အကြမ်းဖက်သမားများ လက်မှလွတ်မြောက်လာသူ ဟိန္ဒူအမျိုးသမီး မရီခါး နှင့် ဆက်သွယ်မေးမြန်းချက်

ဧရာဝတီ
မရီခါးကို သားငယ်နှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ - မြဝတီ)
Want create site? Find Free WordPress Themes and plugins.

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် ဘူးသီးတောင် ၊ မောင်တော ၊ ရသေ့တောင်မြို့နယ်များမှ နယ်ခြား စောင့် စခန်း ၃၀ ကို ARSA အကြမ်းဖက်အဖွဲ့က ဦးဆောင်ကာ တိုက်ခိုက်ခဲ့ရာ အဆိုပါဒေသတွင် နေထိုင်ကြသည့် ရခိုင်၊ မြို စသည့် တိုင်းရင်းသားများအပြင် မောင်တောမြို့နယ် မြောက်ပိုင်း ရဲဘော်ကျ ကျေးရွာမှ ဟိန္ဒူဘာသာဝင်များ အစုလိုက် အပြုံလိုက် အသတ်ခံရရုံသာမက အမျိုးသမီးငယ် ၈ဦးနှင့် ကလေးငယ် ၈ဦးကိုလည်း ဖမ်းဆီးကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းရှိ ကူတူပါလောင် ဒုက္ခသည်စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ထိုဖမ်းဆီးခံ ဟိန္ဒူဘာသာဝင် အမျိုးသမီးငယ်များဖြစ်သည့် မရီခါး(၂၅နှစ်)၊ မအော်နီကာ (၂၀နှစ်)၊ မဖော်မီလာ (၁၈)နှစ်၊ မဂေါင်ဂါ(၂၀နှစ်)၊ မဂူရဘူနီ(ခေါ်) ရှူရှီလာ(၁၉နှစ်)၊ မဘီနာဖာလာ(၂၂နှစ်၊ မပူရ်ဂျာ(ခေါ်) ရုစ်စနာ(၁၈နှစ်) မရာချ် ကူမာရီ (၁၅နှစ်)နှင့် ကလေးငယ် ၈ဦးသည် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီမှ အောက်တိုဘာလ ၄ရက် နေ့က ထုတ်ပြန်ခဲ့သည်။

ထိုအကြမ်းဖက်သမားများ လက်မှ လွတ်မြောက်လာသည့် ဟိန္ဒူဘာသာဝင် အမျိုးသမီးများမှာ ယခုအခါ ဘူးသီးတောင် မြို့နယ်ထဲမှ အစိုးရတပ်စခန်းတခု၌ ယာယီထိန်းသိမ်းစောင့်ရှောက်ထားပြီး၊ သူတို့အထဲမှ အသက် ၂၅နှစ် အရွယ်ရှိ မရီခါးဆိုသူကို ဧရာဝတီသတင်းဌာနမှ သတင်းထောက် မင်းအောင်ခိုင်က ဆက်သွယ်မေးမြန်းထားသည်။

မရီးခါးမှာ လင်ယောကျ်ား ဖြစ်သူ လူဖြူ (ခေါ်) ပူဘောင်(၃၂)နှစ်သည်လည်း အကြမ်းဖက်သမားများ ၏ သတ်ဖြတ်ခြင်းခံ ထားရသည့် အတွက် စိတ်ဒဏ်ရာရရှိထားသူဖြစ်သည်။

မေး။ ။ မရီခါး နေကောင်းလား။ အခုနေရ ထိုင်ရတာ အဆင်ပြေလား။

ဖြေ။ ။ နေကောင်းပါတယ်။ အားလုံးအဆင်ပြေတယ်။ ကျမတို့ကို အစိုးရလုံခြုံရေးတပ်ထဲမှာ နေရတယ်။ ဒီမှာ ဘယ်နှစ်ရက် နေရမယ် ဆိုတာ မသိသေးဘူး။ ကျမတို့ မိန်းမ ၈ ယောက် ၊ ကလေး ၈ ယောက်ပါတယ်။

မေး။ ။ မြန်မာပြည်ထဲကို ဘယ်နှစ်ရက်နေ့က ရောက်တာလဲ

ဖြေ။ ။ ကျမတို့ ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၂၇)မှာ ရောက်တယ်။ ဘင်္ဂလားကလာတာ ။ ဘင်္ဂလားမှာ ၁ လနဲ့ ၅ ရက် နေခဲ့ရတယ်။ ဘင်္ဂလာမှာ ကူတူပါလောင် ဟိန္ဒူ ဒုက္ခသည်စခန်းမှာ နေတာနေခဲ့ရတယ်။ ကျမတို့ကို ကုလား (ဘင်္ဂလီ) တွေ သတ်ဖို့ရှာနေတယ်။

မေး။ ။ အကြမ်းဖက်သမားတွေ ဘယ်လို ခေါ်သွားတယ်ဆိုတာကိုလည်း ပြောပြပေးပါအုံး ။

ဖြေ။ ။ သြဂုတ်လ ၂၅ရက် သောကြာနေ့ မနက် ၈ နာရီမှာ ကျမတို့ ရွာကို သူတို့ ဝင်လာ တယ်။ ကျမတို့ဆီက ဖုန်းတွေကို အကုန်လုံး သိမ်းယူတယ်။ ပြီးရင် ကျမတို့ တရွာလုံးကို သူတို့ (ဘင်္ဂလီ အကြမ်းဖက်သမား) ဝိုင်းထားတယ်။ လူတွေနဲ့ ဝိုင်းထားတယ်၊ ကျမတို့ကို လက်ကို နောက်ပြန်ချည်တယ်။ မျက်နှာကိုလည်း အဝတ်စတွေနဲ့ စည်းတယ်၊ ယေင်္ကျားတွေကို ရိုက်တယ်။ ပြီးရင် ကျမတို့ကို ရွှေတွေ၊ ငွေတွေ ဘယ်လောက်ရှိလဲ မေးတယ်။ ကျမရှိတာတွေကို အားလုံး ထုတ်ပေးလိုက်တယ်။ ပြီးရင် တရွာလုံးကို ရွာအပြင်ကို ခေါ်ယူတယ်၊ ဘော်တလာရွာဘက်ကို ခေါ်ယူတယ်၊ ကျမတို့ ရွာသားတွေကို လူစုခွဲလိုက်တယ်။ ယောင်္ကျားတွေကို တအုပ်စုထားတယ်။

ကျမတို့ ၈ ယောက်ကို တအုပ်စု ထားတယ်။ နောက်ယောင်္ကျားတွေနဲ့ တခြား မိန်းမတွေကို တအုပ်စု အဲဒီလို ခွဲလိုက် တယ်။ ယောင်္ကျားတွေကို အရင်လည်ပင်းလှီးတယ်။ ပြီးရင် ကလေးတွေနဲ့ မိန်းမတွေ ကို ခုတ်သတ်တယ်။ ကျမတို့ ၈ယောက်ကိုကျတော့ နင်တို့ငါတို့ အစ္စလာမ်ဘာသာထဲ ဝင်မှာလား ။ နင်တို့ ငါ့တို့ ဘာသာဝင်မယ်ဆိုရင် နင်တို့ကို မသတ် ဘူးဆိုပြီး ပြောတယ်။ ပြီးရင် နင်တို့ကိုးကွယ်တဲ့ ဘုရားက တန်ခိုးဘာမှ မဟုတ်ဘူး၊ ငါတို့ အစ္စလာမ်ဘာသာက တန်ခိုးကြီး တာ ဆိုပြီးပြောတယ်။ ကျမတို့က ပြောတယ်။ ကျမတို့ကို ခုတ်ပြီး မသတ်ဘူးဆိုရင်တော့ အစ္စလာမ်ဘာသာထဲကို ဝင်မယ် လို့ ပြောတယ်။ အဲဒါနဲ့ ကျမတို့ ၈ ယောက်ကို မသတ်ပဲ ထားတာ။

အဲဒီနေ့ ကျမတို့ ဘော်တာလာရွာမှ တညအိပ်တယ်။ ကျမတို့ကို အမဲသားကျွေးတယ်။ ကုလားလို နေထိုင်ခိုင်းတယ်။ ကျမတို့ အိမ်ရှင်ယောက်ျားတွေ အသတ်ခံထားရတယ် ဆိုတော့ ကျမတို့ ထမင်းမစားဘူး ။ ကလေးတွေကတော့ နည်းနည်းစားတယ်။

မေး ။ ။ အမတို့ ယောင်္ကျားတွေကို မသတ်ဖို့ အကြမ်းဖက်သမားတွေကို အမတို့ မတောင်းပန်ဘူးလား။

ဖြေ။ ။ တောင်းပန်ပါတယ်။ သူတို့ရဲ့ ခြေတွေကိုဖက်ပြီး ရှိခိုးပြီး တောင်းပန်တယ်။ ရွာထဲ မှာကတည်းက ကျမ ယောင်္ကျားတွေကို မသတ်ဖို့ ကတိနဲ့ ကျမတို့မှာရှိတဲ့ ရွေတွေကို အကုန်လုံးပေး ပြီးသား။ ကျမတို့ဆီက ရွှေတွေရပြီးမှ ကျမ ယောင်္ကျားကို ခုတ်သတ်တာ။ ကျမက ပြောတယ်။ နင်တို့ကို ဒီလောက်အများကြီး ရွှေတွေ ပေးထားပြီး ကျမယောင်္ကျားကို မသတ်နဲ့ ပြောတာမရဘူး။ ကျမကလေးတွေကိုလည်း သတ်ဖို့လုပ်တော့ ကျမက နင်တို့စကားကို ငါနားထောင်မယ်။ ကလေး တွေကို သတ်ရင် ငါလည်း မနေချင်တော့ဘူး ဆိုပြီး ပြောတယ်။ ကျမတို့က ရွှေဆိုင်ရောင်း တယ်။ ရွှေကျပ် ၃၀ သား လောက် ရှိတယ်။ ပိုက်ဆံလည်း သိန်း ၄၀ ကျော် ရှိတယ်။ အကုန်လုံးကို ကုလား (ဘင်္ဂလီ)တွေက ယူသွားတာ။

မေ။ ။ ဘင်္ဂလားကို ဘယ်လမ်းကြောင်းကနေ ခေါ်သွားတာလဲ။

ဖြေ။ ။ ခမောင်းဆိပ် အနောက်ဘက်က တောင်တွေကို ကျော်ပြီး ခေါ်သွားတာ။ ခြေကျင်လျောက်ရတာ။ တောင် ပေါ်မှာ ၂ ည အိပ်ရတယ်။ ထမင်းမစားရဘူး ။ အရမ်းဒုက္ခရောက်တယ်။ ဘင်္ဂလားကို ၂၈ ရက်နေ့ ရောက်တယ်။

မေး။ ။ မရီခါးတို့ကို အကြမ်းဖက်တဲ့ လူတွေက ဘယ်သူတွေလဲ၊ သိသလား။

ဖြေ။ ။ ခမောင်းဆိပ်က ရွာသားလည်းပါတယ်။ အကြမ်းဖက်တွေလည်း ပါတယ်။ ရွာသား ထဲက လူ ၁၀ ယောက်ကို မှတ်မိတယ်။ ခေါင်းဆောင်က နိုရူလု ကျမမှတ်မိတယ် ။ ကျမတို့ကို ဖမ်းပြီး ဘော်တလာရွာမှာ ထားတဲ့နေ့က ကျမတို့ကို စောင့်ကြည့်ထားဖို့ လူ ၅ ယောက်ထားတယ်။ ကျန်တဲ့ လူတွေက စခန်းတွေကို ဝင်တိုက်ဖို့ ဆိုပြီး အားလုံး ထွက်သွားကြ တယ်။ ကျန်တဲ့ ၅ ယောက်က ကျမတို့ကို ဘာပြောလဲဆိုတော့ ဒီနယ်မြေဟာ ဟိန္ဒူပြည်နယ် မဟုတ်ဘူး ။ ဗမာပြည်နယ် မဟုတ်ဘူးဆိုပြီး ပြောတယ်။ စစ်တွေလောက်ထိကို သူတို့က ဘင်္ဂါလီ ပြည်နယ် လုပ်မယ် ဆိုပြီး ပြောတယ်။ ကျမတို့ကို ဘင်္ဂလာကို ခေါ်လာတုန်းက ကုလားဘင်္ဂါလီ ၅ ယောက်ပဲ ပါတယ်။ ကျန်တဲ့ လူတွေက မြန်မာဘက်မှာပဲ စခန်းတွေကို တိုက်မယ်ဆိုပြီး ကျန်ခဲ့တယ်။ အခုတော့ အားလုံး ဘင်္ဂလားမှာ ရောက်နေကြပြီ ။ ကျမတို့ အကိုတွေ၊ ယောင်္ကျားတွေဆီက ယူထားတဲ့ အဝတ်တွေကို ဝတ်ပြီး သွားနေကြတာကို မြင်ခဲ့တယ်။

မေး။ ။ ဘင်္ဂလားဒေ့ရှ်ကို ရောက်တဲ့အခါ အမတို့ကို ဘယ်သူတွေ လာကယ်တာလဲ။ ဘယ်လိုလွတ်မြောက် လာခဲ့ကြတာလဲ။

ဖြေ။ ။ ကျမတို့ ဘင်္ဂလာကို သြဂုတ်လ ၂၈ ရက်နေ့မှာ ရောက်တယ်။ ကူတူပါလောင်ရွာကို ရောက်တယ်။ အဲဒီမှာ တခါတည်း သူတို့ မော်လဝီဆရာတွေကို ခေါ်ပြီးတော့ ကျမတို့ကို အစ္စလာမ် ဘာသာထဲကို သွင်းဖို့ လုပ်တယ်။ ကုလားစကားပြောခိုင်းတယ်။ “အလာ” အော်ရတယ်။ ကျမတို့ကို အမဲသားတွေလည်း ကျွေးတယ်။ ဘူဂါတွေ ချုံပြီးတော့ ဘာသာထဲကို သွင်းဖို့ လုပ်ကြတယ်။ အဲဒီမှာ အဲဒီက မူဆလင် ကလေးတယောက် ကူတူပါလောင်ဈေးမှာ ဆတ္တာလုပ်နေတဲ့ (ဆံပင်ညှပ်ဆရာ) သူက ကျမတို့ ဟိန္ဒူဘာသာဝင်တွေကို ပြောတယ်။ မြန်မာပြည်ကလာတဲ့ ဟိန္ဒူမ ၈ယောက် ကို ကုလား ဇာတ်သွင်းဖို့ လုပ်နေတယ် ဆိုပြီး ပြောတယ်တဲ့။ အဲဒါနဲ့ ဘင်္ဂလာမှာရှိနေတဲ့ ဟိန္ဒူဘာသာဝင် လူကြီးတွေက ကျမတို့ကို လာကယ်တာပါ။ ကျမတို့ကို လာကယ်တဲ့ အချိန် ညနေဘက် ၈ နာရီကျော်လောက် ရှိမယ်။

မေး ။ ။ အဲဒီ ဘင်္ဂလားက အစ္စလာမ်ဘာသာဝင် ကောင်လေးက အမတို့ကို အကြောင်းကို ဘယ်လိုသိပြီး ပြောလိုက်တာလဲ။

ဖြေ။ ။ ကျမတို့ ဘင်္ဂလာကို ရောက်တဲ့နေ့ မှာပဲ အိမ်တအိမ်မှာ ထမင်းကျွေးတယ်။ ပြီးရင် အင်တာဗျူးလုပ်ပြီး ဗွီဒီယို ရိုက်တယ်။ နင်တို့ကို ရခိုင်သားတွေ သတ်တာဆိုပြီး ပြောခိုင်းတယ်။ အစိုးရတွေက နင်တို့ လင်တွေ ၊ နင်တို့ မိဘတွေ ၊ နင်တို့ အမျိုးတွေကို သတ်တာပြောနော်။

ငါတို့ မွတ်ဆလင်တွေနဲ့ ဟိန္ဒူတွေကိုလည်း အစိုးရက သတ်တာပြောနော် ဆိုပြီး ကျမတို့ကို ပြောခိုင်း တယ်။ အဲဒီလို မပြော ဆိုရင် ကုလားတွေ ( ဘင်္ဂါလီအကြမ်းဖက်) နင်တို့ကို ခုတ်သတ်မယ် လို့ ပြော တယ်။ အဲဒီမှာ အစ္စလာမ် ဘာသာဝင် ကောင်လေးက သိတာပါ။

မေး။ ။ မြန်မာဘက်ကို ပြန်လာတဲ့အခါ ဘယ်လို လမ်းကြောင်းက လာခဲ့တာလဲ။

ဖြေ။ ။ ကျမတို့ကို ဦးနီမော်နဲ့ ဒီဘက်က လူတွေက ဖုန်းဆက်ပြီး ခေါ်တယ်လေ ။ ကျမတို့က ကူတူပါလောင် စခန်းက ခိုးထွက်လာတာ။ ကျမတို့ ဟိန္ဒူဘာသာဝင် ကား ၁ စီးနဲ့ တောင်ပြိုဘက်ကို ထွက်လာကြတာ။ ၁ နာရီ ခွဲလောက် လာရ တယ်။ ကျမတို့ကားကို လမ်းမှာ BGB ကစစ်တယ်။ ကားသမားက ကျမတို့ကို ကားပေါ်က မဆင်းခိုင်ဘူး ။ အဲဒီနေ့က ကျမ တို့ ဟိန္ဒူပွဲရှိတယ်။ ဒီပါဝလီ ပွဲသွားတာလို့ လာကြတာပါ။ ကျမတို့ကားပေါ်က ဆင်းတော့ တောင်ပြိုဘက်ခြမ်းမှာ ကျမတို့ ကို မြန်မာဘက်က အစိုးရတွေ စောင့်နေတာကို တွေ့ရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading