တရားဥပဒေစိုးမိုးမှုဘဲ အဓိကလိုတယ်

မင်းအောင်ခိုင်
အမျိုးသား ဒီမိုကရေအဖွဲ့ချုပ်ပါတီမှ စစ်တွေခရိုင် ပါတီအတွင်းရေးမှူး ဦးကောင်းစံလှ / မင်းအောင်ခိုင် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ပိုင်းက ဘင်္ဂါလီအရေးကို နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်နေရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်သော ပြည်နယ် အစိုးရအဖွဲ့၏ အုပ်ချုပ်ရေး ၊ စီမံခန့်ခွဲရေး စသည့် စွမ်းဆောင်ရည် များမှာလည်း လက်ရှိအချိန်အထိ သိသာ ထင်ရှားသော အပြောင်းအလဲ ကို မတွေ့ရသည့် အပြင် ပြည်သူလူထုနှင့် လည်း ကင်းကွာနေသည်ဟု ဝေဖန်မှုများ ရှိသည်။ အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေအဖွဲ့ချုပ်ပါတီမှ စစ်တွေခရိုင် ပါတီအတွင်းရေးမှူး ဦးကောင်းစံလှကို စစ်တွေအခြေစိုက် ဧရာဝတီသတင်းထောက် မင်းအောင်ခိုင်က တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။ ။ ရခိုင်တပြည်လုံးမှာ ဖြစ်ပွားနေတဲ့ ကိစ္စရပ်တွေအပေါ်မှာ အစိုးရရဲ့ ကိုင်တွယ်မှုကို ဘယ်လိုသဘော ရလဲ။

ဖြေ။ ။ အစိုးရမှာ လုပ်ရမယ့် တာဝန်က ပြည်သူတွေက တင်ပြစာနဲ့ ပတ်သက်လို့ ဒီမိုကရေစီ နည်းလမ်းကျကျ ကိုင်တွယ် ဖြေရှင်းနိုင်ရမှာပဲ။ ပြည်သူတွေ ပူးပေါင်းပါဝင်ပါ၊ ပြည်သူနဲ့အတူပါဆိုတာဟာ ပြည်သူ့အရေး အရာ ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်ရမှာပါ၊ အဲဒီလို မကိုင်တွယ်ဘဲနဲ့ တိုင်းပြည်ကို အုပ်ချုပ်တယ်ဆိုတာဟာ ပြည်သူနဲ့ အစိုးရကြားမှာ တယောက်တလမ်း သွားနေတာနဲ့ တူတယ်။ ပြည်သူတွေရဲ့ နိစ္စဓူဝ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ဥပဒေ ချိုးဖောက်ခြင်း ခံနေရတဲ့ ကိစ္စရပ်တွေကို အစိုးရကို ဖြေရှင်းပေးဖို့ တင်ပေးထားတာ၊ သူတို့ကို တင်ပြလိုက်တဲ့ စာရွက်တွေကို အမှိုက်ပုံးထဲ ထည့်လိုက်မယ်ဆိုရင်တော့ ဒါဒီမိုကရေစီလည်း မဟုတ်တော့ဘူး၊ ပြည်သူ့အစိုးရလည်း မဟုတ်ဘူး။

မေး။ ။ လက်ရှိမှာရော ပြည်သူတွေရဲ့တင်ပြစာတွေကို အဲဒီလိုမျိုး လုပ်ဆောင်နေတယ်လို့ ထင်လား။

ဖြေ။ ။ ကျနော်ကိုယ်တိုင် တင်ပြထားတာတွေ တစောင်မှ လုပ်မပေးသေးဘူး။ ပြည်သူတွေရဲ့ ခံစားချက်စာ မှန်သမျှ ကျနော့်ဆီကိုလာတယ်။ အထောက်အထားတွေနဲ့လည် းတင်ပေးတယ်။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ပြည်သူတွေရဲ့ခံစားချက်နဲ့ ပတ်သက်လို့ အထောက်အထား တခုခုနဲ့ တင်ပေးလိုက်တယ်ဆိုရင် ဒါဖြစ်သင့်တယ်၊ မဖြစ်သင့်ဘူး ဆိုတာကို အစိုးရက စာပြန်ပေးရတယ်။ ဒါမှ အာရုံစိုက်တယ်လို့ အဓိပ္ပာယ်ရတယ်။

တင်ပြ လာတဲ့စာဟာ ဥပဒေနဲ့မညီဘူး၊ ညီတယ်ဆိုတာကို ပြည်နယ်အစိုးရအဖွဲ့မှာ ဥပဒေချုပ်ဆိုတာ ရှိတယ်လေ။ ဥပဒေအဖွဲ့ဆိုတာ ရှိတယ်။ အဲဒီ ဥပဒေအဖွဲ့က ပြည်သူတွေရဲ့ တင်ပြချက်နဲ့ပတ်သက်လို့ အဲဒီစာကို သူတို့က ဆန်းစစ်ရမှာဘဲ။ ဒါဥပဒေနဲ့မညီဘူး တင်ပြချက်မှားတယ်ဆိုရင် မှားတယ်ဆိုတာပြန်ပေးရမယ်။ အဲဒါဟာ လူကို တန်ဖိုးထားမှု၊ မထားမှုဆိုတာ ဒီအပေါ်မှာ မူတည်တယ်။

မေး။ ။ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေးအခြေအနေကရော ဘယ်အနေအထားမှာရှိလဲ။

ဖြေ။ ။ရခိုင်ပြည်သူ လူထုတွေကလည်းပဲ နိုင်ငံရေးအသိ စိတ်ဓာတ်မြင့်မားဖို့လိုတယ်၊ နောက်ပြီးတော့ အုပ်ချုပ်တဲ့လူတွေကလည်း နိုင်ငံရေးအသိစိတ်ဓာတ်မြင့်အောင် သူတို့ကိုယ်တိုင်က ရခိုင်ပြည်သူတွေကို ပုံသွင်းပေးဖို့ လိုတယ်။ အခုလက်ရှိအခြေအနေမှာတော့ အုပ်ချုပ်တဲ့အစိုးရ အဖွဲ့အစည်း အဆက်ဆက်ကိုယ်တိုင် ကလည်းပဲ ရခိုင်ပြည်သူတွေရဲ့ နိုင်ငံရေးအမြင် Point of View မြင့်အောင် လုပ်ပေးခဲ့တဲ့ အစဉ်အလာမရှိခဲ့ဘူး။ အခုလည်းပဲ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတဲ့အချိန်ကာလမျိုးမှာ ဒီမိုကရေစီစနစ်ကို ဘယ်လိုကျင့်သုံးရမလဲဆိုတာကို ပြည်နယ်အစိုးရအဖွဲ့ကိုယ်တိုင်က ပြည်သူတွေကို လက်တွေ့သင်ပြပေးနေတဲ့ အခြေအနေမှာမရှိဘူး။

မေး။ ။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ အုပ်ချုပ်မှု စွမ်းဆောင်ရည်ကို ဘယ်လိုသုံးသပ်မိလဲ။

ဖြေ။ ။အဓိကတော့ တရားဥပဒေ စိုးမိုးရေးပေါ့။ ဥပမာ- ဘူးသီးတောင်၊ မောင်တောဘက်တွေမှာဖြစ်နေတဲ့ အကြမ်းဖက် ပြဿနာရယ်၊ နောက်ပြီးတော့ ရုန်းရင်းဆန်ခတ်မှု တခုဖြစ်တဲ့ အခြေအနေ၊ အဲဒါကို ကြည့်ပြီးတော့ တရားဥပဒေ စိုးမိုးမှု မရှိဘူးလို့ ပြောလို့မရဘူး။ အဲဒီပြဿနာ မရှိရင်လည်း အကျင့်ပျက် ခြစားမှုတွေ၊ အဂတိလိုက်စားမှုတွေ ရှိနေသရွေ့ ကာလပတ်လုံး တရားဥပဒေ စိုးမိုးမှုမရှိဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဒီနေ့အထိ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းမှု ဆိုတာ မရှိသေးတဲ့အတွက် တရားဥပဒေစိုးမိုးမှု မရှိလို့ ခံစားရတယ်။ တရားဥပဒေစိုးမိုးမှုဘဲ အဓိကလိုတယ်၊ ဒါမှ ပြည်သူတွေ စိတ်ချမ်းသာမှ ကိုယ်လိုတဲ့ပုံကိုသွင်းနိုင်ရမှာပဲ။

မေး။ ။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ လက်ရှိ သွားနေတဲ့ အခြေအနေက ဘယ်လို ရှိပါသလဲ

ဖြေ။ ။ဒါကတော့ ပြည်သူတွေ အများကြီး သိပါတယ်၊ သူတို့ပဲ သုံးသပ်ပေးပါလိမ့်မယ်၊ ပြည်သူတွေ ဘယ်လိုခံစားနေရလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါလိမ့်မယ်။

မေး။ ။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ လက်ရှိအချိန်ထိ လုပ်ကိုင်ဆောင်ရွက်မှုတွေကိုရော ဆရာ့အနေနဲ့ အားရ ကျေနပ်မှုရှိပါလား။

ဖြေ။ ။ ကျနော့် အမြင်ပြောရရင်တော့ စိတ်မကောင်းစရာပဲ၊ ဘာလို့လည်းဆိုတော့ ကျနော်ကိုယ်တိုင် ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်အစိုးရအဖွဲ့နဲ့ နှစ်ကြိမ်တိုင်တိုင် ဆွေးနွေးဖို့တောင်းဆိုထားတယ်၊ ပြည်သူတွေရဲ့ ခံစားချက်တွေနဲ့ ပတ်သက်လို့ လယ်ယာမြေကိစ္စတွေ၊ ဥပဒေချိုးဖောက်ခြင်းခံနေရတဲ့ ပြည်သူတွေအတွက်ပါ အမြဲတမ်း တင်ပြဆောင်ရွက်ပေးတယ်၊ ပြည်နယ်အစိုးရအဖွဲ့က) ပြည်သူ့အသံကို နားထောင်တယ်ဆိုရင် ကျနော်တို့ကို ပေးရမှာပဲ၊ ဘယ်လိုဘယ်ပုံ ဆောင်ရွက်နေပါတယ်ဆိုတာကို၊ ဒါဒီမိုကရေစီပဲ။

အခုက ပြည်သူတွေရဲ့ ခံစားချက်နဲ့ ပတ်သက်လို့ တင်ပြလိုက်တယ်။တခါမှ တုန့်ပြန်စာလည်း မလာဘူး ဆိုတော့ သူတို့ handle လုပ်တဲ့ အနေအထားမှာမရှိဘူး။ ဆွေးနွေးတယ်ဆိုတာက အတူတကွ ပူးပေါင်းဆောင်ရွက်တာပဲလေ၊ ပြည်သူတွေ ပါဝင်ဖို့လိုတယ်ဆိုတာ ဒီလို ကရားရေလွှတ် ပြောလို့မရဘူး၊ ပြည်သူတွေဆီက တင်ပြလိုက်တဲ့စာဟာ ပြည်သူတွေ ပူးပေါင်းနေတာပဲ။ ပြည်သူတွေ မြောင်းဖောက်မှ၊ လမ်းသန့်ရှင်းရေးလုပ်မှ ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ဟာက အဓိကကိစ္စ မဟုတ်ဘူး။ Ideology ပိုင်းဆိုင်ရာမှာ ပူးပေါင်းပါဝင်တဲ့ကိစ္စရပ်တွေ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာနဲ့ ပတ်သက်လို့ ပူးပေါင်းပါဝင်တဲ့ကိစ္စရပ်တွေကို ပြည်သူတွေပူးပေါင်းပါဝင်တယ်လို့ ကျနော်မြင်တယ်။ ပြည်သူတွေ ပူးပေါင်းပါ။ ပါဝင်ပါဆိုလို့ ပြောနေလို့ မရဘူး။ ပူးပေါင်းပါဝင်လာတဲ့အခါ ခေါင်းမရှောင်နဲ့တော့လို့ ပြောချင်တယ်။

မေး။ ။ရခိုင်ပြည်နယ်အရေးကို ပါတီအနေနဲ့ ဘယ်လို လုပ်ကိုင်ဆောင်ရွက်ပြီး ရှေ့ဆက်သွားမလဲ ။

ဖြေ။ ။ ပါတီအတွင်းမှာတော့ အချို့က လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ ခံစားချက်ရှိတဲ့ လူတွေတော့ ရှိကြပါတယ်။ ဘယ်လိုခံစားချက်မျိုးလည်းဆိုရင် ၁၇ မြို့နယ်အတွင်းက ပါတီဝင်တွေ ပြောကြတယ်၊ လက်ရှိအခြေအနေမှာ အကျင့်ပျက်ခြစားမှုတွေ ထူပေါနေတဲ့အချိန်မှာ အုပ်ချုပ်ရေးတွေ တော်တော်များများညံ့တယ်လို့တော့ ပြောကြတယ်။

မေး။ ။လက်ရှိအစိုးရအဖွဲ့ အနေနဲ့ လက်ရှိအခြေအနေ ပုံစံအတိုင်းသာ ရှေ့ဆက်သွားမယ်ဆိုရင် ဘယ်လို အကျိုးဆက် တွေ ဖြစ်လာနိုင်လဲ ။

ဖြေ။ ။ လိုချင်တာကတော့ အပြောင်းအလဲပေါ့။ အပြောင်းအလဲဆိုတာ ဘာကိုခေါ်လည်း အဓိပ္ပာယ် ဖွင့်ဖို့ အရေးကြီး ပါလိမ့်မယ်။ တိုက်ဆောက်တာတို့၊ ကားဝယ်တာတို့၊ လမ်းလုပ်တာတို့၊ တံတား လုပ်တာလောက်ကတော့ ဒါက အခြေခံလိုအပ်ချက်တွေဘဲ။ ဒါက အပြောင်းအလဲ မဟုတ်ဘူးလို့တော့ ထင်တယ်။ deology ပိုင်းဆိုင်ရာ လူတွေရဲ့အသိစိတ်ဓာတ်ပေါ့နော်၊ အဲဒီလိုမျိုး ပြောင်းလဲမှုပေါ့။ ဒီမိုကရေစီ နိုင်ငံထူထောင်မလား၊ ပြည်သူတွေဟာ ဒီမိုကရေစီစိတ်ဓာတ် ရှိနိုင်အောင် ကျနော်တို့က ပုံသွင်းပေးနိုင်ရမယ်။ အထူးသဖြင့် ပြည်သူတွေရဲ့ တာဝန်ပေးခံရတဲ့ အစိုးရအပေါ်မှာပဲ မူတည်တယ်။

မေး။ ။ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ဆရာတို့ NLD ပါတီက အောက်ခြေခရိုင်၊ မြို့နယ်အဆင့်ပါတီဝင်တွေနဲ့ ကင်းကွာနေတယ်လို့ ကြားရတာတွေရှိတယ်။ အကျိုးဆက်က ဘာတွေဆက်ဖြစ် လာနိုင်လဲ။

ဖြေ။ ။ဒါက ရှင်းရှင်းပြောရရင် အမှန်ဆုံးပဲ၊ ပြည်သူတွေလည်း ဒီလိုဘဲသုံးသပ်နေကြတာပဲ။ ချိတ်ဆက်ပြီး အလုပ်လုပ်တယ်ဆိုတာ ဒီနေ့အထိ မရှိသေးဘူး၊ လုံးဝကို မရှိသေးတာ။ တကယ်တမ်းလက်တွဲမယ် ဆိုရင် တရားဝင် ခေါ်ရမှာပေါ့နော်။ ဆိုးကျိုး အများကြီးဖြစ်သွားနိုင်တာပေါ့။ ဘာလို့လဲဆိုတော့ ပါတီဟာအခြေခံဘဲ။ ပါတီကိုအခြေခံမှ အစိုးရဖြစ်လာတာ။ ပါတီကလူတွေဟာ နိစ္စဓူဝ ပြည်သူကြားထဲမှာ နေတဲ့သူတွေဖြစ်တဲ့အတွက် တကယ်တမ်း ပူးပေါင်းမယ်ဆိုရင် ပြည်သူနဲ့နေတဲ့သူတွေပဲ။ ဒီကိစ္စကို အစိုးရမဖွဲ့ခင်ကတည်းက ပြောခဲ့ဖူးပါတယ်။ အခြေခံကျတဲ့ ပါတီဝင်တွေနဲ့ အစိုးရအဖွဲ့ဟာ လက်တွဲပြီး လုပ်ရမှာပဲဆိုတာကို ပြောခဲ့ဖူးတယ် ။

မေး။ ။မြို့နယ် ၁၇ မြို့နယ်လုံးမှာ လာဘ်ပေးလာဘ်ယူမှုတွေရှိနေတယ်ဆိုပြီး ပါတီဝင်တွေကပြောဆိုတာတွေ ရှိတယ်ဆိုတော့ ဘယ်အဆင့်တွေလောက်မှာရှိတာလဲ၊ ဥပမာ-ဝန်ကြီးတွေလား၊ အောက်ခြေအစိုးရဝန်ထမ်း တွေလား။

ဖြေ။ ။ထူးခြားတာ တခုက ဒီ ၁၈ လအတွင်းမှာ ရခိုင်ပြည်နယ်အစိုးရရဲ့ ဘက်လိုက်မှု၊ နောက်ပြီးတော့ တရားမဲ့ ဆုံးဖြတ်မှုများကို အရေးယူပေးပါရန်ဆိုပြီးတော့ တိုင်ထားတဲ့ဟာတခု ရှိတယ်။ အတွင်းရေးမှူးများအဖွဲ့ ဆီလည်း တိုင်တယ်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆီလည်းပို့တယ်၊ အဲဒါတော့ရှိတယ်။ တကယ်ထုတ်ဖော် ပြောရမယ့်အချိန် လွန်တောင်လွန်နေပြီ။ အခုတော့ ဘယ်လိုအခြေအနေမှာရှိလည်း မသိတော့ဘူး။

Did you find apk for android? You can find new Free Android Games and apps.
Loading