“ကုန်ဈေးနှုန်းနဲ့ အပြောင်းအလဲတွေကို ထည့်စဉ်းစား စေချင်တယ်”

ဧရာဝတီ
မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် နှင့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား အဆင့် ကော်မတီ (အလုပ်သမား ကိုယ်စားလှယ်) အဖွဲ့ဝင် ဒေါ်ခိုင်ဇာအောင် / သဇင်လှိုင် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

အနည်းဆုံး လုပ်ခလစာ နှုန်းထားသစ်ကို တရက်လျှင် ကျပ် ၄၀၀၀ နှင့် ၄၈၀၀ ကြား အဖြစ် အောက်တိုဘာလ ၂ ရက် နေ့ တွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီ အစည်းအဝေးတွင် လျာထား သတ်မှတ်ခဲ့သည်။

အလားတူပင် အလုပ်သမားများကို စစ်တမ်းကောက်ယူပြီး အလုပ်သမားများ၏ စားဝတ်နေရေးနှင့် လူမှုရေး ရပ်တည် နိုင်ရန် အတွက် ရပ်တည်နိုင်မည့် အဆိုပြု အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရန်အတွက် အလုပ်သမား အဖွဲ့ အစည်း များ ဘက်မှလည်း ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ လုပ်ဆောင်မှုများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် နှင့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား အဆင့် ကော်မတီ (အလုပ်သမား ကိုယ်စားလှယ်) အဖွဲ့ဝင် ဒေါ်ခိုင်ဇာအောင်နှင့် ဧရာဝတီ သတင်းထောက် သဇင်လှိုင် တို့၏ တွေ့ဆုံ မေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။

မေး။ ။ ပြီးခဲ့တဲ့ အစည်းအဝေးတွေအရ အစိုးရက ကျပ် ၄၀၀၀ နဲ့ ၄၈၀၀ ကြား သတ်မှတ်မယ်လို့ ပြောတဲ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ။ ။ ဝန်ကြီးက ၄၀၀၀ ကနေ ၄၈၀၀ ကြား သတ်မှတ်ကြတာပေါ့လို့ ပြောတဲ့အခါမှာ ကျမတို့ကိုယ်စားလှယ် တွေက နေ On the spot ပေါ့။ ဒီလိုမျိုး သတ်မှတ်လို့မရဘူး။ ဝန်ကြီးနဲ့လည်း ဒီလိုမျိုး သတ်မှတ်ရမှာ မဟုတ်ဘဲနဲ့ အမျိုးသား ကော်မတီ အနေနဲ့ ဆွေးနွေး ဆုံးဖြတ် ဆောင်ရွက်ရမှာ ဖြစ်တယ်။ ဒီလိုမျိုးလုပ်တာကို လက်မခံဘူး ဆိုတာကို၊ ဒီလို ဆုံးဖြတ်တာကို လက်မခံဘူးဆိုတာကို On the spot လည်း ကျမတို့ ကိုယ်စားလှယ်ကနေ ပြောခဲ့တာ ရှိပါတယ်။

မေး။ ။ အစ်မတို့ အခု လျာထားတဲ့ နှုန်းကရော။

ဖြေ။ ။ စစ်တမ်းတွေအရ တွက်ချက်မှုအရ ကျပ် ၆၆၀၀ ပါ။

မေး။ ။ ကုန်ဈေးနှုန်းနဲ့ ကြည့်ရင် ၄၀၀၀ နဲ့ ၄၈၀၀ ကြား လက်မခံဘူး။ မလုံလောက်သေးဘူး ဆိုတော့ အခုအစ်မတို့ ရည်ရွယ်ထားတဲ့ ၆၆၀၀ ကရော လုံလောက်တဲ့ အတိုင်းအတာမျိုး ရှိလား။

ဖြေ။ ။ ဒါလည်း ကျမကတော့ မလုံလောက်သေးဘူးလို့ ပြောရမယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ တွက်ချက်မှု လုပ် ထားတဲ့ ၆၆၀၀ ဆိုတာက ၆ ချက်ပေါ့။ အလုပ်သမားရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ဆက်သွယ်ရေးနဲ့ သယ်ယူ ပို့ဆောင်ရေး၊ ကျန်းမာရေး။ ဒီနေရာမှာ ကျမတို့ ပွိုင့်လုပ်တာက အရေးကြီးတာက ဘာလဲဆိုတော့ ကျမတို့ တွက်ချက် ထားတာက အနိမ့်ဆုံး အလုပ်သမားရဲ့ ကျန်းမာရေးလို့ ပြောလို့ရှိရင် ပါရာစီတမော့ တို့၊ အန်နာဗွန်စီ တလုံး သောက် တာတို့ပဲ တွက်ပြီး ထည့်ထားတာ။ အလုပ်သမားတွေက ရောဂါဖြစ်လာပြီဆိုရင်၊ နေမကောင်းဖြစ်လာပြီဆိုရင် ဆေးခန်း သွားဖို့ ခက်ကြတယ်။ တော်တော်များများ အလုပ်သမားတွေ မသွားကြဘူး။ ဆေးခန်း တခါသွားလို့ရှိရင် ၅၀၀၀ မကုန် ဘဲနဲ့မရဘူး။

ကျမတို့ရတဲ့ ပိုက်ဆံ ၃၆၀၀ က စားဖို့၊ နေဖို့အတွက်ကို လုံးဝမကာမိဘူး။ အာဟာရ မပြည့်ဘူးဆိုရင် ရောဂါလည်း ဖြစ်တာ လွယ်တယ်။ ဒါပေမယ့် ကျမတို့ ဆေးခန်း မသွားနိုင်ဘူး။ ဆိုတော့ ဒီဟာက ၆၆၀၀ မှာ သူတို့ ခံနိုင်ရည်အား ပိုရှိဖို့၊ အာဟာရပြည့်ဝဖို့ အတွက်ကို စားရေးမှာ ကမ္ဘာ့ဘဏ်ကနေ သုတေသန လုပ်ထားတဲ့ စစ်တမ်းပေါ်မှာ အခြေခံပြီး တော့ အာဟာရပြည့်အောင် ကယ်လိုရီ ၂၀၀၀ စားရမယ်ဆိုတဲ့ တွက်ချက်မှုတွေ ရှိတယ်။ အဲဒါကို ဝယ်စားမယ်ဆိုရင် ဒေါ်လာအရ ၁ ဒသမ ၉ ဒေါ်လာ ကုန်ကျမယ်။ ဆိုတော့ အဲဒါကိုယူပြီးတော့ စားရေးမှာ အာဟာရဖြစ်ဖို့ ၂၆၀၀ ထည့် ထားတယ်။ ကာဗာဖြစ်လားပြန်ကြည့်ရင် ကျမတို့မှာ စုဆောင်းငွေမရှိဘူး။

နောက်တခုက အလုပ်သမားတွေရဲ့ အသိပညာဖွံ့ဖြိုးရေး ကျမတော့ ပညာရေးလို့ ထည့်ထားတယ်။ ပညာရေးမှာက အတန်းပညာရေးကို ပြောတာမဟုတ်ဘူး။ အလုပ်သမားတယောက် သိသင့်တဲ့ သတင်းစာ ဖတ်သင့်တယ်။ ပညာရေး လို့ပြောတဲ့နေရာမှာ သတင်းအချက်အလက် ရရှိဖို့အတွက်ကို ၁၀၀ လောက်ပဲ ထည့်ထားတာ။ ဒါမှသာ အလုပ် သမား တွေနဲ့ပတ်သက်ပြီး ဥပဒေတွေ၊ အခွင့်အရေးတွေ၊ အခြား ကိုယ်နဲ့ ဆက်စပ်တဲ့ အခြေအနေတွေ၊ လူမှုရေး၊ နိုင်ငံရေး အခြေအနေတွေ မျက်စိဖွင့်၊ နားပွင့်ဆိုတဲ့ ဒီလိုပညာရေးမျိုးကို ကျမတို့က ပြောတာပါ။

နောက်တခု သူတို့အတွက် ကာဗာမဖြစ်တာက စုဆောင်းငွေ လုံးဝမရှိဘူး။ တော်တော်များများ အလုပ်သမားတွေက အိမ်ထောင်တောင် မပြုရဲဘူး။ တဦးစာတောင် အနိုင်နိုင်ရှာနေရတာလေ။ အဲဒီတော့ အိမ်ထောင်ပြုမယ်၊ ကလေးရ မယ်။ ဒီကလေးရဲ့ ပံ့ပိုးမှုစရိတ် အရမ်းအခက်အခဲ ရှိတယ်။ ဒါ မိသားစုဘ၀ အတွက် အခက်အခဲရှိသလို နောင်ရေး စုဆောင်းမှု ဘာမှမရှိဘူး။ အဲဒါတွေကတော့ ဖြည်းဖြည်းချင်း သွားကြမှာပေါ့။ အဲဒီတော့ ၆၆၀၀ ကို များပြီလား ဆိုရင် အလုပ်သမားတွေဘက်က ဒီလိုအခြေအနေမှာပဲ ရှိတယ်လို့ ကျမ ပြောချင်ပါတယ်။

မေး။ ။ လက်ရှိ အခြေအနေအရဆိုရင် အစိုးရကရော၊ အလုပ်ရှင်တွေ ဘက်ကရော ၄၀၀၀ နဲ့ ၄၈၀၀ ကြားကို အားသာ နေတာလား။ အဲဒါကို အတည်ပြုရင် အလုပ်သမားတွေအတွက် ဘယ်လိုအခက်အခဲ ကြုံလာဦးမလဲ။

ဖြေ။ ။ ဘယ်လို အခက်အခဲရှိမလဲဆိုတာ မပြောနိုင်ပေမယ့် ကျမဘက်က ခိုင်ခိုင်မာမာ တင်ပြနိုင်တာက ၄၄၀၀၊ ၄၈၀၀ နှုန်းထားဆိုရင် အားလုံးပြန်စဉ်းစားကြစေချင်တယ်။ ၂၀၁၅ ခုနှစ်မှာ ပေးတဲ့နှုန်းထားကိုတောင် မပြည့်မီဘူး ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၃၆၀၀ ကနေ ၄၈၀၀ ဖြစ်သွားတာကို ဘာဖြစ်လို့ မမီဘူး ပြောတာလဲ ၁၂၀၀ တက်သွားပြီလို့ ပြောကောင်းပြောလိမ့်မယ်။

ကျမတို့ ငွေကြေးလဲလှယ်မှုနှုန်းကို မကြည့်လို့ မရဘူးရှင့်။ အဲဒီအချိန်က ငွေကြေးလဲလှယ်မှုက ဒေါ်လာ ၃ ဒသမ ၆ ရရင် ၄၉၀၀ ရမယ်။ ၄၉၀၀ ပေးရင်တောင် ၂၀၁၅ မှာ ပေးရတာထက် မများသေးဘူး။ ဒါကို ကျမက အခြေခံထားတာ ပါ။ အဲဒီမှာ တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ အပြောင်းအလဲတွေကို ထည့်စဉ်းစား စေချင်တယ်။ ကျမတို့ ပိုကောင်းအောင် ဘယ်လိုလုပ်မလဲ။

အလုပ်သမားတွေ ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင် လုပ်ငန်းခွင်ထဲမှာ ရှိမှသာ အလုပ်ရှင်အတွက်လည်း ရေရှည်တဲ့ စီးပွားရေး လုပ်ငန်းကို သွားဖို့ ပိုပြီး ခိုင်ခိုင်မာမာ ရှိတယ်။ လုပ်ငန်းခွင်ထဲက အလုပ်သမားတွေ မကျန်းမာဘူးဆိုရင် အလုပ်လာတာ မမှန်ဘူး။ ပြီးတော့ သူတို့မှာ Stress တွေ အရမ်းများတယ်။ စိတ်ဖိအားတွေ အများကြီး ဖြစ်တယ်ဆိုရင် အလုပ်ကို ပိုပြီးတိုးတက် ကောင်းမွန်အောင် စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး။

အဲဒီတော့ ဒီလုပ်ကိုင်နေတဲ့ အလုပ်ရဲ့ အနာဂတ် ခိုင်မာတည်တံ့ဖို့ဆိုတာ အများကြီး စိန်ခေါ်မှုရှိတယ်။ ဒါက အလုပ် သမား တွေ ရရှိတဲ့ လစာနဲ့ တိုက်ရိုက် အချိုးကျပါတယ်။ ဒါက ဘာနဲ့ ထပ်ပြီး အချိုးကျသလဲ ဆိုရင် နိုင်ငံရဲ့ စီးပွားရေးနဲ့ လည်း ထပ်ပြီး အချိုးကျပါတယ်။ ဒါကို ပြန်ပြီး သုံးသပ်စေချင်တယ်။ သုံးသပ်ပြီး အကောင်းဆုံး ဖြစ်အောင် လုပ်သွားဖို့ လည်း ကျမတို့ အားလုံးက တိုက်တွန်းလိုက်ပါတယ်။

မေး။ ။ အခုနှုန်းထား သတ်မှတ်ထားတာ ၃၆၀၀ ထက်တော့ များတယ်။ ၂၀၁၅ မှာတုန်းက ၃၆၀၀ သတ်မှတ် တုန်းက လည်း အခြားဝင်ငွေတွေကို မပေးတော့ဘူး။ အခုရော ဒီလိုပြဿနာမျိုး ထပ်ဖြစ်နိုင်သလား။

ဖြေ။ ။ ၃၆၀၀ ရတဲ့အချိန်တုန်းက ငွေကြေးဖြတ်တောက်မှုတွေ လုပ်ခဲ့တော့ စက်ရုံတော်တော်များများက တပြေးတည်း ဖြစ်နေတယ်။ အဲဒီစက်ရုံတွေမှာ ဆိုရင် ထူးထူးခြားခြား သိပ်ပြီး ပြောင်းလဲမှု ရှိမှာ မဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုရင် တော့ အလုပ်သမားက သူ့ရဲ့ ကျွမ်းကျင်မှု၊ သူ့မှာ တောင်းဆိုခွင့်ရှိတယ် ဆိုတာကို အလုပ်သမားတွေက သိပ် နား မလည် ကြဘူး။ ပြီးတော့ ဒီနှုန်းထားသည် သူအနိမ့်ဆုံးရသင့်တဲ့ နှုန်းထား တရပ်ဆိုတာကို မသိဘူး ဖြစ်နေတယ်။ ဒီထက်ပိုပြီးတော့ လုပ်ချင်တယ်ဆိုလည်း ဆွေးနွေးလို့ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ခုနက ပြောသလို ကျွမ်းကျင်မှု တွေ ကွာကြပါတယ်။ ပြီးတော့ သူတို့ရဲ့ လုပ်သက်တွေကွာကြတယ်။ ဒါတွေကို တပြေးတည်း ထားခြင်းအားဖြင့် အလုပ် ရှင် အတွက်လည်း မကောင်းဘူး အလုပ်သမားအတွက်လည်း မကောင်းဘူး။

အလုပ်သမားကို ဘယ်လို အင်အားပြည့် လုပ်ဆောင်နိုင်အောင် ဘယ်လို လှုံ့ဆော်မလဲ ဆိုတာကို အလုပ်ရှင်တွေအနေနဲ့ စဉ်းစားဖို့ သင့်တယ်။ ထွေထွေထူးထူး ရှိလာမလား ဆိုတာကိုတော့ ကျမတို့က စောင့်ကြည့်ရမှာ ဖြစ်တယ်။

အဲဒီတော့ ခံစားမှုတွေကို ပြန်ရုပ်သိမ်းမလား ဆိုတဲ့ အနေအထားမှာ ရှိပြီးသား လူတွေကို ကြည့်ကြပါစို့။ ရှိပြီးသား လူ တွေက များသောအားဖြင့် အလုပ်သမား အဖွဲ့အစည်းတွေ စုဖွဲ့ရှိတဲ့ လုပ်ငန်းကဏ္ဍတွေ ပိုပြီးတော့ ရရှိနေတာ တွေ့ရ တယ်။ ကျမတို့ သုံးသပ်မှုပေါ့။

ဒါကြေင့်မို့ အကယ်၍များ အလုပ်ရှင်တွေသည် အဲဒါတွေကို ထပ်ပြီး ဖြုတ်ချဦးမယ်ဆိုရင် အလုပ်သမားတွေနဲ့ အလုပ် ရှင် တွေကြားမှာ အငြင်းပွားမှုတွေ ထပ်ဖြစ်မယ်။ မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်ကြမယ်။ ဒါကို မဖြစ်အောင် အလုပ် ရှင်တွေနဲ့ ကျယ်ကျယ်ပြန်ပြန့်ဆောင်ရွက်ဖို့ လိုတယ်။ ညှိနှိုင်းဆောင်ရွက်ဖို့ လိုတယ်လို့ ကျမတို့က ပြောချင်ပါတယ်။

မေး။ ။ နှစ်ကုန်ဖို့ကလည်း မလိုတော့ဘူးဆိုတော့ ဒီနှစ်ထဲမှာ နှုန်းထားတရပ်ကို သတ်မှတ်နိုင်ပါ့မလား။

ဖြေ။ ။ ထွက်ပေါ်လာမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ အမျိုးသားကော်မတီ အနေနဲ့က ဆုံးဖြတ်ချက်ချပြီး ဆောင်ရွက် နေတာ ဖြစ်တယ်။ ဒုတိယအကြိမ် ၇ ရက် ၇ လမှာ လုပ်ခဲ့တဲ့ အစည်းအဝေးက Time Frame ကို ဆုံး ဖြတ်ချက်ချ လုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ Time Frame က ဒီဇင်ဘာမှာ အဆိုပြု နှုန်းထား ထွက်ရမယ်။ ဖေဖော်ရီမှာ အတည်ပြုနှုန်းထား ထွက်ရမယ်။ ဆိုလို တာက အဲဒီလိုမျိုး လုပ်ရမှာ ဖြစ်တဲ့အတွက် ၇ လပိုင်းကနေ ၉ လပိုင်းအထိ ကျမတို့က သုတေသနတွေ လုပ်ကြ တယ်။ အဲဒီသုတေသနတွေကမှ အမျိုးသား ကော်မတီကို တင်ပြရမယ်။ ကျမတို့က အဲဒီလိုမူနဲ့ လုပ်ခဲ့တာပေါ့။

အဲဒါကြောင့် တိုင်းနဲ့ပြည်နယ်တွေမှာ ၈ လပိုင်း ၉ လပိုင်းမှာ စစ်တမ်းကောက်တဲ့သူက ကောက်တယ်။ နောက်ပြီး ဒီနှုန်း ထားတရပ် ပေါ်လာအောင် နည်းမျိုးစုံနဲ့ ဆောင်ရွက်ကြတာ တွေ့ရတယ်။ အခုဆိုရင်တော့ တိုင်းနဲ့ပြည်နယ်တွေက နှုန်း ထားတွေသည် သတ်မှတ်တဲ့ အချိန်အတိုင်း စက်တင်ဘာလ မကုန်ခင်မှာ အမျိုးသား ကော်မတီဆီ ရောက်လာပြီ။

အမျိုးသား ကော်မတီကလည်း အောက်တိုဘာ ၂ ရက်နေ့မှာ အဆိုပြု နှုန်းထားအပေါ်မှာ ဆွေးနွေးတယ်။ ဒီဇင်ဘာလ အထိမှာ နှုန်းထားတရပ် ပေါ်လာအောင် စီမံချက် ချထားတာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီကြားထဲမှာလည်း ညှိနှိုင်းမှု ၂ ပွင့်ဆိုင် ၃ ပွင့်ဆိုင် အစည်းအဝေးတွေကို မြန်မြန်နဲ့ ကျေကျေလည်လည် လုပ်သွားဖို့ လိုအပ်တယ်လို့ ပြောတာပါ။

မေး။ ။ ၆၆၀၀ ဆိုတဲ့နှုန်းက စစ်တမ်းကောက်တဲ့ အလုပ်သမားတိုင်းက လိုချင်တဲ့ နှုန်းထားလား။ ဒါမှမဟုတ် ဘယ်လို မျိုးလဲရှင့်။

ဖြေ။ ။ ကျမတို့က အလုပ်သမားတွေကို ဘယ်လောက် လိုချင်တယ်လို့ မေးတာမဟုတ်ဘူး။ စစ်တမ်းကောက်တာ သည် လူတယောက်အတွက် တနေ့ကို စားသောက်နေထိုင် ကုန်ကျစရိတ်က ဘယ်လောက်ရှိနေလဲ ဆိုတဲ့အပေါ်မှာ ကောက်တာ ပါ။ အဲဒီကောက်လာတဲ့ ရလဒ်ပေါ်မှာ မူတည်ပြီးတော့ အလုပ်သမားတွေရဲ့ လူနေမှု အဆင့်အတန်း ဘယ်လောက်ရှိနေ သလဲ။ သူတို့ရဲ့ အာဟာရပြည့်ဝမှုက ဘယ်လောက်လဲဆိုတာ ကျွန်မတို့က တွက်ချက်တာ။ သူတို့ ရဲ့ ကျန်းမာရေး အခြေ အနေက ဘယ်လိုရှိလဲဆိုတာကို တွက်ချက်တာ။ အဲဒီလို တွက်ချက် ပြီးတော့မှ ကျမတို့က ဒီ နှုန်းထား တရပ်ကို စဉ်းစား တဲ့ အခါမှာ အနိမ့်ဆုံးအဆင့် အာဟာရ ပြည့်ဝဖို့ အနိမ့်ဆုံးအဆင့် ကျန်းမာရေး၊ တနေ့တာ အင်အားပြည့်ဖို့ကို စဉ်းစား တာပါ။ ပညာရေးဆိုလည်း သတင်းစာတစောင် ဝယ်တာလောက်ကို စဉ်းစားတာပါ။ အနိမ့် ဆုံး အဆင့်ကို ထားပြီး ဒီနှုန်းထားဆိုတာ ဖြစ်လာတာပါ။ ဒီဟာကို အလုပ်သမားဆီက ကောက်တယ်။ အလုပ်သမားတွေ ကိုယ်စားပြုတဲ့ သူတွေနဲ့ အဖွဲ့ချုပ်မှာ ညှိနှိုင်း ဆွေးနွေးပြီးတော့မှ ဒီနှုန်းထားက ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အလုပ်သမား ၆၅၀၀၀ ကျော် အဖွဲ့အစည်းပေါင်း ၈၁၀ ကို ကိုယ်စားပြုတော့ မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဖြစ်ပါတယ်။

မေး။ ။ ဖြည့်စွက် ပြောချင်တာများ ရှိပါသေးလား။

ဖြေ။ ။ အားလုံးကိုတော့ ဆက်လက် ဆွေးနွေးညှိနှိုင်းမယ့် အစည်းအဝေးတွေမှာ အားလုံး အပြုသဘော ဆောင်ပြီး တော့ အလုပ်သမားတွေရဲ့ အခြေခံ လိုအပ်ချက်တွေကိုလည်း အတတ်နိုင်ဆုံး ပြည့်မီအောင် အလုပ်ရှင်နဲ့ အလုပ် သမား ဆက်ဆံ ရေး ပိုပြီးတော့ ကောင်းမွန်အောင် လုပ်ငန်းခွင်၊ အခြေအနေတွေ တည်ငြိမ်အောင် ဒါတွေကို ကြည့်ရှု စဉ်းစားသွားဖို့ နောက် နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ကို ခြေလှမ်းတခုအဖြစ် အသုံးပြုနိုင်မယ့် နှုန်းထားတရပ်ကို ရှေ့ဆက်ပြီး ပိုကောင်းအောင် လှမ်းနိုင်မယ့် လုပ်ငန်းစဉ် တခုအဖြစ် အားလုံး ရှုမြင်ပြီးတော့ ပူးပေါင်း ဆောင်ရွက်သွား ဖို့ ပြောချင်ပါ တယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading