“နှလုံးသား အဆိပ်ခပ်ခံရလို့ လုပ်တဲ့အကြမ်းဖက်မှုတွေပါ”

ထွန်းထွန်း
မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်အတွင်းရေးမှူး ဦးကျော်သူ / သက်ထွန်းနိုင် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ ARSA အကြမ်းဖက်အဖွဲ့ရဲ့တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ဟိန္ဒူဘာသာဝင်တွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပြီး လတ်တလောမှာ ရုပ်အလောင်း ၄၅ လောင်းကို ပြန်လည်ရှာဖွေတွေ့ရှိထားပါတယ်။ အကြမ်းဖက်မှုဖြစ်စဉ်အတွင်း ဟိန္ဒူဘာသာဝင် ဦးရေ ၁၀၀ ကျော် ပျောက်ဆုံးနေပြီး အချို့မှာလည်း ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်ကို ဖမ်းဆီးခံရခြင်းများ၊ ရှောင်တိမ်းခြင်းများ ကြောင့် ရောက်ရှိနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး သဘောထားခံယူချက်နဲ့ ကူညီဖြေရှင်း လုပ်ဆောင်နေမှု အပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်အတွင်းရေးမှူး ဦးကျော်သူကို ဧရာဝတီသတင်းဌာနက သတင်းထောက်ထွန်းထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ဦးကျော်သူ ခင်ဗျာ၊ အခုလို ဆုတောင်းပွဲ လုပ်ရတဲ့အကြောင်းအရင်းလေး ပြောပြပေးပါဦး။

ဖြေ ။ ။ ဒီနေ့ပွဲကတော့ ရခိုင်ဒေသမှာ ဟိန္ဒူဘာသာဝင်တွေ အစုလိုက်အပြုံလိုက် ရက်စက်စွာ တိုက်ခိုက်ခံရတဲ့ကိစ္စ၊ သောင်းကျန်းသူတွေ ရဲ့လုပ်ရပ်ကြောင့် ကျနော်တို့ လူတွေ သေဆုံးခဲ့တယ်၊ သူတို့ရဲ့ဘဝ ကောင်းရာသုဂတိလားဖို့အတွက် ကျနော်တို့ရဲ့ဟိန္ဒူဓလေ့ထုံးစံအရ ကျနော်တို့ဆုတောင်းပွဲကျင်းပရခြင်းဖြစ်ပါတယ်။

မေး ။ ။ ဒီလိုမျိုး အစုလိုက်အပြုံလိုက် အကြမ်းဖက်သတ်ဖြတ်ခံရတာ ဘာကြောင့်လို့ ယူဆထားသလဲ။

ဖြေ ။ ။ အကြမ်းဖက်မှုရဲ့အကြောင်းအရင်းကတော့ အမုန်းစကားပေါ့၊ ဘာသာတခုနဲ့တခုကြားထဲမှာ ဘာသာရေးကြောင့်ဖြစ်တဲ့ ပဋိပက္ခမှု မဟုတ်ဘဲနဲ့ သောင်းကျန်းသူရဲ့အမုန်းစကားကို နှလုံးသားအဆိပ်ခပ်ခံရတဲ့အတွက်ကြောင့် သူတို့က ဒါကို လုပ်တယ်လို့ မြင်ပါတယ်။ အကြောင်းမဲ့သက်သက် သတ်ဖြတ်ခြင်းလည်း ဖြစ်ပါတယ်။

ဒီကိစ္စအတွက် ကျနော်တို့ဟိန္ဒူတွေ မြန်မာနိုင်ငံရဲ့သမိုင်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာ ဒါပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ကျနော်တို့ အနေနဲ့ ဒီအမိုးအောက်ကနေ ဆုတောင်းပွဲလေးလုပ်လိုက်ရင် နိုင်ငံတော်လည်း သိမယ်၊ ကမ္ဘာလည်း သိမယ်၊ ကမ္ဘာ့မီဒီယာတွေလည်း တဖက်စောင်းနင်းပြောနေတာတွေလည်း သဘောပေါက်မယ်၊ တဖက်တလမ်းကနေ အထောက်အကူပြုမယ်လို့ ယုံကြည်လို့ ဒီပွဲကို ကျင်းပရခြင်းဖြစ်ပါတယ်။

မေး ။ ။ ဟိန္ဒူဘာသာဝင်တွေ အကြမ်းဖက်သတ်ဖြတ်ခံရတာမှာ ဘာသာရေးပြဿနာတွေ ရှိနေတယ်လို့ ထင်ပါသလား။

ဖြေ ။ ။ နှလုံးသားကို အဆိပ်ခပ်ခံရလို့ လုပ်တဲ့အကြမ်းဖက်မှုတွေပါ။ ဘာသာတခုကနေ တခုကို တိုက်ခိုက်တဲ့ပွဲ မဟုတ်ပါဘူး၊ ဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် Myanmar Now ကနေ တင်ပြထားတာ တခုရှိပါတယ်။ အဲဒီမှာ ဟိန္ဒူမိသားစုတစုကို သတ်ဖြတ်တော့မယ့်အချိန်မှာ အိမ်ရှင်ဖြစ်တဲ့ မွတ်ဆလင်တွေကနေ ကယ်တင်ခဲ့ရတာတွေရှိတယ်။ သူတို့ငှားပေးတဲ့ ကားနဲ့ပဲ မောင်တောမြို့ကို လိုက် ပို့ခဲ့တယ်။ အဲဒီသတ်ဖြတ်မှုဖြစ်စဉ် ဖြစ်နေတဲ့အချိန်မှာလည်း အစ္စလာမ်ဘာသာဝင်တွေက တားတယ်။ ဒါဟာ ဘာသာရေးပြဿနာတွေ မပါဘူးဆိုတာ လယ်ပြင်မှာ ဆင် သွားသလို ရှင်းနေတယ်။

မေး ။ ။ ဒီလို ဖြစ်ရပ်ကြောင့် ဘာသာဝင်တွေကြားမှာရော အမုန်းတရားတွေ ပိုကြီးလာစေနိုင်သလား။

ဖြေ ။ ။ မရှိပါဘူး၊ လူနည်းစုတစုမှာပဲရှိနေတဲ့ အမုန်းစကားတွေပါ၊ ကျနော်တို့ ဟိန္ဒူဘာသာမှာတော့ ဒီလိုအသတ်ခံရတဲ့အတွက်ကြောင့် မို့လို့ အမုန်းစကား၊ အမုန်းတရားဆိုတာမရှိပါဘူး။ ကျနော်တို့က ပြီးပြီ၊ ကံကံ၏အကျိုးကြောင့် ဖြစ်တယ်လို့ အဲဒီလိုပဲ မြင်ပါတယ်၊ နောင် မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲဆိုတာပဲရှိပါတယ်။

ကျနော်တို့က ဟိန္ဒူဘာသာ၊ ဗုဒွဘာသာ၊ မွတ်ဆလင်ဘာသာ၊ ခရစ်ယာန်ဘာသာစတဲ့ ဘာသာကြီးလေးခုက ဟိုးရှေးရှေးထဲက ညီရင်း အကိုပမာ နေခဲ့ကြတာ၊ ဒီကိစ္စတခုကြောင့် တယောက်ကိုတယောက် အမုန်းစကား၊ အမုန်းတရားပွားပြီးတော့ ဖြစ်နေဖို့တော့ ကျနော်တို့ ဟိန္ဒူဘာသာမှာ မရှိဘူး။ ကျန်တဲ့ဘာသာဝင်တွေမှာလည်း မရှိဘူးလို့ ထင်ပါတယ်။ ကျန်တဲ့ဘာသာဝင်တွေလည်း သိပါတယ်၊ စိတ်မကောင်းဖြစ်ကြတယ်၊ ဒါနဲ့ ပတ်သက်ပြီးတော့ ဒါက လူနည်းစုတစုရဲ့လုပ်ရပ်ဖြစ်တာကို သူတို့ ရှင်းရှင်းလင်းလင်းသိပါတယ်။

မေး ။ ။ ဘာကြောင့် အခုလိုမျိုး ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်လာတယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ အဓိက ပြဿနာတွေကတော့ နယ်စပ်ဒေသမှာရှိတဲ့ ကျေးရွာတွေ တရားဥပဒေစိုးမိုးမှု အားနည်းနေလို့ ဒီလိုမျိုး ဖြစ်သွားတာပါ၊ အချင်းချင်းပြောရရင် ဖြစ်ပွားတဲ့ရွာတွေမှာ အရင် တလ၊ နှစ်လကတည်းက ရဲတပ်ဖွဲ့သွားတဲ့အခါ အဝင်မခံတာတို့ ဘာတို့ဖြစ်တဲ့အတွက် ကြောင့် ဒါက အာဏာစက် အဲဒီကို မထိရောက်တဲ့အတွက်ဖြစ်သွားတာပါ။
နောက်မှာ ဒီဟာကို စီမံချက်တခုချပြီးတော့ ဒီကျေးရွာတွေမှာ နိုင်ငံတော်ရဲ့အာဏာစက်၊ လုံခြုံရေးအာဏာစက် ဘယ်လိုရောက်အောင် လုပ်ကြမလဲဆိုတာကို ကျနော်တို့ဘက်ကလည်း ပူးပေါင်း ပါဝင်ဆောင်ရွက်ပြီးတော့ အကြံပြုတင်ပြပါမယ်၊ နိုင်ငံတော်ဘက်ကလည်း ဒါ ဘာကြောင့်ဖြစ်သွားလဲဆိုတာ သူတို့သိပါတယ်။

ဖြစ်နေတဲ့အချိန်မှာ လူမျိုးနွယ်စု နှစ်စုပဲရှိနေတဲ့အချိန်မှာ သူကြီးလည်း မရှိဘူး၊ အကြီးအကဲလည်း မရှိဘူး၊ အဲဒီလိုအချိန်မျိုးမှာ ဒီလိုမျိုးဖြစ် သွားတာပါ။ တကယ်လို့ သူကြီးလည်း ရှိမယ်၊ ကျေးရွာအုပ်ချုပ်ရေးလည်း ခိုင်ခိုင်မာမာ ရှိမယ်၊ ရဲတပ်ဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့လည်း လုံလုံခြုံခြုံ ရှိမယ်ဆိုရင် ဒါမျိုးဖြစ်ဖို့ မရှိပါဘူး၊ အခုက မင်းမဲ့တိုင်းပြည်ပုံစံမျိုး ဖြစ်သွားတာပါ။

မေး ။ ။ ARSA နဲ့အတူ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်နေကြတဲ့သူတွေအပေါ်မှာ ဘယ်လို သဘောထားရှိသလဲ။

ဖြေ ။ ။ ကျနော် ခုနပြောပြီးပါပြီ၊ နှလုံးသားအဆိပ်ခပ်ခံရလို့ဖြစ်တာပါ။ အမုန်းစကားတွေများပြီးတော့ ဖြစ်သွားတာပါ၊ သူတို့က အကြမ်း ဖက်ဝါဒလက်ကိုင်ထားလို့သာ ဖြစ်သွားတာပါ။ ကျန်တဲ့ဘာသာဝင်တွေက အဲဒီစိတ်ဓာတ်မျိုးမရှိဘူး၊ လူနည်းစုတစုတည်းကိုတော့ နောင်ဒါ မျိုးမလုပ်ဖို့ မေတ္တာရပ်ခံရုံကလွဲရင်တော့ ပညာပေးတဲ့ ကိစ္စတွေ၊ နိုင်ငံတော်ကလည်း သူတို့ကိုအရေးယူတဲ့ ကိစ္စတွေ လုပ်ပေးသင့်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။

အကြမ်းဖက်သူတွေကိုလည်း ရှုတ်ချပါတယ်၊ ဘယ်ကမ္ဘာမှာ မဆို၊ ဘယ်နိုင်ငံမှာ မဆို၊ အကြမ်းဖက်တိုက်ခိုက်မှုမှန်သမျှကို လူတိုင်းက ရှုတ်ချပါတယ်။ ကျနော်တို့က ဒါကို မရှုတ်ချဘူးဆိုရင် ကျနော်တို့က ဒါကို လက်ခံတဲ့သဘောဖြစ်သွားမှာပေါ့။ ကျနော်တို့ကတော့ ပြင်းပြင်းထန်ထန်ကို ရှုတ်ချပါတယ်။

မေး ။ ။ အခုလို ဆုတောင်းပွဲပြုလုပ်တာက လက်ရှိဖြစ်ရပ်တွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ မျှော်လင့်ထားပါသလဲ။

ဖြေ ။ ။ ကျနော်တို့ ဆုတောင်းပွဲရဲ့အကျိုးသက်ရောက်မှုကတော့ ကမ္ဘာသိ၊ မြန်မာသိအောင် ကျနော်တို့က ဆုတောင်းတဲ့ပွဲပါ။ အဖြစ်မှန် ပျောက်နေတယ်၊ ဒီအဖြစ်မှန်ကို ကျနော်တို့ တိုင်းရင်းသားတယောက်အနေနဲ့ ပြောတာမဟုတ်ဘူး၊ ကျနော်တို့တိုင်းရင်းသား မဟုတ်ဘူး၊ နိုင်ငံသားတယောက်အနေနဲ့ နိုင်ငံတော်ရဲ့သစ္စာကို စောင့်သိရတဲ့ပုံစံဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတော်က ဒီလိုစွပ်စွဲခံနေရတဲ့အချိန်မှာ တဖက်တလမ်းကနေ အဖြစ်မှန်ကို ဟိန္ဒူဘာသာဝင်တွေဟာ နိုင်ငံတော်နဲ့ တသားတည်းဖြစ် နေတယ်ဆိုတာကို ပြသချင်လို့ ဒီလို ဆုတောင်းပွဲလုပ်ရခြင်းဖြစ်ပါတယ်။

ရည်ရွယ်ချက် နောက်တခုကတော့ အပြစ်မဲ့တဲ့သူတွေရဲ့ ကောင်းရာသုဂတိလားဖို့ကို ကျနော်တို့ ဟိန္ဒူဓလေ့ထုံးစံနဲ့အညီ ဆုတောင်းပေးဖို့အတွက် ရည်ရွယ်တဲ့ပွဲလည်း ဖြစ်ပါတယ်။ တခြားမြို့ကြီးအချို့မှာလည်း ဆုတောင်းပွဲတွေ လုပ်သွားမှာပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading