သရုပ်ဆောင်ပိုင်းကို စိတ်ဝင်စားတဲ့ အလှမယ် သျှားထွဋ်အိန္ဒြာနှင့် တွေ့ဆုံခြင်း
Miss Universe Myanmar Organization မှ အောက်တိုဘာလ ၁ ရက်နေ့က Miss Universe Myanmar 2017 ပြိုင်ပွဲ 1st Runner Up အလှမယ် ရွှေအိမ်စည်ကို ဗီယက်နမ်နိုင်ငံမှာ ကျင်းပမယ့် Miss Grand International 2017 ပြိုင်ပွဲ သွားရောက် ယှဉ်ပြိုင်ခွင့် မပြုဘဲ လူစားထိုး စေလွှတ်ခဲ့တာနဲ့ ပတ်သက်ပြီး ပရိသတ်တွေကြားမှာ Organization အပေါ် ဝေဖန်မှုတွေ အများအပြား ရှိခဲ့ပါတယ်။
အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး Miss Universe Myanmar 2014 အလှမယ် သျှားထွဋ်အိန္ဒြာကို သူ့ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုတွေနဲ့ Miss Universe Myanmar Organization ရဲ့ အလှမယ် လူစားထိုး စေလွှတ်ခြင်းအပေါ် ထင်မြင်ချက်၊ အမြင်တွေကို ဧရာဝတီ အကြီးတန်း သတင်းထောက် သီဟတိုးက တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ သျှား လတ်တလော အနုပညာလှုပ်ရှားမှု ဘာတွေလုပ်နေလဲ ပြောပြပေးပါ။
ဖြေ။ ။ လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ လောလောဆယ်တော့ သျှားခဏလေး နားထား ပါတယ်။ ခဏလေး နားထားတယ် ဆိုတာ အရှေ့ပိုင်းမှာ Miss Universe Myanmar 2018 ပွဲ အတွက် တချို့ ညီမငယ်လေးတွေကို သျှား Training လုပ်ပေးရတဲ့ အတွက် နေ့ကော ညကော အရမ်း Stress တွေ အရမ်းများတဲ့ အတွက် သူတို့ အတွက် အရမ်း စိတ်အား ထည့်ထားတဲ့အခါကျတော့ ပွဲကြီးလည်း ပြီးသွားတဲ့အခါ စိတ်ကို တုံးတုံးချ နိုင်ပြီး သျှား မိသားစုကို အချိန်ပေး တယ်။ ကြော်ငြာလေးတွေ ရိုက်ပြီး ခရီးလေးတွေ ထွက်ဖြစ်တယ်။ ဒီရက်ပိုင်း ခရီးလေးတွေ ထွက်ဖြစ်တာများပါတယ်။
အခု ပြီးခဲ့တဲ့ တရက် နှစ်ရက်ကမှ သျှားသွားခဲ့တာ ပုဂံပေါ့နော်။ Nine Seas Travel & Tours နဲ့ သျှားတို့ သွားဖြစ်တယ်။ Nine Seas ကနေမှ သျှားတို့ ပုဂံမှာ ကြော်ငြာရိုက်တဲ့ အနေနဲ့ သွားဖြစ်တာပါ။ နောက်ထပ် ဒီရက်ထဲမှာ ကျိုက်ထီးရိုးသွားဖို့ စီစဉ်ထားပါတယ်။ လောလောဆယ်တော့ ဘုရားတွေ အရမ်းဖူးချင်တဲ့ စိတ်တွေ ဖြစ်နေတယ်။ Stress တွေ အရမ်း များပြီးတော့ ဘုရားဖူးဖို့ အတွက်ပဲ ခေါင်းထဲမှာ ရှိတယ်။ ဒီကြားထဲမှာ ဘုရားဖူး ခရီးစဉ်တွေပဲ သွားဖြစ်မှာပါ။

မေး။ ။ တလောက ဖြစ်သွားတဲ့ Miss Grand International ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ရွှေအိမ်စည်အစား အေးချမ်းမိုးကို စေလွှတ်လိုက်တဲ့ အပေါ် Miss Universe တယောက်အနေနဲ့ သျှား ဘယ်လိုမြင်မိလဲ။ အဲဒီအပေါ် ထင်မြင်ချက်လေး ပြောပြပေးစေချင်ပါတယ်။
ဖြေ။ ။ အမှန်တိုင်း ပြောရရင် အိမ်စည်ဆိုတာလည်း သျှား ညီမလေးလိုပဲ။ သူဆိုလည်း အရမ်းကြိုးစား ထားတယ်။ တကယ်လည်း ချစ်ဖို့ကောင်းတယ်။ ဒါပေမယ့် တချို့ အရာလေးတွေမှာကျတော့ ညီမလေးက နည်းနည်းလေး Serious ဖြစ်တာပေါ့ နော်။ သူ သေချာလည်း လုပ်ထားတယ်။ ဒါပေမယ့် မအေးချမ်းမိုးကို လွှတ်လိုက်တဲ့ အပေါ်မှာလည်း ပြောစရာ တော့ မရှိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သျှားတို့ အခုချက်ချင်း ပြဿနာကလည်း ဗြုန်းစားကြီး ဖြစ်သွားတဲ့အခါ ပြီးသွားတဲ့ သူတွေထဲမှာ အဆင်ပြေပြေ Perfect ဖြစ်ပြီး လွှတ်နိုင်တာ ဆိုလို့လည်း မအေးချမ်းမိုးပဲ ရှိတယ်။
ပြီးတော့ မအေးချမ်းမိုးကလည်း တကယ် တော်လည်း တော်တဲ့၊ စိတ်ထားလည်း ကောင်းတဲ့ အမျိုးသမီးတယောက် ဖြစ်တဲ့ အတွက်ကြောင့် ဒါနဲ့ ပတ်သက်ပြီး သျှား အများကြီး ပြောစရာ မရှိပါဘူး။ ညီမလေး ရွှေအိမ်စည်ကိုလည်း အမှန်အတိုင်း ပြောရင် အရမ်းနှမြောတယ်။ ဒီဘက်က မချမ်းမိုး အတွက်ကိုလည်း အားပေးစေချင်တယ်။
မေး။ ။ မအေးချမ်းမိုးကို အစားထိုး လိုက်တဲ့အပေါ် ပရိသတ်တချို့က ဝေဖန်တာတွေ ရှိတယ်။ ပြင်းပြင်းထန်ထန် ရှုတ်ချတာတွေလည်း ရှိတယ်။ အဲဒီအပေါ်ကိုကော သျှား ဘယ်လိုမြင်မိလဲ။
ဖြေ။ ။ အစ်မအနေနဲ့ ဆိုရင်တော့ စိတ်မကောင်း ဖြစ်တာပေါ့။ ဘာလို့လဲ ဆိုတော့ ဒီဒဏ်တွေကို သျှားလည်း ခံခဲ့ရ ဖူးတယ် လေ။ သျှားဆိုလည်း ဒီလိုမျိုး နိုင်ငံကိုယ်စားပြု Miss တယောက်အနေနဲ့ ဝေဖန်မှုတွေ ခံခဲ့ရတာပေါ့။ ဒါပေမယ့် ပရိသတ်တွေ ဘက်က ကြည့်တော့လည်း အမှန်ပဲ။ သူတို့ တနှစ်ပတ်လုံး အားပေးလာတယ်၊ အားခဲလာတယ်။ တကယ်ကို လုပ်နိုင်တဲ့ လုပ်ပြနိုင်တဲ့ Miss တယောက် ဆုံးရံှူး သွားတဲ့ အတွက်ကြောင့် သူတို့ဘက်ကလည်း ဝမ်းနည်းတာပေါ့။
စိတ်မကောင်း ဖြစ်တဲ့ အတွက် သူတို့ ပြောဆိုကြတယ်။ ဒါပေမယ့် အဲလိုလူတွေ အပေါ်မှာလည်း သျှား အပြစ် မမြင်ချင်ဘူး။ ဒါသူတို့ ခံစားချက်လေ။ သူတို့ အားပေးတဲ့ Miss က ဒီလိုမျိုး ဖြစ်သွားတော့ ဒေါသထွက်တာ ပေါ့။ ဒါတော့ ဒေါသထွက်ခွင့် ရှိပါတယ်။

မေး။ ။ ဒီလိုမျိုး နိုင်ငံကိုယ်စားပြု Miss တယောက်အနေနဲ့ အခုလို သွားပြိုင်မယ် ဆို သျှားရဲ့ အတွေ့အကြုံအရ အဘက်ဘက်က Perfect ဖြစ်အောင် ဘယ်လိုမျိုး ပြင်ဆင်ရမယ် ဆိုတာ ပြောပြပေးပါ။
ဖြေ။ ။ အဓိကကတော့ သျှားတို့က ပွဲချင်းကလည်း မတူဘူးပေါ့ နော်။ သျှားတို့ Miss Universe မှာ ကျတော့ စိတ်ဓာတ် မာကျောရမယ်။ နောက်တခုက Miss Universe တယောက် ဖြစ်နေတဲ့ အတွက် အစစ အရာရာ Perfect ဖြစ်ရမယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာကော၊ Body ပိုင်းဆိုင်ရာကော၊ အသိပညာ ပိုင်းဆိုင်ရာကော အကုန်လုံးက Perfect ဖြစ်နေရမယ်။ သျှားဆိုလည်း အများကြီး ကြိုးစားခဲ့ရတယ်။ ဒီပြိုင်ပွဲ သွားပြိုင်ဖို့ အတွက်ကို ပေါင်ချိန်တွေ အများကြီးကနေ ပေါင်ချိန်တွေ လျှော့ရတယ်။ အသားအရည်တွေ ခြောက်သွားတာမျိုး ရှိတဲ့ အတွက် အသားအရည် ပြန်စိုအောင် ထိန်းသိမ်းရတာမျိုး ရှိတယ်။ Body ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး တခါမှတောင် Gym မဆော့ဖူးတဲ့သူက Work Out တွေ လုပ်ပြီး အရမ်းကြိုးစား ရတယ်။ အဲဒါကြောင့် ပြိုင်ပွဲသွားပြိုင်တဲ့ အခါ ကိုယ့်ဘက်က Perfect ဖြစ်နေတာ အကောင်းဆုံးပဲ။
မေး။ ။ အခုလတ်တလော သျှားရဲ့ Body ပိုင်းဆိုင်ရာကို ဘယ်လို ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်လဲ။
ဖြေ။ ။ အမှန်တိုင်း ပြောရရင် ပြိုင်ပွဲတုန်းကနဲ့ စာရင် အများကြီး ဝလာတာပေါ့နော် (ရယ်လျက်)။ ဒါပေမယ့် ပြန်စဉ်းစား ကြည့်လိုက်တဲ့ အခါ ပြိုင်ပွဲတုန်းက ကိုယ့်ကိုယ်ကို အရမ်းသေးနေတယ်လို့ ခံစားရတယ်။ အဲဒီတုန်းက Body က Perfect ပေါ့နော်။ ပရိသတ်တွေကလည်း အဲ Body သဘောကျ ကြတယ်။ အခု သျှား ဝိတ်ပြန်ချနေတယ်။ အစားအသောက် ဆိုလည်း အဆီတက်စေမယ့် အစားအစာတွေဆို ရှောင် ဖြစ်တာများတယ်၊ အသီးအရွက် ပိုစားတယ်။ သျှားက အသားညိုတဲ့ သူ ဆိုတော့ အသားအရည်စိုအောင် အသီးအရွက်ကို ပိုစားဖြစ်တယ်။
မေး။ ။ အနုပညာနယ်ပယ်မှာ Miss တယောက်အနေနဲ့ တခြား သရုပ်ဆောင်တာတို့၊ သီချင်းဆိုတာတို့ လုပ်ဖို့ အစီအစဉ် ရှိလား။
ဖြေ။ ။ သီချင်းကတော့ ဆိုဖြစ်မှာ မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ သျှား သီချင်းလုံးဝ မဆိုတတ်ဘူး။ သျှား သီချင်းသံ ကြားရင် အကုန်လုံးက ထွက်ပြေးသွားလိမ့်မယ် (ရယ်လျက်)။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီးတော့ သျှား အများကြီး လေ့လာရဦးမယ်။ သရုပ်ဆောင်ပိုင်းကိုတော့ လုပ်ချင်တယ်။ ဘာလို့လဲ ဆိုတော့ Miss တယောက် ဆိုပေမယ့်လည်း အနုပညာရှင်ပဲ လေ။ အဘက်ဘက်နေ လုပ်ကြည့် ချင်တယ်။ ဒါပေမယ့် သျှား စဉ်းစားဦးမှာပါ။ ကိုယ့်ကိုယ်ကိုယ် Perfect မဖြစ်တဲ့ အရာတခုကို သျှား ပရိသတ်ကို မချပြချင်ဘူး။
မေး။ ။ သျှားကို အားပေးနေတဲ့ ပရိသတ်ကြီးကိုကော ဘာများ ပြောချင်ပါသေးလဲ။
ဖြေ။ ။ ပရိသတ်တွေ အားလုံးကို သျှား ဒီကနေ သီတင်းကျွတ်အတွက် ဂါရဝ ပြုလိုက်ပါတယ်။ သျှားကို ဒီထက် ပိုပြီး ချစ်ခင်ပေးကြပါ။ ဝေဖန်ပေးကြပါ။ သျှားကလည်း ပရိသတ်တွေပြောမှ အားနည်းချက် တွေကို သိမှာကြောင့်မလို့ ပရိသတ်တွေ များများ ဝေဖန်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်ရှင့်။ ။