရခိုင်တွေ မပိုင်ဘူး။ အဲဒီနယ်မြေဒေသ စီးပွားရေး တခုလုံးဟာ မွတ်စလင်၊ ဘင်္ဂါလီတွေရဲ့ လက်ထဲမှာပဲ ရှိတယ်။ အဲဒီတော့ ဒီနေရာမှာ ရခိုင်တွေ နေမယ်ဆိုလို့ရှိရင် ရခိုင်တွေ ဂုဏ်သိက္ခာရှိရှိနေဖို့၊ ရခိုင်တွေ ဥစ္စာဓနပိုင်ဆိုင်ဖို့အတွက် ရခိုင်တွေ စီးပွားရေးအားဖြင့် ခေါင်းထောင်လာနိုင်ဖို့ အတွက်ဆိုရင် ဘာတွေ လုပ်ရမလဲဆိုတာကို ဒီကော်မတီက စဉ်းစားမှာ။

စဉ်းစားတဲ့အခါမှာ တာဝန်ရှိတဲ့ ဗဟိုအစိုးရနဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံးနဲ့၊ သမ္မတနဲ့ ချိတ်ပြီးတော့ အလုပ်လုပ်နိုင်အောင် ကျနော်တို့ ကြိုးစားမယ်။ အဓိက ကျနော် ပြောချင်တာကတော့ ရခိုင်ပြဿနာကို ဖြေရှင်းတဲ့အခါမှာ ရခိုင်တွေဟာ Stake Holder အနေနဲ့ ပါခွင့်မရဘူး။ အမြဲတမ်း မာဂျီနယ်လိုင်း(Marginal Line) ကျနော်တို့ကို ဘေးဖယ်ထားတယ်။ ဘယ်ကော်မရှင်မှာမှ ကျနော် တို့ကို ပြောရေးဆိုခွင့်မရှိဘူး။ အဲဒီတော့ စဖြစ်ကတည်းက ရခိုင်ပြည်ရဲ့ ပြဿနာကို ဦးညီပုကို လွှဲအပ်ထားတယ်။ ကျနော် တို့ မယုံဘူး၊ ဦးညီပုဟာ ဒီပြဿနာကို ကိုင်တွယ်နိုင်တဲ့ အရည်အချင်းရှိတယ်လို့ ကျနော်တို့ မယုံဘူး။ မယုံဘူးဆိုတာကို ၂၀၁၆ ခုနှစ် မတ်လ ၂၄ ရက်နေ့မှာ တွေ့ခဲ့တဲ့ အစည်းအဝေးမှာ ကျနော်တို့ ပြောခဲ့တယ်။ ရခိုင်မှာ ပြဿနာကြီး ၃ ခုရှိ တယ်။

ဘင်္ဂါလီကုလား ပြဿနာရှိတယ်၊ တရုတ်ရင်းနှီးမြှုပ်နှံမှုပြဿနာ ရှိတယ်၊ ပြည်တွင်းစစ် ပြဿနာရှိတယ်။ ဒီပြဿနာ ၃ ခုကို NLD အစိုးရ ဖြေရှင်းမယ်ဆိုရင် ရှင်းနိုင်မှာမဟုတ်ဘူး၊ ကျနော်တို့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အကြံပေးခဲ့တယ်၊ လက်မခံဘူး။ လက်မခံတဲ့အတွက် တောက်လျှောက် ပြဿနာတက်နေတာပဲ ၊ ကျနော်တို့ နောက်ဆုံး ဒီအခု သြဂုတ်လ ၂၄ ရက်နေ့ ကျနော်တို့ အဆိုကို ဆွေးနွေးတဲ့အခါမှာလည်း ပြဿနာဖြစ်တော့မယ်၊ ဖြစ်တော့မယ်လို့ ပြောခဲ့တယ်။ NLD က ကျနော် တို့ကို ဆန့်ကျင်ပြီး ကျနော်တို့အဆိုကို မဲပေးခဲ့တယ်။ နားမလည်ဘူး၊ ပြည်နယ်အစိုးရလည်း နားမလည်ဘူး။ အဲဒီကြားထဲမှာ ကျနော်တို့က ကိုယ့်ဒေသအတွက် ကျနော်လုပ်နေရတယ်။ ကျနော်တို့မှာ ပြေးစရာမြေမရှိလို့ လုပ်နေရတာ။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ မေးခွန်းအပေါ်မှာကော ဘယ်လိုမြင်လဲ။

ဖြေ။ ။ သူကတော့ ပြဿနာကို လိမ်လိမ်မာမာ ပါးပါးနပ်နပ်နဲ့ပဲ ရန်လိုမှုလည်းမပါ ၊ ထိပ်တိုက် စိန်ခေါ်မှုလည်း မပါဘဲ တင်ပြသွားတယ်လို့ပဲ မြင်ပါတယ်။

မေး။ ။ သူ့မေးခွန်းထဲမှာ လိုအပ်ချက်တွေ ကျန်ခဲ့တာတွေကိုကော တွေ့မိပါသလား။

ဖြေ။ ။ လိုအပ်ချက်အနေနဲ့တော့ ဒီပြဿနာဟာ ရခိုင်ပြဿနာပေါ့ ။ ရခိုင်ပြဿနာဆိုတာ ရခိုင်ပြည် ပြဿနာသည် ပြည်ထောင်စုပြဿနာကြီး တခုပေါ့။ သို့သော် သူပြောတဲ့အထဲမှာ သူက အရေးမကြီး ထင်လို့လား ၊ သို့တည်းမဟုတ် နောက်မှပဲ ဆိုင်ရာဆိုင်ရာ လုပ်မယ်ဆိုပြီးတော့ လွှတ်ပေးထားတာလားတော့ မသိဘူး ။ ရခိုင်များ၏ အခန်းကဏ္ဍပေါ့။

ဒီကျူးကျော်စစ်ပွဲ ကာလအတွင်းမှာ စစ်မြေပြင်ဖြစ်နေရတဲ့ ဒေသက ရခိုင်ပြည်သူများ၏ အခန်းကဏ္ဍ ၊ ရခိုင်ပြည်မှာ ရှိတဲ့ Stake Holder များ၏ အခန်းကဏ္ဍတွေနဲ့ ပတ်သက်လို့ ကတော့ နောက်ပိုင်းမှာ နည်းနည်းပါးပါး ဖြည့်စွက်ပြောဖို့ လိုတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဗဟိုက ချမှတ်ထားတဲ့ ပေါ်လစီ အကောင်အထည်ဖော်တဲ့ နေရာမှာ ရခိုင်ပြည်နယ် အစိုးရနဲ့ ဗဟိုကလာတဲ့ ပြည်ထောင်စုဝန်ကြီးများဟာ ရခိုင်ပြည် Reality ကို မသိပါ။ အတိုင်ပင်ခံ ပြောတဲ့ အထဲမှာလည်း General Concept တွေကိုပဲ ပြောတာဖြစ်လို့ အောက်ခြေမှာ Ground မှာဖြစ်နေတဲ့ အချက်အလက်တွေနဲ့ မသိတဲ့အတွက်ကြောင့် မူဝါဒပိုင်းဆိုင်ရာ အကောင်အထည်ဖော်မယ့် ကိစ္စရပ်များမှာတော့ အခက်အခဲတွေ အများကြီး ရှိလာနိုင်ပါတယ်။ ဒီဟာ တွေကိုတော့ ကြိုတင် စဉ်းစားထားဖို့ လိုပါတယ်။

မေး။ ။ ရခိုင်ပြဿနာဟာ ဖြစ်ပွားနေတာလည်း တော်တော်ကြာနေပြီ။ ဒီပြဿနာကို ဘယ်လိုကိုင်တွယ် ဖြေရှင်း သင့်တယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ ကျနော်ထင်တယ်၊ အချိန်တိုတိုနဲ့တော့ မပြီးနိုင်ဘူး။ ရခိုင်ပြဿနာဟာ အရင်တုန်းကတော့ ရိုဟင်ဂျာဆိုတဲ့ လူ့အခွင့်အရေးကို ဗန်းပြပြီးတော့ Ethnic Identity ကတ်ထုတ်ပေးဖို့အတွက် တောင်းဆိုတဲ့ ဟာမျိုးပေါ့လေ။ အဲဒါကို နိုင်ငံရေး ကမ်ပိန်းတခုအနေနဲ့ တောက်လျှောက်လုပ်လာတယ်၊ နိုင်ငံတကာမှာ။ အခုကျတော့ အဲဒီဟာကနေ အဆင့် တခုကိုကျော်ပြီး အကြမ်းဖက် ပြီးတော့ သူတို့ရဲ့ဇာတိရုပ်ကို ပေါ်တဲ့အဆင့်မျိုး ရောက်သွားပြီ။ အဲဒီတော့ နယ်မြေ ချဲ့ထွင်မယ်။ Sharia law ဥပဒေ ကျင့်သုံးတဲ့ ဒေသတခုအဖြစ် ဖန်တီးမယ်ဆိုတဲ့ ဟာမျိုးကို ရောက်သွားတဲ့အခါကျတော့ ပြဿနာက တော်တော်လေး ကြီးမားသွားပြီ။ ကျနော်ထင်တယ်။ လူ့အခွင့်အရေး ပြဿနာတို့၊ နိုင်ငံသား ပြဿနာတို့ထက် ကို ဘောင်ကျော်သွားပြီ။

ဆိုတော့ ပြဿနာက အရမ်းကို ရှုပ်ထွေးသွားပြီ။ အခုဆို ကုလသမဂ္ဂကိုတောင် ရောက်သွားပြီ။ အဲဒီတော့ ဒီလက်ရှိ အစိုးရအနေနဲ့ အင်မတန်ကြီးမားတဲ့ စိန်ခေါ်မှုတခုပဲ။ ကျနော်တို့ နှစ်ပေါင်း ၆၀၊ နှစ်ပေါင်း ၇၀ ရှိတဲ့ ပြည်တွင်းစစ် ပြဿနာ ထက်တောင်မှ ကြီးတယ်လို့တောင် ကျနော် ယူဆတယ်။ ဘာလို့လဲဆိုတော့ ဒီဟာက အချုပ်အခြာ အာဏာ ဖြစ်တဲ့ အတွက်ကြောင့် မကိုင်တွယ်တတ်ဘူး ဆိုလို့ရှိရင် ဘယ်အစိုးရပဲ တက်တက် အကုန်လုံး ပြဿနာတွေ ရှုပ်ထွေးပြီးတော့ တော်တော့်ကို တိုင်းပြည်အတွက် ဆိုးဆိုးဝါးဝါး ထိခိုက် နစ်နာနိုင်တဲ့ အန္တရာယ်တခုပဲ။

မေး။ ။ ဆရာ့အနေနဲ့ ဆိုရင်ကော ဘယ်ကိစ္စကို စကိုင်တွယ်ပြီး ရှင်းမလဲ။

ဖြေ။ ။ ကျနော့်အနေနဲ့ အကောင်အထည် စဖော်မယ်ဆိုရင် ပထမဦးဆုံး စရှင်းရမှာက ရိုဟင်ဂျာဆိုတာ လုံးဝမရှိဘူး၊ ရိုဟင်ဂျာဆိုတာကို သမိုင်းမှာမေ့ပစ်လိုက်တော့။ နောက် အကြမ်းဖက်တွေကို အပြတ်ချေမှုန်းရမယ်။ ဒါပဲ။

မေး။ ။ အခုလက်ရှိ နိုင်ငံတော်အစိုးရကတော့ ကိုဖီအာနန်ကော်မရှင်ရဲ့ အစီရင်ခံစာပါ အချက်အလက်တွေကို စတင်ပြီ အကောင်အထည်ဖော်ဖို့ လုပ်နေပြီ။ ဆရာတို့ကကျတော့ အဲဒီကော်မရှင်ကို ကန့်ကွက်ထားတယ်။ ဆိုတော့ ဘယ်လို ပူးပေါင်းပြီး ဆောင်ရွက်ကြမလဲ။

ဖြေ။ ။ ကိုဖီအာနန်ရဲ့ အစီရင်ခံစာကို အကောင်အထည် ဖော်ခဲ့တယ်ဆိုပြီးတော့ အကြံပေးတာတို့၊ ကြားဖြတ် အစီရင်ခံ စာတို့ အကောင်အထည် နည်းနည်းဖော်ခဲ့တယ်ဆိုတာလည်း ဘာမှ မပြောပလောက်တဲ့ ဟာပါ။ နောက် ကိုဖီအာနန် ကော်မရှင်ကို အကောင်အထည် ဖော်မယ်ဆိုရင် ကိုဖီအာနန် ကော်မရှင်မှာက ကျန်းမာရေး၊ လူမျိုးရေး၊ စီးပွားရေး၊ လူ့အဖွဲ့အစည်းနှစ်ခု သဟဇာတဖြစ်ရေး၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့ဆိုတဲ့ အချက်အလက်တွေ အများကြီး ပါတယ်။ အဲဒီဟာကို အကောင်အထည် ဖော်ဖို့ဆိုတာ စကားမှာလွယ်တာ။ တစချင်းဆွဲထုတ်ပြီးတော့ ဘယ်နေရာကစပြီး အကောင်အထည် ဖော်မလဲဆိုတာ။

မြန်မာပြည်မှာက အခု လောလောဆယ် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အကုန်လုံးက စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတဲ့အခါမှာ ကိုဖီအာနန် ကော်မရှင်ကို အကောင်အထည် ဖော်မယ်ဆိုရင် ဝန်ကြီးဌာနက အဲဒီတချက်ချင်းကို ဘယ်ဝန်ကြီးဌာနနဲ့ ဆိုင်တယ်၊ ဘယ်ဝန်ကြီးဌာနက ဒါကိုလုပ် ဆိုတာကို တိတိကျကျ မပြောသေးဘူး။ ဒီအကောင်အထည် ဖော်မယ့်စကားက လက်တွေ့မှာ ပြောဖို့လွယ်တယ်၊ လုပ်ဖို့ဆိုတာ အင်မတန် ခက်ခဲတယ်။

မေး။ ။ ဒီ ကိုဖီအာနန်ကော်မရှင်ရဲ့ အစီရင်ခံစာအပေါ်မှာ ဆရာ့အနေနဲ့ ဘယ်ရာခိုင်နှုန်းလောက်အထိ လက်ခံနိုင်လဲ။

ဖြေ။ ။ ကိုဖီအာနန်ကော်မရှင်မှာ ဒီမှာရှိတဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက်ပြောတဲ့ အကြံတွေဟာ ကျနော်တို့ ရခိုင်တွေ ပြောပေါင်းများခဲ့ဖူးတဲ့ အကြံတွေ။ ဒီနိုင်ငံသားကိစ္စကို စိစစ်မယ်၊ လွတ်လပ်စွာ ခရီးသွားလာခွင့်၊ လွတ်လပ်စွာ ပညာသင်ကြားခွင့်၊ တခြား လွတ်လပ်စွာ လုပ်ကိုင်စားသောက်ခြင်း။ အဲဒါတွေက အင်မတန် အပ်ကြောင်းထပ်နေတဲ့ ဟာတွေ။ ဒါပေမယ့် လုပ်ကြည့်ပါ။ အခု ရှိနေတဲ့ တရားဝင်သော၊ မဝင်သော ဟာတွေကို မင်းတို့ ရိုဟင်ဂျာ မဟုတ်ဘူး၊ မင်းတို့ ရိုဟင်ဂျာဆိုတာကို မေ့ပစ်လိုက်။ မင်းတို့ဟာ ဘင်္ဂါလီဆိုတာကို ရအောင် အရင်ဆုံး ပြော ကြည့်။

မေး။ ။ အခုလက်ရှိ ဘူးသီးတောင်၊ မောင်တောမှာ ဖြစ်ပွားနေတဲ့ပြဿနာနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ကိုင်တွယ် ဖြေရှင်း နေမှု အပေါ်မှာကော ဘယ်လိုမြင်လဲ ။

ဖြေ။ ။ အစိုးရကိုယ်တွယ်မှုမှာ နှစ်ပိုင်းရှိတယ်၊ နံပါတ်တစ်က အကြမ်းဖက်။ အကြမ်းဖက်ဆိုတာကို အကြမ်းဖက်ဥပဒေနဲ့ တပ်မတော်က စစ်ရေးအရ ဖြေရှင်းဖို့ ကြိုးစားတယ်၊ တပ်မတော်ကတော့ ဒါဟာ ရန်သူပဲ၊ ရန်သူဆိုရင် ချေမှုန်းမယ်၊ ဒါ တပ်မတော် ရဲ့အပိုင်း၊ သူ့အလုပ် သူလုပ်တာပေါ့။ အစိုးရပိုင်းကျတော့ နိုင်ငံတကာ စင်မြင့်ပေါ်မှာ ဒီဟာကို ရှင်းရမယ်။

ဒါ နိုင်ငံတကာ ဖိအားတွေ ရှိနေတဲ့အတွက် ရှင်းရမယ်။ ဒီမှာရှိတဲ့ ဒုက္ခရောက်တဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေးပြဿနာ၊ နေမှုထိုင်မှု ပြဿနာ၊ လုံခြုံရေးပြဿနာ၊ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပြဿနာ၊ စိတ်ဒဏ်ရာတွေခံစားနေရတယ်။

အဲဒါတွေကို အစိုးရ လုပ်ရမယ်။ ဒါပေမယ့် လုပ်တဲ့အခါမှာ နှေးကွေးတယ်လို့ ထင်တယ်။ နှေးကွေးတယ် ဆိုတာက ပြဿနာက အဲဒီအစိုးရဟာ ဒေသန္တရအစိုးရ၊ ရခိုင်ပြည်နယ်အစိုးရက ကိုင်ပြီးလုပ်နေတာ။ အဲဒီ ရခိုင်ပြည်နယ်အစိုးရဟာ ဒီဟာကို ကိုယ်တွယ်တဲ့အခါမှာ ကျွမ်းကျင်လိမ္မာမှု နည်းတယ်လို့ မြင်တယ်။ နောက်တခုက သူ့ရဲ့လုပ်ပိုင်ခွင့် အကန့် အသတ်၊ မူဝါဒဆိုင်ရာ အကန့်အသတ်တွေ ရှိတဲ့အတွက်ကြောင့် အကောင်အထည်ဖော်တဲ့အခါမှာ ကျနော်တို့ အောက် ခြေမှာ မရှင်းတာတွေ ရှိမယ်ပေါ့လေ။ ရေရှည်မှာ ဘယ်လိုရှင်းမလဲဆိုတာကိုက ရခိုင်ပြည်နယ်အစိုးရမှာ တိကျတဲ့ မူဝါဒ မရှိသေးဘူး။

မေး။ ။ ဖွဲ့စည်းပုံကြောင့် အစိုးရက ဒီအပေါ်မှာ သိပ်ပြီး ကိုယ်တွယ် မရတာလို့ ပြောဆိုကြတာလည်း ရှိပါတယ်။

ဖြေ။ ။ ဖွဲ့စည်းပုံနဲ့ ဘာမှမဆိုင်ဘူး။ ကျောင်းကိစ္စ၊ ကျန်းမာရေးကိစ္စ၊ လူမှုရေးကိစ္စဟာ ဖွဲ့စည်းပုံနဲ့ ဘာမှမဆိုင်ဘူး။ အခုက မြန်မာပြည်မှာက ကြိုက်ရင် ဖွဲ့စည်းပုံ ကောင်းတယ်၊ မကောင်းတဲ့အခါကျတော့ ဖွဲ့စည်းပုံကိုလွှဲချ၊ အဲဒါမျိုးတွေ။ ဘာလို့လဲဆိုတော့ အစိုးရဟာ အစိုးရအလုပ်ကို လုပ်ရမှာပဲ။ သူ့မှာ အာဏာရှိတယ်၊ အာဏာဟာ အကန့်အသတ်နဲ့ ရှိတယ် ဆိုတာတော့ မှန်တယ်။ ဒါပေမယ့် အကန့်အသတ်ရှိတဲ့ ပါဝါကို ပြတ်ပြတ်သားသား သုံးတတ်သလားဆိုတာနဲ့လည်း ဆိုင်တယ်။

မေး။ ။ သြဂုတ်လ ၂၅ ရက်နေ့ မောင်တောအကြမ်းဖက်မှုတွေ မဖြစ်ခင်မှာ ကာကွယ်ရေးဦးစီးချုပ်နဲ့ ဆရာတို့ ANP ပါတီက လူကြီးတွေနဲ့ လုံခြုံရေးကိစ္စ တွေ့ကြတယ်။ နောက်တနေ့မှာ တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေက ရခိုင်ပြည်ကို အင်အား အလုံးအရင်းနဲ့ လေကြောင်းလိုင်းကနေတဆင့် ရောက်ရှိလာတာ တွေ့တယ်။ သို့သော် အကြမ်းဖက်မှုက ကြီးကြီးမားမား ထပ်ဖြစ်လာတယ်။ ဆိုတော့ တပ်မတော်ကလဲ လုံခြုံရေးပေးပါလျက်နဲ့ ဘာဖြစ်လို့ ဒီလိုမျိုး မထိန်းသိမ်း နိုင်လိုက်ရတာလဲ ဆိုတဲ့ အပေါ်မှာ ဘယ်လိုမှတ်ချက်မျိုး ပေးချင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့နဲ့ တွေ့ပြီးတဲ့နောက် တပ်မတော်က စစ်ကူတွေ ပို့တယ်ပေါ့နော်၊ ဒီမှာလည်း တပ်တွေ အများကြီးရှိပါ တယ်။ ဒါပေမယ့် ပထမတကြိမ် ရဲစခန်း ၃ ခုကို စီးနင်း တိုက်ခိုက်တာ ရှိတယ်။ နောက် ကျနော်တို့ လေ့လာမိသလောက် အိန္ဒိယ ထောက်လှမ်းရေးတို့ကလည်း ဒီလို စီးနင်းတိုက်ခိုက်လာနိုင်တဲ့ အလားအလာရှိတယ်လို့ ပြောတယ်။ ဒီကြားထဲမှာ မထင်မှတ်ဘဲနဲ့ နေရာ ၃၀ တပြိုင်တည်းမှာ တကယ့်ကို ရှားရှားပါးပါး တခုလုပ်သွားတယ်။ ဒီလိုလုပ်သွားတာဟာ ကျနော် ထင်တယ်။ တော်တော့ကို လိမ္မာပါးနပ်တဲ့၊ နိုင်ငံတကာအတွေ့အကြုံရှိတဲ့ နောက်က ကွန်မန်ဒါတယောက်က Control လုပ်ထားတယ်။ အသေအချာ စနစ်တကျစီစဉ်ထားတယ်၊ အဆင့်ဆင့် ကြိုတင်ပြင်ဆင်ထားတဲ့ အတွက်ကြောင့် အငိုက်မိ ခံရတယ်လို့ပဲ ကျနော်ထင်တယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading